Tuesday 26 March 2013

၂၅-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

လွင့်ဝဲနေတဲ့ တိမ်တိုက်တွေကို ခိုစီးခွင့်ရရင်ကောင်းမှာပဲ
ဒါဆို ငှက်ကလေးနဲ့ တွေ့ခွင့်ရလိမ့်မယ်
ခုတော့
ကိုယ်က
သစ်ပင်
လာပါယူပါ
တစာစာနဲ့ ခေါ်လို့မရတဲ့သစ်ပင်



နှုတ်ပိတ်တိတ်ဆိတ်
ကိုယ့်ကောင်းကင်ယံမှာ ငှက်ကလေးပျံသန်းသွားမှ
အတောင်ပံခတ်သံလေးကြားမှာ
ရင်ခုန်ခွင့်ရှိတဲ့ သစ်ပင်

ငှက်ကလေးရေ
ပျော်ပျော်ရွှင်ရွှင်နေရစ်ပါ
ကိုယ်က
အလွမ်းတွေမေ့ဖို့
ဒီတောင်ကိုတက်တုန်း
အချစ်တွေမေ့ဖို့
ဒီတောင်ကိုတက်တုန်း
စကားမစပ်
အချစ်မေ့ဆေး ဘယ်မှာဝယ်လို့ရမလဲ လမ်းညွှန်ပေးပါ
ကိုယ် ငှက်ကလေးအတွက်
ဝယ်လို့ရချင်တယ်

ကိုယ့်ချစ်ြခင်းကြောင့်
စိတ်ရှုပ်နေမယ့် ငှက်ကလေး
ပျော်ရွှင်စေချင်လို့ပါ

ငှက်ကလေးရေ
လွမ်းတယ်ဟာ/


ငှက်ကလေးတစ်ကောင်
ဟိုးကောင်းကင်မှာ ပျံသန်းနေတယ်
ငှက်ကလေးရဲ့ စိတ်ကို
ကျွန်တော် ဖမ်းလို့ မမိဘူး
ဒါပေမယ့်လည်း
ငှက်ကလေးအတွက် စာလွှာလေးတွေ ပါးနေမိဦးမယ်။

ငှက်ကလေးရေ
ဒီနေ့ဒို့ကမ္ဘာမှာ
မီးတွေကို ထွန်းညှိနေကြတယ်
အလင်းပေးဖို့တော့ မဟုတ်ဘူး
သတိထား ငှက်ကလေးရေ။
ငှက်ကလေးရေ
တချို့တွေက မုသားတွေ
တချို့တွေက အမှန်တရားတွေ
ချင့်ချိန်ကြည့်ပါ
အမြဲမှန်တာမရှိသလို
အမြဲမှားတာမရှိခဲ့ဘူး
မင်းက
အမှားတွေကို အမှန်တွေနဲ့
တိုက်စစ်တတ်လွန်းတယ်။
ငှက်ကလေးရေ
အချစ်ကိုချည်းအလေးထားနေတာမဟုတ်ဘူး
ဆက်ဆိုင်မှုလေးတွေတွေးရင်း
မင်းကိုသတိရနေမိတာ
ငါနေတဲ့ တောင်စွန်းလေး
ဘယ်အချိန် ပြိုမလဲ စိတ်ပူနေရ
မင်းနေတဲ့ ကောင်းကင်ကြီး
ဘယ်အချိန် မီးရောင်တွေ လက်လက်ထမလဲ စိတ်ပူနေရ
ဒီလိုနဲ့ပဲ
ကောင်းကောင်းအိပ်မပျော်ခဲ့တဲ့ ညတွေ များပြီ။
ငှက်ကလေးရေ
သတိထားစမ်းကွယ်
လောလောဆယ် ဒါလေးပဲ မှာချင်ရဲ့
သတိထားကွယ်..။


ငှက်ကလေးရေ
စာတွေ မပြီးသေးဘူးလားမမေးပါနဲ့
“ရင်မှာလွမ်းရင်
မျှော်တိုင်းမြင်လွန်းလို့
လက်ညိုးညွှန်ရာ
သူဖြစ်ပါစေသား အရှင်ဘုရား”
ဆိုတဲ့စာသားလေးတောင်
အပိုင်သိမ်းထားချင်မိသူ
မျှော်တိုင်းမမြင်မိတဲအခါ
တွေ့ချင်စိတ်က ပြင်းပြလာခဲ့
ငှက်ကလေးရေ
ကိုယ့်စာလွှာလေးတွေကို မမြင်ချင်ရင်နေပါ
နှလုံးသားက ခံစားချက်ကို
တုံ့ပြန်ဆက်သွယ်မှုရှိလာတဲ့အခါ
ကျေးဇူးပြုပြီး လှမ်းခေါ်ပါ။
 

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်