Thursday 21 March 2013

ခေါ်သံတစ်ချက်မှာ ချိတ်မိသွားတဲ့ ရင်ရိပ်ယောင်

တစ်ခါမှ မမြင်ဖူးတဲ့ ဖုန်းလေးတစ်ခု လာတယ်။ မျှော်လင့်ချက်တစ်ခုကြောင့် ကောက်ကိုင်လိုက်မိတယ်။ ဟယ်လို လို့ထူးနေတဲ့ ကိုယ့်အသံသာ ပြန့်ကျဲသွားတယ်။ တစ်ဖက်ခြမ်းက ပြန်မဖြေခဲ့ဘူး။ အဲ့ဒါ နင်လားဟင်။
မေးချင်စိတ်တွေ ဗလပွနဲ့ တုန်ခါနေတဲ့ ကိုယ့်စိတ်ကိုယ်ထိန်းနေရ။ လက်ကနှိပ်နေမိတဲ့ ဂဏန်းအစုံကို delete ဆိုတဲ့ ခလုတ်လေးနဲ့ပဲ ဖယ်ရှားနေရ။ ငါ သိချင်လိုက်တာ။နင်သာတကယ်ဆို စကားလေးတစ်ခွန်းတော့ ပြောသင့်တယ်။ နင်က ငါ့သူရဲကောင်းမှန်းသိပါလျှက်နဲ့ တိတ်တခိုး စကားမဆိုနဲ့ဟာ။ စိတ်တွေကတုန်ကယင်နဲ့ပဲ ထိုင်ခုံမှာထိုင်နေမိပေမယ့် အတွေးတွေက အတိတ်ဆီကို ပြေးမိပြီ။ နင်နဲ့ စတင်တွေ့ဆုံခဲ့ရာ ကာလတစ်ခုဆီကိုလေ။


(၂)
နင်က ဆရာ။ ငါက တပည့်။ တိုက်ရိုက်သက်ဆိုင်မှုမဟုတ်ပဲနဲ့ တွေ့ဆုံဖြစ်ခဲ့ကြတယ်။ ဒါက ဆရာဝေလင်းလေ ဆိုတဲ့ သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုမှာ ငါ နင့်ကိုတော်တော်လေးအမြင်ကပ်ခဲ့တယ်ဆိုတာ ဝန်ခံပါရစေ။ သူငယ်ချင်းရဲ့ လေးစားအထင်ကြီးမှုကို ခံယူနေတဲ့ ဂိုက်ဆရာကို ငါမုန်းတယ်။ ဒီဂိုက်ဆရာနဲ့စာသင်ဖို့ ငါခေါင်းခါခဲ့မိတယ်။
နင်သိခဲ့လေမလား။ သူငယ်ချင်းများပြန်ပြောလေမလား။ ဘာပဲဖြစ်ဖြစ် ငါမှန်တယ် ထင်တာပဲ။

ရခိုင် လူမျိုးတဲ့လား။ အဲ့ဒီ့အသိမှာ ငါ့နှလုံးသားတစ်ခုလုံးနွေးထွေးသွားတာ နင်မသိဘူး။ နင်သိမှာမဟုတ်ဘူး။ တိုင်းရင်းသားဆို လူမျိုးဘာသာမရွေးချစ်တတ်တဲ့ငါက နင့်ကို ရခိုင်လူမျိုး ဆိုတဲ့အသိနဲ့တင် ခင်မင်မှုတွေ ဒီကရီတိုးသွားခဲ့တယ်။
“အိမ်က တခြားဆရာ တစ်ယောက်နဲ့သင်ဖို့ပြောလိုက်လို့ပါ” လို့ အားနာပါးနာ စကားဆိုမိစဉ်မှာ ငါကိုယ်တိုင်ငြင်းပယ်ခဲ့မှန်း နင်သိမှာကြောက်လိုက်တာလေ။ သရုပ်ဆောင်နေတိုးလောက်အသားမဖြူပေမယ့် နေတိုးထက်ချောတဲ့နင်၊ ငါနှစ်သက်တဲ့ ဂုဏ်ပုဒ်တစ်ခုက တိုင်းရင်းသား ဘာမှမသက်ဆိုင်ပေမယ့်လည်း ရင်းနှီးမှုတွေ က ကြိုးနဲ့ တုပ်နှောင်ထားသလို ပိုတင်းကျပ်လာခဲ့ပြီ။ နင်နဲ့ငါ့ကြား အသက်အကွာအဝေးက နှစ်နှစ်တဲ့လား။ စိတ်ထဲကနေ ကိုကို ခေါ်မိတော့ ငါ့ပါးပြင်တစ်ခုလုံး ပန်းရောင်လွှမ်းရတယ်။
တက္ကသိုလ်ဝင်တန်းမှာ ရင်ခုန်သံတံခါးပေါက်ကို ဖွင့်ခဲ့မိမှန်း နင်မသိအောင် ငါ ခဏခဏထိန်းခဲ့ရဖူးတယ်။
နင့်အကြောင်းတွေခဏခဏတွေးနေမိလို့ ငါစာမကျက်မိပေါင်းလည်းများခဲ့ရတာ နင်ကတော့မသိနိုင်ခဲ့ပါဘူး ။ ငါ့အိပ်မက်တွေတိုင်းမှာ နင်ပါလာဖို့ဆုတောင်းရင်း အိပ်မပျော်ခဲ့ရပေါင်းလည်းများခဲ့ဖူးတယ် ။နင့်ကိုငေးမောလို့ နင့်အသံတွေကိုလိုက်ဖမ်းနေမိတဲ့ ငါ့နှလုံးသားမှာ နင့်နာမည်ကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရေးထိုးနေခဲ့မိတဲ့ငါဟာ နင့်ကိုတိတ်တခိုးချစ်နေတယ်ဆိုတာတော့ ငါ့လိပ်ပြာကိုဝန်ခံမိတဲ့အချိန်တုန်းက ငါတစ်ယောက်တည်းရှက်နေမိခဲ့တယ်။ “ချစ်လိုက်တာ ကိုကိုရယ် ” ဒီစကားကို နှလုံးသားထဲမှာပြောနေမိခဲ့တာ အကြိမ်ပေါင်းများစွာပဲ ။ “ စာကြိုးစားနော် ” ဆိုတဲ့စကားနဲ့ နင်ကတော့ တကယ့်ကျောင်းသားကြီးပီသနေလိုက်တာ ။ ငါ့ရင်ခုန်နှုန်းတွေမြန်နေတာ သတိမပြုမိခဲ့တာလား မသိသလိုနေတာလား နင့်စိတ်ကိုဖတ်နိုင်ဖို့ငါကြိုးစားလိုက်တိုင်းတည်ငြိမ်တဲ့နင့်မျက်လုံးတွေ အောက်မှာငါ့အတွေးတွေခြေရာပျောက်ခဲ့ရတယ်လေ။
(၃)

ဒုတိယနှစ် မြန်မာစာကျောင်းသားကြီးနင်က ငါ့ဆီ ခဏခဏလာလည်ဖို့ ရှက်တတ်တယ်။ ပထမနှစ်ရူပဗေဒကျောင်းသူလေး ငါကတော့ တက္ကသိုလ်ရည်လည်ဖို့အတွက် နင့်ဆီက သင်ပြမှုကိုပဲ စောင့်နေခဲ့မိတယ်။
“ဟော့ဒီ့နေရာက ရုံးရှေ့မှတ်တိုင်၊ ဟော့ဒါက အဆောင်(၃၇)၊ ဟော့ဒီ့နေရာက ကျောင်းသားရေးရာခေါ်တယ်”
အသံမဝဲပေမယ့် မြန်မာသံမပေါက်တဲ့ နင့်အသံလေးမှာ ငါဘယ်လောက်ထိ နားဝင်ချိုခဲ့ကြောင်း နင်မသိခဲ့ဖူးနော်။
“ဟေး ကိုဝေ”
လို့ နင့်ကိုခေါ်တဲ့ မမလှလှတွေကို မြင်ပြန်တော့ ငါ သဝန်တိုတယ်ဆိုတာကို ခံစားတတ်ခဲ့တယ်။ ကိုကိုရေ လို့ တိုးတိတ်တိတ်ရွတ်ဆိုရင်း မမလှလှတွေကို မျက်စောင်းထိုးမိခဲ့တာလည်း အခါခါပေါ့။ “ဒါ ကိုယ့်ညီမလေ” လို့  နင့်မိတ်ဆက်ပေးမှုအောက်မှာ ငါက မကြည်မသာ ဖြစ်ခဲ့မိသေးတယ်။ အကြောင်းသိ သူငယ်ချင်းကတော့ရယ်ရင်း
“ဆရာ့ကို ကိုကိုလို့ ခေါ်လို့ရတယ်မဟုတ်လား” လို့မေးတော့ နင်က ခေါင်းခါတယ်နော်။
“ဟာ ပေါက်တတ်ကရ ကိုဝေလို့ခေါ်ချင်ခေါ် မခေါ်ချင် ဆရာလို့ပဲ ခေါ်ပါ ကိုကိုဆိုတာက နင်တို့ခေါ်ရမယ့်နာမ်စားမဟုတ်ဘူး”တဲ့လေ။
ရင်တွေ နာလိုက်ရတာ။ ဒါဆို နင့်ကို ကိုကို လို့ ခေါ်မယ့်သူရှိနေပြီပေါ့။ ဒီအသိနဲ့ပဲ နင့်အတွက် စိတ်ထဲက အသုံးအနှုန်းကို ပြောင်းပစ်လိုက်တယ်။ နင် လို့လေ။
စိတ်ကူးထဲကနေခေါ်တဲ့ နင် ဆိုတဲ့ အခေါ်အဝေါ်လေးက ပါးစပ်ဖျားကနေတော့ ထွက်မလာခဲ့ပါဘူး။ နင့်ကို ကိုကို လို့ကလွဲပြီး တခြားနာမ်စားတွေကို ခေါ်မှ မခေါ်ချင်ခဲ့တာ။ နှစ်နှစ်လောက်သာ အသက်ကွာပေမယ့် နင့်ကို အရမ်းဆိုးချင် နွဲ့ချင် မိခဲ့တဲ့ စိတ်ကို ငါကိုယ်တိုင်နားမလည်ဘူး။ နင်ကလည်း ငါ့ အပေါ် အလျော့ပေးခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် ငါ့သံယောဇဉ်ကို နင်မသိသလိုလုပ်ပစ်တတ်တာကိုတော့ ငါခံရအခက်ဆုံးပဲ။ နင့် မျက်လုံးထဲမှာ ငါ့ကို ကလေးတစ်ယောက်လိုပဲ မြင်နေတာ လား ကိုကိုရယ်။ မိန်းကလေးတစ်ယောက်တန်မဲ့ “ကိုကို ဘာလို့မချစ်တာလည်း” ဆိုတဲ့ သီချင်းလေးကို ဆိုပြရတာလည်းမောလှပြီ ကိုကိုရယ်။
အဖြူရောင်လည်ကတုံးနဲ့ ပုဆိုးအကွက်စိပ်လေးတွေပဲ ဝတ်ဆင်တတ်တဲ့ နင်က ငါ စကက်တိုတိုလေးတွေ ဝတ်တာကို မကြိုက်ဘူးဆိုတော့ အံ့သြမိပါရဲ့။ ဒီအကျီက ခါးတိုတယ်၊ ဒီအကျီက လည်ဟိုက်တယ်၊ မြန်မာဆန်ဆန်လေးတွေပဲ ဝတ်စမ်းပါဟာလို့ နင်ပြောတုန်းက ဆရာကြီး သိပ်လုပ်တာပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့လေ သေချာပြန်စဉ်းစားကြည့်တော့ ငါ့ကို ကောင်းစေချင်တဲ့စေတနာနဲ့ပြောတယ်ဆိုတာ သိလိုက်ရတော့ နင့်ကို ပိုချစ်မိတယ်။ ကိုကိုရယ် ... ကျေးဇူးပြုပြီး ငါ့ကို ရူးအောင် မလုပ်ပါနဲ့လား။ တကယ်တော့ ငါ့နှလုံးသားတစ်စုံဟာ နင့်ဆီမှာ အပြီးအပိုင်ပေးအပ်ပြီးသားပါ။ ဒါကို သိရက်နဲ့လား မသိလို့လား နင့်ဆီက ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းလေးတောင်မှ ထွက်ကျမလာခဲ့တာ ငါအရမ်းစိတ်တိုတယ်။ တခြားသူတွေနဲ့ ရယ်မောသွက်လက်နေတဲ့နင်က ငါနဲ့တွေ့ရင် ဘာလို့ အေးစက်မာကျော နေတာလဲ။ ဘာလို့ ဆိတ်ငြိမ်နေတာလဲ။ အဲဒါအခါတွေမှာ ငါ့စိတ်တွေ မရိုးမရွဖြစ်နေတာ နင်ရိပ်မိနေမလား။ ကိုယ်က မိန်းကလေးလေဆိုတဲ့ အသိစိတ်နဲ့ နင် မရိပ်မအောင်လည်း ငါဘက်က အားတင်မြိုသိပ်ထားရတယ်။ ဖုံးကွယ်ထားရတယ်လေ။ တစ်ခါတခါမှာ မိန်းကလေးဖြစ်ရတဲ့ဘဝကို ငါအရမ်းစိတ်နာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်တယ်ဆိုတဲ့စကားကို မိန်းကလေးဘက်ကစပြီး ဖွင့်ပြောခွင့်မရလို့ပဲ။ ကိုကိုရယ် ... ငါ့ကို အခွင့်အရေးလေး တစ်ခုလောက် ပေးသနားပါလားဟင်။

တကယ်ဆို နင့်ကို ဒီလိုတောင်းဆိုနေတဲ့ ငါ့ကို နင်မမြင်နိုင်မှန်းသိလျှက်နဲ့ပဲ ငါ နင့်ကို ချစ်တဲ့စိတ်ကို မတားမြစ်နိုင်ဘူး။
ညညဆို နင်များဖုန်းခေါ်လေမလားအတွေးနဲ့ ညဥ့်နက်မှ အိပ်ပျော်တတ်ခဲ့တာ။ မနက်ဆို နင်နိုးပြီလားဆိုတဲ့ အသိနဲ့ နိုးထခဲ့တာ။ တကယ်ဆို ငါကအချစ်ရူး ရူးမိနေပြီ လို့ ကိုယ့်ကိုယ့်ကို သတိပေးရင်းနဲ့ပဲ ကိုကိုရေ ချစ်တယ်ဟာလို့ အကြိမ်ကြိမ်ရေရွတ်မိခဲ့တာ။
အမြဲလိုလို နှိပ်မိပြီး မခေါ်ဖြစ်ခဲ့တဲ့ ဂဏန်းလေးတွေသာ အသက်ရှိရင် ငါ့ကို စိတ်ဆိုးကြမယ်ထင်တယ်။ ခဏခဏနှိပ်ပြီး မခေါ်ဖြစ်လို့လေ။

ဒီရက်ပိုင်း ငါ့ဆီလာတဲ့ ဒီဖုန်းနံပါတ်လေးကို ငါ အသေအချာမှတ်ထားတယ်။ ခေါ်ပြီး ဘာမှမပြောတဲ့ ဒီဖုန်းနံပါတ်လေးဟာ နင်များခေါ်လေသလားဆိုတဲ့ အသိနဲ့ ရင်မှာ နွေးခနဲပဲ။ ဒါပေမယ့်ဟာ နင် သာ စကားဆိုခဲ့ရင် ငါဘယ်လောက်ထိပျော်မယ်ဆိုတာနင်သိသင့်တယ်။ ခုတော့စကားတစ်ခွန်းမှမဆိုပဲ ချသွားတဲ့ ဖုန်းလေးမှာ ငါက ရင်တစ်ခုလုံးနွေးပြီးကျန်ခဲ့တာ။ ဘုရားစင်ရှေ့လည်း အပြေးအလွှားသွားမိရဲ့။ ဖုန်းခေါ်တဲ့သူ နင်ဖြစ်ပါစေ လို့လေ။
နင့်ရဲ့ အေးစက်စက်နိုင်တဲ့ ဆက်ဆံရေးတွေမှာ ငါ့ရဲ့ အချစ်စိတ်လေးတွေ သေဆုံးခွင့်ပေးလိုက်ချင်တယ်။ တစ်ဖက်သက်ရင်ခုန်သံကြောင့် ငါ့အသက်လမ်းကြောင်းလေး တိုသထက်တိုလာပြီ ကိုကိုရယ်။ နင့်ကို မုန်းနိုင်ဖို့ ဘယ်ဘုရားသခင်ဆီမှာ ငါဆုတောင်းရမလဲ အခုတော့ နင့်ကိုမုန်းဖို့ ခွန်အားတွေ ပျောက်ဆုံးနေတဲ့ ငါ့ကိုယ်ငါ မုန်းနေမိတယ်။ ကိုကိုဆိုတဲ့ နာမ်စားတစ်ခုကို ညို့ချက်မိနေတဲ့ ငါ့နှလုံးသားနဲ့ ဘယ်တော့များမှ ခေါ်ခွင့်ရနိုင်မလဲ။ နောက်ပြန်ရစ်လို့မရတဲ့ အတိတ်တွေထဲမှာ အချစ်ဆိုတာ ဘာမှန်းမသိတဲ့ ကလေးဘဝကို ငါတမ်းတနေတတ်ပြီ ကိုကို။
(၄)
ဒီနေ့ လည်း ဖုန်းသံ မြည်လာပြန်ပြီ...လှုပ်ခတ်နေတဲ့ ရင်ဘတ်အစုံကို လက်နဲ့  ဖိမိရင်း ဖုန်းလေးကို ကမန်းကတန်း ကောက်ကိုင်ပြီး "ဟယ်လို" လို့  အသံပြုလိုက်မိတယ်...။တစ်ဖက်က ဘာမှ မပြောဘဲ သက်ပြင်းချသံသာ ကြားလိုက်ရတယ်...။"နင် ဘယ်သူလဲ...၊ ဘာကြောင့် ဖုန်းဆက်တာလဲ...၊မေးနေတာ ဖြေလေ..." နင်ဆိုတဲ့အသိနဲ့  "နင်"ဆိုတဲ့ နာမ်စားကို ငါ သုံးနှုန်းပစ်လိုက်တယ်...။နင် ငါ့ကို လှည့်စားနေတာလားကွယ်...။ငါ့ကို မချစ်နိုင်ရင်တောင် ဒီလို ဖုန်းခဏခဏ မဆက်ပါနဲ့ တော့လား...။တစ်ယောက်ယောက်ဆီကနေ ဖုန်းသံ မြည်လာတိုင်း နင် ဆက်လာတာများလားလို့  ဖုန်းလေးကို ခဏခဏ စမ်းနေမိတဲ့အထိ...။ငါကို ဖုန်းတစ္ဆေတွေ ခြောက်လန့် နေမိပြီ ထင်ပါရဲ့....။အခုလည်း ဖုန်းထဲမှာ နင်က တဟတ်ဟတ်နဲ့  လည်ချောင်းရှင်းနေပြီ...။နင့်အသံကို မမှတ်မိ စေချင်လို့ များလား...။ဒီနေ့  နင် ငါ့ကို စကားဆိုချင်နေပြီ ထင်ပါရဲ့...။နင် မြန်မြန် စကားဆိုလာအောင် နည်းဗျူဟာတစ်ခုကို ငါ ထုတ်သုံးလိုက်မိတယ်။"ပြန်မပြောရင် ဖုန်းချလိုက်မယ်နော်" လို့  ပြုံးမိရင်း ငါ နင့်ကို စကားဆိုလိုက်တယ်...။နင်ကတော့ "ဟုတ်...ဟုတ်..." လို့ သာ ဆိုပြီး ဖုန်းကို အရင်ချလိုက်တော့တယ်။ငါ့မှာတော့ ဖုန်းလေးကို ကြည့်ရင်း ငိုင်နေမိပြီ...။ငါ့ကို ဘယ်အချိန်အထိ တစ္ဆေအခြောက်နေဦးမလဲကွယ်...။ငါ့မှာတော့ ဖုန်းမြည်သံကြားတိုင်း အရူးတစ်ယောက်လို စိတ်ဂနာမငြိမ် ဖြစ်လာမိပါပြီ...။နင်ဆက်လာတဲ့ ဖုန်းမြည်သံတွေကြားမှာ ငါ့အချစ်တွေ ၀ရုန်းသုန်းကား မွှေနှောက်ပစ်နေရတာကို နင် အားမရသေးဘူးလားကွယ်...။
ဟုတ်..ဟုတ် ဆိုတဲ့ အသံဟာ ပြောပလောက်အောင်မကျယ်တော့ နင့်အသံ သေချာရဲ့လားလို့ ငါ ဆန်းစစ်ဖို့ မတတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် နင် ဆက်တာဖြစ်ပါစေ ဆုတောင်းနေရတဲ့ ဘဝက ကျွတ်ချင်ပြီ။ နင့်ဘက်က သံယောဇဉ်တွေ ပိုလာတာလည်း သိပါလျှက်နဲ့ နင်တားထားတဲ့စည်းမှာ ရပ်နေရတဲ့ငါက မီးစိမ်းထားပါရက်နဲ့ လမ်းပိတ်နေဆဲ ကားတစ်စီးလိုပါပဲ။ နင့် သံယောဇဉ်တွေကို နင်ကိုယ်တိုင် မသိမ်းနိုင်ပဲနဲ့ ငါ့သံယောဇဉ်ကိုသိမ်းဖို့ အရိပ်အယောင်တွေမပြနဲ့ဟာ။
သူငယ်ချင်းကတောင် ပြောနေပြီ။
“ဆရာကနင့်ကို တော်တော်သံယောဇဉ်ကြီးပါရက်နဲ့ဘာလို့ဖွင့်မပြောတာလဲ မသိဘူးနော် ”တဲ့။
သံယောဇဉ်ကြီးတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ငါကျေနပ်ပြလိုက်ရတယ်။ တကယ်ဆို ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရချင်မှုဟာ လူတိုင်းရဲ့ အတ္တဆိုတာကို နင်မေ့နေခဲ့သလား။ ဘဝခြင်းမတူတာနဲ့တော့ အချစ်ကို သုညထိ မဆင်းခိုင်းနဲ့ဟာ။ ငါ့အချစ်က အဲ့လောက်ထိ မပေါ့ပြတ်ဘူး။
ဟော..။ ဖုန်းလာပြန်ပြီ။ နံပါတ်ကိုကြည့်လိုက်တော့လည်း ဒီနံပါတ်။ နင် မှန်တယ်ဆိုစကားလေးတစ်ခွန်းတော့ပြောပါ။ စိတ်မရှည်ရင် နင့်ဖုန်းကိုဆက်ပြီးငါပြောမိတော့မယ်။ ချစ်တယ်လို့လေ။
ဖုန်းကို ဖွင့်ပြီး ဟယ်လို လို့ ထူးလိုက်တော့……………….။

“သူ” ဆိုတဲ့ ခေါ်သံလေးမှာ ငါ့နှလုံးခုန်သံတွေ ရပ်တန့်မတတ် ဖြစ်သွားတယ်။ ငါ ပျော်လိုက်တာ။ ဒါဆို ငါ့ကို ဖုန်းဆက်နေတာ နင်ပေါ့။ ကိုကိုပေါ့။
မရည်၇ွယ်ပါပဲ ငါခေါ်လိုက်မိတယ်။
“ကိုကို ပေါ့နော် သူ့ကို ဖုန်းဆက်နေတာ ကိုကိုပေါ့”
ပျော်နေတဲ့ အသံတွေကိုလည်း ငါမထိန်းချုပ်ချင်ဘူး။ ပျော်တယ် ချစ်သူရယ်။ ပျော်တယ်။

“ကိုယ် စစ်တွေကို ပြန်ရတော့မယ် မေမေက လှမ်းခေါ်နေပြီ”

အိုး ဖုန်းတောင် လွတ်ကျလုမတတ်ဖြစ်သွားမိတယ်။ နင် ဘာ့ကြောင့်ပြန်မှာလဲ။ အမေးတွေဟာ နှုတ်ခမ်းဝဆီ ရောက်မလာညူး။ အပျော်တွေ ရုတ်ခြည်း ဆိတ်သုဉ်းရပြီ။
“အန်တီလေးဆီမှာ နေလာတာကြာပြီလေ မေမေကလည်း ကိုယ့်ကို လွမ်းလှပြီတဲ့”
ကိုယ် လို့ တစ်ခါဖူးမှ မသုံးနှုန်းတဲ့ အသုံးအနှုန်းကို နင်သုံးလိုက်တာ ငါပျော်ရမှာလား။ ခွဲခွါခြင်းလက်မှတ်ကို စုတ်ဖြဲခွင့်ရချင်တယ်။ ငါ မပျော်နိုင်ဘူးဟာ။

“ဒါပေမယ့် ကိုယ် ပြန်လာမှာပါ နောက်တစ်နှစ်လောက်ကျကိုယ် ရန်ကုန်ကို ပြန်လာခဲ့မှာပါ အဲ့ဒီ့အချိန်ထိ သူဟာ ကိုယ့်အပေါ် ..”
နင်ဆက်ပြောနေတဲ့ စကားတွေကို ကြားဖို့ ငါ အားအင်မရှိတော့ဘူး။ ငါ ခွဲရမယ့်အကြောင်းတရားကိုသာ တွေးရင်း အားအင်တွေကုန်ခမ်းလုလု ဖြစ်နေပြီ။
“နင် ဘာပြောလိုက်တာလဲဟင်”
မေးလိုက်တဲ့ စကားသံရဲ့ အတိမ်အနက်ဟာ ဘယ်လောက်ထိ ကျယ်ပြန့်မလဲ ငါမသိဘူး။ ဒီစကားသံထွက်ပေါ်လာဖို့ ငါ့နှလုံးသားတစ်ခုလုံး ဖြစ်ညှစ်ပြောလိုက်ရတာ။

“နောက်တစ်နှစ်ကြာရင် ပန်းတွေ ပွင့်တဲ့ ဆိုင်တစ်ဆိုင်ရဲ့ ခုံတန်းလေးတစ်ခုမှာ ကိုယ်တို့ ပြန်ဆုံကြရအောင် တိတိကျကျအချိန်သတ်မှတ်ရရင်တော့ သူ့ မွေးနေ့လေး အချိန်က နေ့လည် (၁)နာရီ”

ဒါဆို တကယ်ပဲ နင်နှုတ်ဆက်စကားဆိုဖို့အတွက် ဖုန်းဆက်ခဲ့တာပေါ့။
“ကားပေါ်တက်ရတော့မယ် သူ -သူလုံးဝမကြားရသေးတဲ့ ကိုယ်လုံးဝမပြောရသေးတဲ့ စကားလေးတစ်ခွန်းတော့ပြောခဲ့ချင်တယ်”
ငါ မကြားချင်ဘူး။ နင် ငါ့ကို ခွဲခွါသွားတော့မယ် ဆိုတဲ့ အသိနဲ့ ငါ ငိုချင်နေပြီ။ ဗလုံးဗထွေးနဲ့ “ပြောပါ” လို့ငါပြောလိုက်တဲ့ အသံကို နင်ဘာ့ကြောင့်နားလည်ခဲ့တာလဲ။ ဘာပဲဖြစ်ဖြစ် ငါ နားထောင်ပါ့မယ်။
“ကိုယ်သူ့ကို .....................”
ပြောပြီး ဖုန်းချသွားတဲ့ နင့်ကို ငါ မုန်းလိုက်တာ။ ငါ့ဆီက အဖြေကို တစ်နှစ်ကြာမှ ယူမဲ့ နင့်ကိုလည်း မုန်းတယ်။ ဆက်သွယ်ရေးလွယ်ကူစေတဲ့ ဒီဖုန်းတွေကိုလည်း မုန်းတယ်။
ဒါပေမယ့်လည်း စဉ်းစားရဦးမယ်။ ပန်းတွေ ပွင့်တဲ့ ဆိုင်လေးအကြောင်း။ နင်ရယ်၊ ငါရယ်၊ ပန်းတွေ ပွင့်တဲ့ ဆိုင်လေးရယ်။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်