Friday 26 April 2013

ချစ်ဆုံး ဘယ်လိုဖြေရမယ်


ချစ်ဆုံး ဘယ်လိုဖြေရမယ်

ကျွန်မက ကိုကို့ရဲ့ အချစ်ရူးမလေးလေ။ လေရူးနွေရူးနဲ့အတူ တွေ့ခဲ့တာမဟုတ်ပဲ မိုးစက်တွေနဲ့ အတူတွေ့ခဲ့တဲ့ ကိုကို့ကို အချစ်ကြီးချစ်မိတဲ့ အချစ်ရူးမလေး။ ကိုကိုလည်း သိမယ်ထင်တယ်။ ဟုတ်တယ်။ သိခဲ့မှာပါ။
ကိုကို့ကိုတွေ့စက ကိုကိုဟာ ကျွန်မအတွက် ကြောင်လေးတစ်ကောင်လို ဆံပင်စုတ်ဖွားလေးနဲ့ ချစ်ဖို့ကောင်းနေခဲ့တယ်။ အဲ့ဒီနေ့က ရွာခဲ့တဲ့  မိုးဟာ ကိုကိုနဲ့ ကျွန်မအတွက် ရေစက်ဖန်ဆင်းပေးခဲ့တယ်လို့ ပြောရင်လည်း မမှားဘူး။ ဘက်စ်ကားမှတ်တိုင်မှာ မိုးခိုခဲ့တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ စကားလက်ဆုံကျခဲ့မိတဲ့အခါ အံ့သြတကြီးနဲ့ပဲ ဟက်ဟက်ပက်ပက်ကို ရယ်မောမိခဲ့ကြတယ်။ ကိုကိုက ကျွန်မတို့တိုက်ခန်းရှေ့က တိုက်မှာပဲ နေတာဖြစ်ခဲ့ပြီး ကျွန်မကော ကိုကိုပါ တစ်ယောက်ကိုတစ်ယောက် မသိခဲ့ကြဘူးတဲ့။

မျက်နှာချင်းဆိုင် စက်ရုံနှစ်ခုမှာ ကိုကိုနဲ့ကျွန်မက အလုပ်လုပ်နေခဲ့ကြတယ်ဆိုတဲ့ အဖြစ်ကိုလည်း နောက်တစ်နေ့ ကားပေါ်မှာ စကားစပ်မိမှ သိခဲ့ကြရတာလေ။ အဲဒီနေ့ကစလို့ ကိုကိုနဲ့ ကျွန်မဟာ အလုပ်သွားအလုပ်ပြန်တွေမှာ အချိန်တွေ ညီအောင် ညှိယူဖြစ်ခဲ့ကြတယ်။ ကျွန်မက ကိုကို အလုပ်ဆင်းချိန်မှာ အတူဆင်းဖြစ်အောင် ကြိုးစားသလို ကိုကို ကလည်း ကျွန်မအလုပ်သွားတဲ့အချိန်မှာ အတူလိုက်ပြီး အလုပ်သွားဖို့ ကြိုးစားခဲ့တယ်။ ကိုကိုနဲ့ ကျွန်မအတွက်တွေ့ဆုံချိန်ဆိုလို့ အလုပ်သွားချိန်နဲ့ အလုပ်ပြန်ချိန်ပဲ ရှိခဲ့တယ်။ အဲဒီအချိန်အတွင်းမှာပဲ တစ်ယောက်နဲ့တစ်ယောက် ဖေးမရင်း သံယောဇဉ်တွေ ပိုတိုးလာတယ် ဆိုတာကိုတော့ ကိုကိုကော ကျွန်မကော သတိထားမိလာတဲ့ အချက်ပါပဲ။
ကိုကိုတို့စက်ရုံက ကိုကို့ကို ဂျာကြီးဂျာကြီးလို့ ခေါ်ကြတာကို နားစွန်နားဖျား ကြားမိတဲ့ အခါတိုင်း ကျွန်မပြုံးမိတယ်။ အထွေထွေ မန်နေဂျာမို့ ဂျာကြီးလို့ ခေါ်တယ်ဆိုပေမယ့်လည်း ကျွန်မကတော့ ဂျာကြီးဆိုတဲ့အသံကြားတိုင်း ဂျာအေးသူ့မေရိုက်ဆိုတဲ့ ကဗျာလေးကို ပြန်ကြားယောင်မိတတ်လို့လေ။
“နွယ်တို့ စက်ရုံက မဆိုးပါဘူး လစာများတယ်” လို့ ကိုကိုက ပြောတတ်တယ်။ ဟုတ်တယ်နော်။ တကယ်ဆို သာမန်အထည်ချုပ်သမလေးတစ်ယောက်ရဲ့လစာဟာ ၆၀၀၀၀ လောက်ပဲရှိတာ။ ကျွန်မတို့စက်ရုံကတော့ ၈၀၀၀၀ ထိပေးထားတာဆိုတော့ လစာများတာပေါု့။ ဒါပေမယ့် ကိုကို့လို ဂျာကြီးလစာလောက်တော့ ဘယ်များမလဲ။
ကိုကို့စကားသံအက်အက်ဟာ ကြားဖူးသမျှစကားသံတွေထက် နားထောင်ကောင်းခဲ့တဲ့အခါ ကိုကိုနဲ့စကားပြောမိတိုင်း ပြန်စကားမဆိုမိတော့ဘူး။ ကိုကို့စကားသံကိုပဲ နားထောင်ချင်ခဲ့မိတယ်။
“နွယ် က တော်တော် စကားနည်းတာပဲနော်” လို့ ကိုကို ပြောတတ်တဲ့စကားလေးမှာ ကျွန်မ ကြိတ်ပြုံးမိတာပေါ့။ နွယ်နွယ်ဦးဆိုတဲ့ ကျွန်မကလေ သူငယ်ချင်းတွေကြားထဲမှာဆို သောကြာသမီးလို့ကို အမည်တွင်တာလေ။ စကားများလွန်းလို့ပေါ့။
(-)
ကိုကို က ကျွန်မကို ချစ်တယ်တဲ့လေ။ ကျွန်မ ရင်တွေ တဒိတ်ဒိတ်နဲ့ ခုန်လိုက်တာ။ ကျွန်မအသက် ၂၃နှစ်ဆိုတာ ကျိန်ပြောရမယ့်အတိုင်းပဲ။ ဟုတ်တယ်။ ချစ်တယ် ဆိုတဲ့ စကားကို အထပ်ထပ်ရင်ခုန်နေမိလိုက်တာ။ ကိုကို့ ညီမလေး ပြောတဲ့စကားကို တကယ်ကို ယုံကြည်မိခဲ့တာ။ ကိုကို့ညီမလေးနဲ့ ကျွန်မက စာအုပ်ဆိုင်မှာ စာအုပ်ငှားရင်း သိခဲ့ကြတာပေါ့။
“ငါ့အစ်ကို အရူးထပုံများ နွယ်ဆိုတဲ့ စာလုံးကို ဗလာစာအုပ်တစ်အုပ်ပြည့်အောင် ရေးထားလိုက်တာ” တဲ့လေ။
“ဝေ့အစ်ကိုက သူ့ကောင်မလေးကို အရမ်းချစ်လို့ နေမှာပေါ့ နားလည်ပေးလိုက်ပါဟယ်” လို့ ကျွန်မကပြောတော့ ကိုကို့ညီမ မိဝေက ပြန်ပြောတယ်။
“ဖိုးချစ်ဦး ဆိုတဲ့ ငါ့အစ်ကိုကလေ နာမည်ကသာ ချစ်ဦး လူကတော့ ချစ်သူ တစ်ခါမှမထားဖူးသေးတာ သေချာတယ် ချစ်တဲ့သူရှိတောင် ဖွင့်ပြောရဲတဲ့ လူစားမဟုတ်ဘူး သူ့အလုပ်မှာသာ မန်နေဂျာဆိုတဲ့ ရာထူးကြောင့် လူစွာလုပ်နေတာ” တဲ့။
ကိုကို ကျွန်မ အသည်းတွေ တဆတ်ဆတ်တုန်သွားတယ် သိလား။ ဖိုးချစ်ဦးဆိုတာ ကိုကို့ နာမည်မဟုတ်လား။ သေချာမေးကြည့်တော့မှ ဝေ့အစ်ကိုဆိုတာ ကိုကိုဖြစ်မှန်းသိရတယ်။ ကျွန်မ ပျော်မိသွားတယ်ဆိုရင် မရယ်နဲ့ ကိုကို။ တကယ်ပျော်မိသွားခဲ့တာပါ။ ကိုကို ဆိုတဲ့ နာမည်လေးကို စိတ်ထဲကနေခေါ်ခဲ့မိတာ အဲဒီနေ့ကတည်းကပေါ့။ ကိုချစ်ဦးဆိုတဲ့ နာမည်အစား ကိုကိုလို့ ခေါ်ရတာ ရင်ထဲမှနွေးသွားတာပဲ။
တကယ်လည်းချစ်ခဲ့တယ်မဟုတ်လား ကိုကို။
အမြဲလိုလို သံယောဇဉ်နဲ့ကြည့်တတ်တဲ့ မျက်ဝန်းတွေ၊ လမ်းမှားမှာစိုးလို့ ထောက်ပြခဲ့တဲ့အကြောင်းအရာတွေ။ နွယ်နွယ်ဦး ဆိုတဲ့ မိန်းကလေးဟာ အလုပ်မှာသာ စွာတေးလန်ပေမယ့် ကိုကို့ရှေ့မှာတော့ ယုန်ငယ်လေးပါ ကိုကို။ ခြင်္သေ့အန္တရာယ်ကို ကြောက်နေတဲ့ သမင်ငယ်လေးလို ကိုကို့ရှေ့မှာ ကျွန်မဟာ ဖြူစင်နူးညံ့နေခဲ့တယ်။
တကယ်လို့များ ဒါကိုသိခဲ့ရင် ကျွန်မ ဟန်ဆောင်ကောင်းတယ် ဆိုတဲ့ စကားတော့ မပြောလိုက်ပါနဲ့ကိုကို။ ဟန်ဆောင်ဖို့မပြောနဲ့။ ကိုကို့ရှေ့ရောက်တာနဲ့ ကျွန်မရဲ့ ပုံသဏ္ဍာန်တွေပြောင်းလဲသွားတယ်ဆိုတာကို ကျွန်မကိုယ်တိုင်တောင် သေချာပြန်တွေးကြည့်မှ သိခဲ့ရတာပါ။
မနေ့ညက ဝေ့စကားတွေကို ဒီမနက်ထိ ကြားယောင်နေမိတဲ့ကျွန်မ ကိုကို့မျက်နှာကို ကြည့်ဖို့ မဝံ့ရဲခဲ့ဘူး။တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးခုန်သံတွေဟာ ရင်အပြင်ကို ဖေါက်ထွက်လာတော့မလားလို့ တွေးကြောက်ရသည်ထိကို ကျွန်မ စိတ်လှုပ်ရှားခဲ့ရတယ်။
(-)
            “နွယ် သင်္ကြန်တွင်း လျှောက်လည်မှာလား”
ကဲကြည့်။ တူတူလျှောက်လည်ရအောင် ဆိုတဲ့ စကားကို မမေးဘူး။ လျှောက်လည်မှာလား ဆိုတဲ့ မေးခွန်းကို မေးတယ်။ ကိုကိုက အဲ့ဒီလိုကို အတာပါဆို။ ဝေကလည်း ပြောပါတယ်။ ကိုကိုတစ်ယောက် သင်္ကြန်တွင်းလျှောက်လည်ဖို့ ပိုက်ဆံစုနေတယ် တဲ့။ ငါလည်း လိုက်ချင်လိုက်တာ နွယ်ရယ် လို့ တောင် ညည်းပြလိုက်သေးတယ်။
“ကိုချစ်ဦးကော လည်မှာလား နွယ်ကတော့ သေချာမစဉ်းစားရသေးဘူး အိမ်တွင်းအောင်းဖြစ်ဖို့ပဲ များပါတယ် သင်္ကြန်တွင်းလျှောက်လည်ဖို့ ချိန်းရအောင်က သူငယ်ချင်းတွေကလည်း အိမ်ထောင်ကိုယ်စီနဲ့ဆိုတော့ မလွယ်ဘူးလေ”
ကိုကို့အတွက် လမ်းလေးတစ်ခုပေးလိုက်တာမှန်းကိုကို သိရဲ့လား။ အိမ်တွင်းအောင်းမယ်ဆိုတဲ့ ကျွန်မကို လျှောက်လည်ဖို့ ကိုကို ခေါ်ချင်ခေါ်နိုင်အောင်လို့ အားတယ် ဆိုတဲ့ သဲလွန်စလေးပေးလိုက်မိတာလေ။ ကိုကိုလူအကြီးကတော့ သိလိမ့်မယ် မထင်ပါဘူး။ ဟိုကြည့်ဒီကြည့်နဲ့ ငေးနေတာပဲရှိတယ်။ သက်ပြင်းက ချလိုက်သေးတယ်။
“ကျွန်တော်က သင်္ကြန်တွင်း လျှောက်လည်ဖြစ်မယ် ဒါပေမယ့် သူငယ်ချင်းတွေက အသောက်သမားတွေဆိုတော့ နွယ့်ကို မခေါ်တော့ပါဘူး ”
ခေါင်းသာညိတ်ပြလိုက်ရပေမယ့် ကျွန်မရဲ့စိတ်ထဲ မတင်မကျဖြစ်သွားတယ်။ လိုက်လည်ပါလား ဆိုတဲ့ စကားလေးတောင် မပြောတဲ့ ကိုကို့ကို ကျွန်မ ဘယ်လိုနားလည်ရမလဲ။ အတွေးတွေ နှိပ်စက်တာနဲ့ပဲ အဲဒီညက ကျွန်မ အိပ်မပျော်ခဲ့ပြန်ဘူး ကိုကို။
နောက်တစ်နေ့ညနေကျပြန်တော့ ကိုကိုက မေးပြန်တယ်။
“နွယ် ကျွန်တော် နွယ့်ကို သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြမယ်နော် နွယ့်အမြင်ကို ပြောပြပါဦး”
“ဟုတ်”
“ကျွန်တော့်သူငယ်ချင်းမှာ ချစ်သူရှိတယ် သူ့ချစ်သူက သူ့ကိုအရမ်းချစ်ပြီဒ အလိုလိုက်တာ တခြားမိန်းကလေးတွေလို မာယာများတာဘာညာလည်းမရှိဘူး သူချစ်တဲ့သူ့ချစ်သူ စိတ်ချမ်းသာအောင် ထားတတ်တဲ့ မိန်းကလေးပေါ့လေ ခု ကျွန်တော့် သူငယ်ချင်းက သူတကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်တွေ့နေပြီတဲ့ အဲဒီမိန်းကလေးကိုပဲ သူတကယ်ချစ်တာတဲ့ဘယ်လိုလုပ်ရမလဲဆိုပြီး မနေ့ညက ကျွန်တော့်ဆီ အကြံလာတောင်းတယ် နွယ်ကော ဘယ်လိုမြင်လဲ”
“ရှင်.. ရှင်းနေတာပဲလေဒီလောက်ချစ်သူကို ချစ်တတ်တဲ့ မိန်းကလေးကိုပစ်သွားတဲ့သူ ဆိုမှတော့ နောက်တစ်ယောက်ထားလည်း အသစ်မြင်ရင်ထပ်ပစ်သွားမှာပါပဲ ဒီတော့ သူ့စိတ်ကိုပဲ တည်ငြိမ်အောင် လုပ်ပါလို့ ပြောရမှာပေါ့ရှင့်”
ကိုကို့အမေးကို ဖြေရင်း ကျွန်မစိတ်ထဲမှာလည်း ဆုတောင်းနေမိခဲ့တယ်။ ကိုကိုဟာအဲလိုလူမျိုး မဖြစ်ပါစေနဲ့လို့လေ။
“သင်္ကြန်တွင်း ကျွန်တော် လျှောက်မလည်ဖြစ်တော့ဘူး နွယ်လည်း အိမ်မှာပဲနေမှာမဟုတ်လား”
“ဟုတ်”
“ဒါဆို နက်ဖြန်မှတွေ့မယ်နော်”
“ဟုတ်”
ဘာမဆိုင်ညာမဆိုင်မေးခွန်းမေးပြီး နှုတ်ဆက်သွားတဲ့ ကိုကို့ကိုကြည့်ရင်း ကျွန်မစိတ်ထဲ တွေးမိလိုက်တယ်။ကိုကို ဒီနေ့ထူးဆန်းနေပါတယ်လို့။ ကိုကိုလည်း ကိုကိုတို့ တိုက်ခန်းရှိတဲ့ ငါးထပ်တိုက်ပေါ်တက်သွားသလို ကျွန်မလည်းကျွန်မတို့ တိုက်ခန်းလေးရှိတဲ့ ငါးထပ်တိုက်ကို တက်လာခဲ့ရတယ်။ ဒါပေမယ့် အဲဒီနေ့ဟာ  ကိုကို့အတွက်ကော၊ ကျွန်မအတွက်ကော အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်မဟုတ်လား။ ဘာ့လို့လဲဆို ကျွန်မရဲ့ မွေးနေ့အတွက် ဆိုပြီး အမှတ်တရ လက်ဆောင်ပေးခဲ့တဲ့နေ့လေ။
ကိုကို့ရဲ့ မွေးနေ့လက်ဆောင်လေးကို ကျွန်မ အဲဒီညက ဖေါက်မကြည့်ခဲ့ဘူး။
(-)
“နွယ် ကိုကို ချစ်တဲ့သူက နင်လားမသိဘူးနော် သူ စာအုပ်မှာရေးထားတဲ့ နွယ်လေ”
ဝေ့စကားကို ကျွန်မ ပြုံးလိုက်မိတယ်။ နောက် မဖြစ်နိုင်ဘူး ဆိုတဲ့ သဘောနဲ့ ခေါင်းခါပြလိုက်တယ်။
“နွယ်ဆိုတဲ့ နာမည်က ငါတစ်ယောက်တည်းရှိတာမှမဟုတ်ပဲ ဝေရယ် ကိုချစ်ဦးက ငါ့ကို သဘောကျနေတယ်ဆိုရအောင်ကလည်း မဖြစ်နိုင်ဘူးထင်တယ် ငါ့ကိုတော့ ဘာအမူအယာမှကို မပြဖူးသေးတာ”
ဟန်ကိုယ့်ဖို့ဆိုပြီး ငြင်းလိုက်ရပေမယ့် ကိုကို့ဆီက ဒီစကားကို မျှော်နေမိတယ့်သူဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံး။ ဝေကတော့ ခေါင်းလေးတညိတ်ညိတ်နဲ့ ဆက်စဉ်းစားသွားလေရဲ့။ ပြီးတော့ ဝေက ကျွန်မကို စကားလေးတစ်ခွန်းတည်းနဲ့ တစ်နေ့လုံး ခေါင်းကုတ်စေခဲ့တယ်။
“ဒီရက်ပိုင်း ငါ့အစ်ကို စိတ်ညစ်နေတယ်ထင်တယ် ကြည့်လိုက်တိုင်း သက်ပြင်းတွေ ချပြီး ခေါင်းကုတ်နေတာပဲ” တဲ့လေ။ မှတ်မှတ်ရရ အဲဒီနေ့က ကိုကိုနဲ့ ကျွန်မ မဆုံဖြစ်ခဲ့ကြဘူးနော်။ ဝေပြောတာကတော့ ကိုကိုက  သူငယ်ချင်းဆီသွားစရာရှိလို့ အလုပ်မဆင်းဘူးတဲ့လေ။
ကိုကို့မှာ ဘာတွေများ စိတ်ညစ်စရာရှိနေလဲ ဆိုတဲ့ အတွေးနဲ့ အဲဒီနေ့က အလုပ်မှာ ကျွန်မ အမှားမှားအယွင်းယွင်းကို ဖြစ်လို့။ ချုပ်သမျှ အထည်တွေ ပျက်မှာစိုးလို့ မနည်းသတိထားနေရတယ်။ ဒါတောင် တစ်ထည်က တော်တော်ဆိုးဆိုးရွားရွားပျက်သွားလို့ ကျွန်မ အဆူခံလိုက်ရတယ် ကိုကို။ မနက်ခင်း အလုပ်သွားဖေါ်လေးမရှိလို့ စိတ်တွေအားငယ်နေခဲ့ရသလို ညနေ အလုပ်ပြန်ကားစီးဖေါ်မရှိလို့ ကျွန်မ ငိုချင်ခဲ့မိတယ်။ စိတ်လျော့အားငယ်တယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်ပါရဲ့။
အဲဒီနေ့ကလည်း ကိုကို့ရဲ့ မွေးနေ့လက်ဆောင်လေးကို ဖွင့်မကြည့်ဖြစ်ပြန်ဘူး ကိုကို။ ကျွန်မ ဒီမွေးနေ့လက်ဆောင်လေးကို ဖွင့်ကြည့်ဖို့ထက် ကိုကိုပေးတဲ့လက်ဆောင်လေးဆိုတဲ့ အသိနဲ့ တစိမ့်စိမ့်ကြည့်နေချင်ခဲ့မိတယ်။
(-)
မှတ်မှတ်ရရ သင်္ကြန်ကာလအတွက် ပထမဆုံးပိတ်ရက်ပါပဲ ကိုကို။ ကိုကိုတို့စက်ရုံက မပိတ်ခဲ့ပေမယ့် ကျွန်မတို့စက်ရုံကတော့ ၁၀ ရက်ကနေစပြီး ပိတ်ပေးခဲ့တယ်။ နေ့ခင်းပိုင်းမှာ ဝေနဲ့အတူတူ အသုပ်ဆိုင်ထိုင်မိတော့ ကျွန်မ မထင်မှတ်တဲ့ စကားကြားလိုက်ရတယ်။
“ကိုကို က စက်ရုံမှာပဲ အိပ်မယ်တဲ့ အချိန်ပိုလည်းဆင်းပေးရင်း စက်ရုံစောင့်ဦးလေးကြီးနဲ့အတူ စက်ရုံကို ကူစောင့်ပေးရင်းတဲ့လေ ဖေဖေနဲ့မေမေကတော့ သူတို့သားကြီး လိမ္မာလွန်းလှချေရဲ့နဲ့ တဖွဖွပြောလို့ ငါ့မှာသာ စိတ်ညစ်နေရတာ ကိုကို့ကို တစ်ရက်လောက်အိမ်မှာထားပြီး ချစ်ချစ်နဲ့အတူတူ လျှောက်လည်မလို့ဟာကို ခုတော့ လည်လို့မရတော့ဘူး ”
စိတ်ပျက်လက်ပျက်နဲ့ ပြောနေတဲ့ ဝေ့စကားတွေထက် ကျွန်မစဉ်းစားလိုက်မိတာက တစ်ခုတည်းပဲကိုကို။ ကိုကိုကျွန်မကိုများ ရှောင်နေသလားလို့။
“နွယ်ကော လျှောက်မလည်ဘူးလား ”
            “အိမ်မှာက အမေတစ်ယောက်တည်းကျန်ခဲ့မှာလေ မလည်တော့ပါဘူး ဖေဖေကလည်း သူတို့အလုပ်က သင်္ဃန်းစည်းပေးမယ်ဆိုတော့ သူလည်း စည်းချင်တယ်ဆိုပြီး ဘုန်းကြီးဝတ်နေတာလေ လည်စရာအဖေါ်လည်းမရှိတော့ လည်လည်း မလည်ချင်တော့ပါဘူး ဝေရယ်”
            ကိုယ့်စကားသံအတိုင်းအဆကို ကိုယ်ကိုယ်တိုင်သာသိလိုက်တယ် ကိုကို။ ကိုကို ကျွန်မကို ဘာလို့ရှောင်နေတာလဲ ဆိုတဲ့ အတွေးတွေအပြည့်နဲ့ အဲဒီနေ့က လက်ဆောင်ဗူးလေးကို ကျွန်မ ဖွင့်ကြည့်ခဲ့မိတယ်။ ဖွင့်ကြည့်လိုက်မိခဲ့တယ် ကိုကို။ အကောင်းစားခေါင်းစည်းကလစ်လေးတစ်ခုနဲ့ စာလေးတစ်စောင်။
            “နွယ်”
            မွေးနေ့မှာ ပျော်ရွှင်ပါစေ နွယ်။
            ချစ်ဦးမောင်
စာလေးက တကယ့်တိုတိုလေး။အလွမ်းပျောက်လောက်အောင် နည်းနည်းလေးများရှည်ခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ခုတော့..။ သက်ပြင်းတစ်ချက်ချရင်း စာလေးကို ပြန်ခေါက်လိုက်မိတယ်။ ခေါင်းစည်းကလစ်လေးကတော့ မသုံးရက်သေးပါဘူး။
(-)
“မောင် ကျွန်မ မောင့်ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မောင်သိတယ်မဟုတ်လားဟင်”
အို အဲဒီမမကို သနားလိုက်တာ ကိုကို။ ကိုကို့လက်ကို ဆွဲပြီးပြောနေတဲ့ မမရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။ ရုပ်ကလေးကလည်း ချောလိုက်တာ။ ကိုကိုကတော့ ကျွန်မကိုဘယ်မြင်မလဲ။ အဲဒီမမလက်ကို ဆွဲဖြုတ်နေတာနဲ့ပဲ ကိုကို အလုပ်တွေရှုပ်နေတာပေါ့။
သင်္ကြန်ပြီးလို့ အလုပ်ဆင်းသည်ထိတောင် ကိုကိုက အိမ်ပြန်မအိပ်ခဲ့ဘူးတဲ့လေ။ ဝေပြောခိုင်းတဲ့ စကားလေးကို ပြောဖို့ ကျွန်မလာတာပါ။ အရေးရယ်အကြောင်းရယ်ဆိုမှ ဗိုက်က မအောင့်နိုင်တော့ ရေအိမ်လာလိုက်မိတာ။ ကိုကိုနဲ့ အဲမမကို တွေ့လိုက်ရတာပဲ။ ကိုယ့်ကိစ္စနဲ့ကိုယ် ရေအိမ်ထဲကို ကတိုက်ကရိုက်ဝင်သွားခဲ့တဲ့ ကျွန်မကို ကိုကိုတို့က မမြင်ပေမဲ့ ကိုကိုတို့အသံတွေကို ကျွန်မကြားတယ်လေ။
အဲဒီမမရဲ့ တောင်းပန်နေတဲ့ စကားသံတွေကိုကြားရတော့ ယောင်္ကျားလေးဖြစ်သူကို ကျွန်မ မုန်းလာတယ်။ရေအိမ်တံခါးဖွင့်ပြီး အသံလာရာဘက်ရှာကြည့်မိတော့ အဲယောင်္ကျားလေးက ကိုကိုတဲ့လေ။ ကျွန်မ ဘယ်လိုလုပ်ရမလဲ။
“ကိုချစ်ဦး”
မျက်နှာပြောင်တယ်ပဲ ဆိုဆို ကိုကို့ကို ကျွန်မခေါ်လိုက်မိတယ်။ ကျွန်မဘက်ကို အလန့်တကြားနဲ့လှည့်ကြည့်လိုက်တဲ့ ကိုကို့ကို ကြည့်ပြီး ကျွန်မ ရင်တွေနာလိုက်တာ။ ကိုကိုရေ လို့လည်း ရင်ထဲမှာ အကျယ်ကြီးအော်လိုက်မိရဲ့။
“ဝေက မှာလိုက်လို့ပါ ပြန်လာခဲ့ဦးတဲ့ ဦးလေးနဲ့ အန်တီက မျှော်နေတယ် တဲ့”
တကယ်ဆို ဝေဖုန်းဆက်ဖို့ ကျွန်မပြောသားပဲ။ ဝေက ဖုန်းမဆက်ပဲ သွားပေးပါဆိုလို့ ကျွန်မကိုယ်တိုင်ရောက်လာခဲ့ရတာ။ တကယ်ဆို ကိုကို့ကို တွေ့ချင်ခဲ့လွန်းတာပါ။ မတွေ့တာ ကြာပြီဆိုတော့ လွမ်းလွန်းလို့ရောက်လာခဲ့တာပါ။
ကျွန်မ ဒီနေရာလေးကို မလာလိုက်မိရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ။ခုတော့ ကျွန်မက အချစ်လုသမားကြီးဖြစ်နေပြီ။ အချစ်ခိုးသမားကြီး ဖြစ်နေပြီ။
            ဘယ်လောက်ချစ်ချစ် လုပြီးမှရလာမယ့် ပျော်ရွှင်မှုကို ကျွန်မ မမျှော်လင့်ချင်ဘူး။ ခိုးပြီးမှ ရလာမယ့် ပျော်ရွှင်မှုကို ကျွန်မ စိတ်မသန့်ဘူး။ အဲဒီနေ့ အိမ်ကိုပြန်ရောက်တော့ ကျွန်မငိုမိတယ် ကိုကို။ ကံကိုလည်း ကျေးဇူးလည်းတင်မိပါတယ်။ စောစောစီးစီးသိခွင့် ရလိုက်တဲ့ အတွက်ပါ။
            ကျွန်မဘဝမှာ ကိုကိုမသိတဲ့ အကြောင်းအရာလေးတစ်ခုရှိသေးတယ်။ အဲ့ဒါက ကျွန်မက မေမေ့ရဲ့ သမီးအရင်းမဟုတ်ဘူး ဆိုတာပဲ။
(-)
ကျွန်မရဲ့ မွေးမေမေက ဖေဖေ့ရဲ့ နောက်မိန်းမလို့ခေါ်ရမှာပေါ့။ မခေါ်ရက်ပေမယ့်လည်း ဒါအမှန်တရားပဲ ကိုကိုရေ။ ကျွန်မက မယားငယ်ရဲ့ သမီးပေါ့။ ကျွန်မရဲ့ မွေးမေမေက ကျွန်မကို မွေးပြီးပြီးချင်း ဆုံးသွားတဲ့အခါ ဖေဖေက ကျွန်မကို မေမေ့ဆီ ချီလာခဲ့တယ်တဲ့။ ကျွန်မရဲ့ မွေးမေမေကြောင့် မျက်ရည်တွေ အကြိမ်ကြိမ်ကျခဲ့ရတဲ့ မေမေဟာ၊ ဒဏ်ရာတွေ အကြိမ်ကြိမ်ရခဲ့တဲ့ မေမေဟာ ကျွန်မကို သမီးရင်းတစ်ယောက်လို ယုယထွေးပိုက်ခဲ့သတဲ့။
            ကဲ ဘယ်လောက်တောင် အကြင်နာတရား ကြီးမားလိုက်တဲ့ မေမေလဲနော်။ မေမေကလေ ကျွန်မကို အမြဲမှာတာရှိတယ်။ ကံငါးပါးကို ဘယ်တော့မှ မကျူးလွန်ပါနဲ့ တဲ့။ အထူးသဖြင့် သူတပါးအိမ်ထောင်ကို မဖျက်စီးပါနဲ့တဲ့။ ကိုကို ကျွန်မက မေမေ့စကားကို တသဝေမတိမ်း နားထောင်ချင်သူပါ။ ဘာ့ကြောင့်လဲ သိလား မေမေ့ရဲ့ ကျွန်မအပေါ် ချစ်တဲ့ အချစ်တွေအပြင် မေမေ့ဒိုင်ယာရီလေးကိုပါ ဖတ်ခဲ့ရလို့လေ။ ကျွန်မရဲ့ မွေးမေမေကြောင့် မေမေ့ခမျာ ဖေဖေ့ရဲ့ အရိုက်အနှက်ကိုလည်း ခံရတဲ့အပြင် ကျွန်မကို မွေးစားခြ့တဲ့အတွက် မေမေ့မိဘရဲ့ စွန့်ပစ်ခြင်းကိုလည်း ခံလိုက်ရတယ်တဲ့။ ဒါပေမယ့် မေမေက ကျွန်မကို မမုန်းခဲ့ဘူး။
            ခုဆို မေမေက ကျွန်မအတွက် နေ့နေ့ညည ပူပန်နေရတယ်။ ညနေအလုပ်ဆင်းချိန်နောက်ကျပြီဆို အိမ်ရှေ့ထွက်မျှော်တတ်တဲ့ မေမေ။ မနက်အလုပ်သွားဖို့ကို ထမင်းချိုင့်အဆင်သင့် ပြင်ပေးတတ်တဲ့ မေမေ။ ခု မေမေ့စကားကို ဆန့်ကျင်ပြီး ကျွန်မက အချစ်ခိုးသမားကြီး လုပ်ရမတဲ့လား။ အချစ်လုမကြီး လုပ်ရမတဲ့လား။ ကိုကို့ရဲ့ သံယောဇဉ်မျက်ဝန်းတွေကို မြင်နေပေမယ့်လည်း မျက်နှာလွဲရတော့မယ်။ ကျွန်မ
            ကိုကိုမေးခဲ့တဲ့ ကိုကို့သူငယ်ချင်းဆိုတာ ကိုကို့အကြောင်းတဲ့လား။ ကျွန်မ ဒီတစ်ခါမှာလည်း မေမေ့စကားကို နားထောင်လိုက်ချင်တယ်။ ကိုကိုပြောလာမဲ့ စကားတွေကိုလည်း နားထောင်တော့ပါဘူး။။  မနေ့က ဝေနဲ့တွေ့တော့ ဝေပြောတယ်။ ကိုကိုက နွယ်နဲ့တွေ့ချင်တယ် တဲ့လေ။ ကိုကိုနဲ့မတွေ့အောင် ကျွန်မရှောင်နေခဲ့မိတာ တော်တော်ကြာပြီ။ တော်တော်ကြာနေပါပြီ။
(-)
ဟော တွေ့ပါပြီ။ ကျွန်မကို စောင့်နေမှန်းသိသာနေတဲ့ ကိုကို့ရဲ့ မျက်လုံးတွေဟာ ကျွန်မကိုတွေ့တော့ လက်ခနဲ ဖြစ်သွားတယ်။
ကျွန်မ ရှောင်ချင်လို့မရတော့ဘူး။ ဒါလည်းမရှောင်တော့ပါဘူးလေ။တကယ်ဆို ထိပ်တိုက်ရင်ဆိုင်ချင်လို့ကို ကျွန်မ ကိုကိုနဲ့ ဆုံမယ့်အချိန်၊ ကိုကိုကလာခဲ့ပါလို့ ပြောတဲ့အချိန်ကို အရောက်လာခဲ့တာပဲ မဟုတ်လား။ အနားကိုအပြေးရောက်လာတဲ့ ကိုကိုက ကျွန်မကို မေးတယ်။
“နွယ် နေကောင်းရဲ့လား မတွေ့တာကြာပြီနော် ဘာတွေလုပ်နေတာလဲ အလုပ်သွားတဲ့အချိန်က အရင်လို ကျွန်တော်နဲ့ မတူတော့ဘူးလား အလုပ်ဆင်းချိန်မှာလည်း မတွေ့ရတော့သလိုပဲ နွယ်”
မေးခွန်းတွေ တရစပ်မေးနေတဲ့ ကိုကို့မျက်နှာကိုကြည့်ပြီး ကျွန်မ ဘာပြောရမယ်မှန်းမသိဘူး။ ရှောင်နေမိတာက ဒီလူကို ဆက်ပြီးသံယောဇဉ်တွယ်မိမှာစိုးလို့ပါ။ ခုတော့ မတွေ့တာကြာနေပေမယ့်လည်း ကိုကို့ကို ကျွန်မ သံယောဇဉ်တွယ်နေမိတုန်းပဲ။ ဘာစကားမှ ပြန်မလာတဲ့ ကျွန်မကိုကြည့်ပြီး ကိုကိုတိတ်ဆိတ်သွားတယ်။ ခဏကြာတော့
“နွယ် ကျွန်တော်တို့ အအေးဆိုင်ခဏထိုင်ရအောင် နွယ့်ကိုပြောစရာရှိလို့”
မထိုင်ချင်ဘူးလို့ငြင်းချင်နေတဲ့ ကျွန်မရဲ့ခေါင်းဟာ ခါဖို့ထက် ညိတ်ပြလိုက်မိတယ်။ ကိုကိုရေ ကျွန်မတော့ ရူးတော့မယ် လို့လည်း စိတ်ထဲမှာ ရေရွတ်လိုက်မိသေးတယ်။
            အအေးဆိုင်မှာထိုင်နေကြတာကြာပေမယ့် ခုထိစကားတွေမဆိုဖြစ်ကြသေးဘူး။ အလုပ်ဝင်ရမယ့်အချိန်လည်း ကျော်သွားခဲ့ပြီ။ ကိုကိုကတော့ သူ့ရှေ့က အအေးခွက်ကိုငေးနေတုန်း။
            “ကိုချစ်ဦး ပြောစရာမရှိရင် ..”
            ကျွန်မစကားတောင်မဆုံးသေးဘူး။ ကိုကိုကပြာပြာသလဲ ပြန်ပြောတယ်။
            “ခဏလေး နွယ် ခဏလေး ကျွန်တော် ပြောစရာစကားအစရှာနေတာ”
            “ဘဲဥလည်းမဟုတ်ပဲ အစပျောက်နေရလား” လို့ ကိုကို စိတ်ပေါ့ပါးအောင် ကျွန်မ နောက်ပေးလိုက်မိတယ်။ တကယ်ကတော့ ကျွန်မစိတ်တွေ ဘယ်လောက်ထိ ဝမ်းနည်းနေမှန်း ကိုယ်ကိုယ်တိုင်အသိဆုံးပါ။ ဒါပေမယ့်လည်း ကိုကို့အတွက် နောက်တဲ့စကားလေးတော့ ဖန်တီးပေးနိုင်ခဲ့တယ်။ ကိုကို့မျက်နှာပေါ်မှာ ကျွန်မစကားကြောင့်အပြုံးလေး ဖြစ်သွားတယ်။ ဒီအပြုံးလေးကြောင့်ပဲ ကျွန်မ ကျေနပ်ပါတယ်။
            “ဟိုတစ်နေ့က နွယ်တွေ့ခဲ့တာ ကျွန်တော့်ရည်းစားဟောင်းပါ ခုက သူနဲ့လဲ လမ်းခွဲပြီးပြီ”
            ဒါဆို ကျွန်မက လုယူသူစစ်စစ်ကြီးဖြစ်တော့မယ်ပေါ့။ လှိုက်ခနဲ တက်လာတဲ့ ဝမ်းနည်းမှုတွေကို ကပြာကယာထိန်းချုပ်လိုက်ရတယ်။ မရိပ်မိတဲ့ ကိုကိုကတော့ ဆက်ပြောနေတုန်း။
            “ခု နွယ့်ကို စိတ်ရှင်းရှင်းနဲ့ ဖွင့်ပြောပါရစေ နွယ့်ကို ကျွန်တော်ချစ်တယ် ကျွန်တော့်အချစ်ကို လက်ခံပေးနိုင်မလားဟင်”
            မေမေရေ လို့ ကယောင်ကတမ်းအော်လိုက်မိတယ်။ ကျွန်မ ဘာဖြေရမလဲဟင်။ ငြင်းချင်တယ်။ ကျွန်မ ငြင်းပါရစေ၊ မေမေ့စကားကို နားထောင်ပါရစေ လို့ ကိုယ့်စိတ်ကိုယ်ဆုံးမနေမိတယ်။ ဒါပေမယ့် ကျွန်မနှုတ်ခမ်းကဘာစကားမှ ထွက်မလာသေးဘူး။ ကျွန်မကို ငေးကြည့်နေတဲ့ ကိုကို့မျက်ဝန်းထဲမှာ မျှော်လင့်ချက်တွေမြင်နေရတယ်။
            ကျွန်မ ဘာလုပ်ရမလဲဟင်။ ဘာလုပ်ရမလဲ။


ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်