Friday 26 April 2013

စိတ်ကူးပေါက်ရာ-၁-----------(အကောင်းဆုံးကစားသမားဖြစ်ချင်တယ်)


(-)
 ကိုယ့်ကိုယ်ကိုယ်တော့ဇာတ်လိုက်မှတ်တာပဲ။ ဒါပေမယ့်လည်းလေ ဘယ်သူသိမလဲ။ ကိုယ်ဟာ ဇာတ်ရံဖြစ်လိုက်၊ ဇာတ်လိုက်ဖြစ်လိုက်နဲ့မတူညီတဲ့ နေရာတွေမှာ တကန့်စီလှုပ်ရှားလို့။ လောက ဇာတ်ခုံပေါ်မှာ။
တခါတခါ မျက်ရည်ကျတဲ့အခါရှိရဲ့။ တခါတခါဟက်ဟက်ပက်ပက်ရယ်လိုက်ရတဲ့အခါရှိရဲ့။ ကဲ ကိုယ့်ကိုဘယ်သူများသံပတ်ပေးထားပါသလဲ။ ရယ်ချိန်ရယ်၊ငိုချိန်ငို ဆိုတဲ့စစ်စတမ်များသွားထားလေရော့သလား။ မထင်မှတ်ပဲလည်း ငိုခဲ့ဖူးရဲ့။ မထင်မှတ်ပဲလည်းပျော်ခဲ့ဖူးရဲ့။
တကယ်လို့များ သံပတ်မပါခဲ့ဘူးဆိုရင်ကိုယ်ရယ်နေ၊ ငိုနေရတာတွေဟာ ကိုယ်လုပ်ခဲ့တဲ့ ကံလား။
 ဒီလိုဆိုလည်းမှားလိမ့်မယ်။ တကယ်ဆို ဘဝမှာ ဘယ်သူ့ကိုမှ ဒုက္ခပေးခြင်းမရှိခဲ့သလို အပူပေးခြင်းလည်းမရှိခဲ့ပါဘူး။ ဘဝမှာ စိတ်ဖြူဖြူနေ၊ ကိုယ့်အပြုအမှုပဲ ကိုယ်ဂရုစိုက်ဆိုတဲ့စကားနဲ့ပဲ နေလာခဲ့တာ။ဘယ်သူ့မှ ဂရုမစိုက်ခဲ့ပေမယ့် ကိုယ့်အပြုအမှုဟာတစ်ဖက်သားကို အမှားအယွင်းဖြစ်စေတဲ့အပြုအမှုမဟုတ်ခဲ့ပါဘူး။ တစ်ဖက်သားကို စော်ကားတဲံ့ စကားအပြုအမှု မသုံးနှုန်းခဲ့ဖူးပါဘူးကွယ်။ 

တကယ်ကိုရိုးရိုးသားသားရှင်သန်ခဲ့ဖူးတာ
 ဒါဆိုကိုယ်က သံပတ်ပေးထားတဲ့ လူရုပ်တစ်ရုပ်ပေါ့။ ဒါဆိုကိုယ့်ကို ဘယ်သူကစားနေတာလဲ။
ဘယ်သူကစားနေတာလဲ ဆိုတဲ့အဖြေကို အီကွေးရှင်းတွေတွက်ပြီးအဖြေရှာကြည့်မိတယ်။ မသိကိန်းတွေနဲ့ အဖြေရှာတယ်။ ဒက်ဖနေးရှင်းတွေ တစ်ခုပြီးတစ်ခုချရေးလိုက်မိတယ်။ မသိဘူး။ ကိုယ့်ကို ကစားနေတဲ့သူဟာ မသိကိန်းတဲ့။ မသိကိန်းတစ်ခုက ကိုယ့်ကိုကစားနေသတဲ့။ အဲဒီမသိကိန်းကို ရအောင်ဖေါ်ထုတ်မယ် လို့ ကြွေးကြော်မိတဲ့အချိန်မှာပဲ ကိုယ့်ကိုဒီလိုကြွေးကြောင်အောင် သူသံပတ်များပေးလိုက်သလားလို့တွေးမိတော့ ကိုယ့်ကြွေးကြော်သံကိုကိုယ်ကိုယ်တိုင်မသတီဖြစ်လို့။
(--)
ကိုယ့်ရှေ့မှာ ရေကန်တစ်ကန်ရှိတယ်။ အဲဒီရေကန်ကရေကိုဘယ်သူမှ သောက်တာမတွေ့ဖူးဘူး။ ဘာ့ကြောင့်မသောက်ကြတာလဲ။ ဒီမြို့ကလူတွေဟာ ရေသန့်ကိုပဲသောက်ရတာ အကျင့်ပါသွားတာလား။ ဘာ့ကြောင့်မသောက်ကြတာလဲ။ အရင်တုန်းကတော့ဒီကန်ကြီးဟာ သောက်သုံးရေကန်ဖြစ်ခဲ့တယ်လို့ပြောကြတယ်။ ဒါဆို ခုနောက်ပိုင်း ဘာလို့မသောက်ကြတာလဲ။ ဒီရေကန်ကြီးကို မြင်သူတိုင်းကရေကန်ရဲ့အနားလာဖို့ တွန့်ဆုတ်ကြတယ်။ ကိုယ်ကိုယ်တိုင်လည်း အများကြောက်လို့ ကြောက်ပြီးမသွာားဖူးလဲ့ဘူး။ ဒီရေကန်ကြီးဟာ မကြည်လင်မသန့်ရှင်းတော့လို့လား။
သေချာသိရဖို့ရေကန်ရဲ့ အနားကို သွားမှဖြစ်မယ်။ ဒါပေမယ့် ခြေလှမ်းတွေက တွန့်ဆုတ်နေတုန်းပဲ။ အများယောင်လို့လိုက်ယောင်ခဲ့တဲ့ကိုယ်က ဒီရေကန်ကို ရဲရဲကြီးမျက်လုံးချင်းဆုံကြည့်ဖို့ တွန့်ဆုတ်နေတုန်းပဲ။ဒါပေမယ့်လည်း ကိုယ့်ကို ကစားနေမယ့် ကစားနေတဲ့သူကို တော်လှန်ပုန်ကန်ချင်စိတ်နဲ့ရေကန်ဆီသွားဖို့ပြင်လိုက်မိတယ်။
 ဒါမှမဟုတ်ကိုယ့်ကိုကစားနေတဲ့သူက ဒီရေကန်ဆီမဖြစ်ဖြစ်အောင်သွားစမ်းလို့ ခိုင်းလိုက်တာများလား။
ဒီအတွေးနဲ့ခြေလှမ်းတွေဟာ တုံ့ခနဲဖြစ်သွားတယ်။ ဒါပေမယ့်လည်း ရေကန်ကို ကောင်းကောင်းကြီးမြင်နိုင်တဲ့အကွာအဝေးကိုရောက်ခဲ့ပြီ။ ကြည်လင်ရှင်းသန့်နေတဲ့ ရေကန်ကြီးက ကိုယ့်အမြင်အာရုံမှန်သမျှကိုဖမ်းစားခဲ့ပြီ။ ရေကန်ကြီးထဲကို့ ဝင်ဖို့ရာ ခင်းထားတဲ့ ကျောက်လှေခါးများတွေဆီကို အကြည့်တို့ရောက်သွားတော့ ကိုယ့်ရင်မှာ လှိုက်ခနဲ ပျော်မိသွားတယ်။ ကြည်ခင်လွန်းတဲ့ ရေကို လက်ကလေးနဲ့ခပ်ကြည့်ချင်သေးတယ်။ ရေကန်ထဲမှာ ပြေးလွှားနေတဲ့ငါးလေးတွေကို လက်ကလေးနဲ့ တို့ထိချင်သေးတယ်။ဟိုဒီယိမ်းနွဲ့ပြနေတဲ့ ကြာဖူးကြာခိုင်လေးတွေကိုလည်း ဘယ်လောက်ထိ လှလဲလို့ အနီးကပ်လေ့လာကြည့်ချင်သေးတယ်။နေရာစုံစုံမှာရှိနေတဲ့ ဗေဒါလေးတွေကိုလည်း အမှတ်တရ ချိုးကြည့်ချင်မိသေးတယ်။
မင်းဆက်လျှောက်ရင်လျှောက်စမ်းကွာ။ ဒါကငါဖန်တီးထားတဲ့ ကမ္ဘာပဲ။
ဘယ်သူပြောလိုက်တဲ့စကားလုံးလဲ။ ကိုယ့်နားစည်မှာ ရိုက်ခတ်လာတယ်။ ကိုယ့်ခြေလှမ်းတွေဟာ အရှေ့ကိုရောက်ဖို့တွန်းအားနည်းနည်းတော့လိုနေပြီ။ ရုတ်တရက် တွန့်ဆုတ်သွားစေတဲ့အကြောင်းအရာဟာ ကြောက်စိတ်ပါပဲ။
သူဖန်တီးထားတဲ့ကမ္ဘာ။ ဒီရေကန်ကို လူတွေ မလာအောင် သူပဲ ဖန်တီးလိုက်တာလား။ ဘာအကြောင်းကြောင့်လဲ။ ဘာ့အတွက်လဲ။ရေကန်ထဲဝင်မိတဲ့သူတိုင်း သေဆုံးသွားလို့လား။ ဒါဆိုကိုယ့်ကို သေဆုံးပစ်ဖို့၊ ဖျောက်ဖျက်ပစ်ဖို့ကိုယ့်ကို ကစားနေတဲ့သူရဲ့ စိတ်ထဲမှာ ရှိနေပြီပေါ့။ ကိုယ်ဒီရေကန်ကို သွားရင် ဘာဖြစ်မှာလဲ။
ဘာတွေဖြစ်လာမှာလဲ။ဘာတွေဖြစ်သွားမှာလဲ။
တုံ့နေဆဲ ခြေလှမ်းတွေဟာ အနောက်ကိုလည်းပြန်မဆုတ်ချင်ဘူး။ အရှေ့ကို ဆက်သွားဖို့လည်း ကြောက်ရွံ့နေတယ်။ ကိုယ် ဘာဆက်လုပ်ရမလဲ။ဒီရေကန်ကိုဆက်သွားရင် ကိုယ်ဘာတွေ ဖြစ်သွားနိုင်သလဲ။ဒီအတွေးတွေချည်း လည်နေတဲ့ ကိုယ်ဟာအဲဒီနေရာမှာ အကြာကြီး ရပ်နေမိတယ်။ ဟုတ်တယ်။ အကြာကြီးမှ တကယ့်အကြာကြီး။ ကိုယ့်ကို ကစားနေတဲ့သူကကိုယ့်ဖြစ်အင်ကိုကြည့်ပြီးလှောင်ပြုံးပြုံးနေမှာဆိုတဲ့ အတွေကို တွေးမိတော့ ရင်ထဲမှာ မခံချင်စိတ်တွေက ဟုန်းခနဲထတောက်တယ်။ဒါပေမယ့်လည်း ခြေလှမ်းတွေက အရှေ့ကိုမရွေ့နိုင်သေးဘူး။
တကယ်လို့များ ကိုယ်ဟာ သံပတ်ပေးထားတဲ့အရုပ်တစ်ခုမဟုတ်ခဲ့ဘူးဆိုရင်၊ ကိုယ်လုပ်ခဲ့သမျှဟာ ကိုယ့်ကံတွေပဲလို့ ယူဆလိုက်ရင်................။
 ကိုယ်ဘာကိုများကြောက်စရာရှိနေဦးမှာလဲ။ ဒီရေကန်ကိုဝင်မိတဲ့အတွက် ကိုယ်သေဆုံးသွားနိုင်တယ်ထားဦးတော့။ရေကန်ရဲ့ အလှအပတွေကို ခံစားနိုင်ခဲ့တယ်မဟုတ်လား။ အနည်းဆုံးတော့ ဘယ်သူမှ မလာတဲ့ ဒီရေကန်မှာကိုယ်ဟာအေးအေးလူလူနဲ့ ရေစက်တွေကို ဆော့ကစားရင်း၊ ကြာပွင့်တွေကို ဆော့ကစားရင်း ငါးလေးတွေကိုနမ်းရှိုက်ဖူးခဲ့မယ်မဟုတ်လား။ သတ္တိကိုဆွဲတင်တော့ ကိုယ်ဟာ ဒီရေကန်ကို ဝင်ရောက်ဖို့ လက်နက်ပြည့်စုံတဲ့စစ်သူကြီးတစ်ယောက်အဖြစ်ကို ချက်ခြင်းရောက်သွားတယ်။ ကိုယ်ဆက်သွားမယ်။
 ဒီချိန်မှာတော့ကိုယ်ဟာ ဇာတ်လိုက်ပဲ။ ဒီအတွေးနဲ့ ရဲရဲဝံ့ဝံ့ လှမ်းလာတဲ့ ခြေလှမ်းတွေဟာ တစ်နေရာအရောက်မှာတော့ချက်ခြင်းကို ဆိတ်သုဉ်းကုန်ပေါ့။ ဒီနေရာဒီအချိန်မှာ ကိုယ်ဟာ ဇာတ်ရံတစ်ဦးပါပဲ။ အေးအေးလူလူနဲ့မြက်ခင်းကမ္ဗလာပေါ် လှဲနေတဲ့ လူကြီးက စကားတွေပြောနေတယ်။ “ငါဖန်တီးတဲ့ ကမ္ဘာက တကယ့်ကိုပျော်စရာကောင်းတယ် မင်းပျော်ချင်ရင်လာခဲ့ပါ” တဲ့လေ။ ကိုယ့်ကိုပြောနေတာတော့မဟုတ်ဘူး။မျက်လုံးမှိတ်ပြီး သူ့ဘာသာ ပြောနေတာ။
တကယ်ကိုသတိလွတ်ကြောက်ခဲ့မိတဲ့ စိတ်တွေဟာ အခုတော့လည်း ရယ်ချင်စရာကိုဖြစ်လို့။ ရေကန်ကြီးကလည်းလှနေတုန်းပု။ ဒါဆို ဒီရေကန်ကြီးကို ဘာလို့ဒီ မြို့ကလူတွေ မလာတာလဲ။ ဒီအဖြေကို ခုထိကိုမထုတ်နိုင်သေးဘူး။ ကိုယ်ကိုယ်တိုင်ကတော့ သူဖန်ဆင်းတဲ့ ကမ္ဘာဆိုပြီး မျက်လုံးစုံမှိတ်ထားတဲ့လူကြီးဘေးမှာ သွားအိပ်လိုက်မိပြီ။
အရာရာငြိမ်းချမ်းနေပေမယ့်မငြိမ်းချမ်းသေးတာကတော့ ဒီမြို့ကလူတွေ ဒီကန်လေးကို ဘာ့ကြောင့်မလာတာလဲ။
ကိုယ်ဒီလိုဆက်တွေးနေအောင်များ ကိုယ့်ကိုကစားတဲ့သူက စေခိုင်းထားလေရော့သလား။
ဒီအတွေးမှာကိုယ်လည်း ပေါ့ပေါ့ပါးပါးပဲ ပြုံးမိလိုက်တယ်။ ပြည့်စုံတဲ့ အသိဥာဏ်ထည့်ပေးခံရလို့ကတော့ဘယ်လိုပဲကစားပါစေ။ ကိုယ်ဟာ ကိုယ့်စိတ်ချမ်းမြေ့မှုကို ကိုယ်ကိုယ်တိုင်ရှာရမယ်မဟုတ်လား။ ...
ကိုယ်ဟာ ဇာတ်လိုက်ပဲဖြစ်ဖြစ်၊ ဇာတ်ရံပဲဖြစ်ဖြစ်၊အကစားခံနေရတဲ့ လူရုပ်လေးပဲဖြစ်ဖြစ် ကိုယ့်အသက်ရှင်ချိန်တွေမှာ ကိုယ့်အသိဥာဏ်နဲ့အတူကိုယ့်စိတ်ချမ်းမြေ့မှုကို ရှာဖွေမယ်။ အဆစ်အနေနဲ့ သူတပါးရဲ့ စိတ်ချမ်းမြေ့မှုကိုပါ ရှာဖွေပေးနိုင်ရင်ဒါဟာ အကောင်းဆုံး ကစားသမားဆုရမယ်မဟုတ်လား။
ကိုယ်ဘယ်ဘဝမှာပဲ ဖြစ်ဖြစ် အကောင်းဆုံးကစားသမားဆုလေး ရချင်တယ်။ အရေးကြီးတာက ဇာတ်လိုက်ဇာတ်ရံထက်ကိုယ့်ကို ဆင်ခြင် ဆုံးဖြတ်တတ်တဲ့ ဥာဏ်လေး ပေးထားဖို့ပါပဲ။
ကိုယ် အကောင်းဆုံးကစားသမားဆု ရချင်တယ်။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်