Friday 12 April 2013

အလွမ်းလွန်ဝေဒနာ

မတည်တဲ့ ကတိတွေအထပ်ထပ်ဟာ နှလုံးသားကိုစူးလာ
ငှက်ကလေး
ငါ မျှော်နေတုန်းပဲ။

 
မတွေးပါဘူး
မစဉ်းစားတော့ဘူး
မသက်ဆိုင်ပါဘူး
မချစ်သင့်တော့ဘူး


တားမြစ်ခြင်းများစွာထဲကပဲ
အလွမ်းတွေဟာ ရင်ကိုခွင်းပေါ့ မြားတစ်စင်းလို
ငှက်ကလေး--
အလွမ်းဟာခါးသက်သက်နိုင်တယ်။

 သူ
ကျွန်တော်
တတိတိပြိုသွားတဲ့ မာနတွေကို
သူအရည်ဖျော်ပစ်တယ်
လိုချင်တဲ့ ဥပက္ခာဟာ လမ်းပျောက်နေလို့ နောက်ကျမယ်တဲ့။


မလာပါနဲ့
မလာပါနဲ့
မလာပါနဲ့
အလွမ်းတွေက စကားနားမထောင်ကြဘူး
အရေးယူလို့ ရရင် အရေးယူပစ်ချင်တယ်
တစ်ဖတ်သတ် တမ်းတခြင်းစွဲချက်နဲ့
ဘယ်တော့မှ လွတ်ထွက်မသွားအောင် အကျဉ်းချပစ်မယ်။


အလွမ်းလွန် ဝေဒနာ
မငြိမ်တဲ့ အတွေးတွေဟာ
ငှက်ကလေးအနားမှာ ဝေ့သီသီ

ငှက်ကလေး
မင်းလေထုကို သတိထား
အခန့်မသင့်ရင်
ငါ့စိတ်ဝိညာဉ်ကိုပါ ရှုရှိုက်မိသွားနိုင်တယ်။
 

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်