Tuesday 11 December 2012

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်


အတိတ်ကို စောင်းငဲ့ကြည့်မိတော့ အရာရာသည် မှုန်ဝါးဝါးနှင့် မပီပြင်တော့သည် ပန်းချီကားတစ်ချပ်ကို ပြန်လည်မြင်ယောင်ကြည့်နေရသလိုပင်။ သို့သော် ထိုမှုန်ဝါးဝါးထဲတွင်ပင် ပစ္စုပ္ပန် အတွက် အကျိုးသက်ရောက်စေသော ပျက်စီးခြင်း၊ အောင်မြင်ခြင်း စသည်တို့ သန္ဓေ တည်ခဲ့သည်မို့ တချို့သောအရာတို့အတွက် ခြေရာကောက်မိပြန်သည်။ အတိတ်ထဲမှ ကြည်နူးမှု၊ ကြေကွဲမှု၊ လွမ်းဆွတ်မှု စသည့် ခံစားချက်အစုံစုံကို ဖမ်းယူကြည့်မိတော့ မှုန်ဝါးဝါးခံစားချက်တို့က ပြတ်သားထင်ရှားလာသလိုလို။
            ကျွန်တော် ချစ်ခဲ့ဖူးသည်။ ဟုတ်သည်။ အတိတ်ကာလက သမုဒယနွံတွင် ကျွန်တော်နစ်ဖူးခဲ့သည်။ နွံဟု မသတ်မှတ်ချင်ပါ။ နှလုံးသားရှိသူတိုင်း ဖြတ်သန်းရမည့် မှတ်တိုင်တစ်ခုကို အတိတ်ကာလက ကျွန်တော်ဖြတ်ခဲ့ဖူးသည်။ တော်တော်လေးကို နင့်နင့်သည်းသည်းချစ်ခဲ့ဖူးသည်။ ချစ်သူ့မျက်နှာ တစ်ရွာထင်သလိုမျိုး ချစ်သူကိုသာ တမြတ်တနိုးနှင့် အရိပ်လိုကြည့်ကာနေခဲ့ဖူးသည်။ စစ်မှန်သည့်ချစ်ခြင်းဆိုသည်ကလည်း လက်ခုပ်နှစ်ဖက်တီးမှ အသံမြည်သလိုမျိုးပင်။
ကျွန်တော့်ဘက်ကချည်း အသံမြည်၍ ချစ်မိသောအခါ လူငယ်မဆန်သော ချစ်ခြင်းဟု အမည်တပ်ခံရကာ ကျွန်တော် ရှုံးနိမ့်ခဲ့ရတော့သည်။ ကိုယ့်ချစ်သူကို အမြတ်တနိုးတန်ဖိုးထားချစ်ခြင်းသည်၊ ချစ်သူ၏ သိက္ခာကို အစွန်းထင်းမခံခြင်းသည် ကျွန်တော်နှင့် ချစ်သူ၏ ချစ်ခြင်းကို ပိုင်းဖြတ်ရာဓါးတစ်ချောင်းဖြစ်ခဲ့မည်ဆို ရဲရဲဝံ့ဝံ့ကြီး အပြတ်ခံဝံ့ပါသည်။ သည်လိုနှင့်ပင် ကျွန်တော့်သမုဒယတိမ်တိုက်သည် လေနှင်ရာလွင့်သွားခဲ့သည်။ သို့သော် ကျွန်တော်ကျေနပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော ချစ်ခြင်း၏ ရသကို ကျွန်တော်ခံစားခဲ့ဖူးသည်ဟူသည့်အတွေးနှင့်ပင်။
             အတိတ်မှ အချစ်ကို ကြောက်ရွံ့နေသည်ဟု မဆိုချင်သော်လည်း လက်ရှိပစ္စုပ္ပန်တွင်တော့ ကျွန်တော်သည် အချစ်ကို ရှောင်နေသူတစ်ဦးသာဖြစ်သည်။ အတိတ်မှ ချစ်ခြင်း၏ အရိပ်တစ္ဆေသည် ပစ္စုပ္ပန်ကာလထိတိုင် ခြောက်လှန့်လျှက်ရှိသည်ကိုတော့ မငြင်းချင်။
            အကြောင်းပြချက်မရှိပါပဲ တစ်စုံတစ်ယောက်အား တမ်းတမိပြီဆိုလျှင် သံယောဇဉ်၏အစမှန်း ချစ်ဖူးသူတော်တော်များများ သိကြသည်သာ။ ကျွန်တော်သည်လည်း သံယောဇဉ်၏ အစကို ထိတ်တိုက်တွေ့ဆုံနေပြီဖြစ်သည်။ သို့သော် ကျွန်တော် ရှောင်ပါသည်။ ရှောင်မိနေပါသည်။ လက်ခုပ်နှစ်ဖက်တီးဖို့ရာ မျှော်လင့်နေသူကို ကျွန်တော်လည်း လက်ခုပ်တီးသံကိုမျှော်လင့်နေသော်ငြား ရှောင်နေမိသည်။ ခံစားခဲ့ဖူးသော ချစ်ခြင်း၏ ခါးသက်မှုကို တဖန်မခံစားချင်၍ ရှောင်မိနေသော်ငြား ကျွန်တော့်ရင်ထဲတွင်လည်း နာကျင်ရသည်သာ။
အနာဂတ်ကာလအတွက် ပုံဖေါ်ရန် မျှော်လင့်ခြင်းများအား ရှာဖွေကြည့်မိပြန်တော့ မျှော်လင့်ခြင်းများက ကျွန်တော့်နှလုံးသားထက်တွင်သာ ရှိနေသည်။ ကိုယ်ပိုင်မိသားစုလေးကို ပိုင်ဆိုင်ချင်သည့်စိတ်တို့က မျှော်လင့်ခြင်းဟု ဖေါ်ပြနေသလိုလို။ ပစ္စုပ္ပန်တွင် ကျွန်တော်အသက်၇ှင်နေသည် ဆိုသည့်အသိက ကျွန်တော့်နှလုံးသားအား အလင်းပေးနေသည့်နှယ်။ အတိတ်၏ ပုံရိပ်ကို တွေးကြောက်နေသည့်ကျွန်တော် အတိတ်မှပုံရိပ်ကို မေ့သင့်ပြီထင်၏။ အတိတ်၏ ကြောက်ရွံမှုကြောင့် ချစ်ခြင်းကို မတို့မထိနေခဲ့သော ကျွန်တော့်အတွက် ယခုပစ္စုပ္ပန်ကာလထိ ဖခင်တည်းဟူသော တာဝန်ကို ထမ်းဆောင်စရာမလိုသလို အိမ်ဦးနတ်ဆိုသည့် တာာဝန်ကိုလည်း မရရှိသေး။ တနည်းဆိုရသော မေတ္တာတို့ဖြင့် နှောင်ဖွဲ့အပ်သော ကိုယ်ပိုင်မိသားစုကို မရှိသေး။ ထပ်မံကြောက်ရွံမှုကြောင့် ယခုရှောင်ဦးမည်ဆိုလျှင် အနာဂတ်တွင် ကျွန်တော့်ဘဝသည် တစ်ယောက်တည်း အထီးကျန်ပေဦးမည်။
            မျက်လုံးတို့ စုံမှိတ်ကာ အနာဂတ်ကို မျှော်လင့်ချက်တို့နှင့် တန်ဆာဆင်မိတော့ ရင်ထဲဝယ် တဖြည်းဖြည်းနွေးလာသည်။ ကျွန်တော့်အိမ်ရှေ့ရှိ မြက်ခင်းပြင်ဝယ် ကျွန်တော့်တမ်းတရသူနှင့် ကျွန်တော် မတ်မတ်ရပ်လျှက် လက်တို့ မြဲမြဲဆုပ်ကိုင်ထားသည်။ တမ်းတရသူလေး၏ ပုံစံက ကျွန်တော့်သွေးသားကို ထမ်းပိုးထားရသလိုမျိုး မိခင်လောင်းလေးဟန်နှင့်။
            မျှော်လင့်နေသည့် အနာဂတ်ကို ပုံဖေါ်ဖို့ရာသည် တမ်းတရသူလေး၏ လက်ကို ရဲရဲဝံ့ဝံ့ဆွဲကိုင်နိုင်မှ ဖြစ်မြောက်နိုင်မည်မှာ အသေအချာ။ ကြောက်ရွံ့နေသည့် ချစ်ခြင်းကို တွန်းလှန်ဖို့ရာပြင်တော့ အတိတ်မှချစ်သူ၏ စိမ်းကားမှုတို့ကို မြင်ယောင်လာပြန်သည်။ သို့သော် ကျွန်တော် တမ်းတရသူ၏ ချစ်ခြင်းကို ကျွန်တော့်ချစ်ခြင်းနှင့် ပေါင်းစပ်ပါတော့မည်။ ထိုကဲ့သို့ပေါင်းစပ်ခြင်းသည် ကျွန်တော့်အတွက် နောက်တစ်ကြိမ် အသဲကွဲဖို့ရာဖြစ်သည်ဆိုဦးတော့။ ဖြူဖြူစင်စင်အသဲကွဲခံလိုက်ပါမည်။ လက်ရှိပစ္စုပ္ပန်တွင်တော့ တမ်းတသူလေးအတွက် ကျွန်တော်၏ ချစ်ခြင်းကို ရိုးရိုးသားသားဝန်ခံလိုက်ချင်သည်။ ဟုတ်သည်။ ကျွန်တော်သူ့ကို ချစ်နေမိပါပြီ။
အတိတ်မှ သင်ခန်းစာယူစရာများကို ယူ၍ အတိတ်မှကြောက်ရွံ့ခြင်းများကို ကျွန်တော် ပယ်နှုတ်ပါတော့မည်။ ပစ္စုပ္ပန်ဆိုသည်မှာ မပြီးသေးသည့် ပန်းချီကားအား ကိုယ်ပုံဖေါ်လိုရာ ရေးဆွဲနိုင်သည့်အချိန်ပင်ဖြစ်သည်ဟု မှတ်ယူလိုက်တော့ ရင်တွင်းဝယ် အားအင်တို့ ပြည့်လာသည်။ ဟုတ်သည်။ ကျွန်တော်၏ မပြီးပြည့်စုံသေးသော ဘဝလေးအား ပြီးပြည့်စုံအောင် ကြိုးစားခွင့်ရသည့်အချိန်ဖြစ်သည်မို့ပင်။ ကိုယ့်ဘဝလမ်းကြောင်း ကို လမ်းကြောင်းမှန်မှ မသွေဖယ်စေရန်၊ လမ်းကြောင်းမှန်သို့ ရောက်ရှိရန် ကြိုးစားနိုင်စွမ်းရှိချိန်သည် လက်ရှိအချိန်ဖြစ်သည်မလား။
မျှော်လင့်ချက်ဖြင့်ပုံဖေါ်ထားသော ကျွန်တော့်အနာဂတ်ပုံရိပ်အတွက် ပြီးပြည့်စုံသော ပန်းချီကားဖြစ်အောင်လုပ်ဖို့ လက်ရှိအချိန်တွင် တစ်ခုသာလိုပါသည်။ ကျွန်တော်တမ်းတရသူလေးအား ရဲရဲဝံ့ဝံ့ချစ်နိုင်ဖို့ပင်။ ချစ်ရဲသည့် သတ္တိရှိဖို့သာ လိုအပ်နေပါသည်။ အနာဂတ်ပုံရိပ်လေးကို မျက်စိထဲလှမ်းမြင်ရင်း ကျွန်တော်တွေးမိနေသည်က သူ့အား ချစ်ခွင့်ပန်ဖို့ဖြစ်သည်။
            ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ခင်ဦး

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်