Friday 5 April 2013

၅-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

ငှက်တစ်ကောင်နဲ့သစ်ပင်တစ်ပင်ရဲ့ စကားပြောခန်းမှာ
ငှက်ကလေးဟာ ကျင့်ဝတ်ကို အလေးထားသလောက်
သစ်ပင်က နှုတ်ဆက်ခြင်းကျင့်ဝတ်မှာ အမြဲလိုရှောင်ပုန်း
သူ လူမှုရေးမသိတတ်သူပဲ အဖြစ်ခံချင်တယ်
နှုတ်ဆက်ရတဲ့သူ မဖြစ်ချင်ခဲ့ဘူး



ငှက်ကလေးက မင်္ဂလာပါ ဆိုတဲ့စကားကို ယဉ်ကျေးပျူငှာစွာသုံးတတ်တယ်
သစ်ပင်က ငှက်ကလေးကိုငေးရင်းပြုံးပြဖို့လောက်သာ တတ်ခဲ့တယ်
ဟိတ် ဘာလုပ်နေလဲ ဆိုတဲ့စကားတစ်ခွန်းဟာသစ်ပင်ရဲ့ ရင်ထဲမှာမေးဖို့ရာပြင်ခဲ့
ပြင်ပကမ္ဘာကို ရောက်ရှိလာဖို့တော့ သစ်ပင်မစွမ်းသာခဲ့ဘူး
မေးခွန်းတစ်ခုမေးဖို့ပြင်တိုင်းမှာ သစ်ပင်ဟာ ငိုချင်မိခဲ့တာ

ငှက်ကလေးရေ
ကိုယ်ကတိတ်ဆိတ်နေပေမယ့် ရင်ထဲမှာဗလောင်ဆူအောင်ခုန်နေမိတ
တခါတခါ ကျော်မိတဲ့ နယ်စည်းလေးတွေမှာ
ကိုယ်ဟာ ရှက်ရွံ့
ဆက်မနှိပ်ဖြစ်တော့တဲ့ အစိမ်းရောင်ခလုတ်လေးအကြောင်း
ငှက်ကလေး သိစေချင်လိုက်တာ

ငှက်ကလေးရေ
ဟောဒီရင်မှာ ပြောချင်တဲ့စကားတွေဟာ ပြင်ပကမ္ဘာကိုထွက်မလာဘူး
မေးချင်တယ်
ပန်းတစ်ပွင့်အကြောင်း
•မြင်နေရတဲ့ ပန်းပွင့်ဟာ ကိုယ့်အတွက်ရည်ရွယ်တာလား
ဒါမှမဟုတ်
တခြားသောနေရာအတွက်လား
ပျော်ချင်လျှက်နဲ့ စိုးထိတ်နေခဲ့
စိုးထိတ်စွာနဲ့ပဲ မျှော်လင့်နေမိခဲ့
မျှော်လင့်ခြင်းမှာပါလာတဲ့ စိုးထိတ်မှုဟာ ခါးလွန်းတယ်
ကိုယ့်နှလုံးသား ကိုယ်သာယုံကြည်ပစ်လိုက်ရရင်တော့...
ငှက်ကလေးရေ
ဒီကမ္ဘာမှာ ကိုယ်အပျော်ဆုံးဖြစ်တော့မယ်
တိတိပပမသိရသေးတဲ့ ပန်းတစ်ပွင့်ရဲ့ ရည်ရွယ်ချက်မှာ...
ကိုယ် ပျော်ရမလား စိုးထိတ်ရမလား.........။
ဒွိဟအတွေးတွေနဲ့.........။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်