Tuesday 9 April 2013

၉-၄-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

ကလေးတစ်ယောက်လို အော်ငိုပစ်လိုက်ချင်တယ်
လမင်းဆီက ထမင်းဆီဆမ်းကို ရွှေလင်ဗန်းကြီးနဲ့ မလိုပါဘူး
ငှက်ကလေး ခွံ့ကျွေးလာမယ့် ထမင်းဆီဆမ်းပဲ လိုအပ်တယ်

ငှက်ကလေး ကိုယ် အော်ငိုပစ်ချင်တယ်
ကျွေးမှာလား ထမင်းဆီဆမ်းကို။



ငှက်ကလေး
ငါ့ကို သတ်ပါ
ဟိုးအဝေး အဝေးမှာ ပုန်းရှောင်
နင့်တစ်ကိုယ်ရည်စာတော့ လုံခြုံတာပေါ့
ငါ့နှလုံးသားကတော့
အအေးမိ အလွမ်းမိ ဖြစ်သွားတယ်။


ဟိုး...............အဝေးမှာ မင်း
ဟောဒီမှာ ရပ်နေတာက ငါ
ဒို့နှစ်ဦးကြား ခြားနားတာက စိတ် ဝေးကွာခြင်း
ငှက်ကလေး
ဒီပုံပြင်ကို ငါဆက်ရေးနေဦးမှာ
ဒီကဗျာတွေ ငါဆက်ရေးနေဦးမှာ
ဒီတမ်းချင်းတွေ ငါဆက်ရေးနေဦးမှာ

ငှက်ကလေး
ငါ က ရူးနေတဲ့ သစ်ပင်
အချစ်တစ်ခုမှာ ရူးနေမိတဲ့ သစ်ပင်
ပိုင်ဆိုင်ခွင့်မရမှန်း သိတယ်
ပိုင်ဆိုင်ဖို့ မလွယ်မှန်းသိတယ်
မင်းက ကောင်းကင်က တိမ်စ
လေလွင့်ရာ လိုက်ပါတတ်သူ
ငါက မြေပြင်က မလှုပ်နိုင်မရွေ့နိုင်တဲ့ သစ်ပင်
သစ်ပင်ရူးတစ်ကောင်
ဂရုမစိုက်နဲ့ လှည့်မကြည့်နဲ့
မင်းရဲ့ ဂရုစိုက်မှုတိုင်းမှာ ငါ
အလဲလဲအပြိုပြို
စိတ်တွေ ငိုမိပေါ့
ငှက်ကလေး
လှည့်မကြည့်နဲ့
သွားပါ။


နာဖျားနေပြီ
ဒီမြို့ဟာ အလွမ်းတွေဆိုင်းလွန်းတော့ နာဖျားနေပြီ
ငှက်ကလေး
မင်း ငါ့မြို့တော်ကနေ ဖြတ်ပျံမသွားနဲ့တော့

ဒီမြို့ဟာ
လတ်ဆတ်တဲ့ ရနံ့တွေ ပျောက်ကုန်ပြီ
မြင်လေရာဟာ
ခြောကပ်ကပ်နိုင်လွန်း
ပျော်ရွှင်ခြင်းရနံ့တွေ ဆိတ်သုဉ်းကုန်ပြီ

ဘယ်သူပြောလဲ
ပေးဆပ်တာဟာ အချစ်လို့
ဒီမြို့ဟာ ပေးဆပ်မှုတွေကြောင့်ပဲ နယ်မြေတွေပျောက်ဆုံးကုန်ပြီ
ပေးဆပ်မှုကြောင့်ပဲ
ကြေကွဲမှုရနံ့တွေသာ လတ်လတ်ဆတ်ဆတ်

ငှက်ကလေး
နှုတ်မဆက်နဲ့ လှည့်မကြည့်နဲ့
စကားမဆိုကြေး
ငါ့မြို့တော်မှာ ငါနေမယ်
ငါဖန်ဆင်းတဲ့ ကြေကွဲခြင်း
ငါဖန်တီးတဲ့ အလွမ်း
ဘာတစ်ခုမှ စကားအပိုလာမဆိုနဲ့

မရတဲ့ အချစ်ကို ခခယယတောင်းခံဖို့
မစဉ်းစားဘူး
ငါ့ချစ်ခြင်းနဲ့ငါ အသက်ရှင်မယ်
ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းတယ်ဆိုလည်း ရှိပါစေတော့။

ဂွတ်ဘိုင်ပါ ငှက်ကလေး
မင်း ပျော်ရွှင်ပါစေ။
 

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်