Saturday 27 April 2013

၂၇-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ




(၁)

ငှက်ကလေး
စကားတွေရှားပါးကုန်ပြီနော်
သံယောဇဉ်အငွေ့အသက်မပါတောင်
သာမန်သူငယ်ချင်းအချင်းချင်းအနေနဲ့
စကားပြောခွင့်ရချင်တယ်
ငှက်ကလေး
မင်းစိတ်တွေရှုပ်နေတယ်နော်

ကိုယ်ရှင်းပေးချင်လိုက်တာ
မင်းစိတ်ကိုရှုပ်အောင်လုပ်တဲ့သူဆီ သွားတောင်းပန်ချင်တယ်
ကျွန်တော့်ငှက်ကလေးကို နားလည်ပေးပါဗျာလို့
ခုတော့..
ငေးကြည့်နေရတာ ရင်နာတယ်
ငှက်ကလေး
ဒီနေ့ကော မင်းစိတ်တွေ ပျော်နေရဲ့လား
ငါသိချင်တယ်
ဂဏန်းလေး၁၁လုံးဟာအစိမ်းရောင်လေးမှာအဆုံးသတ်
မခေါ်ရဲဘူး မခေါ်ဝံ့ဘူး
ငါ့ကြောင့် မင်းစိတ်ရှုပ်သွားမှာစိုးတယ်
ှငှက်ကလေး
စိတ်ချမ်းမြေ့နေပါစေ
ဒီဆုတောင်းတစ်ခုပဲ
မနက်ခင်းတိုင်းဆုတောင်းနေမိ
ငါ့ဆုတောင်းးတွေ ငှက်ကလေးရပါစေ ကွယ်

(၂)
မသိဘူး
မသိတော့ဘူး
ငှက်ကလေးဟာ ဘာလဲမသိတော့ဘူး
အချစ်ဟာဘာလဲ မသိတော့ဘူး
မသိတော့ဘူး
ဘာကိုမှမသိချင်တော့ဘူး
ကျွန်တော့်အိပ်မက်မှာ
ငှက်ကလေးနဲ့ ကျွန်တော် လမ်းအတူလျှောက်မယ်
ကျွန်တော့်အိပ်မက်မှာ
ငှက်ကလေးနဲ့ ကျွန်တော် စကားတွေအတူဆိုမယ်
ကျွန်တော့်အိပ်မက်မှာ
ငှက်ကလေးနဲ့ ကျွန်တော် နားလည်မှုတွေဖလှယ်ကြမယ်
အချစ်က ငှက်ကလေးလား
ငှက်ကလေးက အချစ်လား
ဘာပဲဖြစ်ဖြစ် အိပ်မက်ကမ္ဘာမှာ ကျွန်တော်ပျော်နေတယ်
မသိချင်ဘူး
အပြင်ကမ္ဘာကငှက်ကလေးအကြောင်း
ကျေးဇူးပြု၍ တိတ်ဆိတ်ပေးပါ
အိပ်မက်ကမ္ဘာမှာငှက်ကလေးက
ကျွန်တော့်ကို အရမ်းချစ်တာ
ကျွန်တော့်မျက်နှာတစ်ချက်ညှိုးတာနဲ့
ငှက်ကလေးငိုတယ်
အိပ်မက်ကမ္ဘာမှာလေ
ငှက်ကလေးက ကျွန်တော့်ကို အရမ်းတွယ်တာတာ
သူနဲ့ကျွန်တော့်ကြားအကွာအဝေးဟာ
တစ်လက်မကျော်ရင် သူမပြုံးတော့ဘူး
ငှက်ကလေး အိပ်မက်ကမ္ဘာမှာ ကျွန်တော်ပျော်နေတယ်
သံယောဇဉ်ရှိရင်လိုက်ခဲ့ပါ
အိပ်မက်ကမ္ဘာ...ကို
မသိဘူး မသိတော့ဘူး
ဖြစ်ချင်နေတာတစ်ခုထဲ
အိပ်မက်ကမ္ဘာကို ငှက်ကလေးလိုက်မယ်ဆို
ကျွန်တော့်ဆီက လက်မှတ်လာယူပါ
လက်မှတ်လေးတစ်စောင်ကိုင်ရင်းစောင့်နေတဲ့ သစ်ပင်ရူးလေးကို
မျှော်လင့်ချက်တွေချည်း ပစ်မပေးပါနဲ့
ကိုယ်တိုင် လက်မှတ်လာဖြတ်လှည့်ပါ

မသိဘူး မသိတော့ဘူး မသိချင်တော့ဘူး
မျှော်လင့်နေတာတစ်ခုထဲ
လက်မှတ်လာဖြတ်မယ့် ငှက်ကလေးရဲ့ ခြေသံ။

(၃)

တောက်
လွင့်ချင်တိုင်းသာလွှင့်လို့ကတော့
ငါ့ဝိညာဏ်ဟာ ငါ့ခန္ဓာမှာမမြဲတော့ဘူး ငှက်ကလေးရဲ့
မင်းအနားပဲ ဝေ့သီနေမှာ
သတိရမိတဲ့ အပြုံးတွန့်တွန့်လေးတွေ
သတိရမိတဲ့ ခပ်မဲ့မဲ့မျက်လုံးလေးတွေ
သတိရမိတဲ့ စကားသံလေးတွေနဲ့
အတိတ်ကနေကို ရုန်းမထွက်နိုင်ဘူး
ကြာလာရင် ရူးမယ်
သစ်ပင်တစ်ကောင်တော့ ကြာလာရင်ရူးတော့မယ်ထင်ရဲ့
ငှက်ကလေး
လေးဖြူရဲ့ ဘာမှအရေးမကြီးဘူး သီချင်းကို အော်နေမိတဲ့ငါက
မင်းကငါ့အတွက် အရေးကြီးတယ်လို့ ပြောနေတာဖြစ်ကြောင်း
မင်းသိမှာပါ....။

(၄)

လွမ်းတယ်ဟ ငှက်ကလေးရ
မင်းမှာချစ်သူရှိလည်း ငါလွမ်းတယ်
မင်းမှာတွယ်တာရမယ့်သူရှိလည်း ငါလွမ်းတယ်
တစ်ခုပဲ
တစ်ခုပါပဲ
မင်းမှာပိုင်သူရှိတဲ့နေ့မှာ ငါမလွမ်းဘူးလို့ ကတိပေးပါတယ်
ငါက ဗမာလူမျိုးမဟုတ်လား
လိုက်နာရမယ့်ကျင့်ဝတ်တွေ သိပါတယ် ငှက်ကလေးရဲ့
ငှက်ကလေးရေ
တနေ့တမျိုးတိုးလာတဲ့ အလွမ်းတွေကို မထိန်းချုပ်ချင်တော့ဘူး
လွမ်းတယ်
ဆံစလေးကိုလွမ်းတယ်
အပြုံးလေးကိုလွမ်းတယ်
လက်သည်းလေးကိုလွမ်းတယ်
အသံရှတတလေးကိုလွမ်းတယ်
အဖြူဆန်ဆန်ပြုံးတတ်တာလေးကိုလွမ်းတယ်
တစ်နေ့တာရဲ့ ကုန်ဆုံးချိန်မရောက်သေးပေမယ့်
တစ်နေ့တာကို ရေးရင်းလွမ်းနေမိတယ်
ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ......
လွမ်းလိုက်တာ...။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်