Tuesday 29 October 2013

မင်္ဂလာပါ ဟုတ်ကဲ့ ဟုတ်ကဲ့ မင်္ဂလာပါ

“မင်္ဂလာပါ ဟုတ်ကဲ့ ဟုတ်ကဲ့ မင်္ဂလာပါ”

မင်္ဂလာပါ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။
အဆုံးသတ်သွားတဲ့ စကားလုံးတွေကို ငေးကြည့်မနေတော့ဘူး။ ဒါ တို့တွေအတွက် နှုတ်ဆက်တေးလို့ မှတ်လိုက်။ စိမ်းသက်သွားတဲ့ စကားလုံးတွေနောက်ကို မင်းလိုက်ကြည့်မယ်လို့လည်း ငါမထင်ပါဘူး။ ဒီကောင်မလေး ဘာအရူးထပြန်ပြီလဲ လို့ပဲ မင်းတွေးမှာ ငါသိတယ်။

နှင်းတွေကျတဲ့ မနက်ခင်းတွေကို delete ဆိုတဲ့ ခလုတ်ကို အပိုင်စားပေးလိုက်ပြီ။ ကျစိမ့်တစ်ခွက်ကိုလည်း အတူခေါ်မလာတော့ဘူး။ အေးစိမ့်နေတဲ့ မနက်ခင်းတွေတိုင်းမှာ ဝေနေတဲ့ အလွမ်းတွေကို ပါကင်ပိတ်ပြီး မျှောလိုက်တော့မယ်။ မတော်တဆနဲ့ အမှတ်တရ ဖြစ်သွားခဲ့တဲ့နေ့ရက်တွေကိုလည်း မန်မိုရီကနေ ဖြတ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီးသား။ ကဲ သစ်တစ်ပင်ဟာ ပုတ်သင်ညိုလို အရောင်ပြောင်းတတ်ကြောင်း သိတဲ့အခါ မင်း မမဲ့နဲ့နော်။ ငါက အငြိုးကြီးတတ်တယ်။
ဆစ်ခ်ခနဲ နာသွားတဲ့ စိတ်ကို ဘာနဲ့ ပြန်ဖာထေးရမလဲ တကယ်မသိတော့ဘူး။ အပ်စူးတာ ထင်နေခဲ့တာ၊ ပုဆိန်ထွင်းခံလိုက်ရတဲ့ နှလုံးသား က မငိုတတ်တော့ဘူးဆိုပြီး မျက်ရည်တွေချည်းကျကျနေတာ ခက်တယ်။ တစ်ရက် ၂၄နာရီ၊ တစ်နာရီ မိနစ်၆၀၊ တစ်မိနစ် စက္ကန့်၆၀၊ တစ်စက္ကန့် ကို အမုန်းကြိမ်နှုန်း တစ်သန်း။ လည်နေတဲ့ ကမ္ဘာကို မုန်းတယ်။ ၃နဲ့၎ လို အမြဲကျောခိုင်းနေရရင် အကောင်းသား။ ၄ နဲ့ ၃လို ပြန်ဆုံမှာ သိနေတဲ့ စိတ်ကြီးက ကြိုကြိုပျော်တတ်လွန်းလို့ ကြိုးတုပ်ထားရတယ်။

အချစ်၊ အလွမ်း၊ အမုန်း ဘာကိုမှ မသိချင်တော့ဘူး ခေါင်းခါရင်း စိတ်ထဲက ရေးနေမိတဲ့ လွမ်းချင်းကို အပြီးသတ်နေမိခဲ့။ “ခင်ဗျားဗျာ ပြင်ပ အလှကိုချည်း ဂရုစိုက်မနေနဲ့ ကိုယ့်အရည်အချင်းကို လည်း တိုးတက်အောင် ကြိုးစားဦး” ဆိုတဲ့ ပြင်ပလူတချို့ရဲ့ သတိပေးစကားအဆုံးမှာ ဟားတိုက်ပြီးကို ရယ်ပစ်လိုက်ချင်တာ။ မင်းအတွက်နဲ့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ ကိုယ့်တစ်ကိုယ်ရည်စာ သပ်ရပ်မှုအတွက် ဆံပင်ဖြောင့်ခဲ့ရုံလေးတင်။ ဒီလိုအပြောဒီလိုအမြင်တွေကို လက်ခံရမယ် တကယ်ထင်မထားမိခဲ့ဘူး။ ခုကျတော့ အရာရာက နေသားတကျ။ သစ်ပင်လေးဟာ ငှက်ကလေးအတွက် အလှတွေ ပြင်နေခဲ့တာ တဲ့။
ရောက်တတ်ရာရာ အမုန်းတရားတွေကို သေချာထုပ်ပိုးထားတယ်။ တစ်ခါတွေ့တိုင်းတစ်ခါထုတ်သုံးမယ်ဆိုတဲ့ အငြိုးကြီးနဲ့။ ရောက်တတ်ရာရာအလွမ်းတွေကို မျောပစ်လိုက်တယ်။ ဘယ်တော့မှ ပြန်မလာနဲ့ ဆိုတဲ့ သတိပေးစကားနဲ့။ မျှော်လင့်ရတာ အခါခါ၊ မျှော်လင့်မှုတွေပျက်သုဉ်းရတာ အခါခါ။ ဟိုလူးဒီလူး ဆယ်ကျော်သက်အရူးလေးလို မနူးမနပ်ခံစားနေရ။

အပျော်တစ်ခါပျက်တိုင်း အမုန်းတစ်ခါမတိုးရက်ခဲ့ပေမယ့် ခုတလော ငါ အငြိုးကြီးနေခဲ့တယ်။ အပျော်တစ်ခါပျက်တိုင်း အမုန်းတစ်ခါတိုးတတ်ခဲ့။ မျှော်လင့်မှုတစ်ခါပျက်တိုင်း အမုန်းတစ်ခါ တိုးတတ်ခဲ့။ မမျှော်လင့်ခိုင်းပေမယ့် အမျှော်လင့်ကြီးခဲ့သူမို့ အမုန်းပိုကြီးတတ်ခဲ့တယ်။

ကမ္ဘာ ဆိုတဲ့စကားလုံး၊ ရန်ကုန်ဆိုတဲ့ စကားလုံးတွေ ခဏခဏမရွတ်တော့ဘူး။ မင်္ဂလာပါ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မင်္ဂလာပါ။ ဒီစကားတွေနဲ့ မျက်နှာသစ်လို့ ပြုံးပြုံးလေး လက်နက်တပ်ဆင်လိုက်တယ်။ ငါအမြဲတစေ ရွတ်နေမိမှာ မင်းနာမည်မဟုတ်တော့ဘူး။ မင်္ဂလာပါ တနင်္လာအစ မင်္ဂလာပါ တနင်္ဂနွေအဆုံး။ ငါအငြိုးတွေ တနင့်တပိုးနဲ့ ခပ်ပြုံးပြုံးလေးပဲ …………….။
တွန့်ကွေးကွေးအပြုံးတစ်ခုနဲ့ လွင့်ဝဲနေတဲ့ ဆံညိုတွေ ဖျတ်ခနဲ အမြင်မှာ ပေါ်တယ်။ ဒါ ဖျက်ဖို့ ကျန်နေတဲ့ အစိတ်အပိုင်းတစ်ခု။
မင်္ဂလာပါ ဟုတ်ကဲ့၊ ဟုတ်ကဲ့ မင်္ဂလာပါ။
ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်