Wednesday 24 April 2013

၂၄-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

အငေးတွေ ခလုတ်တိုက်မိတိုင်းမှာ
နှလုံးသားဟာ ဆယ်ကျော်သက်ကလေးလို မြူးတယ်
ငေးကြည့်ချင်ရက်နဲ့ မျက်နှာလွှဲခဲ့ရသော အပြုံးတွေ
ငေးကြည့်နေချင်မိရက်နဲ့ လွှဲလိုက်ရသော မျက်လုံးလေးတွေ
ကြာလာရင် မျက်ဝန်းဘေးလေးကို လက်ကလေးနဲ့။
အသာအယာတို့ထိချင်မိတော့မယ်
ပါးပေါ်က ရှိတတ်တဲ့ အစင်းကြောင်းရာလေးကို
လက်ကလေးနဲ့ အသာအယာတို့ထိချင်မိတော့မယ်
goodbye ဆိုတဲ့ စကားသံတိုင်းမှာ
မျက်ရည်က အလိုလို ဝဲချင်တယ်
တကယ်ချစ်လွန်းရင် ဦးနှောက်က အလုပ်မလုပ်တော့ဘူးထင်ပါရဲ့
နှလုံးသားအလိုကို လိုက်နေမိခဲ့တာ တော်တော်ကြာပြီ။


မျက်လုံးတွေက ပြုံးနေတယ်
အဖြူရောင်ဆန်နေတယ်
ပန်းနုရောင်သမ်းနေတယ်
တစ်ချက်တစ်ချက် အစိမ်းရောင်ဆန်တယ်
အိုး.. ရူးတော့မှာပဲ
ငှက်ကလေးရေ
ပန်းနုရောင်အကြည့်လေးနဲ့ပဲ ကြည့်ပေးပါ
ကျေးဇူးပြု၍။

စိတ်တွေက ဘယ်လိုသိမ်းသိမ်း
အတိတ်ဆီကိုပဲပြေးပေါ့
ငှက်ကလေးရေ
ထိန်းမနိုင်သိမ်းမရ လွမ်းတယ်။


အမှတ်တမဲ့
ခလုတ်တိုက်မိကြတဲ့
အငေးတွေ
အပြုံးတွေ
ငှက်ကလေး
အဲဒီနေ့က အိပ်မက်မှာ
ငါက ဇာတ်ရံဖြစ်ခဲ့တယ်
ဇာတ်လိုက်ကြီးနင်က
အပြုံးတွေတဝေဝေနဲ့
ငါ့အိပ်မက်ထဲ လမ်းသလားခဲ့ပေါ့
စကားတွေ တဝကြီးခြွေတယ်
ငါလေ
အဲဒီအိပ်မက်မှာ တစ်သက်လုံး ဝင်ခိုနေချင်လိုက်တာ..။


ဒီနေ့မှ ပြင်းပြင်းပြပြ လွမ်းမိလေသလား
ဒီနေ့အလွမ်းက ပိုပြင်းပြနေသလား
ငှက်ကလေး ငါ့ကောင်းကင်မှာ အရိပ်လာထင်ပါ
ငှက်ကလေး ငါ့နှလုံးသားကို အပျော်တွေ ပေး- ထင်ဟပ်ပါ
ငှက်ကလေး ငါ့ရင်ခွင်ကို ကြည်နူးခြင်းတွေ ပေး -ဝေပါ
တိတ်ဆိတ်နေတတ်တဲ့ ငါ့အကြောင်း
မင်းသိအောင်ပြောပြချင်သေးတယ်
မင်းခြေရာမှန်သမျှနောက် 
တကောက်ကောက်လိုက်ရင်း
တိတ်တဆိတ်မင်းကို ငေးကြည့်နေတတ်ခဲ့တာ
တကယ်ဆို စကားတွေ ဆိုချင်ခဲ့တယ်
စကားတွေ ဝေချင်ခဲ့တယ်
ငှက်ကလေး စိတ်ရှုပ်မှာ စိုးခဲ့တယ်
ငှက်ကလေးရေ ချစ်မိသူကအရှုံး..တဲ့
ကိုယ် တကယ်ကြီး ရှုံးမိပါပြီ ငှက်ကလေးဆီမှာ။


No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်