Tuesday 29 October 2013

ပစ္စက္ခ

“ပစ္စက္ခ”

တစ်ကိုယ်စာချစ်ခြင်းပေမယ့် ပြင်းလွန်းလှတယ်။ လေးလံနေတဲ့ စိတ်ကြီးက ဒီအကြောင်းအရာကို ဆက်ထမ်းပိုးထားတာကိုက မှားယွင်းမှုတစ်ခုဖြစ်ရမယ်။ ခုတော့လည်း ဒါကြီးက ကိုယ်နှလုံးသားပေါ်မှာ။ အချစ်ကို အချစ်လို့ သဘောပေါက်ဖို့ တစ်နပ်စာလွတ်ခဲ့တယ်။ ဒီအတွက် ခုကိုယ် ဆာလောင်နေပေမယ့် ကိုယ့်အတွက် မေတ္တာတရားက အဝေးပြေးပြီ…တဲ့။

အယုယခံနေ့ရက်တွေကို ပြန်တမ်းတမိတယ်။အယုယခံနေ့ရက်တွေကို ပြန်လွမ်းမိတယ်။ ကိုယ်ယုံကြည်တဲ့အရာတစ်ခုကို အသက်သွင်းဖို့ အယုယခံနေ့ရက်တွေကို မီးလောင်တိုက်သွင်းခဲ့မိတာ မှားခဲ့သလား။ အခါခါအထပ်ထပ်စဥ်းစားလည်း မသိခဲ့တာဒီအဖြေပဲ။ကိုယ် မသိသေးဘူး။ ကိုယ်မှားနေလား မှန်နေလား သိရဖို့ နောက်ထပ် အနှစ်ဘယ်နှစ်နှစ်စာလောက် ဆက်လျှောက်ရမလဲ။

စိတ်ကြီးက သိပ်ဝမ်းနည်းတတ်နေတယ်။ တစ်စုံတစ်ခုသော အကြောင်းအရာကြားရုံနဲ့ မျက်ရည်လွယ်တတ်တဲ့အကျင့်ကို ဘယ်ကာလကများ ကိုယ့်ဆီ ကူးယူခဲ့ပါသလဲ။ ခုတလောကိုယ့်မျက်ရည်တွေ သိပ်လွယ်တယ်။ ကိုယ့်သူငယ်ချင်းလေး စိမ်းကားမှုအပေါ်မှာ မျက်ရည်သိပ်ကျချင်တာပဲ။ တချို့သူတွေရဲ့ ကိုယ့်အပေါ် အရောင်တွေ စွန်းထင်းပြနေမှုမှာ ကိုယ် မျက်ရည်သိပ်ကျချင်တာပဲ။ ကိုယ်ကိုယ်တိုင် ပျိုးခဲ့တဲ့လမ်းလေးမှန်း ခဏခဏ သတိပေးနေရ။ဒါပေမယ့်လည်း လမ်းလေးက အလည်လွန်လို့ ပျောက်ရှ၊ ကိုယ် လမ်းပျောက်လုလုဖြစ်နေတယ်။

“လူတိုင်းမှန်သမျှ ဒုက္ခတရားနဲ့ ပေါင်းသင်းနေတာပဲ” တဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ သတိပေးစကားသံအဆုံးမှာ ကိုယ် သတိထားမိတယ။် ကိုယ်  ရနေတာက ဒုက္ခမဟုတ်သလို သုခလည်းမဟုတ်ဘူး။ လေလွင့်ခြင်းတွေ။ ထမင်းနပ်မမှန်တဲ့ နေ့ရက်တွေ ကိုယ်မရသေးဘူး။ လက်ညိုးညွှန်ရာ ရွှေဖြစ်တဲ့ ဘဝကိုယ်မရောက်သေးဘူး။ ကိုယ် ရနေတာက လေလွင့်ခြင်းတွေ။
စိတ်ကြီးက သိပ်ခက်တာပဲ။ ဘယ်လောက်နားလည်နားလည် သိပ်ဆိုးတယ်။ သူလိုချင်တာမရတဲ့အခါတိုင်း ကိုယ့်နှလုံးသားကို လေလွင့်ဒုက္ခတွေပေးတယ်။ ရွက်ဝါလေးလို လေမှာ လွင့်ချင်သူကိုမှ နားလည်မှုအသိပညာတွေ တိုးတိုးပြီး ထမ်းစေတယ်။ ကဲ ခု ကိုယ် ဘာလုပ်ရမလဲ။

ကျိန်းကျိန်းစပ်စပ်မျက်လုံးတွေကို မှိတ်ပစ်ဖို့ ကိုယ်ကြိုးစားနေပါတယ်။ ကျိန်းကျိန်းစပ်စပ်မျက်လုံးတွေနဲ့အတူ အိပ်စက်ဖို့ ကိုယ်ကြိုးစားနေပါတယ်။ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်” ။ အကျိုးအကြောင်းမသိရပဲ အဆက်သွယ်ဖြတ်ခံလိုက်ရတဲ့ အခါ စိတ်ကြီးဟာ သိပ်ပူလောင်တာပဲ။ ဘာဖြစ်နေလဲ မေးခွင့်မရှိဘူး။ နေမှကောင်းရဲ့လား သိခွင့်မရှိဘူး။ ဘာလုပ်နေလဲ ပြောခွင့်မရှိဘူး။ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ေ၇ာက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်” ဆိုတဲ့ စကားလုံးလေးကိုပဲ ဒီချိန်မှာ မျှော်မိတယ်။ ခုတော့ ကော့သောင်ကို လှမ်းမျှော်ကြည့်ရတာ စိတ်ပင်ပန်းလွန်းတယ်။

သံယောဇဉ်ဆိုတာ မှော်ပဲ။ မမြင်နိုင်ပေမယ့် စွမ်းအားရှိတယ်။ ကိုယ့်စိတ်ကြီးပူလောင်လွန်းရင် ထိန်းချုပ်ပေးနိုင်သူ သုံးယောက်ရှိတာ ကိုယ် သိတယ်။ တစ်ယောက်က မလေးမြေမှာ ဖြစ်ပြီး နှစ်ယောက်က မြန်မာ့မြေမှာ။ အဖြူရောင်မှော်တွေကို လှမ်းငေးကြည့်ရင်း ကိုယ် ခုသိပ်ပူလောင်နေတာပဲ လို့ပြောရင် သူတို့ရယ်များရယ်နေကြမလား။ “အရမ်းချစ်ခဲ့ကြသူတွေပဲတခါတလေနားလည်မှုလွဲမှားတဲ့အခါမျိုးရှိတတ်တာပဲလေ အချိန်စောင့်ပြီး နားလည်မှုယူကြည့်ပါဦး” ဆိုတဲ့ ကိုယ့်စကားကိုယ် တာဝန်ယူနိုင်ရဲ့လား ပြန်စဉ်းစားကြည့်တော့သိပ်ကြောက်တာပဲ။“အရမ်းချစ်ခဲ့မိတာပဲ တခါတလေနားလည်မှုလွဲမှားတဲ့အခါမျိုးရှိတတ်တယ်ဆိုပြီး နားလည်ကြည့်ပါ့လား” ဆိုတဲ့ ဆုံးမစကားတစ်ခွန်းထွက်လာတယ်။ ကိုယ် ခေါင်းခါတယ်။ တစ်ခါမက နှစ်ခါသုံးလေးခါ အခွင့်ပေးပြီးသားပဲ။သူကိုယ်တိုင် နားလည်နိုင်တဲ့ အနေအထားတစ်ခု။ ကိုယ် မေ့ဖို့မုန်းဖို့ ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မပြောင်းဘူး။ ကိုယ်ကိုယ်တိုင် ပျိုးခဲ့တဲ့ လမ်း၊ မှုန်ဝါးဝါးဖြစ်နေလည်းတစ်ယောက်တည်း ဆက်လျှောက်ပစ်မယ်။

ကိုယ့် ဆယ်စုနှစ်တာကို လည်ပြန်ငေးကြည့်မိတယ်.။ သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားတစ်ခွန်း သိပ်တန်ဖိုးရှိတာပဲံ။ “အလုပ်မှာ ပျင်းသွားတာ” တဲ့။ ငွေနောက် ပင်ပင်ပမ်းပမ်းမလိုက်ချင်တော့ဘူးဆိုတဲ့ ကိုယ့်စကားမှာ သူပြောလိုက်တဲ့ စကား။ ကိုယ် လက်ခံလိုက်ရတယ်။ ဟုတ်တယ်။ အလုပ်မှာ ပျင်းသွားတ။ ပင်ပင်ပမ်းပမ်းငွေမရှာတာကြာတော့ ငွေရှာတဲ့နေရာမှာ ပျင်းသွားတာ။ မတတ်နိုင်ဘူး။ ပျင်းတာကို ပြေအောင်ဖြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလိုက်ဦးမယ်။ ကိုယ့်ဆယ်စုနှစ်မှာငါးနှစ်တာလောက်တော့ ကိုယ် သမ္မာအာဇီဝနဲ့ ငွေကောင်းကောင်းရှာနိုင်ခဲ့တယ်မဟုတ်လား။

ကိုယ့်လက်သည်းလေးတွေရှည်နေပြီ။ ကိုယ့်ဆံပင်တွေ ရှည်နေပြီ။ လက်သည်းလေးတွေ ယုယုယယညှပ်ပေးတဲ့ လက်တစ်စုံကို သိပ်လွမ်းတာပဲ။ ဆံပင်ရှည်လေးတွေရဲ့ အနားသတ်ကို တိပေးတဲ့ လက်တစ်စုံကို ကိုယ်သိပ်လွမ်းတာပဲ။ လမ်းက မှုန်ဝါးဝါးဖြစ်မှ အယုယခံနေ့ရက်တွေကို လွမ်းတာမဟုတ်ပါဘူး။ ကိုယ့်စိတ်အခန့်မသင့်တဲ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင်လွမ်းမိတာ။
ကိုယ်ယုံကြည်ခဲ့တဲ့အရာတချို့ ပြောင်းလဲသွားတယ်။ ကိုယ်မထင်မှတ်တဲ့ အရာတချို့ ဖြစ်တည်လာတယ်။ ကိုယ် မသိခဲ့တဲ့ အပိုင်းအစတချို့ ကိုယ့်ဆီလာမှန်တယ်။ ဘာကို ယုံကြည်လို့ ဘာကို ကိုးကွယ်ရတော့မှာလဲဆိုတဲ့ မေးခွန်းတွေနဲ့ပဲ ကိုယ်ဟာ ဝဲလည်ဝဲလည်။

ကိုယ်ဟာကမာလေးပါ။ ပုလဲတစ်လုံးစာအတွက်ပဲ ရှင်သန်ခဲ့ရတာပါ………………..။
ကိုယ် ချန်ရစ်မယ့် ပုလဲလေးဟာ ကမ္ဘာမှာ အလှဆုံးမဟုတ်တောင်မှ မြန်မာမှာ အလှဆုံးဖြစ်ရမယ်။ ကြွေးကြော်တယ်။  ကိုယ့်ကြွေးကြော်သံဟာ ကိုယ့်စိတ်မှာပဲ လှောင်ပိတ်သွားတာခက်တယ်။ ဘယ်အရာတွေဆီ တိုင်တည်လို့ တိုင်တည်ရမယ်မှန်းမသိဘူး။ ကိုယ့်ရင်ဖွင့်ဖေါ်လေးအပေါ်လည်း တစ်စုံတချို့ မပြောဖြစ်တော့ဘူး။ တစ်ဖက်ဆီက တင်းကျပ်မှုတွေ လက်ခံရတဲ့ကိုယ်ဟာ ရင်ဖွင့်ဖေါ်လေးဆီမှာ ဖွင့်ထုတ်လိုက်တဲ့အခါ သူ…………တစ်စုံတစ်ခု ဖြစ်သွားလေမလား။ မေးခွန်းများစွာနဲ့ပဲ တချို့နေ့တွေဆို ကိုယ့်နှုတ်ခမ်းကိုယ် ဇစ်ပိတ်ထားလိုက်မိရဲ့။

ရူးလောက်တယ် ဆိုတဲ့ စကားတစ်ခွန်းကိုပဲ အထပ်ထပ်အခါခါ အော်နေမိတယ်။ ဟုတ်တယ်။ ရူးလောက်တယ်။ ရူးလောက်တယ်။ ကိုယ်စွန့်ခွာသွားချင်တာတွေ အများကြီးပဲ။ ကိုယ် ဆုပ်ကိုင်ထားချင်တာတွေ အများကြီးပဲ။ ကိုယ် ပြန်လှည့်ချင်မိတဲ့ အချိန်တွေမှာ ဘာတွေကို ဖျက်လို့ ဘာတွေကို ချန်ထားမယ် ဆိုတဲ့အသိ ခုထိ မသိသေးဘူး။ သေချာတာတစ်ခုကတော့ တစ်စုံတစ်ခုကိုလိုချင်ရင် တစ်စုံတစ်ခုကို စွန့်လွှတ်ရမယ် တဲ့။ ကိုယ်ဘာကိုလိုချင်တာလဲ စဉ်းစားဖို့တော့ လိုနေပြီ။

“ကိုယ်လိုချင်တာ မေတ္တာတရားဆိုရင် သူ့ဆီကနေ ဘာအကူအညီမှမတောင်းမိပါစေနဲ့။ ရိုးရှင်းတဲ့ မေတ္တာတရားကိုသာ စိတ်လွတ်ကိုယ်လွတ် လက်ခံလိုက်ပါ” တဲ့။
“ကိုယ်လိုချင်တာ အကူအညီလား သူ့ဆီကနေ မေတ္တာတရားကို မမျှော်ပါနဲ့ ။ ရိုးရှင်းတဲ့ ကူညီမှုကိုသာ အပြန်အလှန်အနေနဲ့ ဖေးမဖို့ပဲ လိုအပ်တယ်” တဲ့။

ကိုယ့်ကို ဆုံးမတဲ့ စကားနှစ်ခွန်းကို ကြောင်ကြောင်အအကြည့်ရုံကလွဲလို့ ကိုယ် ဘာမှမတတ်နိုင်ခဲ့ဘူး။ ကိုယ်လိုချင်တာ မေတ္တာတရားလား၊ အကူအညီလား မဝေခွဲနိုငသေးဘူး။ ကိုယ်လိုချင်တာ ဘာလဲ။ ကိုယ်လိုချင်တာဘာလဲ။ ကိုယ်လိုချင်တာ ဘာလဲ ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကိုယ့်မျက်လုံးကိုယ် အိပ်ခိုင်းနေပါတယ်။ ပစ္စုပ္ပန်မှာ အဖြေမရတောင် အိပ်မက်မှာ အဖြေရမလားလို့…….။

တစ်ခါတစ်ခါ ကိုယ် သိပ်ထွက်ပြေးချင်တာပဲ။ ကိုယ် မဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်ကို တစ်ခါရောက်တိုင်း ရင်ထဲမှာ ကြောက်စိတ်တွေလျှံတက်တယ်။ ကိုယ် တစ်စုံတစ်ယောက်ကို ပိုမျှော်မိလေပဲ။ ကိုယ့်လက်ကို ကမ်းလို့ အတူတကွ ရင်ဆိုင်မယ်ဆိုတဲ့ လက်တစ်စုံ။ တစ်ခါတုန်းကတော့ ကိုယ့်မှာ လက်တစ်စုံရှိခဲ့ဖူးတာပဲ။ ခုတော့ ကိုယ့်မှာ ဘာလက်တစ်စုံမှ ရှိမနေခဲ့ဘူး။ ကိုယ် ခု မဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်ကို ရောက်နေတယ် ဆိုတဲ့ အသိကြီးကို ဦးနှောက်ကနေ ဖျက်လို့မရဘူး။ ကိုယ် မျှော်လင့်နေတဲ့ လက်တစ်စုံဟာ ဘယ်နေရာကနေရောက်လာမှာလဲ ကိုယ်မသိဘူး။ ကိုယ် တကယ်မသိဘူး။

အဖြေမရှိမေးခွန်းတွေနဲ့ အဖြေမသိ မေးခွန်းတွေနဲ့ ကိုယ့်ကမ္ဘာက ဒီနေ့မှပိုမှောင်မိုက်နေသလို ထင်ရတယ်။ ကိုယ် တကယ်ကြီး ထွက်ပြေးချင်နေတယ်။ တကယ်ကြီး ထွက်ပြေးချင်နေပါတယ်………..။
တစ်ကိုယ်စာ ပန်းတိုင်ပေမယ့် နည်းနည်းတော့ ခက်ခဲတယ် ထင်လာမိပြီ။ အဝေးပြေးချင်နေတဲ့ စိတ်တွေနဲ့......။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်