Tuesday 11 December 2012

ဒဏ်ရာများနှင့် နေသားတကျ ဘဝ

လက်ဖြင့်ဆုပ်ကိုင်ထားသော ပူလောင်သော ချစ်ခြင်းတို့အား ကျွန်တော် ကျဲဖြန့်လိုက်သည်။ ထို့နောက်တွင်တော့ ကျွန်တော်သည် အရာရာအား ပျော်ရွှင်ခြင်းအတိပြီးသော မျက်နှာဖြင့် ကြည့်နိုင်ချေပြီ။ ဟုတ်သည်။ ဆုပ်ကိုင်ထားသော ချစ်ခြင်းတို့၏ ပူလောင်ခြင်းများသည် ကျွန်တော်နှင့်ဝေးကွာ၍ ချစ်ခြင်းတို့အား တပ်မက်သောသူတို့ဆီသို့ ရွေ့လျားသွားလေတော့သည်။ သို့မဟုတ် ရွေ့လျားသွားမည်မှာ သေချာနေပါတော့သည်။

.။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်ခါတစ်ခါကျ ချစ်ခြင်းက ထူးဆန်းလွန်းလှသည်။ သူမကို ချစ်မြတ်နိုးခြင်း ကင်းမဲ့နေပြီဖြစ်သော ကျွန်တော့်နှလုံးသားသည် သူမအား ချစ်ခဲ့မိသည့် အချစ်တို့ကို မစွန့်လွှတ်မိပြန်။ တနည်းဆိုရသော် ချစ်ခြင်းဒဏ်ရာတို့အား စွန့်လွှတ်ခွင့်မပြုပြန်။ ချစ်ခြင်း၏ ဒဏ်ရာသည်လည်း လူကိုစွဲလန်းတတ်စေကြောင်း အသိအမှတ်ပြုရပြန်တော့သည်။ နေသားကျနေ၍ပဲ ဒဏ်ရာအား အနာမကျက်မိစေရန် ဆွဲကိုင်ထားမိနေသည်လား။

ထိုအတွေး၏ ရိုက်ခတ်မှုကြောင့် နှုတ်ခမ်းထက်ဝယ် အပြုံးတို့ ပွင့်ဖူးမိရင်း အတိတ်၏ ပုံရိပ်တချို့အား နှလုံးသားမှ ဆွဲထုတ်ကြည့်မိပြန်သည်။

အတိတ်တစ်ခု၌ သူမကို ကျွန်တော်ချစ်ဖူးသည်။ မြတ်နိုးဖူးသည်။ တမ်းမက်ဖူးသည်။ သို့သော် ကျွန်တော်၏ ကြီးမြတ်သောချစ်ခြင်းတို့အတွက် အထင်သေးတတ်သည့် မျက်ဝန်းတစ်စုံသာ ပြန်လည်ရရှိခဲ့ခြင်းမှာ ကျွန်တော်၏ ကံတရားပင်ဖြစ်ပေလိမ့်မည်။ နှလုံးသားမှ ချစ်ရသူသည် သဘောထားသေးသူဟု အသိအမှတ်ပြုဖို့ရာ ကျွန်တော့် နှလုံးသား မမာထန်ခဲ့ပါ။ သို့သော် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသော ချစ်ရသူ၏ အပြုအမှုများအတွက် သိစိတ်က အမှန်ကိုပြောထွက်လာသည့်အခါ ကျွန်တော် ရင်နာနာနှင့်ပင် အသိအမှတ်ပြုလိုက်ရသည်။ သို့သော် ကျွန်တော်သူမကို ချစ်ဆဲပင်။
အချစ်တစ်ခု၏ ရလဒ်သည် အလွမ်းနှင့်ကြေကွဲမှုကိုသာ ခံစားဖို့ဆိုလျှင် ကျွန်တော် အချစ်ကို သော့ခတ်ထားချင်ပါသည်။ သို့သော် ကျွန်တော် ချစ်ခဲ့မိပါသည်။ ချစ်ခဲ့မိ၏။
ချစ်ရသူနှင့် ကျွန်တော် သူငယ်ချင်းအဆင့်ထက်မပိုခဲ့သည်မှာ သူမ၏ ပါးနပ်လှသော ရှောင်တိမ်းတတ်မှုတို့ကြောင့်ဖြစ်သည်။ ချစ်ခြင်းကို ဖွင့်ဟတော့မည်ဆိုတိုင်း သူမ၏ မျက်နှာလေးသည် ညှိုးလျော်လျှက် တစုံတစ်ယောက်အတွက်ခံစားနေတတ်သည့် အခိုက်အတန့်ချည်းသာ ဖြစ်နေတတ်သည်မှာ ကျွန်တော်၏ ကံတရားဟုသာထင်ခဲ့မိ၏။ သို့သော် သူမကို နားလည်လာသောအခါတွင်မူ သူမ၏ ပါးနပ်မှုတို့အား အသိအမှတ်ပြုရပေသည်။ လူရည်မလည်သေးသည့် ကျွန်တော်သည် သူမ လက်ထဲဝယ် မှောက်လိုက်၊ ခုန်လိုက်ဖြစ်နေလေတော့သည်။ အချစ်ကို အခါမလပ်ကစားနေတတ်သော၊ တန်ဖိုးမထားတတ်သော သူမအကြောင်းအား သိလာချိန်၌ ကျွန်တော့်ချစ်ခြင်းများသည် တစတစလင်းလက်လာ၍ ဖွင့်ပြောလိုခြင်းတို့သည် တစတစဖြင့် မှေးမှိန်သွားတော့၏။ ဘာပဲဖြစ်ဖြစ် သူမအနား၌ သူငယ်ချင်းအဖြစ်ရှိနေခွင့်ကိုတော့ ကျွန်တာ် မစွန့်လွှတ်နိုင်ခဲ့ပြန်။ သူမသည်လည်း ကျွန်တော့်အား သူငယ်ချင်းအဖြစ်မှ မစွန့်လွှတ်ခဲ့ချေ။ သူမနှင့်ပတ်သတ်၍ အကျေနပ်ဆုံးအရာကိုပြပါဆိုလျှင်ဖြင့် ထိုအရာသာဖြစ်ပေလိမ့်မည်။ စွန့်လွှတ်ခြင်း၌ နေသားကျနေသော ကျွန်တော့်အား မစွန့်လွှတ်ခဲ့သည့် သူမကို ကျွန်တော် တကယ်မြတ်နိုးမိခဲ့ပါသည်။
အဖေ၊ အမေ ဘယ်သူဘယ်ဝါမှန်း မြင်ခွင့်မရသည့် မိဘမဲ့ဘဝတွင် ဖြစ်တည်လာခြင်းအတွက် သူမ နှာခေါင်းရှုံ့ကြောင်း ကျွန်တော်ရိပ်မိသည့်အခါ သူမ၏ ကျဉ်းမြောင်းလှသော စိတ်ထားလေးအား အပြစ်မမြင်နိုင်ပါချေ။ ကျွန်တော့်ကို မွေးဖွားခဲ့သော မိဘနှစ်ပါးကိုသာ တိတ်တိတ်လေး လွမ်းလိုက်မိ၏။ တစ်လ ရှစ်သောင်းဆိုသောဝင်ငွေဖြင့် ရပ်တည်နေသော ကျွန်တော့်အား သနားစရာဟန်နှင့်ကြည့်တတ်သော သူမကို မမုန်းနိုင်သည်မှာ သူမ၏ ရှေးဘဝဆုတောင်းပင်ဖြစ်ပေလိမ့်မည်။
သူမနှင့် တွေ့ခဲ့ဖူးသော တက္ကသီလာသည် ကျွန်တော် မမေ့နိုင်ဆုံးစာရင်းတွင်ပါဝင်ပြန်သေးသည်။ ပိုင်ဆိုင်ခွင့်မရသော သူမနှင့်တွေ့ဆုံရခြင်းအတွက် တက္ကသီလာအား ကျွန်တော် မမုန်းမိပြန်။ အချစ်ဆိုသည့်အရာအား ကျွန်တော့်ထံ ဆောင်ကြဉ်းပေးသည့်အတွက် ကျေးဇူးတင်မိသည်သာရှိ၏။ ရူပဗေဒ မေဂျာကို ရခဲ့သည်မှာလည်း တကယ်ကံကောင်းလွန်းခြင်းသာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ရူပဗေဒ မေဂျာတွင် ကျွန်တော့်နှလုံးသားကို ဆော့ကစားမည့် သူမ ရှိလေ၏။ အဆောင်(၃၇)၊ ဒုတိယထပ်၊ အခန်း(A) ဆိုသော အခန်းနံပါတ်လေးသည် ကျွန်တော့်ဦးနှောက်၌ အစဉ်အမြဲရှိနေမည်ဖြစ်သကဲ့သို့ ၁ရပ-၁၃၆ ဆိုသော ကျောင်းသားနံပါတ်လေးသည်လည်း အစဉ်အမြဲရှိပေသည်။ သူမ၏ ကျောင်းသားနံပါတ် ၁ရပ-၁၃၇ နှင့် ကပ်လျှက်ရှိသောကြောင့်ပင်။ ဝမ်းနည်းမိသည်ကတော့ အဝေးသင်ဖြစ်၍ တစ်ပတ်လျှင် နှစ်ရက်တည်း တက်ရခြင်းပင်။
ထိုစဉ်က မိန်းကလေးတန်မဲ့ ဘောင်းဘီရှည်များသာ အဝတ်များသော သူမသည် ဘောင်းဘီမဝတ်ရဆိုသော စည်းကမ်းချက်ကြောင့် စိတ်ပျက်ဖူးသည်ကို အမှတ်ရမိ၏။ မိန်းကလေးစတိုင်ဘောင်းဘီရှည်ကို ရှပ်အိကျီင်္ဆန်ဆန်ဘလောက်ခါးရှည်လေးများနှင့် တွဲဝတ်တတ်သည့် သူမသည် ရူပဗေဒမေဂျာ၏ အလှတစ်ပါးလည်းဖြစ်ပြန်သေး၏။ဘောင်းဘီရှည်မဝတ်ရ၍ ထမီနှင့် ရင်ဖုံးအိကျီင်္ကို ဝတ်ဆင်လာတတ်သော သူမအပါးတွင်မူ ယခင်ကထက်ပို၍ ပျားပိတုန်းများဝဲပျံနေပြန်သည်။ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားသော သူမ၏ ဟန်ပန်လေးမှာ မြန်မာဆန်ဆန်နှင့် ကျက်သရေရှိလှသောကြောင့်ပင် ပျားပိတုန်းတွေ ပို၍ဝဲလာခဲ့သည်ထင့်။ ထိုစဉ်ကစ၍ သူမ အချစ်ကို ကစားတတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ် ကျွန်တော်ပဲ သတိမမူခဲ့မိလေသည်လား။
အဒေါ်ဝမ်းကွဲအိမ်၌ နေထိုင်ရသော ကျွန်တော့်ဘဝအား သိမ်ငယ်သည်ဟု ကျွန်တော်မမြင်ခဲ့ပါ။ လူတိုင်းအပေါ် နားလည်စွာ၊ သဘောကောင်းစွာ ဆက်ဆံတတ်သည့် အဒေါ်သည် ကျွန်တော့်အား တူသားတစ်ယောက်လိုသဘောထားခဲ့ခြင်းကြောင့် မိဘနှစ်ပါးအားလွမ်းဆွတ်သော်လည်း ကျွန်တော် အထီးမကျန်ခဲ့ပါ။ ညီဝမ်းကွဲများနှင့် ဘဝပင် စိုပြေခဲ့သေးတော့သည်။ ကျွန်တော့်ဘဝအား ကျွန်တော်ကျေနပ်ခဲ့ပါသည်။ သို့သော်.. သူမ သဘောကျသော လူချမ်းသာမဟုတ်၍ ကျွန်တော် တိတ်တဆိတ်ဝမ်းနည်းခဲ့ဖူးသည်။
ဘွဲ့ယူသည့်နှစ်တွင်ပင် သူမ လက်ထပ်သွားကြောင်း စဉ်းစားမိတော့ မကျက်သေးသည့် ဒဏ်ရာက ရုတ်တရက် ရင်ဝ၌ စူးခနဲ။ ကျွန်တော် လက်မထပ်သေးပါ။ သူမ ကို တမ်းတလွန်း၍ လက်မထပ်ပဲနေခြင်း မဟုတ်သော်လည်း ကျောင်းတက်ဖေါ်သူငယ်ချင်းတိုင်းက ကျွန်တော့်အား အချစ်ရူးကြီးဟု ထင်မှတ်စမြဲ။ သူမအား စွဲလမ်းစိတ်ကြောင့် အချစ်သစ်မရှာနိုင်ဟု ထင်မှတ်စမြဲ။ သို့သော် ကျွန်တော့်အတွက်ကတော့ နှလုံးသားမှ ချစ်ခဲ့ဖူးသည့် အနှိုင်းမဲ့ ချစ်ခြင်းအား ကျော်လွန်အောင် စွမ်းဆောင်နိုင်သည့်သူ မပေါ်သေး၍သာ ဖြစ်သည်။ ကျွန်တော် သူမအား စွဲလမ်းမနေခဲ့ပါ။ သို့သော် အဖြူရောင်သူငယ်ချင်းအဖြစ်ကတော့ ထာဝရရှိနေပေလိမ့်မည်။
 ထာဝရသူငယ်ချင်းသူမကို ကျွန်တော်ကလည်း ဖြူစင်စွာပင် ချစ်ခင်နေပါလိမ့်မည်။ ချစ်ခြင်းဆိုသည်မှာ အေးမြသောချစ်ခြင်းရှိသလို ပူလောင်သောချစ်ခြင်းလည်းရှိသည်။ ကျွန်တော့်ချစ်ခြင်းကမူ သူမ အတွက် ကြည်နူးဝမ်းမြောက်ပေးသော၊ ညီမတစ်ယောက်ကို အစ်ကိုက ချစ်သော ချစ်ခြင်းမျိုးဖြစ်သည်။ ချစ်ခြင်း၏ ပြောင်းလဲခြင်းသည် ယုံနိုင်ဖွယ်ရာ ရှိချင်မှရှိလိမ့်မည်။ သို့သော် ထိုအရာသည်ပင် အမှန်တရားဖြစ်သည်။ ချစ်ခြင်းဆိုသည်မှာ အစဉ်အမြဲ ထူးဆန်းအံ့သြဖွယ်ရာကောင်းသည် မဟုတ်ပါလား။
........................................
လက်ကို ဆုပ်ကာ အရှေ့တည့်တည့်သို့ ဆန့်တန်းရင်း ဖြန့်ချလိုက်သည်။ မြက်ခင်းပြင်တို့ထက် မီးစလေးများ ကျသွားသလိုလို။ မျက်လုံးအစုံကို မှိတ်ကာ အတိတ်မှ ချစ်ခြင်းဒဏ်ရာများအား တစ်စစီ ကုစားကြည့်မိတော့ အရာရာသည် အကောင်းပကတိအတိုင်းနှင့်။ သို့သော် အရာတော့ ထင်ကျန်ခဲ့သည်သာ။ ကိစ္စမရှိပါ။ ကျက်သွားပြီဖြစ်သည့် အနာတို့သည် အမာရွတ်လေးကိုသာ တို့ထိလို့ရချင်ရမည်။ အတွင်းထိ လှိုက်စားရင်း မတိုက်ခိုက်နိုင်တော့ပါ။ မျက်လုံးအစုံကို ဖွင့်ကာ ကြည့်မိတော့ ကြည့်လေသမျှ အရာတိုင်းသည် ကြည်လင်လှပနေပြန်သည်။
အရာရာကို ကြည်လင်ရှင်းသန့်သော နှလုံးသားဖြင့်ကြည့်နိုင်ပြီ ဖြစ်သည်။ အရာရာကို ထင်ထင်ရှားရှားလှလှပပ ကြည့်နိုင်ပြီဖြစ်သည်။ ကိုယ့်အတွေးကိုယ် ကျေနပ်စွာပြုံးမိရင်း တောင်စောင်းလေးမှဆင်းကာ အိမ်သို့ပြန်ရန် ပြင်လိုက်မိသည်။ တစ်ကိုယ်တည်းနေ လူပျိုကြီးပီပီ မနက်စာကို အမီချက်ပြုတ်ရဦးမည်။ သို့မှသာ ရုံးသို့ အချိန်မီသွားနိုင်မည် မလား
 တောင်စောင်းလေးပေါ်မှ ဆင်းလိုက်ချိန်တွင် ရုတ်တရက် မရည်ရွယ်ပါပဲ ခုံတန်းလေးတစ်ခုသို့ ကြည့်လိုက်မိသည်။ အို….. လှလိုက်တာ ဟူသည့် စကားလုံးက ရင်ထဲဝယ် မြည်ဟီးသွားလေသည်။ ဒီတစ်ခါလည်း သွားပြန်ပြီထင့်။ အသဲကွဲရခြင်းမှာ နေသားကျနေပြီလားဟု ကိုယ့်ကိုယ်ကို ဒေါသထွက်ရင်း ခြေလှမ်းဖို့ရာပြင်တော့ ခြေတို့က မရွေ့နိုင်ပြန်။ ခုံတန်းလေးဝယ် တစ်ယောက်တည်းထိုင်နေသည့် မိန်းကလေးအနားသို့ တရွေ့ရွေ့သွားမိရင်း တစ်နေရာဆီမှ ငေးကြည့်နေမိပြန်သည်။ သူမလေး၏ မျက်နှာ ဘာ့ကြောင့်များ ပြိုတော့မည့်မိုးလို အုံ့မှိုင်းနေရပါသလဲ ဟုစဉ်းစားရင်း ငေးကြည့်နေမိသည့် မျက်လုံးတို့အား မလွဲမိပြန်။
“နောက် တစ်ခါ ကျွန်မဆီ ဖုန်းမဆက်နဲ့တော့ ရှင်နဲ့ ကျွန်မနဲက လမ်းခွဲပြီးပြီလို့သာ မှတ်လိုက်”
ရုတ်တရက် ဖုန်းလေးထုတ်ရင်း ပြောသော သူမ စကားတို့အား ကြားမိပြန်တော့ ရင်ဝယ် ကျေနပ်ခြင်းတို့ ဖြစ်ထွန်းသွားပြန်သည်။ ထိုအသံလေးက တံဆိပ်ကပ်ပြီးဆိုလျှင်တောင် ပိုင်ရှင်မဲ့ ဆိုသည်မှာ သေချာသွားပြီမလား။
အချစ်၏ ဒဏ်ရာများနှင့် နေသားတကျနေထိုင်ပြီးခဲ့ပါလျက်နှင့် ယခုလည်း မရှောင်လွဲနိုင်ပြန်။ သေချာပါသည်။ ကျွန်တော် အချစ်၏ သားကောင် အဖြစ်ခံမိဦးမည် ထင်၏။  ဟုတ်၏။ ထိုမိန်းကလေးကို ကျွန်တော် ချစ်မိပြီဖြစ်သည်။ သူမ၏ ချစ်ခြင်းကို ရဖို့ ကြိုးစားဖြစ်မည်မဟုတ်ပါ။ သို့သော် သူမနှင့် ပတ်သတ်၍ ဒဏ်ရာများတော့ ယူဦးမည်။ ယူပါဦးမည်။

……………………….
ခင်ဦး

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်