Friday 26 April 2013

သစ်ပင်နားမလည်တဲ့ ကမ္ဘာ


သစ်ပင်နားမလည်တဲ့ ကမ္ဘာ




ကျုပ်အသက်က ရှစ်နှစ်ရှိပြီဗျ။ ပင်မြင့်မျိုးဆိုတော့လည်း အရပ်ကြီးက ထွားတာပေါ့ဗျာ။ တော်တော်များများကတော့ ကျုပ်ကို ခေါ်ကြလေရဲ့။ ဘာတဲ့……။ ခရေပင်ကြီးတဲ့လေ။ 

ကျုပ်တို့ သစ်ပင်ဆိုတာကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတာကြီးကိုရှု၊ ပြီးရင် ကမ္ဘာကြီးအတွက် အောက်ဆီဂျင်ထုတ်ပေး ဆိုတဲ့ ဘဝပေးတာဝန်ရှိတော့လည်း နေ့စဉ်နေ့တိုင်း ရှုလိုက်ထုတ်လိုက်ဆိုတဲ့ တာဝန်နဲ့ လုံးချာလည်လိုက်နေတာပါပဲ။ ဒီလိုပဲ တာဝန်နဲ့အသားကျလာတော့ ကျုပ်လည်း မျက်လုံးကစားတတ်လာသဗျ။ အဲ့ဒီအကျိုးကျေးဇူးကတော့ ဘယ်နေရာမှာတော့ ဘယ်သူတွေရှိပြီး ဘယ်နေရာမှာတော့ ဘယ်သူတွေဘဘာလုပ်နေတယ် ဆိုတာမျိုး သိလာတာပေါ့ဗျာ။


 လူတွေဗျာ လူတွေ။ တကယ်ထူးဆန်းချက်။ ဘာမဟုတ်ညာမဟုတ် ငွေနှစ်သိန်းခွဲအတွက် သူငယ်ချင်းအရင်းခေါက်ခေါက်ကိုတောင် ဓါးပြတိုက်သတဲ့ဗျာ။ ကျုပ်မှာ ခံစားတတ်တဲ့ နှလုံးသားရှိလို့တော့မဟုတ်ပါဘူး။ တကယ်မတွေးတတ်လို့ပါ။ သူငယ်ချင်းဆိုတဲ့ခင်မင်မှုက ငွေ နှစ်သိန်းခွဲလောက်တောင် တန်ဖိုးမရှိဘူးလားဗျာ။ ကြာတော့ကြာပါပြီလေ။ လွန်ခဲ့တဲ့ နှစ်လလောက်က ကျုပ်အရိပ်အောက်မှာပဲဖြစ်သွားတာလေ။ နေကလည်းပူ၊ လူတွေကလည်း အိမ်ထဲမှာချည်းရှိပြီး အပြင်မကြည့်ကြတော့ လူပြတ်သလိုဖြစ်သွားတာပေါ့ဗျာ။ အလုခံလိုက်ရတဲ့လူမှာသနားစရာ။ တဘက်လူကိုပြောနေတာကြည့်ပါဦး။
“အောင်သာ ငါ မင်းသူငယ်ချင်းအရင်းခေါက်ခေါက်ပါကွာ”.တဲ့။ နောက်ဆုံးတော့လည်း ဗိုက်မှာ ဓါးဒဏ်ရာနဲ့ ဆေးရုံတက်ရတာပါပဲ။ လုတဲ့သူကတော့ ဓါးနဲ့ထိုးပြီးပြေးသွားပါပကော။ မိတော့မိမယ်ထင်ပါတယ်လေ။ သြော်… ကမ္ဘာမီးလောင်သားကောင်ချနင်းဆို ဒါမျိုးခေါ်တယ်ထင်ပါရဲ့။


ကြည့်ပါဦး။ ကျုပ်အရိပ်အောက်က ကလေးတွေကတော့ ကျုပ်ခြွေချပေးတဲ့ ခရေပွင့်တွေကို ပျော်တပြုံးပြုံးနဲ့ ကောက်နေလိုက်ကြတာ။ သူတို့အသက်ကြီးလာရင်ကော သူငယ်ချင်းတွေအဖြစ်က ပြတ်စဲကြဦးမှာလား။ ကျုပ် ရင်လေးလှချည်ရဲ့။ အံမယ်… ကျုပ်လို အသည်းနှလုံးမရှိတဲ့ သစ်ပင်က သက်ပြင်းတွေသက်မတွေတောင် ချမိသွားသေး။ ကိုယ့်အတွေးနဲ့ကိုယ် ယောင်ယောင်လေး ပြုံးမိသွားလေရဲ့။

 အင်း….ကျုပ်ကြည့်နေတာကြာပြီ။ ဒီကလေးလင်မယား စရောက်တဲ့နေ့တည်းကပေါ့လေ။ ကျုပ်အနောက်ဘက်မှာ ပျဉ်ထောင်အိမ်လေးဆောက်ထားသဗျ။ ကျုပ်တို့ပိုင်ရှင်ကတော့ လာမနေဘူး။ ဒီကလေးလင်မယားကို ခြောက်လပြတ်ငှားလိုက်တာဆိုပဲ။ အမ်း..ရှင်းရဦးမယ်။ ဘာလို့ကလေးလင်မယားခေါ်တုန်းဆို ဒီလိုဗျ။ ကောင်မလေးက ဒုတိယနှစ် တက်နေတာဗျ။ ပြီးသူက ဆယ်တန်းတွေကို စာသင်ပေးတဲ့ ဂိုတ်လုပ်တယ်ဗျ။ စိတ်ဓါတ်လေးတွေက မနူးမနပ်နဲ့ဆိုတော့လည်း ဆယ်တန်းကျောင်းသားနဲ့ စာသင်ပေးတဲ့ဆရာမနဲ့ ခိုးရာလိုက်ပြေးတဲ့အဆင့်ထိဖြစ်ပါလေရောဗျာ။ ကောင်လေးမိဘကလည်းသဘောတူသတဲ့ဗျ။
ကျုပ်က သစ်ပင်ဆိုတော့ ဒါတွေဘယ်စုံစမ်းနိုင်မလဲဗျာ။ ကျုပ်အိမ်ရှင်တွေ အိမ်လာစစ်ရင်ဒဒပြောသံကြားတာ ပြန်ပြောပြတာပါ။ ဒီကလေးလင်မယား ရောက်စကတော့ ပျော်တပြုံးပြုံးဗျ။ ဒီရက်ပိုင်းမှာအချိုးဖေါက်လာကြပြီ။ ကောင်မလေးမရှိတုန်း ကောင်လေးအဖေက ခဏခဏလာသဗျ။ ဟော…ဒီနေ့တော့ ကောင်လေးပါ သူ့အဖေနဲ့ လိုက်သွားပါ့လား။ ကောင်မလေးတော့ ပြန်လာရင် စိတ်ပူတော့မှာပဲ လို့တွေးရင်း ကျုပ်စိတ်မောသွားတယ်။ စိတ်မောတယ်ဆိုလို့ မရယ်နဲ့နော်။ သစ်ပင်လည်း ဒီလောကမှာနေတာကြာလာတော့ စိတ်မောတတ်လာပါတယ်ဗျ။
ကောင်မလေးလည်း တစ်နေ့တနေ့ငိုနေလိုက်တာ။ ဒီနေ့တော့ ဒီအိမ်လေးကနေထွက်သွားတော့မယ်ထင်တယ်။ ဟော အိမ်သော့လေးကို မခွဲနိုင်မခွါရက်ပုံစံနဲ့ ကျုပ်အိမ်ရှင်ကိုပေးနေပုံကြည့်ရတာ ကျုပ်ဖြင့် စိတ်တောင်မကောင်းဘူး။
  
“မကြီး ဒါဘာရေးထားတာလဲဟင်”

 ဟော အိမ်ငှားကောင်မလေးထွက်သွားတော့ အိမ်ပိုင်ရှင်ရဲ့ ညီမလေးက ဝင်စပ်စုနေလိုက်တာ။ ဘာကိုမေးတာပါလိမ့်လို့ ကျုပ်တောင်တွေးမိသေးတယ်။
“ဦးသမီး ယောင်္ကျား ပြန်ပေးပါ…. အွန် ဘာကိုပြောတာလဲ …..အဲ……….. ဒီလိုဖြစ်မယ်ထင်တယ် ..ဦး သမီးယောင်္ကျား ပြန်ပေးပါ”
ညီအစ်မနှစ်ယောက် ရယ်သံတွေ ဝေစည်သွားတာပဲ။ ဟော တိတ်သွားပြန်ပြီ။
 “ကျောင်းသားတွေကို စာသင်နေတဲ့သူက ဒီလိုစကားအဖြတ်အတောက်တောင် မရေးတတ်ဘူးလားဗျာ…. သူသင်ပေးတဲ့ ကျောင်းသားတွေအတွက် ရင်လေးလိုက်တာ”

“ဟုတ်တယ် ငယ်လေး.. သူလို စာသင်တဲ့သူတွေ များများလာရင် ကြာလာရင် မြန်မာစာဆိုတာ ဂျိုနဲ့လားလို့ မေးကြရမှာ”


ကျုပ်အိမ်ရှင်က ပြောပြီးတာနဲ့ သက်ပြင်းချပြီး စိတ်မကောင်းတဲ့ ပုံစံဖြစ်နေလိုက်တာ။ ဟော ညီမလုပ်တဲ့သူလည်း တိတ်ဆိတ်သွားလိုက်တာ။


“အစ်မသမီးတွေကိုတော့ ငယ်လေးကိုယ်တိုင်ပဲ မြန်မာစာသင်ပေးတော့မယ် သတ်ပုံကျမ်းနဲ့ စစ်စစ်ပြီးလေ များလာမယ့် လူငယ်တွေထဲ သူတို့မပါအောင်လို့”


ကျုပ်အရိပ်အောက်က စက်ဘီးနှစ်စီးကိုတွန်းရင်း အသံနွမ်းနွမ်းလေးနဲ့ ပြောသွားလိုက်ကြတာ။ ကျုပ်တော့ နားမလည်ပေါင်။ သူတို့ ဘာကိုစိတ်မကောင်းဖြစ်သွားကြတာလဲ။ ခင်ဗျားကောနားလည်လား ကိုအိမ်ကြီး။ အင်း ခင်ဗျားကိုပြောလည်း ခင်ဗျား နားလည်မှာမဟုတ်ပါဘူးလေ။ ကျုပ်ပြောနေတဲ့စကားသံကို ခင်ဗျားကြားပါ့မလား။ ကြားတော့ကော နားလည်ပါ့မလား။ ကျုပ်လည်းမသေချာဘူး။ အင်း..အိပ်ချိန်တောင် ရောက်လာပြီ။ အိပ်တော့မယ်ဗျို့။ ကိုအိမ်ကြီးရေ နောက်အိမ်ငှားမလာခင်ထိတော့ ခင်ဗျားတော့ တော်တော်ပျင်းနေမှာပဲ။ စောင့်လိုက်ပေါ့ဗျာ။ ကျုပ်တော့ အိပ်တော့မယ်။
နောက်နေ့မှ ကျုပ်နဲ့ကျုပ်သိတဲ့ တချို့လူတွေအကြောင်းပြောပြတော့မယ်။ လူတွေလိုပဲ နှုတ်ဆက်လိုက်မယ်။ ဂွတ်နိုတ်ဗျာ။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ရည်ဝေ(ရနံ့သာသူ)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်