Wednesday 26 December 2012

ရေထဲက လရိပ်

အရိပ်လိုမြင်နေမိတဲ့ စိတ်အစဉ်ကို ထိန်းချုပ်ခွင့်ပေးပါ
ငါ မလွမ်းချင်ဘူး
ခံစားမှုတစ်ခုကို ပြိုင်တူဆုပ်ကိုင်မိတဲ့ ငါတို့နှစ်ယောက်ကြား
ပဝါပါးတစ်ခုခြားထားမှန်း နားလည်တယ်
ပြိုင်တူ မဖွင့်ရဲတဲ့ ဒီပဝါပါးအောက်မှာ
အချစ်ရဲ့ သိပ်သည်းမှုတွေဟာ တစတစကြီးမြတ်
မှိန်ဖျော့လာတဲ့ သူငယ်ချင်းသံယောဇဉ်တွေကို
မျက်နှာလွဲမိခဲ့ကြတယ်

၅၂၈ ဆိုပြီး ထပ်ခါထပ်ခါ ကျိန်ဆိုနေမိကြပေမယ့်လည်း
ငါတို့နှစ်ယောက်ရဲ့ မျက်ဝန်းတွေမှာ ၁၅၀၀ စီ ကိန်းအောင်းနေဆဲ
ကိုယ်စီ နားလည်ကြတဲ့ အတွေးတွေမှာ
ကိုယ်တိုင် မလှပ်မိတဲ့ ပဝါပါးအတွက် နောင်တကိုယ်စီ ကင်းရှင်းဆဲ
ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ
နှုတ်ခမ်းဖျားကိုယ်စီမှာ တစ်ဆို့လို့
အပြုံးတွေ ကိုယ်စီချွေကြ
နင်အမြဲပြောတဲ့ စကားတစ်ခွန်းကို မှတ်မိပါသေးတယ်
တကယ်တော့ ငါတို့ဟာ အရိုးသားဆုံးသူငယ်ချင်းတွေ...တဲ့
အဲ့ဒီစကားကြားတိုင်းမှာ ငါ့နှလုံးသားဟာ ကွဲအက်
ချစ်ခြင်းသံစဉ်တွေကို လွင့်ပစ်တတ်ခဲ့ပေမယ့်လည်း
အချိန်တန်ရင် လွမ်းမိဆဲ
ဝေးနေရတဲ့ ကာလတိုင်းမှာ
နင့်ပုံရိပ်ကို အရိပ်လိုမြင်တတ်ခဲ့
စိတ်ရဲ့ အစဉ်တိုင်းမှာ နင့်အကြောင်းသာ စိုးမိုးခဲ့တယ်
သန်းခေါင်ထက် ညဥ့်မနက်ဘူးဆိုပေမယ့်လည်း
ဖျောက်သင့်တဲ့ အလွမ်းမှာ ငါ မမြောပါရစေနဲ့တော့
မေ့ဖို့အခွင့်အရေးပေးပါ
တကယ်တော့ တို့နှစ်ယောက်ဟာ အဖြူစင်ဆုံးသူငယ်ချင်းတွေမလား
ဒီစကားတစ်ခွန်းကို ငါ့ဘက်ကအရင်ဆိုရင်း နင်နာကျင်တဲ့ မျက်နှာကို မြင်ကြည့်ချင်သေးတယ်
ချစ်သူရေ Goodbye
သူငယ်ချင်းသံယောဇဉ်အဖြစ်ပြန်အသက်သွင်းကြစို့
ဒီစကားဆိုနေချိန်မှာ ငါ့နှလုံးသားဘယ်လောက်ထိ နာကျင်နေလဲ
နင်မသိပါစေနဲ့ ကွယ်

2 comments:

Yoemyaykya said...

ကဗျာလေးအားပေးသွားပါတယ်။

မိုးနတ်ကြယ်စင် said...

ခေါင်းစဉ်လေးမှာကတည်းက စိတ်ဝင်စားနေတာ..
ဖတ်ကြည့်တော့ နဲနဲလွမ်းသွားတယ်...
ဘယ်သူ့ကိုလဲ ဆိုတာတော့ ပြောပြဘူးနော်....:)
ခင်တဲ့..မိုးနတ်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်