Thursday 11 April 2013

အတိတ်-

အတိတ်
----(၁)-----
အညိုရောင်သမ်းသောဆံနွယ်များ
လေနဲ့အတူ ယိမ်းနွဲ့သွားကြ
မထီတရီအပြုံးတစ်ချက်နဲ့သူဟာ
ကျွန်တော့်အတွက်
အလှဆုံးသက်တံ့တစ်စင်း။

---(၂)------
ကျန်ခဲ့တာလား ချန်ခဲ့တာလား
ဝေခွဲမရတဲ့ အတွေးတွေနဲ့
ကိုယ့်စိတ်ကိုယ် ဖမ်းဖမ်းနေရ
အမှောင်ထုကိုငေးကြည့်လိုက်မိတော့
သေချာသွားတယ်
စိတ်မပါတဲ့ ရုပ်ခန္ဓာကြီးဟာ
ဟောဒီကားကြီးရဲ့
အတင်းအဓမ္မ သယ်ဆောင်ခံလိုက်ရတယ်
ငှက်ကလေး
ကိုယ့်စိတ်တွေကျန်ခဲ့တယ်..
မင်းရှိရာ .....နေရာလေးမှာ။
----(၃)------
ထိုင်းမှိုင်းနေတဲ့ စိတ်တွေမှာ
အားငယ်မိခြင်းတွေဟာ တသီတသန်း
အိပ်စက်ခြင်းတွေဟာ
ညလုံးပေါက်ပျောက်ဆုံးပေါ့
အလွမ်းတွေဟာ မိုးလင်းပေါက်ခြောက်တယ်
အဲ့ဒီနေ့က ကျွန်တော် အိပ်မက်တွေ ပျောက်ခဲ့တယ်။
---(၄)---------
မြည်လာတဲ့ ရင်းတုန်းလေးမှာ
နှလုံးသားဟာ တဒိတ်ဒိတ်ခုန်
အဖြူရောင်စကားစတွေက
နယ်ခြားမျဉ်းကိုကျော်လွန်ပြီးရောက်ရှိ
အဲဒီကစ ပွဲကလှတော့တာပဲ
ကမ္ဘာကြီးကို ဒူးနဲ့တိုက်ပစ်ဖို့
အားအင်တွေ ရောက်ရှိလာခဲ့တယ်။
---(၅)----
ကမ္ဘာကျော်မယ့် ဆန္ဒတွေကို အသက်သွင်းခဲ့တဲ့ နေ့ပေါ့
အဲဒီနေ့က
သဝန်တိုစိတ်တွေ လှိုင်းထခဲ့တယ်
ကိုယ့်ကိုယ်ကို သိတယ်
တစ်ခါလောက်ပြုံးဖို့
နှုတ်ခမ်းနှစ်လွှာဟာ ခိုင်းမရခဲ့ဘူး
နှလုံးသားက မီးက တားတယ်...။
----(၆)-----
ဒီအပြုံးလေး
နှလုံးသားမှာ စိန်ဘောင်ကွပ်ပစ်လိုက်တယ်
ဘယ်သူ သူ့လောက်ပြုံးတတ်မလဲ
ဖြူစင်နူးညံ့တဲ့ ရှက်ပြုံးလေးနဲ့
ကျွန်တော် လေ
အဲဒီနေ့က အိပ်မက်မှာ အပြုံးတစ်ခုကိုထည့်မက်ဖြစ်ခဲ့တယ်
----(၇)-----
စိတ်တစ်ခုလုံး ဟုန်းဟုန်းတောက်အောင် ပူလောင်တဲ့နေ့
ဖုန်းလေးထဲက ဖြတ်ပြေးသွားတဲ့အသံတွေ
ပျက်သွားတဲ့ ကတိလေးရဲ့ တန်ဖိုးကို နှမြောနေမိ
အဲ့ဒီနေ့က ကျွန်တော့်စိတ်တွေ ငိုမိတယ်
သူ့စိတ်ထဲမှာ ကျွန်တော်ဟာ မြူတစ်မှုန်စာတောင် နေရာမရခဲ့ ...ဘူး....တဲ့။
------(၈)------
ကတိပျက်တွေ ဆက်ဆက်လာသလို
သိမ်ငယ်မှုတွေ ဒီဂရီတက်လာတယ်
ကျွန်တော် ညံ့လွန်းခဲ့ပါတယ်
တကယ်ဆို
တစ်ကိုယ်တည်းပျိုးမိတဲ့ သံယောဇဉ်မှန်းသိရက်နဲ့
မျှော်လင့် ကြီးခဲ့မိတာ။
-----(၉)------
အားနာပါးနာ
သနားစရာ့ဆုံစည်းမှု
ကိုယ့်နှလုံးသားကို
အခွင့်ရှိရင် ဖြတ်ရိုက်ပစ်လိုက်ချင်တယ်
မာန မရှိဘူးလား ဆိုပြီးတော့လေ။
-----(၁၀)----------
မဟုတ်ဘူး
မဟုတ်ဘူး
မဟုတ်ဘူး
အရာရာသိလျက်နဲ့ပဲ
ဒီကြိုးဟာာ ခိုင်မာလွန်းတယ်
တစ်ဖတ်သတ်ဆိုတာ
ဖြတ်ရခက်တဲ့ ကြိုးပဲ
ကျွန်တော် ဘာလို့များ အစပျိုးခဲ့မိပါလိမ့်
ကျွန်တော့်နှလုံးသားဟာ ဘာ့ကြောင့်များနိုးထခဲ့ပါလိမ့်
ခုတော့လည်း
တစ်ယောက်တည်း ကျစ်မိတဲ့ ဒီကြိုး
အဆုံးထိ ကြိုးစားကြည့်တော့မယ်။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်