Friday 19 April 2013

“၁၉-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”



ငှက်ကလေးတစ်ကောင်ကိုတွေ့မိပါသလား
တွေ့မိရင် လမ်းညွှန်ပေးပါ
သစ်ပင်လေးတစ်ပင် သူ့ကိုစောင့်နေတယ်...လို့
ဟုတ်တယ်
ကျွန်တော်က သစ်ပင်
ငှက်ကလေးကိုမှ ချစ်မိတဲ့သစ်ပင်
ငှက်ကလေးကိုမှ ချစ်မိတဲ့ သစ်ပင်တစ်ကောင်ပါ။



တိုးဖွဖွ ဆိုပြခဲ့သော သီချင်းများ
နှလုံးသားဖြင့်ကြားနာခဲ့
အချစ်ပင်လယ်ကို
သူခွင့်မပြုလည်း ခြေစုံပစ်ပြီးခုန်ဝင်ပစ်လိုက်တယ်
တစ်ဘက်သတ်အချစ်ဟာလည်း
ရိုးသားမှုနဲ့ဖြစ်တည်လာတဲ့ ချစ်ခြင်းပဲ မဟုတ်လား...။

အစ၀၉လေးနဲ့ ဂဏန်းလေး ၁၁လုံး
အစိမ်းရောင်ခလုတ်လေးမှာ စိတ်ရောက်နေရက်နဲ့
လက်တွေက
delete ကိုပဲ ပြုတ်ပြုတ်ကျ
ပို့ချင်တဲ့ ရင်ဝှက်သံမက်ဆေ့ဂ်ျတွေဟာ တဝုန်းဝုန်းနဲ့
daft မှာ တန့်နေခဲ့ရ
ငှက်ကလေး
တောင်ပံခတ်သံလေးကို လွမ်းတယ်။

ကလေးဆန်တဲ့ ငှက်ကလေးက
ကတ်သီးကတ်သတ်နိုင်တတ်သူ
သူ့ကို ငှက်ကလေးလို့ခေါ်မိခြင်းက
တကယ်တမ်းတွေးမိတော့ ပြုံးစရာအကောင်းသား
ဘယ်တော့မှ ပေါ့ပါးလွတ်လပ်ခြင်းမရှိတဲ့ ပုံစံနဲ့သူဟာ
အမြဲလိုလို တစ်ခုခုရဲ့ ထိးန်ချုပ်ခြင်းအောက်ရှိနေရသူလို
လေးလံလွန်းတယ်
ပေါ့ပါးလွတ်လပ်စေချင်စိတ်နဲ့ ငှက်ကလေးလို့ ခေါ်မိပါရဲ့

တဖြည်းဖြည်းနဲ့ငှက်ကလေးရဲ့ အကြောင်းကို သင်ရိုးတစ်ခုလိုလေ့လာမိတော့
ပိုချစ်မိရဲ့
တခါတရံ ကလေးဆန်တတ်တယ်
တခါတရံ လူကြီးဆန်တတ်တယ်
တခါတရံကျတော့ နှုတ်ခမ်းစူတတ်တယ် ငှက်ပုတ်လေးတစ်ယောက်လို
တခါတရံကျတော့ နူးနူးညံ့ညံ့လေးပြုံးတတ်တယ်
ဆယ်ကျော်သက် ငှက်ငယ်လေးတစ်ယောက်လို
တခါတရံကျတော့ ရွဲ့တဲ့တဲ့ရယ်တတ်တယ်
လောကကြီးကို အဆိုးမြင်သူတစ်ယောက်လို
တခါတရံတော့ အကောင်းမြင်ပေးတတ်သူဖြစ်နေပြန်ရော

ငှက်ကလေးရေ
ငှက်ကလေးရေ.....
ငှက်ကလေး ရေ..
တွေ့ချင်လိုက်တာ.........။

1 comment:

Thaw Zin Loikaw said...

သြော် သူ့အလွမ်းကလည်း ရင်နင့်စရာ ငှက်ကလေးရေ ပျံသန်းပြီး ဖြတ်မပြေးရင်တောင် မရည်ဝေကိုတော့ တွန်သံကလေးပေးလိုက်ပါ။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်