Saturday 29 December 2012

သူ သိပါစေ

သီချင်းကို ကိုင်စွဲ၍အရာအားလုံးကို ရင်ဆိုင်နိုင်ပါသည်။ သံစဉ်တို့သည် အားအင်တို့ ပြည့်အောင် ဖြည့်ဆည်းပေး၍ အရာရာအား ရင်ဆိုင်နိုင်မှုရှိစေရန် ကျွန်တော့်အား တီးတိုးအင်အားပေးနေသည်။ ဟုတ်၏ သီချင်းရှိလျှင် သူအနားတွင်ရှိသကဲ့သို သီချင်းနှင့် သူ့အားထပ်တူပြုကာ ကျွန်တော့် စိတ်တို့သည် လန်းဆန်းဖျတ်လတ်နေပါသည်။ ယခု ကျွန်တော် သီချင်းနားထောင်နေပါသည်။ ထိုသီချင်းတွင် သူ့အတွက် သီးသန့်ဖွဲ့ဆိုသော ဂုဏ်ရည်တို့ပါဝင်သလို သူ့အတွက်သီးသန့် ပေးအပ်ထားသော မေတ္တာတို့ ပါဝင်ကြောင်း သူသိပါစေ။


သူဆိုသည်မှာာ ကျွန်တော့်နှလုံးသားမှ ချစ်ရသူ ဖြစ်သည်။ သူနှင့် ပတ်သတ်သမျှ အရာရာတိုင်းသည် ငြိမ့်ညောင်းသာယာသော သီချင်းတစ်ပုဒ်ကို နားဆင်နေရသကဲ့သို့ပင်။ သူ့ပြုမှုလှုပ်ရှားဟန်မှန်သမျှသည် နူးညံ့သိမ်မွေ့လွန်းလှသည်။ သူနှင့် ကျွန်တော့်ကြား ခြားထားသော အလွှာပါးလေးကို ကျော်၍ သူ့အကြောင်းကျွန်တော် စဉ်းစားကြည့်မိသည်။ သူသည် တကယ့်ကို စိတ်ထားနူးညံ့သူဖြစ်ပါလျှက် လိုအပ်သည့်အခါတွင်မူ ပြတ်သားတတ်ပြန်သေးသည်။ မြန်မာမှုမြန်မာဟန်ကို နှစ်ခြိုက်တတ်သော သူ့အသွင်နှင့် လိုအပ်၍ ဘောင်းဘီတိုရှည် ဝတ်ဆင်နေရသော ကျွန်တော့်ကြားဝယ် ဝတ်စားဆင်ယင်မှု ခေတ်လေး ဟနေပြန်သေးသည်။ မြန်မာမှုမြန်မာဟန်ကို မြတ်နိုးရုံသက်သက်သာဖြစ်၍ ရိုးအသည့် သူမဟုတ်မှန်းလည်း သူပြောသည့်စကားများ၊ သူပြုမှုပြောဆိုပုံများက ဖွင့်ဟနေသည်။တစ်နည်းဆိုရသော သိမ်မွေ့နူးညံ့သော်လည်း ပြတ်သားတတ်သည့်စရိုက်ကို သူ့စကားဟန်များထဲမှ ထင်ထင်လင်းလင်းရှင်းပြနေသကဲ့သို့ သူ့ဝတ်စားဆင်ယင်ဟန်ထဲမှလည်း အထက်တန်းကျသည့် ပုံရိပ်တချို့ဖြင့် ပညာတတ်ပီသကြောင်းကို ပြသနေပြန်သေးသည်။

တကယ်ဆို သူသည် ကျွန်တော့်အတွက် အပျော်တို့ ဖူးပွင့်ရာဌာနေတစ်ခုဖြစ်ကြောင်း ၊ တကယ်ဆိုသူသည် ကျွန်တော့် နှလုံးသားအတွက် ရာသီဥတုတို့ ဖန်တီးရာဌာနေဖြစ်ကြောင်း သူကိုယ်တိုင် မသိခဲ့သည်မှာ အံ့သြစရာ ကောင်းလှသည်။ ကျွန်တော့်ဘက်က ဖွင့်ပြောဖို့ရာ ဆုတ်ဆိုင်းနေသည့် အကြောင်းအရာကိုမူ ကျွန်တော်ကိုယ်တိုင်ပင် မေ့လျော့နေခဲ့သည်။ အချစ်ဆိုသည်မှာ ဖွင့်ပြောဖို့ရာမလိုအပ်ပါပဲ နှလုံးသားချင်းနားလည်မှုရှိရုံနှင့် ချစ်သူ ဟု မှတ်ယူခဲ့မိသည့် ကျွန်တော့်အမှားကို ယနေ့တိုင်အမှားဟုမယူဆမိသေး။ ကျွန်တော့်တွင် သူနှင့် ပတ်သတ်၍ မှတ်မှတ်ရရ ဆိုသည့်အခြင်းအရာမရှိခဲ့။ သူနှင့် ပတ်သတ်သမျှ အရာရာတိုင်းသည် အမှတ်တရသာ ဖြစ်နေခဲ့သည်မှန်း သူသိစေချင်လှသည်။ သူပြောသမျှ စကားလုံးတိုင်းကို မမှတ်မိခဲ့သော်လည်း သူလိုအပ်ခဲ့သမျှ အရာအားလုံးကို ဖြည့်ဆည်းပေးချင်စိတ်နှင့် နှလုံးသားထဲထိ စွဲမြဲမှတ်သားခဲ့မှန်း သူသိပါစေ။

တခါတခါ ကျွန်တော့်အား ပုန်းရှောင်တတ်သည့် သူ့အပြုအမှုတို့ဝယ် ကျွန်တော့်နှလုံးသားသည် တဆတ်ဆတ်တုန်၍ ကြေကွဲရကြောင်း သူသိနိုင်မည်မထင်။ ကျွန်တော်သည် ချစ်ခြင်းကိုမှ ကိုးကွယ်မိလေပြီလား ဟု ကိုယ့်ကိုယ်ကို ပြန်တွေးရင်း ဝမ်းနည်းကြေကွဲမှုတို့အား ထိန်းသိမ်းရသည်မှာလည်း အခါခါပင်။ တကယ်ဆို အချစ်ကို ကိုးကွယ်သူ မဟုတ်ခဲ့သော်လည်း ချစ်ခြင်း၏ အဆိပ်ဝယ် နစ်နေမိပြီဖြစ်ကြောင်း သိပါလျက်နှင့်  မျက်လုံးစုံမှိထားမိခြင်းပင်။ ထိုကဲ့သို့ ဝမ်းနည်းကြေကွဲရတိုင်းဝယ် မနာကျည်းမိသော်လည်း နာကျင်သည့် စိတ်လေးတော့ ဖြစ်တည်မိသည်သာ။တကယ်ဆို သူကော ကိုယ်ပါ ချစ်ခြင်း လမ်းဆုံအဖြစ်မှတ်ယူထားပါလျက် ထိုလမ်းဆုံကို ဘာ့ကြောင့်များ ကွေ့ပတ်နေမိကြသလဲ ဟု တွေးမိတော့ ကွေ့ပတ်နေသည့်ထဲ သူတင်မက ကိုယ်ပါ ပါဝင်ပြန်သည်။ ဟုတ်၏။ ကိုယ်သည်လည်း တိမ်းရှောင်နေမိသည်ပဲ။ လက်မှ ရေးခြစ်မိသည့်ခံစားမှု တစ်ပိုင်းတစ်စက ဆုံးဖြတ်ချက်ကို ပိုမို ပီပြင်လာစေပြန်သည်။ “ခပ်ပါးပါး ဖုံးလွှမ်းထားတဲ့ ဇာပဝါနောက်က သံယောဇဉ်တွေကို မြင်လိုက်သလိုလို ကိုယ့်နှလုံးသားမှာ ကြည်နူးမှုတွေ လှိုင်းထန်သွားတယ် ရပါတယ် မသိလိုက်မသိဘာသာနဲ့ပဲ စောင့်ကြည့်နေတော့မယ် ကိုယ်တိုင်လည်း အချစ်ဆိုတာကို ရင်မဆိုင်ရဲတဲ့ ခဏ တူတူပဲ ပုန်းရှောင်ကြတာပေါ့”။ ဟုတ်သည်လေ။ ဆုံမှတ်မရှိတဲ့ လမ်းနှစ်ခုမှာ လမ်းဆုံ ဆိုတာမရှိမှတော့ ဘာ့အတွက်ကြောင့်များ တွယ်တာနေရဦးမည်လဲ။ မမုန်းချင်ပဲ မေ့ချင်တယ် ဟု ရေရွတ်ရင်း နှလုံးသားထံမှ ပြန်ကြားချက်ကို မစောင့်မိတော့ပါပဲ ဦးနှောက်နှင့် ခံစားကြည့်လိုက်တော့ မရေရာသည့် လမ်းသည် လျှောက်ဖို့မသင့်ဟူသည့် ဆုံးဖြတ်ချက်တစ်ခု ရလာ၏။ ကျွန်တော် မေ့လိုက်သင့်ပြီ ဟု တွေးရင်း မျက်လုံးအစုံကို မှိတ်လိုက်တော့ အပြုံးနုနုနှင့် သူ့ပုံရိပ်က အမြင်အာရုံဝယ် ပေါ်လာပြန်၏။ မေ့နိုင်ပါမည်လားဟု စိုးထိတ်စွာတွေးရင်း မေ့သင့်သည့် စိတ်နှင့်အတူ စွဲမက်နေချင်သေးသည့် နှလုံးသားကပါ ဆုံးဖြတ်ချက်ကို ယိုင်လဲဖို့ တွန်းတိုက်နေပြန်၏။ “ကျွန်တော် သူ့ကို မေ့နိုင်ပါမည်လား............။

အအေးဓါတ်လွှမ်းခြုံတဲ့အခါ ခြေဖျားလေးကို လေအေးလေး တိုးဝှေ့သွားရင်တောင် အသဲထဲထိ အေးသွားတတ်တာပဲ
အထီးကျန်လွန်းတဲ့ ညတွေမှာ သူ့အကြောင်း ရေးရေးလေးတွေးမိလိုက်ရင်တောင်
နှလုံးသားထဲက နာတယ်...........
အသဲစိမ့်အောင် လွမ်းလွန်းလို့.......
သူမသိအောင်တိတ်တဆိတ်ခွဲခွါဖို့ရာပြင်သည့် ရက်ပိုင်းအတွင်းဝယ် ကိုယ့်နှလုံးသားသည် ဤမျှ ချွတ်ချုံကျသွားပါ့လားဆိုသည့် အတွေးကို တွေးမိရင်း အလွမ်းတွင်လည်း အဆိပ်ရှိကြောင်း သင်ကြားလိုက်မိ၏။ ထိုအလွမ်းဆိပ်နှင့်အတူ သူမရှိလျှင် ကျွန်တော့်ကမ္ဘာသည် အမှောင်ထုသာ ကြီးစိုးနေမည်ဖြစ်ကြောင်း ပိုသေချာသွားပြန်သည်။ အချစ်ကို ကိုးကွယ်ချင်သူ မဟုတ်ပါပဲ ချစ်ခြင်း၏ အဆိပ်ဝယ် တစတစနှင့် အငိုက်မိသွားပုံမှာ အံ့သြဖို့ကောင်းလေစွ ဟု ကျေနပ်စွာ တွေးလိုက်မိသည်။ တခါတရံ ကျရှုံးခြင်းမှာ နှစ်ခြိုက်ကြသည်ဆိုခြင်းမှာ ချစ်ခြင်း(သို့) မေတ္တာကြောင့် နှစ်ခြိုက်ကြခြင်းဖြစ်မည်။ ကျွန်တော်သည်လည်း သူ့ထံပါး ကျရှုံးရခြင်းကို ကြည်နူးကျေနပ်နေမိသည်မဟုတ်ပါလား။ ကိုယ်ကိုယ်တိုင်တောင် အလွမ်းတွေ ရစ်သိုင်းထားတဲ့ မြူထဲမှာ နေသားကျနေပြီ။
သူကတော့ မသိခဲ့ မသိလိုက်ဘာသာနဲ့ပဲ ဘဝနှစ်ခုဟာ ပြိုင်လျှောက်နေခဲ့ရပြီ။
ဒီလိုပါပဲ.........
ဘယ်တော့မှ ဆုံမှတ်မရှိတဲ့ မျဉ်းပြိုင်နှစ်ခု
တစ်ယောက်ကိုတစ်ယောက် ငေးရင်း ဟိုးအဝေးဆီ ထွက်ခွါဖို့ပြင်ကြ
ကိုယ်စီ ပိုင်နိုင်မှုမရှိတဲ့ ဘဝတွေမှာ ဘဝကို လက်ထိုးလှော်ကြ
မြင်နေရတဲ့ ပုံရိပ်ကိုယ်စီမှာ စိတ်တွေ အပ်နှင်းရင်း
ကိုယ့်လမ်းကို လျှောက်ခဲ့ကြရပြီ
တကယ်တော့ စွယ်တော်ရွက်လို မခွဲမခွါနေချင်ခဲ့ကြသူတွေ .................. ဟုတ်သလား ချစ်သူဟု မေးလိုက်ချင်သည်။ သူကသာ ကျွန်တော့်အပေါ် ယုံကြည်မှုကဲခဲ့သည်ဆိုလျှင် ထိုချစ်ခြင်းကို ကျွန်တော် အသက်နှင့်လဲ၍ စောင့်ရှောက်ချင်ပါသည်။ ခုတော့.. တစ်ယောက်ကိုတစ်ယောက် ငေးငေးရီရီကြည့်ရင်း ခွဲခွါနေရသည့် လက်တစ်စုံသည် ဆုံစည်းဖို့ ဆုတောင်းနေကြောင်းသိပါလျက် ကိုယ်ကိုယ်တိုင်လည်း မြတ်နိုးမိသည့်နှလုံးသားတစ်စုံအား မြင်ပါလျက် အချစ်ကြောက်သူနှင့် နှလုံးသားပျောက်သူတို့ တွေ့ဆုံပွဲဖြစ်ချေပြီ။ ဟုတ်၏။ ကျွန်တော် နှလုံးသား ပျောက်နေပါသည်။ ချစ်သူ ကျေးဇူးပြု၍ ချစ်ခြင်းကို ယုံကြည်ပေးလှည့်ပါ။

မပြုံးနဲ့

အဲ့အပြုံးတွေကို ဝေမျှမပေးချင်တိုင်း

သူ့အပြုံးတွေရှေ့မှာ ရပ်ရင်း

ငိုစေတော့ လို့ မရွယ်ခဲ့ပေမဲ့

အငိုတွေနဲ့ မျက်နှာအဖြစ် ပြောင်းခဲ့မိတယ်

တကယ်ကွယ်

လူဆိုးတစ်ယောက်အတွက်ကတော့

အချစ်ဟာ ပုံဖေါ်ရခက်တဲ့ ပန်းချီကားတစ်ချပ်ပါပဲ

မငိုစေချင်ခဲ့ပါဘူး

မရယ်နဲ့

သွားတတ်ကလေးတွေနဲ့ နင့်အရယ်အလှမှာ

မျောပါလာမယ့်သူတွေကို ငါမုန်းတယ်

မရယ်စမ်းပါနဲ့

မနာလိုတတ်တဲ့ နှလုံးသားဟာ

သူ့အရယ်တွေကို ချုပ်ချယ်တတ်လာခဲ့

ခပ်မဲ့မဲ့ မျက်နှာထားတွေကိုသာ ဖန်တီးတတ်ခဲ့

တကယ်တော့ ချစ်ခြင်းနဲ့ မှားခဲ့သူ။

အချစ်မှာ ရူးသွပ်မိတဲ့အခါ ကျွန်တော်လူဆိုးဖြစ်လာတယ်

နေပါကွယ်

မပျော်ရရင်လည်း ရှိစေတော့

သူ့နံဘေးနားမှာ ဓါးတစ်ချောင်းနဲ့ အုပ်မိုးရင်း

အဝေးထွက်မသွားအောင် တားပစ်မယ်

..သြော် အခွင့်ရှိလျှင်ဖြင့် ထိုသို့သာ ခြိမ်းခြောက်ရင်း ပိုင်ဆိုင်ချင်မိတော့သည်။ ယခုတော့ ဘယ်တော့ လှမ်းလေမလဲ အတွေးနှင့်။ သီချင်းတွေနှင့် ကျွန်တော် နေထိုင်ရင်း သူ့အား မျှော်လင့်နေမိသေးသည်။ သူသာ လာမည်ဆိုလျှင်ဖြင့် ရင်တစ်ခုလုံး ခင်းကာ ကြိုလင့်နေကြောင်း သိစေချင်မိ၏။ သူ ကျွန်တော့်၏ သူ .. ကျွန်တော့်ဆီ လာလေမည်လား........။ ကျွန်တော်ကမ်းသည့်လက်ကို သူလှမ်းလေမည်လား။ ဖဲကြဉ်လေမည်လား။ ရင်တစ်ထိတ်ထိတ်နှင့် ကမ်းလင့်ထားသောလက်ကို ယနေ့တိုင် မဖဲကြဉ်သေးသော်လည်း လှမ်းလည်းမလှမ်းခဲ့သေး။ မျှော်တလင့်လင်နှင့် ရင်ကတော့ နက်ဖြန်ခါတွင်လည်း စိုးထိတ်မှုနှင့် အသက်ဆက်နေဦးမည်မှာ သေချာနေပါသည်။

သီချင်းကို ကိုင်စွဲ၍အရာအားလုံးကို ရင်ဆိုင်နိုင်ပါသည်။ သံစဉ်တို့သည် အားအင်တို့ ပြည့်အောင် ဖြည့်ဆည်းပေး၍ အရာရာအား ရင်ဆိုင်နိုင်မှုရှိစေရန် ကျွန်တော့်အား တီးတိုးအင်အားပေးနေသည်။ ဟုတ်၏။ သီချင်းရှိလျှင် သူအနားတွင်ရှိသကဲ့သို သီချင်းနှင့် သူ့အားထပ်တူပြုကာ ကျွန်တော့် စိတ်တို့သည် လန်းဆန်းဖျတ်လတ်နေပါသည်။ ယခု ကျွန်တော် သီချင်းနားထောင်နေပါသည်။ ထိုသီချင်းတွင် သူ့အတွက် သီးသန့်ဖွဲ့ဆိုသော ဂုဏ်ရည်တို့ပါဝင်သလို သူ့အတွက်သီးသန့် ပေးအပ်ထားသော မေတ္တာတို့ ပါဝင်ကြောင်း သူသိပါစေ။

(ပုံလေးကို သဘောကျရင်း တွေးမိသော အတွေးကို ရေးဖွဲ့ခြင်းမျှသာဖြစ်၍ လိုအပ်ချက်များစွာ ရှိပါသည် :)   )

1 comment:

မောင်သစ် said...

မြတ်နိုးမိသည့်နှလုံးသားတစ်စုံအား မြင်ပါလျက် အချစ်ကြောက်သူနှင့် နှလုံးသားပျောက်သူတို့ တွေ့ဆုံပွဲဖြစ်ချေပြီ။
တဲ့.....တယ်ဆိုတဲ့စာပါလားကွယ်..။
မရေးတတ်ဘူးပြောတဲ့သူရေးလိုက်ရင်မထင်မှတ်လောက်အောင်
ကောင်းတတ်တယ်ဆိုတာ လက်ခံလိုက်ပြီဗျာ..။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်