Wednesday 27 February 2013

“ငှက်ကလေးတစ်ကောင် အတွက်”

ဟော့ဒီ့နေရာလေးက သဲမွမွလေးတွေနဲ့ ဖုံးအုပ်ခံထားရတဲ့ မြေပြင်။ ဟော့ဟိုနေရာလေးမှာက ပုရွက်ဆိတ်လေးတွေ အုံဖွဲ့လို့ တက်ညီလက်ညီ လမ်းလျှောက်နေကြတာ။ အသိုက်ဆီ လျှောက်လိုက်၊ အစာရှာလိုက်နဲ့လေ။
ဟော့ဒီမှာက ကျွန်တော်။ ကျွန်တော် ဆိုတဲ့ သစ်ပင်။ ကျွန်တော့်လက်တွေမှာက လူကြီးတစ်ယောက်ရဲ့ လက်မလောက်ရှည်တဲ့ အဆူးတွေ ပြည့်နှက်နေတယ်။ အဆူး တိုတိုလေးတွေလည်း ရှိတာပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်ရဲ့ အရွက်တွေက ရှည်လျားလျားတွေ။ ကလေးတချို့ပြောကြတာတော့ ဘာတဲ့။ စိန်ပန်းပင်ရဲ့ အရွက်လိုပဲ။ ကျစ်ဆံမြီးကျစ်ဆော့လို့ရသတဲ့။
ဟော ကျွန်တော် မျှော်ကြည့်နေကြ အချိန်တစ်ခုရောက်လာပြီ။ နံနက်ခင်းက သယ်ဆောင်လာတာလား။ဒါမှမဟုတ် နံနက်ခင်းကို သယ်ဆောင်လာတဲ့သူလို့ပဲ ပြောရမလား မသိတဲ့ နေမင်းကြီးဟာကောင်းကင်ပေါ်ကို တစစနဲ့ တက်သွားနေတာ လှလိုက်တာ။ ဒီမြင်ကွင်းလေးဟာ လှလွန်းလို့ ကျွန်တော့်လိုပဲ လေပြေလေးတွေတောင်  ရပ်တန့်ငေးမောနေလေရဲ့။ လှလိုက်တဲ့ နံနက်ခင်းကြီးရေ ကြိုဆိုပါတယ်လို့လည်း ကျွန်တော် တိုးဖွဖွရွတ်ဆိုမိလိုက်သေးတယ်။

(က)
အချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လာတာနဲ့ အမျှ ကျွန်တော့်နှလုံးသားလေးလည်း တဒိုင်းဒိုင်းနဲ့ အခုန်မြန်နေပါပြီ။ ဟော … ဒီချိန်ဆို ကျွန်တော်နှလုံးသားရဲ့ လိုအပ်ချက်လေး ရောက်လာတတ်ပြီ။
အတောင်ပံလေး တဖျတ်ဖျတ်ခတ်လို့ သူလေ လေဟုန်စီးနေတဲ့အတိုင်း ကျွန်တော့်ကောင်းကင်ပေါ်ကနေ ဖြတ်သွားတယ်။ လှလိုက်တာ ငှက်ကလေးရယ်။ လည်တံလေး ဆန့်ကာဆန့်ကာနဲ့ ဟိုဒီလှည့်ကြည့်နေလိုက်သေး။ ငှက်ကလေးရယ် မင်းအကြည့်တွေ ငါ့ဘက်ကို လှည့်မလာနဲ့။ လှည့်မလာပါနဲ့ကွယ်။
အိုး..ရင်ထဲမှာ ဟာခနဲ။ ငှက်ကလေးရဲ့ အကြည့်လေး ကျွန်တော့်ဆီရောက်လာတယ်။ ဒီအကြည့်ချင်းဆုံလိုက်တဲ့ အချိန်ဟာ ကျွန်တော့်ရှင်သန်ခြင်းတွေကို ရပ်တန့်သွားစေမှန်း ငှက်ကလေးသတိမမူလိုက်ဘူး။ သူ… ဆက်ပြီးတော့ ပျံသွားတယ်။
ငှက်ကလေး ရေ.. ငှက်ကလေးရေ ။ ကျွန်တော် လှမ်းခေါ်နေပေမယ့် သူ မကြားဘူး။ မကြားတော့ဘူး။ သူ နက်ဖြန်လည်း ဒီနေရာကို လာမှာပါ။ ကျွန်တော် ဒီလိုပဲ မျှော်လင့်ချင်နေတယ်။ ဘဝခြင်းမတူရင် ချစ်ဖို့ အခွင့်မရှိဘူးလား။ ဒီလိုတော့မသတ်မှတ်ကြပါနဲ့။ တကယ်ဆို ချစ်မိတဲ့ နှလုံးသားမှာလည်းအပြစ်မှ မရှိတာပဲလေ။ တကယ်ဆို ဘဝတွေကအပြစ် ဖြစ်နေမယ်ထင်ပါရဲ့။ ကျွန်တော်လေ သူနဲ့ အတူတူ ပျံချင်လိုက်တာ။
ဒါပေမယ့်လည်း ကျွန်တော်က သစ်ပင်။
(ခ)
သူ့ကို စတွေ့တုန်းက သူဟာ မထင်မရှားလေးပါ။ အလိုမကျမှုတွေနဲ့ စူပုတ်ပုတ်ဖြစ်နေတဲ့ ငှက်ကလေးတစ်ကောင်။ တချို့အရာတွေကို ဟာသစွတ်ပြီး ကျီကျလိကျီကျီ ဆိုပြီး အော်နေတတ်ပေမယ့် သူတကယ် နာကျည်းပြီး ပြောနေတာလို့ ကျွန်တော် ခံစားမိ။ ကျွန်တော့်ကို ပြောတာမဟုတ်ပါဘူးလေ။ ကံကောင်းထောက်မစွာနဲ့ပဲ သူက ကျွန်တော့်ရှေ့က သဲပြင်မှာ လာပြောနေခဲ့တာ။ ရေထဲက သူ့အရိပ်လေးကို မကြာမကြာလှမ်းကြည့်ရင်း သက်ပြင်းတွေ ချလားချရဲ့။ အဲ့ဒီ့တုန်းကလည်း သူဟာ ကျွန်တော့်နှလုံးသားထဲထိ တိုက်ရိုက်ရောက်မလာသေးဘူး။ ဟုတ်တယ်။ ရောက်မလာခဲ့သေးပါဘူး။
ဒုတိယမြောက်ဆုံစည်းခြင်းမှာ ကျွန်တော့်နှလုံးသားတစ်လုံး ပွင့်ထွက်သွားလောက်အောင်ထိ သူ ကျွန်တော့်ကို စွဲဆောင်နိုင်ခဲ့တယ်။ သူလေ အဲ့ဒီ့နေ့က ကျွန်တော့်အခက်အလက်တစ်ခုပေါ်မှာ လာနားဖြစ်ခဲ့တယ်။ နောက် ကျွန်တော့်ကို မိတ်ဆွေဆန်ဆန် သူ စကားပြောခဲ့တယ်။ သူ့အမူအယာလေးတွေဟာ ငှက်ကြီးငှက်ကောင်း ဆန်ပြတဲ့ အခါလေးတွေလည်း ရှိရဲ့။ ငှက်ကလေး ဆန်တဲ့ အခါတွေလည်း ရှိရဲ့။
ဘာမှ ပြန်မပြောဖြစ်ပဲ နားထောင်သမားသတ်သတ်ဖြစ်နေတဲ့ ကျွန်တော့်ကို ငှက်ကလေးက စူးစူးစိုက်စိုက် ကြည့်နေတယ်။ နောက် ရုတ်တရက် ထပြန်သွားခဲ့ချိန်မှာ ကျွန်တော့်နှလုံးသားတစ်ခုလုံး ဟာသွားတယ်။ အဲ့ဒီ့အချိန်မှာပဲ သိလိုက်ရလေရဲ့။ သူဟာ ကျွန်တော့်နှလုံးသားထဲကို ဝင်ရောက်လာခဲ့ပြီ။ အဲ့ဒီ့အချိန်ကစပြီးတော့ ကျွန်တော်လေ………. သူ့ကို လွမ်းတတ်မိသွားတယ်။
ဘယ်သောအခါမှ ဒီငှက်ကလေးကို အရှုံးတွေ မတွေ့စေချင်ဘူး လို့ တွေးတောမိတဲ့ထိ ဖြစ်လာခဲ့ပြီ။ ဒီငှက်ကလေးရဲ့ အတောင်ပံတွေကို ရိုက်ချိုးပစ်မယ့်သူ ပေါ်လာလေမလား စိုးရိမ်တတ်ခဲ့ပြီ။ ဒီငှက်ကလေးအတွက် ဓါတ်ကြိုးတွေကို ခလုတ်တိုက်မိလေမလား စိုးရိမ်တတ်ခဲ့ပြီ။
ငှက်ကလေးရေ လမ်းရှင်းခွင့် ပေးပါ၊ ကာကွယ်ခွင့်ပေးပါ လို့ တောင်းဆိုချင်တတ်ခဲ့ပြီ။ ဒါပေမယ့်လည်းကွယ် ကိုယ်က သစ်ပင်။ ကိုယ့်အခတ်အလက်တွေပေါ်မှာ ငှက်ကလေး လာနားဖို့သာ မျှော်ခွင့်ရှိတဲ့ သစ်ပင်။ သစ်ပင်တစ်ပင်ရဲ့ အလွမ်းကို ငှက်ကလေးနားလည်တတ်မယ်ဆိုရင် ကောင်းမှာပဲ။ သစ်ပင်တစ်ပင်ရဲ့ မျှော်လင့်ချက်ကို ငှက်ကလေး နားလည်မယ်ဆိုရင် ကောင်းမှာပဲ။
ကျွန်တော် သူ့ကို ဘယ်လောက် ချစ်တယ်ဆိုတာ သူသိရင် ကောင်းမှာပဲနော်။
(ဂ)
ဒီနေ့ငှက်ကလေးရဲ့ ဘေးမှာ ငှက်ကလေးတစ်ကောင်။ ကျွန်တော် ငေးကြည့်နေမိတယ်။ ဝန်မခံချင်လည်း ဝန်ခံရတော့မှာပါပဲ။ ပိုင်ဆိုင်ခွင့်မရနိုင်မှန်းသိပေမယ့် ဒီမြင်ကွင်းဟာ ကျွန်တော့်ကို တော်တော်ဆွေးသွားစေတယ်ဆိုတာ။
နောက် ကျွန်တော် အဲ့ဒီ့နေ့တစ်နေ့လုံး အရွက်တွေ ငိုက်ပစ်တယ်။ အခက်အလက်တွေကို နှိမ့်ချပစ်မိတယ်။ ကျန်တော်ဟာ ပင်နိမ့်ပါ ငှက်ကလေးရေ။ လှည့်မကြည့်ပါနဲ့။ မကျီစားပါနဲ့ လို့ တိုးတိုးတိတ်တိတ်ရွတ်ဆိုမိနေသေးတယ်။

ဒီနေ့ ငှက်ကလေး လာချိန်တန်တာတောင် မလာဘူး။ ကျွန်တော်လေ လွမ်းလိုက်တာ။
ငှက်ကလေး အတောင်ညောင်းနေလို့များ ခေတ္တရပ်တန့်နေသလားကွယ်။ ဒါဆိုလည်း ကျွန်တာ့်အကိုင်းအခက်ပေါ်မှာ လာနားလှည့်ပါ့လားလို့သူမကြားနိုင်မှန်းသိပေမယ့် ပြောမိသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီ့အပြောမှာတင် ကိုယ့်ကိုယ်ကို ဝမ်းနည်းလိုက်ရ။ ဆူးရိုင်းတွေ အပြိုင်းပြိုင်းပွင့်ဖူးနေတဲ့ ပင်စည်ဟာ ငှက်ကလေးအတွက် ဒဏ်ရာ ရစေတတ်ကြောင်း သတိပြုမိချိန်ခဏ ကြေကြေကွဲကွဲ ပြုံးလိုက်မိရဲ့။ ဒါ့ကြောင့်ကို ငှက်ကလေးဟာ ကိုယ့်ဆီ တစ်ခေါက်မှ မလာတော့တာမဟုတ်လားလေ။ ကိုယ်နေတဲ့ နေရာဟာ ငှက်ကလေး မုန်းတဲ့ နေရာ၊ ငှက်ကလေး လိုအင်တွေ တစ်ခုမှ မရှိတဲ့ နေရာ။ ဗီလိန်ခဏခဏလုပ်ပြနေရတဲ့ ဇာတ်ရုပ်ဟာ ငှက်ကလေး မြင်ရတဲ့ ကိုယ့်ဇာတ်ရုပ်၊ ဟော့ဒီရင်ထဲက သံယောဇဉ်ကြိုးရှင်းရှင်းကို မြင်တတ်ဖို့တော့ ငှက်ကလေး မေ့လျော့ခဲ့တယ်။
ငှက်ကလေးရယ် ငှက်ကလေးကို လွမ်းရင်း ဒီနေ့ည အိပ်စက်လိုက်ရတယ်။ အိပ်မက်ထဲမှာတောင် ငှက်ကလေးဟာ ကျွန်တော့်ကို ပြုံးမပြဘူး။
(ဃ)
တဖြည်းဖြည်းလွင့်ပါးလာတဲ့အမှောင်ထုဟာ
အလင်းကမ္ဘာနဲ့အတူ
အလွမ်းတွေကိုပါ ခေါ်ဆောင်လာခဲ့တယ်
...........
လွင့်..လွင့်....ဝဲ.........ဝဲ....
လွမ်းတယ်
နွေရဲ့ ပုံရိပ်က
နှလုံးသားမှာ ရင်ထဲမှာ
(သံယောဇဉ်အငွေ့အသက်မပါတဲ့)
ပြောနေကျစကားတွေ လွမ်းတယ်
ငှက်ကလေးရ ဒီနေ့ နံနက်ခင်းဟာလည်း ငှက်ကလေးကို လွမ်းရင်းနဲ့ နိုးထရတဲ့ နံနက်ခင်းပါပဲ။ ငှက်ကလေး မလာတာ မှတ်မှတ်ရရ ၃ ရက်တောင် ရှိခဲ့ပြီ။ တိုးတိတ်ညင်သာတဲ့ လေပြေလေးရဲ့ လမ်းလျှောက်သံမှာတောင် ကျွန်တော်ဟာရူးပေါ့။ လေပြေနဲ့အတူ သစ်၇ွက်ဝါတွေ ရှပ်တိုက်လျှောက်ချိန်တိုင်းမှာ ကျွန်တော်က ငှက်ကလေးရဲ့ တောင်ပံခတ်သံကို ကြားယောင်မိပြီး မွတ်မွတ်သိပ်သိပ် လွမ်းတယ်။
ငှက်ကလေးက ကျွန်တော့် ကိုမေ့တယ်။ ကျွန်တော်က…။ ဒီလိုပါပဲ ဘဝဆိုတာ လိုတရအမွှေးတိုင်ထွန်းလိုက်တိုင်း လိုတာရတာမှ မဟုတ်တာ။ ကျွန်တော်ကိုယ်တိုင် နားလည်တဲ့ သဘောတရားတစ်ခုမှာ အပြုံးမပျက် ရင်ဆို့တုန်း။ ငှက်ကလေးရေ......မွတ်မွတ်သိပ်သိပ်...လွမ်းတယ် လို့လည်း တိုင်တည်မိလိုက်သေးရဲ့။

ကျွန်တော့်ကို ခပ်ဖွဖွ ဖြတ်ပြီး ပြေးတဲ့ လေပြေလေးကိုတောင် မှာလိုက်မိသေး။ ငှက်ကလေးရဲ့ ရနံ့တွေကို သယ်ဆောင်လာပေးပါလို့။ တခါတရံလည်း မဖြစ်နိုင်မှန်း သိရက်နဲ့ စိတ်ကူးလိုက်မိ။ တိမ်တွေလွင့်ရာနေရာတိုင်းမှာ အမြင်လွှာကို အငှားချထားချင်မိခဲ့တယ်။ ကျွန်တော့်ချစ်သူရဲ့ ပုံရိပ်လွှာကို မြင်ခွင့်ရချင်လို့ပါ…လို့။
ဒီချိန်မှာ ဘာဖြစ်ချင်လဲ လာမေးစမ်းပါ တန်ခိုးရှင်ရယ်။ ကျွန်တော် အဖြစ်ချင်ဆုံးက ကောင်းကင်။ ဟုတ်တယ်။ ကောင်းကင်ဖြစ်ချင်လိုက်တာ။ ငှက်ကလေးရဲ့ ပုံရိပ်တွေနောက် တကောက်ကောက်လိုက်ရင်း ငှက်ကလေးကို ထွေးပွေ့ထားချင်လို့ပါ။ ငှက်ကလေးရဲ့ ဒဏ်ရာတွေကို ဖြေဖျောက်ပေးချင်လို့ပါ။
လွမ်းတယ်။ ငှက်ကလေးရဲ့ ပုံရိပ်ကိုမြင်ခွင့်မရတဲ့ နေ့တွေဟာ ကျွန်တော့်အတွက်တော့ ငရဲပါပဲ။ ငှက်ကလေးရေ နေကောင်းရဲ့လား။ ငှက်ကလေးရေ.. ငှက်ကလေးရေ.. သူမကြားနိုင်မှန်း သိပေမယ့် ကျွန်တော် မရပ်မနား အော်ခေါ်နေမိတယ်။
ငှက်ကလေးရေ………….လို့။
 (င)
အိုးး ပျော်လိုက်တာ။ ငှက်ကလေးလေ အတောင်ပံကို တဖျတ်ဖျတ်ခတ်ပြီး ကျွန်တော့်ကောင်းကင် ဖြတ်သွားတော့မယ်။ ကျွန်တော် အဲ့ဒီ့အချိန်ခဏလေးကို သိမ်းခွင့်ရှိရင် သိမ်းထားချင်လိုက်တာ။  သူ့အတောင်ပံခတ်ဟန်လေးက ကြီးကျယ်မြင့်မြတ်တဲ့ ငှက်တစ်ကောင်နဲ့ ဆင်တယ်။ အဝေးကနေ ငေးကြည့်လာတဲ့ ငှက်ကလေးရဲ့ မျက်ဝန်းလေး။ သံယောဇဉ်အငွေ့အသက်မပါမှန်းသိပေမယ့် ကျွန်တော့် ရင်တွေ တဆတ်ဆတ်ခုန်လို့။ ဝင်သက်ထွက်သက်မှန်သမျှ ရပ်တန့်သွားသလိုပဲ။ လမ်းကြုံအကြည့်တစ်ချက်မှာတောင် အသက်ရှုရပ်ရတဲ့ ကန္တာရပင်မှန်းမသိဘူးလား ငှက်ကလေးရယ်။ ကျီစားရက်နိုင်လွန်းတယ်။
လေပြေရေ ငှက်ကလေးရဲ့ ရနံ့တွေကို သယ်ဆောင်ဖြစ်တဲ့အခါတိုင်း ငါ့နယ်မြေကို အရောက်လာခဲ့ပါ။
လေပြေရေ ငှက်ကလေးရဲ့ အတိတ်ကို ခနခန သွားမတူးဆွနဲ့သူ့ဒဏ်ရာတွေ မကျက်ပဲနေလိမ့်မယ်။
လေပြေရေ သူ့ကြေကွဲမှုရနံ့တွေကို ငါ့ဆီ ခနလောက်သယ်ဆောင်ပေးခဲ့ သူ့ကို ငါနားလည်ချင်လို့ပါ။
လေပြေရေ... ငှက်ကလေး ရဲ့ အပြုံးရနံ့ကို သယ်ဆောင်နိုင်မလား သူ့အပြုံးလေးကို......လွမ်းတယ်။
လေပြေရေ..
လေ...ပြေ....ရေ။
လေပြေကတော့ ကျွန်တော့်ရဲ့ မပြီးနိုင်မစီးနိုင် မှာကြားမှုတွေကို လှောင်ချင်တဲ့ ဟန်နဲ့ ခပ်ပြုံးပြုံးကြည့်ရင်း ထွက်သွားတယ်။ ကျွန်တော် မရှက်ပါဘူးလေ။ တကယ်ဆို ချစ်ခြင်းရဲ့ ဒဏ်ရာဆိုတာ ချစ်တတ်သူမှသာ နားလည်တတ်တာမဟုတ်လား။
(စ)

ကောင်းကင်ဖြစ်ချင်သူတစ်ယောက်
ငှက်ကလေးတစ်ကောင်
ဖြူလျော်လျော်ကမ္ဘာ
(စိတ်အစာ၊ နှလုံးသားအစာ)
အစာမဝတဲ့ နေ့တာဟာ ပိုရှည်လျားနေခဲ့တယ်

ငှက်ကလေးရေ ပျော်ပါ ရယ်ပါ တခါတရံ ငိုကြည့်ပါ။ ဘဝရဲ့ ရသဆိုတာ စုံအောင်ခံစားကြည့်ရတယ် ငှက်ကလေးရဲ့။ ငှက်ကလေးရဲ့ အပျော်ကို တိတ်တခိုးငေးကြည့်ဖြစ်ရင် စိတ်မဆိုးနဲ့ ငှက်ကလေးရေ။ ကျွန်တော်က ငှက်ကလေးပျော်တာမြင်ရုံနဲ့ ရင်တစ်ခုလုံး လွင့်ထွက်မတက်ပျော်တဲ့သူ။ ငှက်ကလေးရဲ့ အရယ်နဲ့အတူ တိတ်တခိုး လိုက်ရယ်မိရင် စိတ်မဆိုးနဲ့ ငှက်ကလေးရေ။ ကျွန်တ်ာက ငှက်ကလေးရဲ့ ရယ်သံလွင်လွင်မှာ စိတ်တစ်ခုလုံး နူးညံ့ချိုမြတတ်တဲ့သူ။ ငှက်ကလေးရေ..ငှက်ကလေးရေ ကျွန်တော် တမ်းတတိုင်းသာ ကြားမယ်ဆို ငှက်ကလေးနားညည်းတော့မှာပဲ။ ဒါပေမယ့်လည်း..ကွယ် လွမ်းတယ် ငှက်ကလေးရယ်…။
သူအမှတ်နဲ့ ကောင်းကင်ကို မော့ကြည့်ရင်းစကားဆိုမိစဉ်မှာ ကျွန်တော့်ရင်တွေ တဆတ်ဆတ်ခုန်တယ်။ ငှက်ကလေးရယ်လေ သူနဲ့ ဘဝတူငှက်ကလေးတစ်ကောင်နဲ့ ပျော်နေလိုက်တာ။ ကျွန်တော့်ကို ငုံကြည့်ဖို့တောင် သူ မေ့နေခဲ့တယ်။
ရက်စက်လိုက်တာ ငှက်ကလေးရယ်။
(ဆ)
ငှက်ကလေးရေ ပျံစမ်း........
ငေးကြည့်ဖို့သာ တတ်နိုင်သူတစ်ယောက်ရှေ့မှာ မြင့်မြင့်မားမား ပျံပြလိုက်စမ်း
မုဒိတာနဲ့ ပြုံးကြည့်နေပါရစေ။
ငှက်ကလေးရေ..ပျော်ရဲ့လား
အတောင်ပံနှစ်ဖက်ကို လေထဲဝင့်ဝင့်
လွင့်လွင့်ဝဲဝဲ ပျံ
မြင့်မြင့်မားမားရောက်အောင်ပျံ
ငါရှိရာနေရာကို ယောင်လို့တောင် ငုံ့မကြည့်နဲ့
မင်းအကြည့်တစ်ချက်မှာ
ငါ့အလွမ်းတွေ ပုံအောပစ်ချလိုက်မိရင်
ငါ..........သေနိုင်တယ်...........။
ငှက်ကလေးရေ ကျွန်တော်ဟာ ငှက်ကလေးကို ချစ်နေသူဖြစ်ကြောင်း ငှက်ကလေးတော့ သိစေချင်သေးတယ်။ ကျွန်တော့်အလွမ်းတွေ သိစေချင်သေးတယ်။ ကျွန်တော့်မျှော်လင့်ချက်တွေ သိစေချင်သေးတယ်။ ငှက်ကလေးရေ. ချစ်တယ် လို့ အသံကုန်အော်မိတော့ လေပြေက ဟားတိုက်တယ်။ လှောင်စမ်းကွယ်။ တကယ်ဆို နှလုံးသားရှိသူမှ ခံစားရတာဆိုတဲ့ အသိနဲ့ ကျွန်တော့်အချစ်ကို ကျွန်တော် ဂုဏ်ယူပစ်လိုက်တယ်။
ငှက်ကလေးရေ ချစ်တယ်။။။။။
ကောင်းကင်ဖြစ်ချင်သူတစ်ယောက်
ငှက်ကလေးတစ်ကောင်
ဖြူလျော်လျော်ကမ္ဘာ
(စိတ်အစာ၊ နှလုံးသားအစာ)
အစာမဝတဲ့ နေ့တာဟာ ပိုရှည်လျားနေခဲ့တယ်
မပြည့်နိုင်မှန်းသိပေမယ့်လည်း
ဒီဆန္ဒဟာ ကြာရှည်နေခဲ့
နေ့တာရှည်တွေကို မင်းအတွက်နဲ့ ပိုင်ဆိုင်နေခဲ့မိတယ်
ငှက်ကလေးရေ
လွမ်းတယ်........။
………………………
ရည်ဝေ


2 comments:

မိုးနတ်ကြယ်စင် said...

အားပါးပါးးးးးးးးးးးး
တော်တော် ရေးအားကောင်းတာပဲနော်....
အားကျထှာ...ရေးအားလဲကောင်းတယ်..
တွေးအားလဲကောင်းတယ်..အဲဒါထက်
ခံစားချက်ကို ထုဆစ်နိုင်စွမ်းပိုကောင်းတယ်
ပြောရမလားးးးးးးးး ၀တ္ထုမဟုတ်ပဲ ဒီလောက်
အရှည်ကြီး ရေးထားတဲ့ ပို့စ်မှာ စကားလုံးတွေ
မထပ်စေရပဲ ရသပေါင်းစုံပါဝင်တာ...နောက်ပြီး
အထူးသဖြင့် နူးညံ့တဲ့ အရေးအသားတွေဟာ
ဖတ်ရသူရဲ့ စိတ်ကို သိမ်းကျုံးယူနိုင်စွမ်းရှိတယ်..
သဘောကျမိတယ် တကယ်ပြောတာပါ......
မိမိုးနတ်လဲ ကြိုးစားနေပါကြောင်းးးးးးးးးးးး :)

Unknown said...

:D
ဒါကတော့လေ သစ်ပင်က ငှက်ကလေးကို ချစ်တာကိုးနော့ :P
စတာပါ မိုးနတ်လည်း အရေးကောင်းတာပဲကို
ကျေးကျေး မိုးနတ်ရေ စာတွေ လာဖတ်ပေးလို့ :)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်