Wednesday 19 December 2012

မတူညီသော လုပ်ပိုင်ခွင့်များ

“မင်းကွာ ဂရန်ဖေါက်ပြီးသားအိမ်ကို အရောင်းအဝယ်လုပ်ပြီး နာမည်ပြောင်းတာလား အလွယ်လေးရယ် ပိုက်ဆံကလည်း သိပ်အများကြီးမကုန်ဘူး လုပ်တတ်ရင်လွယ်တယ်ကွ”
ခါးသက်သက်ဝယ် အဆိမ့်အရသာလေးနှင့် အရသာခံသောက်ရသည့် ကျဆိမ့်ကို အရသာခံသောက်နေသော ကျွန်တော့်လက်သည် တုန့်ခနဲ ဖြစ်သွားချေသည်။ ကြားနေရသည့် စကားတို့ကို အသေအချာကြားရန် အာရုံစူးစိုက်ရင်း နားထောင်လိုက်မိ၏။ ဘာ့လို့ဆို မိန်းမ၏ အမေ့ထံမှ အမွေရသော အိမ်လေးကို နာမည်မပြောင်းရသေးဘူး မဟုတ်လား။ သိသင့်သိထိုက်တာလေးတွေ သိရနိုင်သည်ဟူသည့်အတွေးနှင့် နားစွင့်မိခြင်းပင်။

“ နိုင်ငံတော်အတွက် အခွန်ငွေရလား၊ မရလားတော့ မသိဘူး အဲ့သူဌေးရဲ့ အိမ်က သိန်းငါးရာတန်တယ် အဲ့ဒါရှေ့နေက တစ်ရာလို့ တင်တယ် ပြီး ရာဖြတ်ဆိုလား ဘာဆိုလား ဆယ်သိန်းပေးရတယ် ရှေ့နေဆယ်သိန်းကွာ စုစုပေါင်း တစ်ရာကို ၃၇သိန်း ပေးရမယ့်ငွေက ၅၇ သိန်းနဲ့တင်ပွဲပြတ်သွားတယ် ဒီတော့ အခွန်ငွေ တိုးမလာတာ မဆန်းပါဘူးလေ ရာဖြတ်ဆို အိမ်ကို လာတောင်မကြည့်ဘူး”

“ဟုတ်လားကွ အေးပေါ့ ငါးရာဆိုရင် ၁၈၅သိန်းတောင်ကုန်မှာကိုး လုပ်ပိုင်ခွင့်ရှိသူတွေ ငွေရွှင်တဲ့ခေတ်ပေါ့ကွာ”
“မဟုတ်ဘူးကွ ငွေရွှင်တဲ့ခေတ်မဟုတ်ဘူး နိုင်ငံတော်ငွေကို အလွဲသုံးစားလုပ်တာခေါ်တယ် သူဌေးတွေ မနစ်နာဘူး သူဌေးတွေအတွက် အဲ့လိုလူတွေရှိနေသ၍ နိုင်ငံတော်ပဲ နစ်နာမှာ”


ထိုဘေးဝိုင်းက ပြောသံများကြားဝယ် ရင်သည် လှိုက်ချည်မို့ချည်နှင့်။ လက်ဖက်ရည်ဆိုင်နောက်ဘက်ခြမ်းမှ ပျံ့လွင့်လာသည့် ညှော်နံ့ကလည်း အသက်ရှုရခက်အောင် ပြုလုပ်နေသလို။ ကျွန်တော့်ဝန်ထမ်းလစာသည်ပင် တစ်လမှ ခြောက်သောင်းသာ။ အထက်တန်းပြကျောင်းဆရာတစ်ယောက်၏ လစာသည် ရှစ်သောင်းမျှသာ။ ခုတော့ ကြည့်စမ်းပါဦး။ နိုင်ငံဝန်ထမ်းခြင်းတူတူ ဆယ်သိန်းဆိုသည့် ငွေပမာဏမှာ ကိုယ့်ကျတော့ ခက်ခဲလိုက်သည့်ဖြစ်ခြင်း။

လွန်ခဲ့သည့် ငါးလကပင် မိန်းမနှင့် ပြောဖြစ်သေးသည်။ မိန်းမက ကျွန်တော့်ကို မညှာမတာ ပြောပုံက “ဖုန်းလေး အရစ်ကျနဲ့ ယူလိုက်ပါ့လားအစ်ကိုရယ်” တဲ့။ ကျွန်တော့်လစာကို မတွက်တတ်သည့်မိန်းမကို စိတ်တိုလိုက်သည့်ဖြစ်ခြင်း။ တရားဝင်ကျောင်းလစာနှင့်၊ ကျူရှင်ဆရာဘဝကို ရဲရဲတင်းတင်းခံယူ၍ မရတော့လည်း ကျောင်းမှ ကလေးများကိုပင် အပြင်ကျူရှင်သဘောမျိုး စာသင်ကာရသည့် ကျွန်တော့်လစာငွေက နှစ်ခုပေါင်းမှ အလွန်ဆုံးရလှ တစ်လ တစ်သိန်းနှစ်သောင်းသာ။ တစ်လတစ်သိန်းနှစ်သောင်းဆိုသည့် ပိုက်ဆံသည် တစ်လုံးနှစ်သိန်းဆိုသည့်ဖုန်းကိုဝယ်ဖို့ရာ အင်အားမဲ့လှသည်။ ဟိုးတလောကတော့ နည်းနည်းလှုပ်လာပြန်ပြီ။ တစ်လုံးနှစ်သိန်းကနေ ကျသွားသည်မှာ ရှေ့လဆိုလျှင် တစ်သိန်းတစ်သောင်း ထိကျမည်ဆိုသည့် အသံများ ကြားနေရပြန်သည်။ မိန်းမကလည်း ထပ်မံလောဆော်ပြန်သည်။ ဖုန်းဈေးတွေ ရှေ့လကျရင် ကျမှာမို့ ဖုန်းတစ်လုံး မဖြစ်မနေဝယ်ပါတဲ့။ ကျွန်တော်လည်း ပြီးြ့ပီးရော ဆိုပြီး ခေါင်းညိတ်ခဲ့ခြင်းသာ။ ဝယ်ဖို့ရာ လွယ်မည်တော့ မဟုတ်။ တစ်သိန်းတစ်သောင်းဆိုသည့် ပမာဏကလည်း ကျွန်တော့် တစ်လစာ ဝင်ငွေပဲမဟုတ်ပါလား။ တစ်သောင်းပဲကွာသည်။

ခုတော့ သူများတကာ၏ ငွေဝင်ပုံကို ကြားရသည်မှာ အားရစရာပင်။ ဆယ်သိန်းဆိုသည့် ငွေပမာဏသည် လက်ရှိ ကျွန်တော် လိုအပ်နေသည့် ငွေပမာဏပင် ဖြစ်သည်လေ။ ထိုလက်ဖက်ရည်ဝိုင်း၏ လုပ်ပိုင်ခွင့်ရှိသူများ ငွေရွှင်သည့် ခေတ်ဆိုသည့်စကားကိုတော့ ပြိုင်ငြင်းချင်လှသည်။ ကျောင်းဆရာတစ်ဦးအနေနှင့် တပည့်များအပေါ်ကိုလည်း စေတနာထားခဲ့သည်။ လက်ရှိလည်း ထားနေဆဲ။ စေတနာအတွေးနှင့် ရိုက်သည့်လက်သည် ယခုတော့ မိဘကတိုင်ကြား၍ တိုင်းအဆင့်ပညာရေးမှုးရုံးသို့ပါရောက်ကာ ကျောင်းဆရာအဖြစ်မှပင် ထွက်ခွါရလုနီးနီးဖြစ်နေသည်မဟုတ်ပါလား။ ဘယ်မှာလဲ ကျောင်းဆရာတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်။ လုပ်ပိုင်ခွင့်ဆိုသည်မှာ မိဘများလက်ထဲမှ ခြိမ်းခြောက်စရာ လက်နက်ဖြစ်နေပြီမဟုတ်ပါလား။ ကျွန်တော် အတိုင်ကြားခံရသည့် နောက်ပိုင်းမှစ၍ ကျောင်းတွင်းဝယ် အရိုက်ကြမ်းသည့် ဆရာ မရှိတော့။ စာကို လျှင်လျှင်မြန်မြန်သင်ကြား၍ ထွက်ခွါတတ်သည့် ဆရာသာ ရှိတော့သည်။ ကျွန်တော်သည်လည်း ကျောင်းချိန်ဖြစ်ပါလျှက် ကျောင်းဝယ် စာမသင်ရပါပဲ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ချမှတ်လာမည့် အမိန့်ကိုစောင့်ရမည့်သူ ဖြစ်ချေပြီ။
ဖြစ်ရပ်တို့ စတင်သန္ဓေတည်ရာ နေ့ဆီသို့ အတွေးတို့ ကူးလူးမိပြန်သည်။ ထိုနေ့က မှတ်မှတ်ရရ စနေနေ့ညနေပင်ဖြစ်သည်။
……………………
ဟာ.. ဟု အထိတ်တလန့်အော်မြည်ရင်း တွေ့နေရသည့် မြင်ကွင်းကိုသေချာအောင်ကြည့်လိုက်သည်။ သေချာပါသည်။ ကျွန်တော့် အခန်းတွင်းမှ ကျောင်းသားနှစ်ယောက်ဖြစ်သည့် ဇော်ဇော်နှင့် နှင်းနွယ်။ တစ်ယောက်နှင့်တစ်ယောက် လက်ခြင်းချိတ်ရင်း သွားဖို့ပြင်နေသည်က အအေးခန်းဧည့်ရိပ်သာ ဆိုသည့်နေရာ။ စိတ်တစ်ခုလုံးထူပူသွားမိရင်း ထိုကျောင်းသားနှစ်ယောက်ရှိရာဆီသို့ ခြေလှမ်းကျဲကြီးများနှင့် မပြေးရုံတမယ်သွားလိုက်မိသည်။ ရောက်ရောက်ခြင်းပင် လက်နှစ်ဘက်ကို ဆွဲလိုက်ရင်း ကားဂိတ်ဆီသို့ လှည့်လိုက်၏။
“ဆရာ..”
ဟုပြိုင်တူအော်လိုက်သော တပည့်နှစ်ယောက်၏ စကားသံကို ဥပက္ခာ ပြုရင်း လက်နှစ်ဘက်ကိုသာ ဇွတ်အတင်းဆွဲခေါ်လာလိုက်မိသည်။
နှစ်ယောက်သား လက်ပိုက်ရင်း ဘာစကားမျှ ဆိုမလာတော့ ကျွန်တော်သည်သာ ရင်မောရင်း အိမ်ဆီသို့ ကိုယ်တိုက်ကိုယ်ကျ လိုက်ပို့လိုက်ရသည်။  နှင်းနွယ်၏ ကြောက်လန့်တကြားနှင့် နီရဲမို့အစ်နေသော မျက်နှာကိုကြည့်ရင်း ဆူချင်စိတ်မရှိတော့သလို ဇော်ဇော်၏ မထုံတတေးဟန်နှင့် မှုန်ကုပ်ကုပ်ကြည့်နေသော မျက်နှာကိုကြည့်ရင်း ကိုယ်ပြောလို့ရမည်မဟုတ် ဟူသည့် အသိနှင့် အိမ်သို့ လိုက်ပြောရန်ပြင်ခြင်းပင်။ ဇော်ဇော်၏ လိုက်ပို့ဖို့ရာမလိုပါ ဟူသော စကားကို လက်ခံရင်း မိန်းကလေးဖြစ်သည့် နှင်းနွယ်၏ အိမ်သို့သာ လိုက်ပို့လိုက်မိသည်။
……………………..
ထိုနေ့က ကျွန်တော်ပြောသည့် စကားတို့ကို နားထောင်ရင်း ခေါင်းတညိတ်ညိတ်နှင့် အသေအချာလက်ခံကာ ကျေးဇူးတင်စကားပြောခဲ့သည့် နှင်းနွယ်၏ အမေမျက်နှာကို ပြန်လည်တွေးမိတော့ ရင်ဝယ် ဒေါသသည် ထောင်းခနဲ။ တနင်္လာနေ့ဝယ် ကျွန်တော်ရင်ဆိုင်ရသည့် ပြဿနာသည် ထိုနေ့က အစပြုခဲ့ခြင်းပင်။
နှင်းနွယ်၏ ဂုဏ်သိက္ခာကို ထိပါးပြောဆိုပါသည် ဟူသည့် တိုင်စာနှင့်အတူ ဇော်ဇော့်မိခင်၏ မကျေမချမ်း တိုင်စာကိုပါ တစ်ပြိုင်နက်တည်း ရရှိခဲ့ခြင်းပင်။ စာမကြိုးစားသည့် ဇော်ဇော်သည် ကျွန်တော့်အတန်းချိန်ဝယ် တစ်ပတ်လျှင် သုံးရက်ကတော့ စာမရသည့်အတွက် အရိုက်ခံရစမြဲ။ ထိုအချက်များသည် တိုင်စာအဖြစ်ပြောင်းလဲသွားပြီးနောက်မှာတော့ ဆရာတစ်ယောက်၏ မကောင်းခြင်းများ ဟူသည့် အသံများ ပလူပျံလာခဲ့သလို ပညာရေးမူးမှတဆင့် အထက်ဆီသို့ တက်သွားလေတော့သည်။
“ဆရာက သွားခေါ်တာကိုး ဆရာရယ် ကျွန်တော်တို့လည်း တွေ့တာပဲ မခေါ်ခဲ့ဘူး” ဟူသည့် လုပ်ဖေါ်ကိုင်ဘက်တချို့၏ စကားအဆုံးမှာ ကိုယ်များမှားခဲ့သလား ဟူသည့်အတွေးနှင့် မချိပြုံးလေးသာ ပြုံးနေခဲ့မိရင်း။ ယခုတော့ ကျွန်တော်သည် ဆုံးဖြတ်ချက်တစ်ခုကို ထိုင်စောင့်ရသည့်အနေအထား ဖြစ်ခဲ့ချေပြီ။ ထိုဆုံးဖြတ်ချက်အတွက် ဆက်လက်စာသင်ခွင့်ရရန် အကြောင်းကြောင်းကြောင့် ငွေဆယ်သိန်းတိတိလိုအပ်နေသည်။ မိန်းမကတော့ သူ့မိဘအမွေအိမ်လေးကို ပေါင်ကာပေးမည်ဟုဆိုသော်လည်း ကျွန်တော်ကတော့ မဝံ့မရဲ။ ဘယ်အချိန်ပြန်ရွေးနိုင်မလဲ ဟူသည့်အတွေးနှင့်ပင်။ ဆယ်သိန်းဆိုသည့် ငွေပမာဏကို ဆပ်ဖို့ရာ အင်အားမရှိလှသော ကျောင်းဆရာဘဝကို အသေအချာ နားလည်ထားသည်မို့ မပေါင်ပါနဲ့ ဟုသာ တားထားရသည်။ ဖြစ်ချင်ရာဖြစ်လေ ဟူသည့် အတွေးတစ်ခုနှင့် စောင့်စားနေရခြင်းပင်။
သက်ပြင်းတစ်ချက် မှုတ်ထုတ်မိရင်း သတိတရနှင့် ဘေးမှစကားဝိုင်းကို လှည့်ကြည့်မိတော့ မရှိတော့။ ဘယ်အချိန်က ထပြန်သွားမှန်းမသိအောင်ပင် အတွေးတို့ ယောက်ယက်ခတ်နေမိသည်ပဲ ဟုတွေးရင်း မချိပြုံး ပြုံးလိုက်မိသည်။
လက်ဖက်ဖိုးရှင်းရန်ပြင်တော့  လက်ကျန်ငွေ နှစ်ရာတန်က လှောင်ပြောင်ကာ ခုန်ထွက်လာသည်။ ဒီနေ့မိန်းမ ဘာဟင်းချက်သလဲ ဟုတွေးမိသည့်ခဏ မိန်းမ ဈေးဖိုးမတောင်းသည်မှာ ကြာချေပြီ ဟု သတိထားလိုက်မိသည်။ မိန်းမ ဘယ်လိုများရှာဖွေနေသလဲ မေးဦးမှပါဟု တေးမှတ်ရင်း အိမ်အပြန်လမ်းဆီဦးလှည့်တော့ လေးလံလွန်းသည့် ခြေလှမ်းတို့သည် မလှမ်းချင့်လှမ်းချင်နှင့်။  ခုတော့ ဖုန်းဝယ်ဖို့ မပြောသည်မှာ တော်တော်ကြာပြီဟုတွေးရင်း ပြုံးမိပြန်သည်။
............
“အစ်ကို ပြန်လာပြီလား” ဟုမေးသည့် မိန်းမ၏ အသံမှာ တစုံတစ်ရာကို ကျေနပ်နေသည့်ဟန်။ ဘာပါလိမ့်ဟု စနည်းနာကြည့်တော့မှ ရင်သည် ဗြန်းခနဲ တုန်၏။ “အိမ်ကို ရောင်းဖို့ ပွဲစားတွေဆီ အပ်ထားလိုက်ပြီ” ဟူသည့်စကားက မိန်းမအပေါ် ချစ်ခြင်းတိုးလာသော်ငြား “အ”လှချည်လား မိန်းမရယ် ဟူသည့်အတွေးနှင့် ဒေါသထွက်ချင်မိသည်။ ချက်ခြင်းပွဲစားတွေဆီ ဖျက် ဖို့ရာပြောတော့ မနက်မှပြောမည် ဟူသည့် မိန်းမ၏ စကားသံသည် မကျေနပ်ခြင်းတို့ လွှမ်းနေပြန်သည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် ပြင်ပေးသည့် ထမင်းဝိုင်းဆီသို့သွားရင်း မိန်းမကို မျက်လုံးလှန်ကြည့်မိတော့ မျက်နှာက စူပုတ်ပုတ်ရှိဆဲ။ သူလည်း စေတနာအမှားဖြစ်သည်ဆိုတော့ စိတ်ကောက်မှာပေါ့ဟု တွေးမိရင်း ထမင်းစားဖို့ရာသာ ပြင်လိုက်မိသည်။
“မိန်းမရယ် အိမ်ကိုရောင်းလိုက်တော့ အစ်ကိုတို့ ဘယ်လိုနေကြမှာလဲ အိမ်ငှားနေကြမှာလား အိမ်ငှားနေကြရင် အစ်ကိုတို့ လက်မှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိတော့ဘူးလေ နောက်လေးလဆို အစ်ကိုတို့ဆီရောက်လာမယ့် အစ်ကိုတို့ရင်သွေးလေးအတွက် ပိုင်ဆိုင်မှုတစ်ခုခုတော့ မပျောက်ပျက်အောင်ထားသင့်တယ်မလား”
ကျွန်တော့်၏ အသံတိုးလျလျအောက်ဝယ် မိန်းမ၏ စိတ်တို့ ပြေစပြုနေပြီကို သိလိုက်သည်။ ညနေက တေးမှတ်ထားသည့် မေးခွန်းကို သတိရလိုက်မိတော့ မေးရန်ပြင်လိုက်မိသည်။
“ညီမ ဒီရက်ပိုင်း ဈေးဖိုးမတောင်းတာကြာပြီနော် အဆင်ပြေရဲ့လား” ဟု အကယ်၍များ မေးလိုက်လျှင် သူဘယ်လိုများပြန်ဖြေလေမလည်း။ တကယ်ကော အဖြေကို သိချင်ရဲ့လား ဟူသည့် မေးခွန်းက ဦးနှောက်ထဲ ရောက်လာတော့ မေးမိတော့မည့် နှုတ်ခမ်းတို့ ဆွံ့အစွာ။ ဒီရက်ပိုင်း ကျွန်တော်သတိထားမိသလောက် မိန်းမ၏ မိဘအမွေ နားကပ်လေးပျောက်သွားသည်ကိုတော့ သတိထားမိသည်။ ထိုအဖြေကို ကျွန်တော်လက်ခံနိုင်ပါရဲ့လား။ ကျွန်တော့်အသုံးမကျမှုကြောင့် မိန်းမက ပိုက်ဆံရှာဖို့ကြိုးစားနေသည် ဆိုသည့် အဖြစ်မှန်ကို ကျွန်တော် လက်ခံနိုင်ပါမည်လား။
ချစ်ဇနီးပေးသည့် မသိကျိုးကျွံနေခွင့်ဆိုသည့် လုပ်ပိုင်ခွင့်လေးကိုပဲ ထပ်မံခံစားရမည်လေလား။ အတွေးတို့ မဝေခွဲတတ်စွာနှင့် ချစ်ဇနီး၏ ကိုယ်လုံးလေးအား ထွေးပွေ့ထားလိုက်မိသည်။ ကျွန်တော့်အတွေးကို မသိလေသည့် ချစ်ဇနီးကတော့ဖြင့် သူ့ကိုပြောနေသည့် ကျွန်တော့်စကားတို့အား တေးဖြင့် ချော့သိပ်သလိုထင်သည်ထင့်။ အိပ်ပျော်စပြုချေပြီ။ နက်ဖြန်သည် ကျွန်တော်မျှော်နေသည့် အမိန့်ထွက်မည့်ရက် ဆိုသည်ကို သတိရလိုက်မိတော့ ရင်တစ်ခုလုံး အပျော်တို့ လင်းလက်သွား၏။ အဖြေတစ်ခုကို တိတိပပသိရပြီဆိုသည်နှင့် ကိုယ်လုပ်ရမည့်အလုပ်ကို ရွေးချယ်နိုင်မည်မဟုတ်ပါလား။ ကျောင်းဆရာအလုပ်မှ ထွက်ရပြီဆိုသည်နှင့် အလုပ်တစ်စုံတစ်ရာရှာဖွေရမည်ဆိုသည့် ဆုံးဖြတ်ချက်ကိုလည်း ချထားလိုက်မိရင်း အိပ်စက်ရန် ပြင်လိုက်တော့သည်။ ထိုအမိန့်ကို ရယူရန် မနက်ဖြန်ကျ စောစောထရမည်မဟုတ်ပါလား။
…………..

2 comments:

စံပယ်ချို said...

ကျောင်းဆရာပီသတဲ့ ဆရာတယောက်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုသဘောကျမိတယ်
ဆရာဘယ်လိုဖြစ်သွားလဲ စာဆက်သင်/ မသင်လေးသိချင်လိုက်တာ

Unknown said...

လောကမှာ အမှန်တရားတွေ ပျောက်ဆုံးနေပါပြီ....။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်