Friday 5 April 2013

ငှက်ကလေးဖတ်ဖို့

(၁)
ငှက်ကလေးက ငှက်ကလေးပါပဲလေ
သူက ပြုံးတတ်တဲ့ သူတစ်ယောက်
သူပြုံးရင် ခရေတွေ ကြွေတတ်တယ်
သူက ရယ်တတ်တဲ့ သူတစ်ယောက်
သူရယ်ရင် စံပယ်တွေ ဖွေးဖွေးလှုပ်တယ်
သူ့စကားပြောသံက ဥသြသံနဲ့ဆင်ပေမယ့်
ဥသြသံထက်ပိုချိုတယ်
ငှက်ကလေးရေ
ကျေးဇူးပြုပြီး ကိုယ့်ကို စကားမဆိုနဲ့
မင်းစကားသံမှာ ကိုယ်ဟာ ယစ်ယစ်မူးမူး


အချစ်ကို ရူးတတ်ခဲ့ပြီ
ငှက်ကလေးနေတဲ့နေရာက
သစ်ပင်နဲ့ အဝေးကြီးမှာ..ရှိတယ်
ဟိုးအဝေး...အဝေးကြီးမှာ
ကမ္ဘာမခြားပေမဲ့
စိတ်ချင်းဝေးကွာ
မဖြစ်နိုင်မှန်းသိပေမယ့်
ငှက်ကလေးရဲ့ စိတ်ကိုဖမ်းဖို့
ကိုယ်ဟာ
စိတ်ဖမ်းပိုက်ကွန်ရှာနေမိခဲ့တယ်
ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ........
စကားတစ်ခွန်းမှမဆိုဖြစ်ခဲ့ကြဘူး
ဆွံ့အတိတ်ဆိတ်
ငေးငေးလေးပဲ ကြည့်နေမိခဲ့
တကယ်ဆို
ကိုယ်တို့နှစ်ယောက်မှာ
ကိုယ်ဟာ ပြောဆိုခွင့်ပိတ်ပင်ခံရသူ
သစ်ပင်တစ်ပင်က
နှလုံးသားစကားပြောမယ်ဆိုရင်
ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခံ ဖြစ်သွားနိုင်တယ်
နေပါစေ..
တိတ်တိတ်ဆိတ်ဆိတ်...
ကိုယ် ဆွံ့အမှုနဲ့ နေသားကျနေပါပြီ

ငှက်ကလေးရေ
မြတ်နိုးခြင်းဆိုတဲ့ အဓိပ္ပါယ်လား
ငေးရီကြည့်နေမိတဲ့ ကိုယ့်မျက်ဝန်းထဲမှာ
မင်းဟာ
အလှပဆုံး ဖီးနစ်ငှက်တစ်ကောင်
အရာရာကို ရင်ဆိုင်ဝံ့တဲ့ သူရဲကောင်းတစ်ယောက်
ကမ္ဘာကို ကယ်တင်နိုင်စွမ်းရှိသူ
အပြစ်ဆိုတာကို ရှာမတွေ့မိဘူး
ကိုယ် ကြည့်လေကြည့်လေ
ပိုင်ဆိုင်ချင်စိတ်တွေသာ တိုးလို့လာခဲ့တယ်

ငှက်ကလေးရေ
ဒီနေ့ ငှက်ကလေးအတွက်ဘိုင်အိုဂရပ်ဖီမှာ
ကိုယ့်ချစ်ခြင်းတွေကိုပါ ကိုယ်ရည်သွေးမိသွားပါသလား
ခွင့်လွှတ်ကွယ်
အချိန်ရှိသရွေ့ပြောပြချင်နေမိတာ..

ချစ်တယ်... ငှက်ကလေးရေ ..လို့။

  (၂)

မနေ့က သစ်ပင်တစ်ပင် ပျောက်ဆုံးသွားခဲ့တယ်
သူ လမ်းလျှောက်သွားခဲ့သလား
ကောင်းကင်ကို ပျံတက်သွားခဲ့သလား
ဘယ်သူမှ မသိဘူး
သေချာတာက သစ်ပင်တစ်ပင် ပျောက်ဆုံးခဲ့တယ်
သစ်ပင်ရဲ့ ထူးခြားတဲ့အချက်က
ချစ်တတ်တဲ့နှလုံးသားတစ်ခုပါတယ်
အကိုင်းအခက်တွေဟာ လွမ်းရလွန်းလို့ ဆွေးသွားရတဲ့ အဝါရင့်ရောင်
အရပ်အမြင့်က ငါးပေ လေး
ကောင်းကင်မှာ တိမ်ညိုတွေ ဆိုင်းပြီဆိုရင်
သူငိုနေတာသေချာတယ်
သူ မနေ့က ဖုန်းပိတ်ထားတယ်
သူ မနေ့က ဧရိယာပြင်ပ ရောက်နေခဲ့တယ်
သူ မနေ့က ငှက်ကလေးကို တွေ့ချင်နေခဲ့တယ်
သစ်ပင်ဟာ နှလုံးသားရဲ့ ပေါက်ကွဲသံစဉ်ကို နားမခံသာလို့
မနေ့က ပြင်ပကမ္ဘာကို ဖေါက်ထွက်ဖို့ကြိုးစားတယ်
ဒါပေမယ့်လည်း
သူ ဒီကမ္ဘာမှာပဲ တဝဲလည်လည်
အချိန်တန်ရင် ငှက်ကလေးအကြောင်းဟာ နှလုံးသားကနေတဆင့်
အတွေးထဲ ဦးနှောက်ထဲ အသွေးအသားထဲ ရောက်ရှိလာတတ်ခဲ့တယ်
သစ်ပင် ရုန်းထွက်ဖို့ ကြိုးစားမှုကို ခဏရပ်တယ်
အလိုက်သင့် ပါသွားဖို့လည်း မကြိုးစားဘူး
ရောက်တဲ့နေရာမှာရပ်ရင်း
နှလုံးသားက ငှက်ကလေးဆီ လည်ပြန်ငေးကြည့်
သူ ကဗျာရေးထားတဲ့ ရွက်ဝါတွေကို လေထဲကို တစ်ရွက်ချင်းလွှင့်ရင်း…….
သူ ဒီနေ့လည်း ပျောက်ဆုံးဖို့ကြိုးစားမိဦးမယ်ထင်တယ်
ဒါမှမဟုတ်
သူ ဒီနေ့လည်း …….လွမ်းမိဦးမှာ သေချာပါတယ်..။
(၃)

 

ကိုယ် ပျောက်ဆုံးနေတယ်
ချစ်ခြင်းတရားနဲ့ပတ်သတ်ရင်
ကိုယ်ဟာ ဝလုံးကို ဝိုင်းအောင်မရေးတတ်သေးဘူး
ငှက်ကလေးပြုံးသမျှတိုင်းမှာ အပျော်တွေ ခူးမိတယ်
ငှက်ကလေးပြောတဲ့ စကားတွေမှာ ရင်ခုန်ခြင်းတွေ ဖူးပွင့်တယ်
ငှက်ကလေးရယ်လိုက်သမျှအသံတိုင်းမှာ မျှော်လင့်ခြင်းတွေ တိုးမိပေါ့
ငှက်ကလေးရေ ကိုယ် ပျောက်ဆုံးနေတယ်
မင်းနဲ့ပတ်သတ်သမျှတိုင်းမှာ
ကိုယ့်အရိပ်တွေ ပျောက်ဆုံးလို့
ဘယ်မှာလဲ ပေကတ်ကတ်ဂျစ်ကန်ကန်လူငယ်တစ်ယောက်ရဲ့ပုံရိပ်
မင်းနဲ့တွေ့တိုင်းမှာ
ကိုယ့်မျက်ဝန်းတွေဟာ နူးညံ့ချိုရီ
နားလည်ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်လို
အလိုလို ဟန်ဆောင်မိခဲ့
မဟုတ်ဘူး
ဟန်ဆောင်တာမဟုတ်ဘူး
အလိုလို ပြောင်းလဲသွားခဲ့တာ
မင်းပြောသမျှစကားသံတိုင်းမှာကိုယ်ဟာ
တန်ပြန်ပြောဆိုလိုမှုကင်းမဲ့
နားထောင်ကောင်းတဲ့ အသံရဲ့ ဖြားယောင်းမှုအောက်
အလိုအလျောက်လိုက်ပါသွားခဲ့
ငှက်ကလေးရေ
မင်းအသံတွေမှာ ပါလာတတ်တဲ့ အနာတရတွေ ကို
တခုတ်တရ လိုက်ရှာတတ်သူဟာ ကိုယ်ပေါ့
ငှက်ကလေးရေ
မြတ်နိုးမှုတိုင်းမှာ ရမ္မက်မပါဘူး
ချစ်မေတ္တာတိုင်းမှာ ရမ္မက်မပါဘူး
အရူးအမူးနဲ့ အဖြူစင်ဆုံးချစ်တယ် ယုံ
ငှက်ကလေးရဲ့ ကောင်းကင်လမ်းတိုင်းမှာ
အခွင့်သာရှိရင်
ခလုတ်မထိဆူးမငြိအောင်
ကိုယ့်ရင်ခွင်တစ်ခုလုံးခင်းပေးထားချင်ခဲ့တာ
ငှက်ကလေးရေ
တမ်းတမှုကဗျာတွေဟာ နေရာအနှံ့မှာ ဝေ့ဝဲ
ရွက်ကြွေလေးတွေ တွေ့ရင် တစ်ချက်လောက်တော့ စောင်းငဲ့ကြည့်ဖို့ မမေ့နဲ့ဦး
မင်းအတွက် ရေးစပ်ထားတဲ့ ကဗျာလေးတွေဟာ မင်းမမြင်ရတဲ့အခါ
သူတို့ ထိုင်ငိုနေကြမှာ...။



ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်