Tuesday 16 April 2013

“၁၆-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”




ရိပ်ခနဲ ပြေးသွားတဲ့ သစ်ပင်တွေ
ခပ်ဝါးဝါးအမြင်တွေမှာ
ကိုယ်ဟာ ခံစားချက်တစ်ခုကို ဆန်းစစ်ကြည့်နေမိ
ငှက်ကလေးက ကျွန်တော့်အတွက် အချစ်လား
ငှက်ကလေးက ကျွန်တော့်စိတ်လှုပ်ရှားမှုလား
ငှက်ကလေးက ကျွန်တော့်အတွက် တိမ်းမူးမှုလား
သေချာနေတာတစ်ခုက
ငှက်ကလေးက ကျွန်တော့်အတွက် ဒိုင်ယာရီ ဖြစ်ခဲ့ပြီ
ငှက်ကလေးက ကျွန်တော့်အတွက် စိတ်ဖြေရာနေရာတစ်ခုဖြစ်ခဲ့ပြီ
ငှက်ကလေးက ကျွန်တော့်အတွက် နားခိုရာနေရာတစ်ခုဖြစ်ခဲ့ပြီ



အချစ်လို့ သေချာဖို့ရာ ဘယ်လိုအချက်အလက်တွေနဲ့ပြည့်စုံရမလဲ
သူ့အတွက် ဖြည့်ဆည်းပေးနေချင်မိရင် အချစ်လား
ဒါဆိုသေချာတယ် မဟုတ်နိုင်ဘူး
ကိုယ်ငှက်ကလေးအတွက် အရာရာဖြည့်ဆည်းပေးနိုင်ပေမယ့်
နှလုံးသားနဲ့ ဦးနှောက်က ခွင့်မပြုတဲ့အရာကို မဖြည့်ဆည်းနိုင်ဘူး
သူ့ကိုအချိန်ပြည့်သတိရနေရင် အချစ်လား
ဒါဆိုရင်တော့ နည်းနည်းဖြစ်နိုင်မယ်
ငှက်ကလေးကို သတိရခြင်းမှာ စိုးရိမ်ပူပန်စိတ်တွေပါတယ်
သဝန်တိုမှုတွေပါတယ်
သူ့အတွက်ချည်း စဉ်းစားပေးနေမိရင် အချစ်လား
ဒါဆိုရင်တော့ နည်းနည်းပဲ ဖြစ်နိုင်မယ်
ငှက်ကလေးအတွက် စဉ်းစားပေးမှုမှာ ကိုယ့်အတွက်အတ္တတွေပါ နည်းနည်းကဲနေတယ်

ငှက်ကလေး သေချာတာတစ်ခုတော့ ဝန်ခံချင်မိတယ်
အချိန်ပြည့်သတိရနေမိတယ်
အလွမ်းဟုတ်နိုင်မဟုတ်နိုင်ငှက်ကလေးဆုံးဖြတ်ပါ
အချိန်ပြည့် စကားပြောနေချင်မိတယ်
(တကယ်ဆို နားထောင်သူသတ်သတ် ဖြစ်ချင်တာပါ
ငှက်ကလေးရဲ့ အသံက နားထောင်ကောင်းလွန်းလို့လေ)
တွယ်တာမှုဟုတ်မဟုတ် ငှက်ကလေး ဆုံးဖြတ်ပါ
မြင်နေရတဲ့ ရွှေဘုံသာမုနိဘုရားကို လက်အုပ်ချီကန်တော့လို့ ဆုတောင်းမိလိုက်တယ်
ငှက်ကလေးကို ချစ်မိခြင်းမှန်ကန်ပါက
ငှက်ကလေး စည်းစိမ်ပြည့်စုံလို့ စိတ်ချမ်းသာပါစေလို့။

ငှက်ကလေးရေ
ကိုယ်ခံစားနေရမှုတစ်ခုက ငှက်ကလေး ပျင်းရိနေတယ်
တစ်စုံတစ်ခုကို မျှော်လင့်နေတယ်
ပျော်ပါစေ
ငှက်ကလေး စိတ်ချမ်းသာ ပျော်ရွှင်ပါစေ
ကိုယ့်အတွက်တစ်နေ့တာ ဒိုင်ယာရီ
ငှက်ကလေးအတွက် တစ်နေ့တာ ဒိုင်ယာရီကို
ငှက်ကလေး မဖတ်မိပါစေနဲ့ကွယ်

ငှက်ကလေး စိတ်ရှုပ်မှာစိုးတယ်။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်