Friday 15 March 2013

ကျေးဇူးပဲ ချစ်သူ


ကြိုက်သလောက် ရှောင်ဖယ်စမ်းကွယ်။ မမုန်းပါဘူး။ ဒါပေမယ့် မာနကို ထိတယ်။  ကိစ္စမရှိပါဘူး။ မင်းကို တရားဝင် ချစ်ခွင့်ရဖို့မှ မလိုတာကွယ်။ ချစ်နေခွင့်ရရုံနဲ့ ကျေနပ်တယ်။ ရှောင်ဖယ်သူကိုမှ တကောက်ကောက်ရှာဖွေနေတဲ့သူအဖြစ် ငါမရောက်ချင်ဘူး။ ငါ.. မမုန်းပါဘူး မင်းကို။ ဒါပေမယ့် မေ့တော့မယ်။ ကျေးဇူးပဲ ချစ်သူ။ ချစ်တတ်အောင်သင်ပေးခဲ့လို့……….။

သံယောဇဉ်ကို ကျွန်မက အေးမြတယ်ထင်ခဲ့တာ။ အချစ်အဖြစ်ကို ပြောင်းလဲပြီး ပူလောင်စေတတ်မှန်းမသိခဲ့ဘူး။ ဟုတ်တယ်။ သူနဲ့စခင်တုန်းက သူဟာ ဘာမှ အဖြစ်မရှိတဲ့ လူတစ်ယောက်သာသာ။ ကျွန်မ သူနဲ့ ခင်ဖြစ်ခဲ့တတာက ကျွန်မသူငယ်ချင်း နီတျာက မိတ်ဆက်ပေးခဲ့တာပေါ့။ အဲ့ဒီနေ့က အဖြစ်အပျက်ကိုပြန်စဉ်းစားတိုင်း မနေ့တစ်နေ့ကလိုပဲ… သူ့ကို ရင်ခုန်နေခဲ့တယ်….။


(၁)

“ဇော် ဒါ ငါ့သူငယ်ချင်းလေ ဝေဇင် တဲ့”
နီတျာမိတ်ဆက်မပေးခင်ကတည်းက ကျွန်မ စဉ်းစားနေခဲ့မိတာ။ နီတျာ့ချစ်သူများလားလို့။ တကယ်ချစ်သူဖြစ်ရိုးမှန်ခဲ့ရင် ကျွန်မလို အရင်းနှီးဆုံးသူငယ်ချင်းကိုတော့ လျှို့ဝှက်ထားမှာမဟုတ်ဘူး။ ဒါဆိုသူငယ်ချင်း အစစ်ပေါ့။ ရင်ထဲမှာ လှိုက်ခနဲ ပျော်သွားတဲ့ အပျော်ကို ကျွန်မ ဆန်းစစ်နေဖို့ အချိန်မရှိပါဘူး။ သူက နှုတ်ဆက်ဖို့ရာ လက်ကလေးကို ကမ်းလာပြီလေ။
အိုး…. သူ့လက်က ယောင်္ကျားလေးတန်မဲ့ နုဖတ်နေလိုက်တာ။ ရုတ်တရက် လက်ကိုပြန်ရုတ်လိုက်တဲ့ ကျွန်မကို သူက အံ့သြသလိုကြည့်တော့ ကပျာကသီ ဖြေလိုက်၇လေရဲ့။
“ဟို စောနက ဆီးသီးစားထားတော့ လက်မှာ ငံပြာရည်နံ့စွဲနေတယ်”
ယုတ္တိရှိမရှိလည်း မဆန်းစစ်နိုင်တော့ဘူးလေ။ ကျွန်မလက်က ကြမ်းထော်နေတာကိုး။ အိမ်မှာ အလုပ်ကြမ်းမလုပ်ရပေမယ့် ကျွန်မက ရုံးမှာတော့ သန့်ရှင်းရေးလုပ်ရတာဆိုတော့ လက်တွေကြမ်းနေတယ်။ ဒီရုံးရောက်မှ လက်တွေ ပိုကြမ်းလာသလိုပဲ။
“သူက Zing ကွန်ပြူတာကုမ္ပဏီမှာ reception လေ ဧည့်ကြိုပေါ့နော် ဇော်”
နီတျာ့စကားကြောင့် ကျွန်မရင်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်။ ။ ဟုတ်တယ်။ အိမ်မှာ ကျွန်မက ဧည့်ကြိုလို့ပြောထားတာမို့ နီတျာက အဲ့ဒီလိုထင်တာလေ။ တကယ်က ကျွန်မက သန့်ရှင်းရေးဝန်ထမ်း။ဘွဲရပညာတတ်ဖြစ်တဲ့ အမေ့သမီး ကျွန်မက ရရာအလုပ်ရှာရင်းနဲ့ သန့်ရှင်းရေးဝန်ထမ်းလုပ်ခဲ့တယ်လို့ ဘယ်လိုပြောရမလဲ။ အမေ့ကိုပြောချိန်မှာ နီတျာရောက်လာခဲ့တာ ကံဆိုးတာလား၊ ကံကောင်းတာလား ကျွန်မ မဝေခွဲတတ်တော့ဘူး။ ခု ကျွန်မ အလုပ်ကို အမှန်အတိုင်းပြောလိုက်ရမလား။ မဖြစ်ဘူး။ သူ ကျွန်မကို အထင်သေးသွားလိမ့်မယ်ထင်တယ်။ ဟုတ်တယ်။ မဖြစ်ဘူး။
ကျွန်မ နီတျာ့ကို မြန်မြန်ဆန်ဆန်ပဲ ခေါင်းညိတ်ပြလိုက်မိတယ်။ ပြီး သူ့ကိုကြည့်ပြီးမေးလိုက်သေးတယ်။
“ကိုဝေဇင်ကကော ဘယ်မှာ အလုပ်လုပ်တာလဲ”
အို..သူ့မျက်နှာ ဘာလို့ညှိုးသွားတာလဲ။ မေးမိတာများ မှားသွားလား ဆိုတဲ့အတွေးနဲ့ ကျွန်မ တော်တော်စိတ်ညစ်သွားတယ်။ ပြီးမှ သူပြန်ဖြေတဲ့အပြုံးလေးကြောင့် ပြုံးမိပါရဲ့။“၁၀၉-၁၁၀” တဲ့လေ။ ဘွဲ့ရပြီးကတည်းက အိမ်မှာပဲ ထိုင်နေဖြစ်တာ တဲ့။ သူ့အပြောလေးကို နားထောင်ရင်း စိတ်ထဲမှာ ချစ်စနိုးလေးတောင်ဖြစ်လို့။

(၂)

ရက်ကလပြောင်းလို့ ငါးလကျော်လောက်အကြာမှာတော့ သူနဲ့ကျွန်မ တော်တော်ရင်းနှီးနေပါပြီ။ စနေ၊ တနင်္ဂနွေတိုင်း နီတျာနဲ့ တူတူလာရင်း လက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်တဲ့ အဆင့်ရောက်နေပြီလေ။ အချိန်ကြာလာတာနဲ့အမျှ သူဟာ ကျွန်မအပေါ် စိတ်ဝင်စားနေမှန်း မိန်းကလေးတို့အတက်ပညာနဲ့ ကျွန်မက သိနေပြီ။ သူ့ကို ချစ်တယ်ဆိုတဲ့အဖြေကလွဲပြီး တစ်ခြားအဖြေပေးမှာမဟုတ်မှန်းလည်း ကိုယ့်ကိုယ်ကို သိနေပြီလေ။ မိန်းကလေးတစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခါဆိုတာကို ဒီနေရာမှာပဲ နားလည်လိုက်၇တယ်။ ရေလာဖို့အတွက် မြောင်းဖေါက်ပေးလို့ပဲရတယ်လေ။ တကယ်တမ်း သူ့ဘက်က မပြောဘူးဆိုရင် ကျွန်မဘက်က ဖွင့်ပြောခွင့်မရှိဘူး။ ထုတ်ပြောခွင့်မရှိဘူး။
တခါတခါ ကိုရီးယားကားများ ကြည့်မိပြန်တော့ တကယ့်ကို စိတ်ကနေ ဖွင့်ပြောချင်စိတ်တွေ လှိုင်းထလာပြန်ေ၇ာ။ သူတို့မှာက မိန်းကလေးက ဆိုဂျူသောက်တယ်၊ မိန်းကလေးဘက်က ဖွင့်ပြောကြတယ်။ နောက်တစ်ခုက မိန်းကလေးနဲ့ ယောင်္ကျားလေးကြားက မှားယွင်းမှုဆိုတာကြီး ခနခနပါတယ်။ အဲ့ဒီ ခဏခဏပါတာကြီးကို ကြည့်မိပြန်တော့ နှာခေါင်းရှုံ့မိပြန်ရော။ ဟုတ်တယ်လေ။ ဒီလောက်အညှာလွယ်နေတဲ့ မိန်းကလေးကို ဘယ်ယောင်္ကျားလေးက တန်ဖိုးထားမှာတဲ့လဲ။ မူးယစ်တဲ့ ဆိုဂျူသောက်တယ်ဆိုတာကလည်း သူတို့နိုင်ငံမှာမို့သာ။ ကျွန်မတို့ မြန်မာနိုင်ငံမှာက မိန်းကလေးမှမဟုတ်ဘူး။ ဘယ်သူ့ကိုမှ မူးယစ်တဲ့ အရက်သောက်ခွင့်ပြုတာမဟုတ်ဘူး။ ဒီတိုင်းကြိုက်လို့ သောက်နေကြတဲ့သူတွေသာရှိတာ။  ငါးပါးသီလထဲမှာ မူးယစ်တဲ့ သေရသေရက်သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏ ဆိုတဲ့ သီလပါသေးတာ။ ရှိသေးတယ် အဝတ်အစား။ သူတို့မှာက ပေါင်ပေါ်ပါမှ လှတယ်၊ ရင့်ကျက်တယ်ဆိုတဲ့အမြင်မျိုးကို ဇာတ်ကားတော်တော်များများမှာ ထည့်ထားကြတာ။ ဘာတဲ့ confidence ရှိတယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ် တဲ့။ ဒီမြန်မာနိုင်ငံမှာတော့ သူများတွေဝတ်၇င်တောင် ကျွန်မက မကြိုက်။ ကျွန်မကိုယ်တိုင်လည်း ထမီနဲ့ ဘောင်းဘီရှည်မျိုးသာ ဝတ်တတ်တာ။ ဒီတော့ ယဉ်ကျေးမှုခြင်းမတူတဲ့ နိုင်ငံက ဓလေ့တွေကို ကြည့်ပြီး အတုလည်းမယူချင်ပါဘူး။
အရေးအကြီးဆုံးက ခုထိ အလုပ်မပြောင်းရသေးတဲ့ ကျွန်မဟာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ကြောင်း သူ့ကို မပြောရသေးဘူး။ နောက်တစ်ခု အရေးကြီးတာရှိသေးတယ်။ အဲ့ဒါကတော့ နီတျာက သူ့ကို စိတ်ဝင်စားတဲ့ ဟန်ပန်တွေ ပြလာတာပါပဲ။ အအေးဆိုင်ထိုင်ပြီဆိုရင် သူ့အတွက်ဖါလူဒါကို နီတျာကိုယ်တိုင် မွှေပေးပြီးမှ သူ့ကို ပေးတယ်။ သူ့မျက်နှာ၊ လက်မှာ ပေလို့ သုတ်ဖို့ရှာတော့မယ်ဆိုရင် နီတျာ့လက်ထဲမှာ တစ်ရှုးတွေက အမြဲဆောင်ထားသလားအောက်မေ့ရလောက်အောင် အဆင်သင့်ရှိနေပြီးသား။ ဒီတော့ တစ်နေ့တစ်ခြား ကျွန်မလည်း အတွေးတွေနှိပ်စက်တာ ခံရပြန်ရော။ သူငယ်ချင်း ချစ်နေတဲ့သူကိုမှ ကျွန်မက လုယူတယ် တွေးမလား ဆိုတဲ့အတွေးနဲ့ပေါ့။
ရွှေမင်းသားကတော့ ပုံရိပ်တွေသာပြနေတာ။ ခုထိ တိတိပပ သရုပ်မဆောင်သေးဘူး။ ဟန်ရေးတပြပြနဲ့ပဲ နေနေတယ်။ ရွှေမင်းသားက ဒီရက်ပိုင်း သိပ်ပေါ်မလာပြန်ဘူး။ အလုပ်ရသွားလို့ဖြစ်မယ်။ ရွှေမင်းသားမလာပေမယ့် နီတျာကတော့ လာပါတယ်။ တစ်ခုခု ပြောချင်သလိုပုံမျိုးနဲ့ အလာပသလာပတွေပြောပြီး ပြန်သွားရုံပဲ။ ဒီတစ်ခါ စနေမှာတော့ သူလာမယ်ထင်တာပဲ။ သူနဲ့မတွေ့တာ နှစ်ပတ်တောင် ရှိသွားပြီလေ။ နက်ဖြန်ဆို သူလာမှာပါလို့ တွေးရင်း ကျွန်မလည်း တွေးပျော်နေမိတယ်။

(၃)

“ဇော် နင် ဘာလို့ညာထားတာလဲဟာ”
အဆုံးမရှိအစမရှိမေးတဲ့ နီတျာ့ မေးခွန်းကြောင့် ကျွန်မ မျက်စိလည်သွားမိတယ်။ “နင့်အလုပ်ကိုလေ” လို့ ထပ်ပြောတော့မှ ရင်ထဲမှာထိတ်ခနဲ ဖြစ်သွားတယ်။ နီတျာသိရင် သူသိပြီပေါ့။ ကျွန်မ ပြန်ဖြေဖို့ ဆွံ့အနေတုန်းမှာပဲ နီတျာက ထပ်ပြောပြန်တယ်။
“လွန်ခဲ့တဲ့ နှစ်ပတ်က ငါနဲ့ဝေဇင် နင်တို့ကုမ္ပဏီကိုလာခဲ့တယ်….သင်တန်းကိစ္စလေးလည်း စုံစမ်းရင်းလေ ..နင့်နာမည်မေးကြည့်လိုက်တော့ နင်က…”
စကားထပ်မဆက်တော့တဲ့ နီတျာ့စကားကို ကျွန်မ နားလည်လိုက်ပါတယ်။ ဟုတ်တာပေါ့။ ကျွန်မက ညာသလိုဖြစ်ခဲ့တာကိုး။
“နင် အရမ်းရက်စက်တယ်ဟာ ဝေဇင်က ညာတဲ့သူဆို အရမ်းမုန်းတာဟ ”
အဲ့ဒီလိုပြောလိုက်တဲ့ နီတျာ့စကားသံဟာ တစ်ခုခုကို ကျေနပ်သံ လွှမ်းနေတယ်လို့ ဘာ့ကြောင့်များ ကျွန်မ ထင်နေမိပါလိမ့်။ အလုပ်ဟာ သန့်ရှင်းရေးဖြစ်ရုံနဲ့ သူ ကျွန်မကို မုန်းမယ်ဆို အမုန်းခံဝံ့တယ်။ မဖြေရှင်းတော့ပါဘူး။ ကျွန်မမှာလည်း မာနရှိပါတယ်။ သူ့လို အိမ်က ကျွေးမွေးထားနိုင်တဲ့ စာရင်းထဲမှာ ကျွန်မ မပါဘူးလေ။ နီတျာ့လောက်တောင် မချမ်းသာတဲ့ ကျွန်မမှာ အချမ်းသာဆုံးကတော့ မာနတရားပဲပေါ့။ တကယ်ပါ။ နီတျာ့ကိုတောင် ဖြေရှင်းချင်စိတ် မရှိတော့တဲ့ ကျွန်မ လမ်းဆုံရောက်သည်ထိ  တိတ်တိတ်ဆိတ်ဆိတ်ပဲ လမ်းလျှောက်နေခဲ့မိတယ်။ ဟုတ်တယ်။ တိတ်ဆိတ်သွားတဲ့ နီတျာ့စကားသံကိုလည်း ဂရုမစိုက်ချင်တော့ပါဘူး။ လမ်းဆုံမှာ “သွားပြီနော်” လို့နှုတ်ဆက်တဲ့ နီတျာ့ကိုလည်း လှည့်မကြည့်ချင်တော့ပါဘူး။ ခေါင်းငိုက်စိုက်ချလျှောက်ရင်းနဲ့ပဲ  အိမ်ကိုပြန်ရောက်ခဲ့တယ်။

(၄) သိမ်း

“စံပြမှတ်တိုင် စံပြမှတ်တိုင်”
တကြော်ကြော်အော်နေတဲ့ စပယ်ယာရဲ့ စကားသံကြောင့် ဆင်းရတော့မှာပဲဆိုတဲ့ အသိနဲ့ အတွေးတွေကနေ ရုန်းထွက်ပစ်လိုက်မိတယ်။ မှတ်တိုင်ရောက်တော့မယ်ဆိုတော့ အရှေ့နားဆီ ထွက်ရတော့မှာပေါ့လေ။ ခေါင်းငုံ့ပြီး ခြေထောက်တွေနဲ့ မထိခိုက်အောင် တွန်းတိုက်လျှောက်လိုက်တာ ဘယ်လိုကဘယ်လို အရှေ့ရောက်သွားမှန်းမသိပါဘူး။ ကားပေါ်ကဆင်းချိန်မှာတောင် ဘဝချင်းမတူသူနှစ်ဦးကြားမှာ ညီမျှခြင်းချဖို့ကြိုးစားခဲ့မိတာ ကျွန်မရဲ့ အမှားပဲလေ လို့လည်း တွေးမိလိုက်သေးရဲ့။ တကယ်ပါ။သူ ကျွန်မကို ဒီနေ့ထိ ပြုစားနိုင်ခဲ့တယ်ဆိုတဲ့အသိမှာ မျက်ရည်က သီသီဝေ့ချင်တယ်။ နက်ဖြန်များစွာမှာလည်း အပြုစားခံရဦးမှာပဲ ဆိုတဲ့ အသိက အလွမ်းကိုကျေကျေနပ်နပ်ကြီး ထုတ်ပိုးထားတဲ့ သူတစ်ယောက်လိုပါပဲလား လို့ ကိုယ့်အတွေးကိုယ်ပြုံးမိသေးရဲ့။
ကျေးဇူးပဲ ချစ်သူ။ ချစ်တတ်အောင်သင်ပေးခဲ့လို့……….။ အထပ်ထပ်ကျေးဇူးတင်မိရင်း မေ့ဖို့ အတွေးကို ဆန်းစစ်ကြည့်တော့ သေချာပါတယ်။ ကျွန်မ မမေ့နိုင်လောက်သေးဘူး။အချိန်အတိုင်းအတာတစ်ခုထိပေါ့။ မုသားပေမယ့် ရည်ရွယ်ချက်မဲ့ခဲ့ကြောင်း သခင် သိစမ်းစေချင် လို့ နှုတ်က တိုးဖွဖွ ရေရွတ်မိတော့ ရင်ထဲက ကျဉ်တယ်။ ရှင်းပြဖို့ အခွင့်အရေးကို မာနနဲ့ လက်လွှတ်ခဲ့တဲ့ ကျွန်မ မမှားပါဆိုတဲ့ တိုက်တွန်းသံကလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ထွက်ပေါ်လို့ ကျွန်မကို အားပေးနေတယ်။ ဟော..အိမ်ရှေ့မှာ အမေက ထွက်ကြိုလို့။ သီသီဝေ့နေတဲ့ မျက်ရည်စတချို့ကို လက်နဲ့အသာအယာလေး သုတ်ပစ်လိုက်တယ်။ အမေမြင်၇င် ဝမ်းနည်းသွားမှာစိုးလို့ပါ.....။
………………………………

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်