Monday 4 March 2013

လေပြည်ဆိပ်မိသူ

“လေပြည်”….။“လေပြည်..”။ “လေပြည်……”။
အကျယ်ကြီးအော်ခေါ်လိုက်တဲ့ ကျွန်တော့်အော်သံတွေကို သူမကြားဖူး။ သူ မျက်လုံးတွေ မှိတ်နေတယ်။ ငြိမ်ငြိမ်သက်သက်။  ဝင်သက်ထွက်သက်မရှိတဲ့ သူ့ခန္ဓာကိုယ်ဟာ အိပ်ပျော်နေတဲ့ နတ်သမီးတစ်ယောက်လို ကချေသည်တစ်ယောက် ကကြိုးမရှိပဲ ပုံ့ပုံ့လေးလဲကျနေသလို ။
လေပြည်ဘာဖြစ်သွားတာလဲ။ လေပြည် စကားပြောပါဦး။ လေပြည် ……………..။
(၁)
“နင်ကငါ့ကို ချစ်တယ်ဆိုတော့ အဖြေမပေးခင် တစ်ခုပဲ အရင်မေးမယ် တကယ်လို့သာ ချစ်သူတွေ ဖြစ်ခဲ့ကြရင် နင် ငါ့ကိုဘယ်လိုခေါ်မှာလဲ” ။ ခပ်သဲ့သဲ့ လွင့်လာတဲ့ အတွေးထဲက အသံတွေဟာ ကျွန်တော့်ကို နှိပ်စက်နေကြပြီ။ ဖြေခဲ့ဖူးတဲ့ အဖြေတွေကိုလည်း ခဏခဏသတိရ။ မတွေးပါရစေနဲ့။ ငါ့ကို ခေတ္တ လွတ်မြောက်ခွင့်ပေးပါ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နေပေမယ့်လည်း ကျွန်တော် သူ့အကြောင်းတွေးခြင်းကို ထိန်းချုပ်မရနိုင်ခဲ့ဘူး။ အတွေးထဲက မေးခွန်းလေးကိုပဲ ခပ်သောသော ဖြေလိုက်မိတယ်။

“လေပြည်” လို့လေ။
အဲ့ဒီအခိုက်အတန့် ကျွန်တော့်အတွေးတွေဟာ ပန်းရောင်ပြောင်းသွား။ မြင်ကွင်းတစ်ခုရဲ့ ခေါ်ဆောင်ရာဆီ လိုက်ပါသွားတယ်။
ထိုင်နေတဲ့ ကင်တင်န်းလေးရဲ့ အရောင်ဟာ ပန်းရောင်အဖြစ်များပြောင်းသွားသလား။ ကင်တင်းန်နောက်က ထွက်လာတဲ့ အကြော်အလှော်နံ့တွေဟာ မညှော်ပဲ မွှေးနေတယ်။ သူနဲ့ ကျွန်တော့်ရှေ့က ကော်ဖီခွက်ကိုယ်စီရဲ့ ရနံ့ဟာ မွှေးပျံ့နေတယ်။ သူကျွန်တော့်ကို ခေါင်းညိတ်ပြတယ်။ ဘာ့ကြောင့် ခေါ်တယ် မမေးသလို ကျွန်တော်ကိုယ်တိုင်လည်း မဖြေခဲ့မိဘူး။ နှလုံးသားက သတ်မှတ်လိုက်မိတဲ့ ချစ်သူရဲ့ ကိုယ်စားနာမည်လေးကို ဖြေရှင်းဖို့ ကျွန်တော်မလိုလားခဲ့ဘူး။ ဒီနာမည်လေး တန်ဖိုးကျသွားမှာ စိုးတယ်။ နှလုံးသားထဲမှာပဲ သိမ်းထားချင်ခဲ့မိတယ်။
(၂)
 “လေပြည်
နော့နော့လေးမပြေးနဲ့
ငါအမီလိုက်နေပြီ
ဒီတောင်ထိပ်ပေါ် ဘယ်သူအရင်ရောက်မလဲ”
“လေပြည်” ဟာ ဘယ်သူလဲ။ ရင်ထဲက ယှဉ်ပြိုင်ခြင်းတွေဟာ ဒီလေပြည်အတွက် ဖြစ်တည်ခဲ့တာလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အနိုင်ယူချင်နေတယ်။ ဒီတောင်ထိပ်ပေါ် အရောက်တက်ပြမယ်။ လေပြေ ကို ကျော်တက်ပြီးတော့..။ ကြိုးစားတယ်။ စိတ်ရှိတာထက်ကို ကြိုးစားတယ်။ ခံနိုင်ရည်ကို ကျော်လွန်ပြီးတော့ကို ကြိုးစားတယ်။ စကားတွေနည်းလာတယ်။ အပြုံးတွေ လျော့လာတယ်။ အရယ်တွေ မရှိတော့ဘူး။ ဦးနှောက်တစ်ခုလုံး လေးလံထိုင်းမှိုင်းနေတယ်။
ဆန့်ကျင်ဘက်အရာတစ်ခုကတော့ ဒိုးပြားလေးတွေ ကျွန်တော့်လက်ထဲ ရွှင်လာခဲ့ပြီ။ ကျွန်တော် ယှဉ်ပြိုင်ချင်တယ်ဆိုတာ ဘာကိုလဲ။ ဘယ်အရာကိုလဲ။ ဘာ့ကြောင့် ယှဉ်ပြိုင်ချင်နေတာလဲ။ ဒီသုံးခုကို ဆန်းစစ်ဖို့ လိုလာခဲ့ပြီ။ မွန်းကျပ်နေတဲ့ စိတ်တွေအတွက် လွတ်မြောက်ရာ ထွက်ပေါက်ရဖို့ လိုအပ်နေပြီ။ ဟုတ်တယ်။ လိုအပ်နေပြီ။
(၃)
 “ဒီဆွဲကြိုးက နင့်ဆွဲကြိုးလို့ ပြောလိုက်တော့ ဘာဖြစ်သွားမှာမို့လဲ ငါဝယ်ပေးထားတာလို့ မပြောရုံလောက်နဲ့တော့ နင်မသေနိုင်ပါဘူး”။ နှလုံးသားထဲက ပဲ့တင်လာတဲ့ ဒီစကားသံမှာ ကျွန်တော့်မာနတွေဟာ ထောင်းခနဲ။ လေပြည် မင်း မရှိမာန ဆိုတာကို လျှော့တွက်လွန်းခဲ့တယ်။ “မလိုအပ်ပဲ လိမ်ရမယ့် စကားတစ်ခွန်းလို့ ငါမထင်ခဲ့ဘူး ဘယ်အရာပဲ လုပ်လုပ်၊ ဘာစကားပဲပြောပြော ငါ့စိတ်ငါ လုံချင်တယ်”။ လေသံခပ်တင်းတင်းထွက်သွားမိတဲ့ စကားတစ်ခွန်းဟာ ပြန်သိမ်းဖို့မေ့လျော့စွာ လေပြည်နဲ့ ကျွန်တော့်အကြား ဆက်နွယ်ထားတဲ့ကြိုးလေးတစ်ချောင်း ပြတ်တောက်…။
အား……………။ အိပ်မက်ဆိုးက နိုးထလာတာမဟုတ်ဘူး။ ဒါ နိုးထခွင့်မရှိတဲ့ အိပ်မက်။ ဟုတ်တယ်။ တစ်သက်လုံး မက်သွားရမယ့် အိပ်မက်လည်း ဖြစ်တယ်။ လေပြည် ကျွန်တော့်အတွက် အလွမ်းတွေ ထားသွားတယ်။ လေပြည် ကျွန်တော့်အတွက် နာကျည်းခြင်းတွေ အသက်သွင်းပေးခဲ့တယ်။ လေပြည်.. နင့်ကို ငါမုန်းတယ် လို့ အကြိမ်ကြိမ်ရွတ်ဆိုမိခဲ့သည်အထိ သူ ကျွန်တော့်အတွက် နာကျင်ခြင်းတွေ ထားခဲ့တယ်။
လွန်ခဲ့သော နှစ်နှစ်ခန့် အတိတ်ကာလမြင်ကွင်း။ ဘယ်သူမဆို ကြုံရနိုင်တဲ့ ဇာတ်ဝင်ခန်းတစ်ခု၊ ဒဂုံတက္ကသိုလ်ရဲ့ ရင်ခွင်ကို ခိုလှုံသူနှစ်ဦး တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြတဲ့မျက်လုံးတွေက နာကျည်းခြင်းတွေ ကိုယ်စီ။ “ဘယ်အရာကိုမှ မလိမ်ချင်တဲ့ နင်နဲ့ မုသားကို ကြိုက်တဲ့ငါ လမ်းခွဲကြတာပေါ့လေ”။ ပြတ်သားမှုတွေ စီးဆင်းနေတဲ့ စကားသံမှာ ကျွန်တော့်မာနဟာ တောင်းပန်တိုးလျှိုးဖို့ထက် “ငါလက်ခံတယ်” ဆိုတဲ့ စကားသာ ခုန်ထွက်သွားခဲ့။ တယူသန်တွေရဲ့ မာနပြိုင်ပွဲ မှာ ကျွန်တော်ဟာ အရှုံးကို လက်ခံခဲ့ရတယ်။
ဟုတ်တယ်။ သူ ကျွန်တော့်ကို ထားသွား…..ခဲ့တယ်။
 (၄)
အဲ့ဒီ့နေ့က သေနတ်တစ်ချက်မှ ပစ်ဖေါက်စရာမလိုပါပဲ သူ ကျွန်တော့်ကို သတ်သွားတယ်။ “မုသားကို မြတ်မြတ်နိုးနိုးသုံးတဲ့ သူတစ်ယောက် နိုင်ငံခြားကို သွားအလုပ်လုပ်ရင် အောင်မြင်မယ်လို့ နင်ထင်သလား”။  ဒီစကားသံဟာ မကြားရတာကြာပြီဖြစ်တဲ့ ချစ်သူဟောင်း(ချစ်နေမိဆဲ)ရဲ့ အသံလို့ ကျွန်တော် စိုးထိတ်ဆွံ့အနေမိတုန်း ။ “သွားပြီဟာ တချိန်မှာ ငါလည်း နင့်လို မလိမ်တတ်တဲ့သူ ဖြစ်ချင်တယ် နောက်ဘဝပေါ့လေ” လို့ ကြားနေရတဲ့အသံဟာ ခြောက်ကပ်ကပ်နိုင်တယ် ထင်မိနေဆဲ“ချပ်”ခနဲ ဖုန်းချသွားခဲ့။
အဲ့ဒီ့နေ့က ကျွန်တော့်စိတ်တွေ ခေတ္တသေဆုံးသွားခဲ့တယ်။
“ဟာ လူသတ်နေပါတယ်ဗျို့ လာကြပါဦး ဒီမှာလူသတ်သမား”
အော်ကြီးဟစ်ကျယ် စကားသံတွေက လက်ရှိ ပစ္စုပ္ပန်ဆီ ခေါ်လိုက်တော့ အသိ စိတ်တွေဟာ ကပျာကယာနဲ့ ရောက်ရှိ။ လေပြည် ကျွန်တော့်ရှေ့မှာ ပုံလျှက်လဲကျလို့။ အနီရောင်တွေ။ အနီရောင်တွေ များလိုက်တာ။ “လေပြည် စကားပြောဦး စကားပြောပါဦး လေပြည်”။ လေပြည့်ကို အော်ခေါ်နေတဲ့ အသံဟာ ရင်ထဲကလာတဲ့ အသံမှန်း ကိုယ့်ဘာသာ လျှောက်လဲချက် တင်မနေချင်တော့ပါဘူး။
တစ်ခုပဲ အော်ပြောလိုက်တယ်။
“ကျွန်တော် သူ့ကို မသတ်ဘူး”
“ကျွန်တော့်အချစ်က သူ့ကို သတ်သွားတာ”
“ဟုတ်တယ် ကျွန်တော့်အချစ်က သူ့ကို သတ်သွားတာ”
သူလေ ကျွန်တော့်ကို ထားခဲ့ပြီး နောက်ရင်ခွင်ကို ပြောင်းမယ်တဲ့လေ။ ဖိတ်စာလာပေးတုန်းက မယုံကြည်ခဲ့မိဘူး။ ခုတော့..ခုတော့……။
ကျွန်တော့်ရှေ့မှာ လေပြည်..။ သတို့သမီးဝတ်စုံ အနီရောင်လေးနဲ့။ သွေးတွေကလည်း အနီရောင်…..။ အနီကို အနီခြင်းထပ် ပစ်မယ်။ လေပြည့်ကို ကျွန်တော့်လောက် ဘယ်သူချစ်နိုင်မလဲ။
“အဟား ဟား”
ဟက်ဟက်ပက်ပက်ကို ရယ်ပစ်မိတယ်။ လေပြည် စကားပြောဦးလေ။ “လေပြည် ခု ကိုယ်ဘယ်လောက်ထိချစ်တယ်ဆိုတာ သိပြီမဟုတ်လား..။” ကျွန်တော့်ပြောစကားတွေကို ကြားသယောင်နဲ့လေပြည့်မျက်နှာလေးပြုံးနေတယ်။ ဟုတ်တယ်။ လေပြည့် မျက်နှာလေး ပြုံးနေတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အမြင်တွေ မှုန်ဝါးနေပါပြီ၊ လေပြည်နဲ့တူတူ အနီရောင်ကို ဆင်မြန်းချင်လို့ ကျွန်တော်လည်း……။
အရှေ့က ရပ်နေတာ လေပြည့်ရဲ့ သတို့သားလား။ သူလည်း အနီရောင်ပဲဝတ်ထားတယ်။
မင်း ငါ့ကို ဒီဘဝမှာ ရှုံးသွားပြီ။ဘယ်သူတွေ ဘာပြောပြော လေပြည့်ကို ငါပဲ ပိုင်တယ်။

ရည်ဝေ

2 comments:

မိုးနတ်ကြယ်စင် said...

မိုးနတ်လဲ မ စာဖတ်ရင်း လေပြည်ဆိပ်မိသွားတယ် မ :)
အက်ဆေးလေးက လွမ်းလွမ်းဆွေးဆွေးလေးးးးးးး
ရင်ထဲ ခံစားရပေမဲ့ ဒါအက်ဆေးပဲလို့ ကိုယ်ကိုယ်ကို
ကြံဖန်ပြီး ဖြေသာလိုက်ပါတယ်...အပြင်မှာသာဆို
မိမိုးနတ်တို့ မခံစားနိုင်ဘူးးးးးးးးးးးးးးး
ခုတလော နှလုံးသားက သိပ်နုနေလို့လေ....
ဘာပဲရေးရေး ကောင်းတဲ့သူထဲမှာ မ လဲပါတယ်..
နောက်ပြီး ဖန်တီးထုဆစ်သမျှ လက်ရာတွေအားလုံး
အသက်လဲ သိပ်ဝင်တယ်...အဲဒါ မ စာတွေကို
စွဲစွဲလန်းလန်းလာဖတ်နေရတဲ့ အဓိကအချက် ....
မိုးနတ်ကိုလဲ ဘော်ဘော်တွေက နူးနူးညံ့ညံ့တွေ
သိပ်ရေးတတ်တယ်လို့ မှတ်ချက်ပေးလေ့ရှိကြတယ်...
ဒါပေမဲ့ ကိုယ့်ကိုယ်တော့ အားမရပါဘူး မ ရယ်..
မ လိုမဟုတ်ဘူးးးးးးးး
မ လောက်မဟုတ်ဘူးးးးးးးးးး
ကိုယ့်ကိုယ်တော့ အဲလိုမြင်မိတယ် :P
တုပချင်တာမျိုးမဟုတ်ပဲ
အားကျစွာနဲ့ မ လက်ရာတွေကို
လာခံစားသွားတယ်...
ခင်တဲ့....မိုးနတ်

Unknown said...

ဘယ်လိုပြောရမလဲတောင် သိတော့ဘူး :D
ကျုပ်က ကောင်းသေးဘူးနော့် ခင်ဗျား ဘလော့မှာ စာတွေလာလာဖတ်ဖြစ်ပေမယ့် မန့်ဖို့ ကော်နက်ရှင်က ခွင့်မပြုလို့
ကဗျာလေးတွေကို အားကျနေတာကို
ခပ်မိုက်မိုက် အချစ်ကဗျာလေးတွေကို ဖတ်ပြီး သဘောကျနေတာ
။။
ဥပမာ သူစေညွှန်ရာစေ လိုမျိုး
“တကယ်ဆို ငါက
မင်း အမိန့်တော်တစ်ခုထဲ
နာခံ သက်ဆင်း
မင်း ခြေရင်းမှာ
ကျေးကျွန်တစ်ယောက်လို
ထာဝရ ခစားချင်ခဲ့တဲ့သူပါ ” ဆိုသလိုမျိုး
ရမ်းကြိုက်တယ် ခံစားချက်နဲ့ တိုက်ဆိုင်တာတွေ
ဘလော့တွေ လည် စာဖတ်ရုံပဲ လုပ်နေမိတား) ကျေးကျေးပါ

နောက် ဒါလေး
http://maynyachan.blogspot.com/2013/02/blog-post_2.htmlး)
“ကိုယ်စီ ကိုယ်စီ
နှလုံးသားက ဆန္ဒတွေ ပွင့်အာ
တားမြစ်လို့ မရစကောင်းတဲ့
အချစ် ဆိုတဲ့ အရာ
ကိုယ်တို့ကြားမှာ လှပစွာ
ပေါက်ဖွားခဲ့ပြီးမှ......”
...
http://maynyachan.blogspot.com/2012/11/blog-post.html ဒါလေးလည်းကြိုက်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်