---+++---
(၁)
“မြား..။ ဒါ မြားလား။”
မပီမသ ရေရွတ်မိလိုက်တယ်။ မှန်သားကိုယ်စီဖုံးအုပ်ထားတဲ့ မျက်ဝန်းအစုံရဲ့
ထပ်တူကျအကြည့်ဟာ လေးနက်ဖေါက်ဝင်သွားမတက်။ မျက်သားဖြူဖြူထက်က
မျက်နက်ဝန်းတွေကိုကြည့်ရင်း ကိုယ့်မျက်လုံးကို ပြန်ဆွဲထုတ်ရတာ ခက်တယ်။ ကားအနက်ကို
မှီလို့ လက်ပိုက်ရပ်နေတဲ့ သူ့ဟန်ပန်ဟာ ကိုယ့်အတွက် ဘာတစ်ခုမှ အဓိပ္ပါယ် မရှိပါဘူး။
အဓိပ္ပါယ်ရှိလိုက်တာကသူ့မျက်ဝန်းနဲ့ ထပ်တူကျ သွားစိုက်လိုက်မိတဲ့
ကိုယ့်မျက်ဝန်းတွေ။
မျက်ဝန်းနှစ်ခု တကယ်ဆုံစည်းပြီဆိုရင် အခုလို လေးနက်သွားတဲ့ ခံစားမှုမျိုးရှိကြောင်း
သိတာ ဒါ ပထမဆုံးပဲ။ သူ့မျက်ဝန်းနဲ့ ကိုယ့်မျက်ဝန်းမှာ ဘာအဓိပ္ပါယ်မှ မပါ ပါဘဲ
ထပ်တူကျဆုံစည်းမိလိုက်ရုံလေးနဲ့ ဒီလောက်ထိ လေးနက်သွားသတဲ့လား။ နှလုံးသားမှာ
ရစ်သိုင်းလာတဲ့ လေးလေးပင်ပင်နဲ့ ငြိမ့်ညောင်းလာတဲ့ တိမ်သားလေးတွေ။
ဒါဘယ်လိုခံစားချက်မျိုးလဲ။ ဟင့်အင်း။ ကိုယ် အဓိပ္ပါယ်မဖေါ်တတ်ဘူး။
မျက်ဝန်းတွေ ဆုံဖူးတယ်။ သိပ်ဆုံဖူးတယ်။ ပူလောင်နေတဲ့ မျက်ဝန်းတွေကို ကိုယ်က
ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ ဒါပေမယ့် ထပ်တူမကျဘူး။ အေးစက်နေတဲ့
မျက်ဝန်းတွေကို ကိုယ် ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ အရောင်တွေ
ထပ်တူမကျခဲ့ဘူး။ ခု ကျွဲကော်ကိုင်းလို့ ခေါ်မလား။ မျက်မှန်အနက်ရောင်အောက်က
မျက်ဝန်းတွေမှာ ကိုယ့်မျက်ဝန်းတွေက
ထပ်တူကျသွားစိုက်နေခဲ့သတဲ့။ကပြာကသီပြန်လွှဲလိုက်ပေမယ့် မျက်သားဖြူဖြူနဲ့
မျက်နက်စေ့လေးဟာ ကိုယ့်နှလုံးသားထဲပါလာတယ်။ ဘယ်လို ရှောင်ရမယ်မှန်းကို မသိဘူး။
ဒီနေ့ ပန်းဆိုးတန်းမှာ မျက်ဝန်းတစ်စုံနဲ့ တွေ့ခဲ့တယ် လို့ ဒိုင်ယာရီစရေးကြည့်ရင်
ကောင်းမလားဟင်။ အဟင်း ကိုယ်ဆိုတာ စာရေးချင်ပေမယ့် စိတ်ကူးယဉ်ဆန်ဆန်
နုလှနေတတ်တဲ့သူမှမဟုတ်ဘဲ။ ကိုယ့်စိတ်ကူးကို ချက်ချင်းပဲ ပယ်ဖျက်လိုက်မိတယ်။
--+++---
ဟော တွေ့ပြန်ပြီ။ သူနဲ့ ကိုယ်နဲ့ ပြန်တွေ့မယ်လို့ မှန်းမထားမိလို့လားပဲ။
တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားက သိပ်အသံကျယ်တယ်။ သူ ကြားသွားနိုင်လားဟင်။
သူ့မျက်မှန်အကြည်အောက်က မျက်နက်ဝန်းလေးတွေ ကိုယ့်ဘက် ခဏခဏလာစိုက်ကြည့်နေကြတယ်။
ဟင့်အင်း။ ကိုယ် မျက်ဝန်းချင်းမဆုံဝံ့ဘူး။ မျက်ဝန်းဆုံ ရင်ခုန်တခဏနဲ့ အချစ်
ဆိုတဲ့အရာလို့ လက်မခံချင်ပါဘူး။ ငုံ့ထားတဲ့ ခေါင်းကြီးဟာ ကြာလေလေ လေးလာတယ်။
ကိုယ်ကိုင်ထားတဲ့ စာရွက်ဖြူလေးတောင် ကိုယ့်အကြည့်တွေအောက် အပြာရောက်လုလု
ဖြစ်နေပြီထင်ပါရဲ့။
ဇွန် ၂၈ ဖွားတွေဟာ စိတ်ဓါတ်က တစ်ဖက်စွန်းရောက်တယ် တဲ့။ တစ်ခုခုကို လက်ခံသွားပြီဆို
သေရာပါထိ ဖျောက်ရခက်ရော ဆိုပါ့လား။ ဖတ်နေမိတဲ့ဗေဒင်စာရွက်ကို
ဖျတ်ခနဲလွှတ်ချမိမတက်ပဲ။ ဒါဆို နောက်တစ်နေရာရာမှာ ကြုံဆုံမိလို့များ သူနဲ့
တွေ့ဦးမယ်ဆို သူ့မျက်ဝန်းတွေကို ကြည့်ဖို့ ကိုယ်ကြောက်နေမိဦးမလား။ အိုး
ကြောက်နေမိတာ တဲ့။ ကိုယ့်ကိုယ် ကိုယ် မသိလိုက်မိခင်မှာပဲ ထွက်သွားတဲ့ ဒီစကား။
ကိုယ်ဘာကို ကြောက်နေခဲ့တာလဲဟင်။
“ဗိုလ်ကလေးဈေး ပန်းဆိုးတန်း မော်တင်..”
စပယ်ယာကလည်း တောက်လျှောက် အော်နေတယ်။အိုး ကိုယ့်ရင်မှာ ထိတ်ခနဲ ဖြစ်သွားပါ့လား။
နေရာလွတ်သွားတဲ့ ကိုယ့်ဘေးမှာ သူဝင်ထိုင်တယ်။ တော်တော်လေးကြာတော့
“ဒါ ညီမအတွက် ဗေဒင်လား”
ရယ်ဟဟမေးလာတဲ့ သူ့စကားကို ကိုယ်ဘယ်လိုပြန်ဖြေရမလဲမသိဘူး။ သူ့အပြုံးလေးက တစ်ခုခုကို
ကြည်နူးနေဟန်လေးနဲ့။ ဘာအကြောင်းကြောင့်ပါလိမ့် လို့တွေးရင်း
ခေါင်းညိတ်ပြမိလိုက်တယ်။ မျက်နှာဖြူဖြူစင်စင်နဲ့ လူရည်သန့်လေးဆိုတော့ မကောင်းတဲ့
စိတ်ထားတော့ မရှိလောက်ဘူးထင်ပါရဲ့။
ဖျတ်ခနဲ သူ့အိပ်ကပ်ထဲကနေ ဆွဲထုတ်ပြလာတာကသူ့ဝန်ထမ်းကဒ်လားဟင်။ ဘာ့ကြောင့်လဲတွေးရင်း
ငေးကြည့်မိလိုက်တော့ မြင်လိုက်ရတဲ့ မွေးနေ့လေး။ အိုး သူလည်း ဇွန် ၂၈ ဖွား ပဲ။
“အစ်ကို က စနေနေ့ မွေးတာလေ ၁၉၈၀ ညီမကော”
“အယ် ပိုအံ့သြဖို့ကောင်းသွားပြီ ညီမလည်း စနေပဲ ဒါပေမဲ့ ၁၉၈၆ခုနှစ်”
“ညီမက ဘာအလုပ် လုပ်တာတုန်း တမျိုးမထင်နဲ့နော် အစ်ကိုက တိုက်ဆိုင်မှုတွေကို ယုံတယ်
အစ်ကို့မွေးနေ့က ဇွန် ၂၈ မှန်သလို စနေနေ့လည်း ဖြစ်နေတယ် အစ်ကိုဆိုရင်
စာရေးဆရာဘဝကို ခံယူထားသူ နောက်ပြီးတော့ အစ်ကို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က
မဂ္ဂဇင်းအယ်ဒီတာလေ ဒါ့ကြောင့်မေးကြည့်တာပါ”
ဟင့်အင်း။ ဒီအသံကြည်ကြည်လေးက ညာနေတာမဟုတ်ဘူး။ ကိုယ်လည်း စာရေးဝါသနာပါသူတစ်ဦးပဲ။
ဒီအသံကြည်ကြည်လေးက ညာနေတာမဟုတ်ဘူး။ ပိုသေချာတာက ဇွန် ၂၈ ဖွားတွေက
စိတ်ဓါတ်ခိုင်မာသလို လူယုတ်မာတစ်ယောက် မဟုတ်ဘူး ဆိုတဲ့ အသိ။ ကိုယ်တိုင်ကလည်း ဇွန်
၂၈ ဖွားဆိုတော့ ဒီအသိကို ယုံတယ်။ ဖျတ်ခနဲအတွေးတစ်ခုဝင်လာတာနဲ့ မေးလိုက်မိတယ်။
“ကျောင်းပြီးပြီလား အစ်ကို ဘာမေဂျာနဲ့လဲ”
“ရူပဗေဒ နဲ့လေ ညီမကော”
“အစ်ကို့အသက် ၂၈ နှစ်တုန်းက အစ်ကို ဘာအလုပ် လုပ်ခဲ့လဲ”
“အဟင်း ပြောရမယ်ဆိုရင်တော့ ရှက်စရာပဲ အစ်ကို့အသက် ၂၇၊ ၂၈ ဘာအလုပ်မှ မလုပ်ခဲ့ဘူး”
“ဒါဆို ခု ညီမလည်း အလုပ်ရှာနေတဲ့သူဆိုတာ မပြောလည်းဘဲ သိမှာပေါ့နော်”
အိုး စိုက်ကြည့်မိပြန်ပြီ။ ဒီမျက်ဝန်းဖြူတွေနဲ့ တွေ့ဆုံမှုဟာ ဒီလောက်ထိ
အင်အားပြင်းသတဲ့လား။ လွှဲဖယ်ဖို့ ခက်တယ်။ တဒိတ်ဒိတ်ခုန်လာတဲ့ နှလုံးခုန်သံကို
ပိုမကျယ်လောင်စေဖို့ ဘယ်အရာနဲ့ တားဆီးရမလဲဟင်။
“ဒီမှာ အစ်ကို့လိပ်စာကဒ် .. တစ်ချိန်ချိန် စာပေလမ်းမှာ တွေ့မယ်လို့ ယုံကြည်တယ်ကွာ
ကိုယ်တို့ ဇွန် ၂၈ ဖွားဆိုတာက လိုချင်တာရှိပြီဆိုရင် မရမကကြိုးစားတတ်တဲ့သူမျိုးတွေမဟုတ်လား”
ပြောပြောဆိုဆို လိပ်စာကဒ်ပေးပြီး ဖျတ်ခနဲ ထထွက်သွားတဲ့ သူ့ကို ကျွန်မ
မတားလိုက်မိဘူး။ ကျွန်မ သူ့လိုမျိုး ဖြစ်လာမှာလားဟင်။ သူ့လိုမျိုး စာရေးဆရာ
ဖြစ်လာမှာလား။ လိပ်စာကဒ်က တွေ့နေရတဲ့ အမည်နာမဟာ ကြောက်ဖို့ကောင်းလွန်းတယ်။
ဒီကလောင်နာမည်ကို ပိုင်ထားတဲ့ စာရေးဆရာကို ကိုယ် သိပ်သိတာပေါ့။ ဒါမေယ့်
ကိုယ်ရေးမှာက ဒီလမ်းစဉ်မဟုတ်ဘူး။ ကိုယ် ထုဆစ်မှာက ဒီလမ်းစဉ်မဟုတ်ဘူး။
--++++----
ကိုယ်
လွန်သွားလားဟင်။ အမှန်ဆို နှစ်ကြိမ်မြောက်တွေ့ရုံလေးနဲ့၊ ဘက်စ်ကားပေါ်မှာ
ခုမှတွေ့တဲ့သူနဲ့ စကားလက်ဆုံကျတတ်တဲ့အကျင့် ကိုယ့်မှာ မရှိပါဘူး။ ကိုယ့်ကို
လှည့်ကြည့်လို့ လက်ပြပြီး ကားပေါ်က ဆင်းသွားတဲ့ သူ့မျက်နှာမှာ မျက်ဝန်းလက်လက်လေးတွေ
ကိုယ်တွေ့တယ်။ ဒါ ဘယ်လိုမျက်ဝန်းလို့ အဓိပ္ပါယ်ဖေါ်ရမလဲဟင်။ ကိုယ့်မျက်ဝန်းဟာလည်း
တစ်လက်လက်နေမှာပါပဲ။ သူနဲ့ နောက်တစ်ကြိမ် ဆုံကို ဆုံမှာပါ ဆိုတဲ့ မျှော်လင့်ချက်ကလေး
နဲ့ ကိုယ့်မျက်ဝန်းတွေ လက်နေခဲ့မယ်ထင်ပါရဲ့။ သူ မြင်ပါ့မလားဟင်။
အိုး
ကိုယ့်နာမည်လေးတောင် သူ့ကို မပြောလိုက်ရပါ့လား။ ဒီအသိနဲ့ စိတ်မှာ
ညွတ်ညွတ်နူးနူးဝမ်းနည်းမိသွားတာ သူ သိစေချင်ပါရဲ့။
(၂)
စာမူလက်ခံနေတဲ့
ရုံးစာရေးလေးကိုကြည့်ပြီး သူကော ရှိသလား လို့ မေးချင်လိုက်တာ။ ဒါပေမယ့်လည်းကွယ်
ကိုယ်မမေးရဲပါဘူး။ ကိုယ်က ခုမှ စာပေလောကထဲ တိုးဝင်မယ့် ကလောင်သစ်မဟုတ်လား။
အယ်ဒီတာကြီးရဲ့ နာမည်ကို ရွတ်လိုက်ရင် ရုံးစာရေးရဲ့ အမြင်မှာ
တစ်မျိုးဖြစ်သွားနိုင်တယ်။ နောက်ပြီး ကိုယ်က မိန်းမသားပါ။ ကိုယ့်ဘက်က စပြီးတော့
သူ့အကြောင်းကို မေးဖို့ ဆိုတာကို အလိုလိုတားမြစ်ထားမိတယ်။ မြင်းကမလှုပ် ခုံကလှုပ်
ဆိုတဲ့ စကားပုံလို မဖြစ်ချင်ဘူး။ သူတောင် သူ့လိပ်စာကဒ်သာပေးခဲ့တာ၊ ကိုယ့်ဆီက
ဖုန်းနံပါတ်လေးတောင် တောင်းဖို့ စိတ်မှမကူးခဲ့ဘဲ။ ဘာလိုလိုနဲ့ သူနဲ့ တွေ့ခဲ့တာ
သုံးလတောင် ကြာခဲ့ပေါ့။ ဒီအတောအတွင်း တစ်ခေါက်မှ မတွေ့ရသေးတော့ သူလည်း ကိုယ့်ကို
မေ့လောက်ပြီထင်ပါရဲ့။ အိုး မမေ့စေနိုင်တဲ့ အကြောင်းအရာတစ်ခု
သူနဲ့ကိုယ့်ကြားရှိတယ်မဟုတ်လား။ သူနဲ့ကိုယ်က စနေ ဇွန် ၂၈ ဖွားတွေလေ။
ဒီတစ်ခုတည်းနဲ့ သူ ကိုယ့်ကို သတိရနေမယ်လို့ ယုံကြည်မိလိုက်ပါရဲ့။
“ကိုကြီးရေ
ဒီကလောင်ကို သေချာမှတ်ထား သိလား ရွေး ဆိုတဲ့ ကလောင်ပိုင်ရှင်လေးက ကိုကြီးနဲ့
စကားလက်ဆုံကျဖူးတဲ့ ကလေးမလေးမှန်းသိရင် ကိုကြီး ပြုံးမိမယ်ထင်ပါရဲ့နော်”
ဟော
ကြည့်။ စာပေတိုက်ကနေ ထွက်လာလို့ ဘက်စ်ကားမှတ်တိုင်တောင် ရောက်ပြီ။ ခုထိ သူနဲ့
မတွေ့လိုက်ရသေးလို့ ခံစားနေရတာများ စိတ်ထဲမှာ တနုံ့နုံ့နဲ့ တဲ့လား။ ဘာရယ် ဘာရယ်
ကိုကြီး တဲ့။ ရွေး သိပ် အညှာမလွယ်နဲ့ဟယ်။ သူရေးတဲ့စာပေလမ်းကြောင်းနဲ့ ညည်းရေးတဲ့
စာပေလမ်းကြောင်း ဆန့်ကျင်ဘက်ဆိုတာ ညည်းအသိဆုံးနော်။ နောက်ပြီး
သူ့ပြင်ပနေထိုင်မှုဟာ ဘယ်လောက်ထိပွေပွေရှုပ်ရှုပ်ဆိုတာကို
စာပေလောကထဲဝင်ဖို့ကြိုးစားနေသူဖြစ်ပြီး မသိဘူးဆိုရင်တော့ ညည်း သိပ်ညံ့တာပေါ့ လို့
ကိုယ့်ကိုယ်ကိုယ်ဆူမိတော့ နှလုံးသားလေးတောင် တိတ်ဆိတ်သွားတာများ။ မိုးအုံ့အုံ့မှာ
ရေသန့်ဗူးနှစ်ဗူးကုန်သည်ထိ ရေသောက်လိုက်မိသတဲ့။
ပြောရသိပ်ခက်တယ်
ရွေးရယ်…။
--+++---
ခုနှစ်စင်ကြယ်တောင်
အမြီးထောင်ပြီးလို့ မောင်ရင်ဆိုင်းထမ်းကြယ်လေးတွေတောင် ပျောက်လုလု ဖြစ်တော့မယ်။
ရွေးခုထိ အိပ်မပျော်နိုင်သေးဘူး။ အလုပ်လျှောက်လွှာမှာ ဖြည့်တာများ ဘာခက်မှာလဲကွယ်။
စာစီစာရိုက်ကလေးများ ဘာပင်ပန်းတာမှတ်လို့။ ကိုယ်ကိုယ်တိုင် တတ်ကျွမ်းသလို
ကိုယ်သိပ်သဘောကျတဲ့ စာပေတိုက်က ခေါ်တာလေ။ ဟင့်အင်း။ ဟင့်အင်းကွယ်။ သူနဲ့
သိပ်ရင်းနှီးသွားမှာ ကြောက်တယ်။ ဒါပေမယ့်လည်း ရင်းနှီးဖို့အခွင့်အရေးကို
စွန့်လွှတ်လိုက်ရမှာကို ပိုကြောက်မိတယ်။
ဘောပင်ကို
ဟိုယိမ်းဒီယိမ်းနဲ့ ဆော့ကစားနေမိတုန်းပဲ။ ကျိန်းစပ်နေတဲ့ မျက်ဝန်းတွေကလည်း
ပြတင်းပေါက်ကတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်မိနေတုန်းပဲ။ စာကြည့်စားပွဲမှာတော့
ကိုယ့်ကိုကြိုနေတဲ့ လျှောက်လွှာလေးတစ်စောင် ရှိနေလေရဲ့။ သေချာပါတယ်။ ကိုယ်
လျှောက်လွှာမှာ ဖြည့်မိလိုက်တော့မယ်။
--++++---
“ဆရာလာပြီဆိုတာနဲ့
မနက်တိုင်းသူက ကော်ဖီတစ်ခွက်ဖျော်ခိုင်းလိမ့်မယ် ဆရာ့အကြိုက်က ……”
အရှေ့ကနေ
စကားဆိုပြီး တောက်လျှောက်သွားနေတဲ့ သတင်းထောက်ကလေးရဲ့စကားကို ကိုယ်
သေချာနားထောင်စရာမလိုပါဘူး။ ကိုယ့်ရဲ့အယ်ဒီတာကြီး ဘာကြိုက်တတ်တယ်ဆိုတာကို ကိုယ်က
သူ့စာတွေဖတ်ရုံနဲ့ သိပြီးသား။ သူ့ရဲ့မနက်ခင်းများ ဆိုတဲ့ ရသစာတမ်းမှာ သူ့ရဲ့
မနက်ခင်းလှုပ်ရှားပုံတွေကို သူရေးထားတယ်။ သူရေးတဲ့ ကျွန်တော်နဲ့ မိတ်ကောင်းဆွေမွန်
ဆိုတဲ့ ဆောင်းပါးမှာ သူ့ရဲ့ ခင်မင်နေကျ သူငယ်ချင်းတွေ ပါတာကိုလည်း သိတယ်။ ပြီးတော့
သူရေးတတ်တဲ့ မော်ဒန်လို့ ပြောတဲ့စာကအစ သူရေးတတ်တဲ့ နိုင်ငံရေးအကြောင်း အို
သူနဲ့ပတ်သတ်တာမှန်သမျှ အကုန်ဖတ်ထားတယ်မဟုတ်လား။
အိုး
လှလိုက်တာ။ အတွေးမဆုံးခင်ဘဲ ကိုယ်အလုပ် လုပ်ရမယ့် ထိုင်ခုံဆီရောက်လာပါပေါ့လား။
ကိုယ်ထိုင်ပြီး အလုပ်လုပ်ရမယ့် ကွန်ပျူတာထိုင်ခုံလေးက သိပ်လှတာပဲ။
စာရေးဆရာဖြစ်ချင်တဲ့ “ရွေး” ဆိုတဲ့ ကလောင်တစ်ချောင်းကို မသိရင်နေပါ။ ထက်ဆုဝေ
ဆိုတဲ့ နာမည်လေးနဲ့ ကွန်ပျူတာစာစီသူလေးကို မြင်ရင် သူ မှတ်မိမှာပါနော်။ ရွေး
ဆိုတဲ့ ကလောင်က အဆိုးမြင်ဝါဒီနဲ့ ခေတ်ရှေ့လွန် ယဉ်ကျေးမှုအပျက်တွေကို
ရှောင်ရှားစေဖို့ ပညာပေးလေးတွေ ရေးမယ့် ကလောင် ပါ။ ဘယ်သူသိသိ မသိသိ၊
ကိုယ့်အသိနဲ့ကိုယ် ကိုယ်ရေးတဲ့ စာရဲ့ သိက္ခာကိုထိန်းနိုင်ရုံနဲ့ ဂုဏ်ယူတယ်။
(၃)
“အမှန်ဆို
ဒီထက် ရင်းနှီးအောင် လုပ်သင့်တယ်မဟုတ်လား။ အိုး ဒုတိယအကြိမ်မြင်ရုံနဲ့
လိပ်စာကဒ်ပေးလိုက်တာတောင် လွန်ပြီမဟုတ်ဘူးလား။ ဒါပေမယ့်လည်း
ဖုန်းနံပါတ်မတောင်းလိုက်ရတဲ့အတွက် သူ့စိတ်ထဲ ဘယ်လောက်ထိ နှမြောနေလဲဆိုတာ
သူကိုယ်တိုင်ပဲ သိတယ်။ ဖုန်းနံပါတ်မဆိုထားနဲ့။နာမည်တောင် မမေးခဲ့လိုက်ရပါဘူး။
သူ့လိုပဲ မျက်မှန်တပ်ထားတဲ့ ကောင်မလေးဟာ သူ့လို စိတ်ထားသာ ရှိခဲ့မယ်ဆိုရင်
သူလျှောက်နေတဲ့ စာပေလမ်းမှာ တစ်နေ့ တွေ့ကိုတွေ့မှာလို့ သူ ယုံကြည်နေမိတာတော့
အသေအချာပဲ။”
စာ
ရိုက်နေရင်း ကျေနပ်ပြုံး ပြုံးမိသွားတယ်။ ခံစားရသမျှ စာထဲမှာ ဖွင့်ဆိုတတ်တဲ့
သူ့အကျင့်လေး သိပ်ချစ်ဖို့ကောင်းတာပဲ။ သူလည်း ကိုယ့်ကို သတိရနေတယ်
ဆိုတဲ့ခံစားမှုကို ဒီစာမူလေးမှာ တွေ့လိုက်ရတယ်လေ။ ဒီစာပေတိုက်မှာ ကိုယ်ရှိနေတာကို
သူ မသိသေးဘူးမဟုတ်လား။ ခုထိ ခရီးကပြန်မလာသေးတဲ့ သူ တစ်ယောက် ကိုယ့်ကိုများ တွေ့ရင်
ဘယ်လိုများ ခံစားနေမှာပါလိမ့်။
အတွေးနဲ့
အတူ သူ့ရဲ့ “ယုံကြည်စွာ လွမ်း” ဆိုတဲ့ စာမူလေးကို စာဆက်ရိုက်နေလိုက်မိတယ်။
“…”
သိပ်
ညင်သာတဲ့ လမ်းလျှောက်သံလေးပဲ။ ဒုန်းဒုန်းဒိုင်းဒိုင်း လမ်းလျှောက်သံတွေကြားထဲကနေ
ညင်သာချောမွေ့တဲ့ လမ်းလျှောက်သံလေးက အနားကပ်ပြီး တိုးတိုးလေးပြောနေသလိုပဲ။ ဟော
ပျောက်သွားပြီ။
“ကော်ဖီတစ်ခွက်
ဖျော်ခဲ့စမ်းဟေ့”
အိုး
ရင်ထဲမှာ လှိုက်ခနဲ ခုန်သွားသလိုပဲ။ သူ့အသံလေး။ ကိုယ်မှတ်မိတယ်။ စမ်း တဲ့။ ဒါ
ကိုယ်မသိတဲ့ သူ့ရဲ့ နောက်ပုံရိပ်ပဲ။ သူ့အသက်သူ့အရွယ်နဲ့ အယ်ဒီတာတစ်ယောက်
အဖြစ်အောင်မြင်သလို ဘဝပုံရိပ်တွေလည်း အောင်မြင်နေတယ်ဆိုတော့ မာန်တက်နေတဲ့
လေသံလားပဲ။ ဒါ ကိုယ်မသိတဲ့ သူ့ရဲ့ မာန ပုံရိပ်ပေါ့နော်။
“ရွေး
ဆိုတာ ကလောင်သစ်ထင်တယ် စကားပြေချောပေမယ့် အတွေးအခေါ်က ခေတ်နောက်ကျနေတယ် ခေါင်းစဉ်က
စိတ်ဝင်စားစရာကောင်းသလောက် အကြောင်းအရာက ခေတ်နောက်ပြန်ဆွဲနေသလိုကြီး ”
ဟော
ဘယ်သူနဲ့ ပြောနေတာပါလိမ့်။ ဖျော်လက်စ ကော်ဖီကို အပြီးသတ်ဖျော်လိုက်ရင်း
ကမန်းကတန်းနဲ့ အယ်ဒီတာ့ရုံးခန်းကို အပြေးလာလိုက်မိတယ်။ သူ ပြောလိုက်တယ်လေ။ “ရွေး”
တဲ့။
အိုး
မြင်လိုက်ရတဲ့ ဒီမြင်ကွင်းကို ကိုယ်သိပါတယ်။ ဘာတဲ့။ စဉ်းစားစမ်း၊ စဉ်းစားစမ်း။
ပြတင်းပေါက်ကနေမြင်နေရတဲ့ Life is Good ဆိုတဲ့ ဆိုင်းဘုတ်ကြီးရယ်၊ ပြီးတော့
အယ်ဒီတာ့ခုံမှာထိုင်နေတဲ့ ချစ်တဲ့သူရယ်၊ ပြီးတော့ ကော်ဖီခွက်ကို ကိုင်ထားတဲ့
ဝန်ထမ်းသစ်လေးရယ်။ ဒီမြင်ကွင်းကို ကိုယ်သိတယ်။ လွန်ခဲ့တဲ့လေးနှစ်က သူရေးတဲ့
စာမူထဲမှာပါတာမဟုတ်လား။ စာမူခေါင်းစဉ်က “မ နဲ့ ကျွန်တော်” တဲ့။
ခု
“သူနဲ့ ကိုယ်” ပေါ့။
မွေးနေ့မွေးရက်တွေတိုက်ဆိုင်တိုင်း
ကံကြမ္မာချင်းကော တိုက်ဆိုင်တတ်သလား။ ဟင့်အင်း။ ကိုယ်သာ သူ့နေရာမှာဆို
ဆိုရှယ်ကျတတ်တဲ့ မ ကို ပြုပြင်ကြည့်ဦးမှာ။ လွယ်လွယ်နဲ့ လက်မလွှတ်ဘူး။ ဟင် ဒါဆို
သူ့ကိုလည်း ပြုပြင်မယ်လို့ ကိုယ်က တွေးနေမိတာပေါ့။ ဟော သူ့ရှေ့မှာ ထိုင်နေတာက
ကိုဇော်သူရ ပါ့လား။
“လာ
ရွေးရေ ”
ကိုဇော်သူရ
အသံကြောင့် ကိုယ့်ဘက်လှည့်ကြည့်လာတဲ့ မျက်ဝန်းကြည်ကြည်လေး။ ပထမတော့ မျက်လုံးသေ။
ဟော ခုတော့ တစ်လက်လက်နဲ့ပါလား။ ကျေနပ်သွားတဲ့ မျက်ဝန်းတွေလားဟင်။ ကော်ဖီခွက်ကို
သူ့ရှေ့ချပေးပြီး လှည့်ထွက်ဖို့ပြင်တော့ ကိုဇော်သူရက တားတယ်။ သူ ခုထိ ဘာမေးခွန်းမှ
မထုတ်သေးဘူး။
“ကိုမင်းရေ
ရွေးက ဒီမှာ အလုပ် ရတယ်ဆိုလို့ ဝမ်းသာနေတာ ဂရုစိုက်ပေးပါဗျာ ဒါ
ကျွန်တော့်မိန်းမရဲ့ ဝမ်းကွဲညီမလေးပါ”
“သူ့နာမည်က ရွေး တဲ့လား”
“အော် မဟုတ်ဘူး ကလောင်နာမည်က ရွေး ၊ နာမည်ရင်းက ဇာမဏီ တဲ့ စောနက ကိုမင်းဖတ်တဲ့
စာမူက ရွေးရဲ့စာမူပေါ့ ဟုတ်တယ်နော် သူက နည်းနည်းတော့ ခေတ်နောက်ကျနေတယ်”
အားနာတဲ့
သဏ္ဍာန်နဲ့ ပြုံးလိုက်တဲ့ သူ့အပြုံးကို ကိုယ် လက်ခံပါတယ်။ စိတ်ချ။
ရှင်ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ရှင့်ကို ပြောင်းလဲပစ်မှာရှင့် လို့လည်း စိတ်ထဲက
ကြိမ်းဝါးလိုက်မိသေးရဲ့။ ဘာတဲ့။ မှတ်မိပါသေးတယ်။
---++--
“မှားပြီ မောင်၊ မောင်က လက်ထပ်ဖို့ ပြောလာရင် မ လည်း ငြင်းမှာပါ ဘာ့ကြောင့်ဆိုတာ
မောင်သိလား..”
“အဟင်း ဟုတ်တယ် မောင် ကိုယ့်ထက် အသက်ခုနှစ်နှစ်ငယ်တဲ့ ကလေးတစ်ယောက်ကို
လက်ထပ်ဖို့ကို မလိုလားသလို သာမန်ယောက်ျားတစ်ယောက်ကိုလည်း မ လက်မထပ်ချင်ဘူးကွယ်
အချစ်ရဲ့ အဆုံးသတ်က လက်ထပ်ခြင်းလို့ ဘာ့ကြောင့် မောင် သတ်မှတ်ထားတာလဲဟင် ဒီတိုင်း
မြတ်နိုးနေရုံနဲ့ မရဘူးလားဟင်”
ခေတ်မီခေတ်ဆန်ပါတယ် ဆိုတဲ့အတွေးပိုင်ရှင် သူတောင် မ ရဲ့ အတွေးကို
လိုက်မမီခဲ့ဘူးမဟုတ်လားလေ။ ယောက်ျားလေးတွေနဲ့ အရင်းနှီးလွန်ကဲသူ၊ ညစာစားပွဲတိုင်း
မလွတ်တမ်းတက်တတ်သူ၊ ဝိုင်မက ဘရန်ဒီမရ ဆိုတဲ့အဆင့်။ အိုး မ
အလုပ်ထွက်သွားပြီးနောက်ပိုင်းမှာ မမအကျင့်တော်တော်များများ သူ့ဆီမှာရှိခဲ့ပါ့လား။
---+++---
ဒါ
သူ့ရဲ့ စာမူထဲက စာသားလေးတွေလေ။ ကိုယ် အလွတ်ရတယ် ။
ခု
သူနဲ့ ကံကြမ္မာတူမလားတော့ မသိနိုင်ပေမယ့် သူတွေးသမျှ ထပ်တူကျလိုက်တွေးနိုင်မယ့်
ကိုယ့်ကို သူ ဘယ်လိုနည်းနဲ့များ ချည်းကပ်မှာလဲ သိချင်ပါသေးရဲ့။ မိန်းမသားတို့ဗီဇအရ
ကိုယ်သိပါတယ်။ ကိုယ့်ကို ကြည့်တဲ့ မျက်ဝန်းလေးတွေ တစ်လက်လက်တောက်ပနေတယ်။
(၄)
ဟော
ကိုယ်တွေ့ပြန်ပြီ။ ဒီလူကြီး ပြုံးပြုံးနေတာ။ သူနဲ့ကိုယ်မှာ ကိုယ်က သူ့ထက်
အသက်ငယ်သွားတာဘာ့ကြောင့်လဲ။ ခုတော့ ကိုယ်က အသက်ငယ်တော့ ကိုယ့်အနာဂတ်ကို ဒီလူကြီးက
တွက်ချက်ပြီးသား ဖြစ်နေပြီ။ ကဲ ဘယ်လိုလုပ်ရမလဲလေ။
ရွေး ဆိုတဲ့ ကလောင်နဲ့ ကိုယ်က မြန်မာမိန်းမသားတွေရဲ့ ယဉ်ကျေးမှုနဲ့
အစဉ်အလာစဉ်းမျဉ်းကို ထောက်ခံကြောင်း ရေးသားထုဆစ်မယ့်သူ။ နောက်ပြီးတော့
ကိုယ်ကိုင်မယ့်ကလောင်က နိုင်ငံရေးကို မထိခိုက်မယ့် အဖွဲ့အနွဲ့။ ဒီလူကြီးက
ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ တစ်ခြားစီ။ ကဲ ဒီလိုလူနှစ်ယောက်ကြား
ညီမျှခြင်းချဖို့ကြိုးစားနေတာ ကိုယ်မှားပြီလား။ မှားပြီထင်တယ်။
အတွေးနဲ့အတူ
သက်ပြင်းချမိရင်း ရေကို တစ်ကျိုက်တည်းနဲ့ ခွက်ပြည့်မော့သောက်မိပေါ့။ ရင်ပူတယ်
ကိုကြီးရယ် လို့လည်း တီးတိုးလေး ရေရွတ်မိလိုက်သေးတယ်။
“တီးန်”
ကြားလိုက်ရတဲ့အသံကြောင့်
ကွန်ပျူတာကိုလှည့်ကြည့်မိလိုက်တယ်။ ဟော ကွန်ပျူတာမှာ
မက်ဆေ့ဂ်ျတစ်စောင်ဝင်နေတယ်ဆိုပါ့လား။ နက်ဝက်ခ်ချိတ်ထားတဲ့ ဆီက ပို့တာဆိုတော့
ဒီမဂ္ဂဇင်းတိုက်ကလူပဲ ပို့တာနေမှာ။ ကွန်ပျူတာထိုင်ခုံမှာ ထိုင်နေတဲ့လူက သူနဲ့ကိုယ်
နှစ်ယောက်တည်းလား။ ဒီလူကြီး အယ်ဒီတာခန်းမှာမနေဘဲ ကွန်ပျူတာခုံမှာ ဘာလို့
လာထိုင်နေတာပါလိမ့်။ ဖွင့်ကြည့်ရမလား။ ဖွင့်မကြည့်ရဘူးလားဟင်။
ဝေခွဲမရတဲ့အတွေးတွေနဲ့ နောက်တစ်ခေါက် သူ့ဆီ ထပ်ကြည့်လိုက်မိပြန်တယ်။
အိုး
သေစမ်း…။ ဒီမြားနှစ်စင်း ဆုံပြန်ပြီ။ သူ့မျက်သားဖြူဖြူလေးနဲ့
သူ့မျက်နက်ဆံလေးတွေကနေ ဘယ်လိုမှ ရုန်းထွက်မရတော့ဘူးလား။ မဟုတ်ဘူးနော်။ ဇာမဏီဆိုတာ
စိတ်ဓါတ်ပျော့ညံ့သူမဟုတ်ဘူး။ ဇွန် ၂၈ ဖွား ဆိုတဲ့အတိုင်း မှန်ရာကို
တဇောက်ကန်းလုပ်တတ်သူမဟုတ်လား။ ခု ဒါကြီးမကောင်းမှန်းသိနေတယ်။ ဖယ်..ဖယ်စမ်း။
ဒီမျက်ဝန်းတွေဖယ်ဖို့ကြိုးစားစမ်းလေ။
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်