Wednesday 19 December 2012

နှင်းဝှက်တဲ့ဆောင်း

တစတစလင်းလက်လာတဲ့ နေရောင်ခြည်အောက်မှာ နှင်းစလေးဟာ အရည်အဖြစ်ကနေ အခိုးအငွေ့အဖြစ်လူးလွန့်လို့သွားတော့ ကျွန်တော့်ရင်မှာလှိုင်းထန်တယ်။ စွယ်တော်ရွက်ပမာ မခွဲမခွါရှိခဲ့ခြင်းဟာ သူ ပျောက်ကွယ်သွားတာကို ကြည့်ဖို့မဟုတ်ဘူးလေ။ ခုတော့ နေ့စဉ်နဲ့အမျှ သူပျောက်ကွယ်သွားတာကို ကြည့်နေခဲ့ရတယ်။
သူနဲ့ ကျွန်တော်ပေါင်းစပ်ထားတဲ့ မနက်ခင်းတိုင်းမှာ မိသားစုတွေ ဝိုင်းဖွဲ့နေတဲ့ မီးပုံပွဲတွေရှိတယ်။ ဂစ်တာမလိုဘူး။ သီချင်းမလိုဘူး။ လှုပ်လီလှုပ်လဲ့လျှောက်ပြဖို့မလိုသလို ပေါ်ပင်အဝတ်အစားတွေမလိုဘူး။
မိသားစုကိုယ်စီဟာ မီးပုံရဲ့ အငွေ့မှာ လက်နှစ်ဘက်လုံး ခိုလှုံထားကြရင်း တစ်ယောက်နဲ့တစ်ယောက် ကြင်နာနွေးထွေးတဲ့ အပြုံးတွေကိုယ်စီနဲ့လေ။ အဲ့ဒီမီးပုံပွဲတွေမှာ သူနဲ့ကျွန်တော် ကြည်နူးလိုက်ရတာ။ ရံဖန်ရံခါကျတော့လည်း ကတောက်ကဆရန်ပွဲတချို့ကို ကြုံရတတ်တယ်။ ဒီတော့လည်း သူနဲ့ ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ ရန်ပွဲလေးတွေကို ဖျန်ဖြေချင်ခဲ့မိတာ။ နေရောင်ခြည်ရဲ့ တိုက်ခိုက်မှုကြောင့် သူမရှိတော့တဲ့ နေ့ခင်းတိုင်းကို ကျွန်တော်ဟာ ရင်ဆိုင်နေခဲ့ရတယ်။ ဒီတော့လည်း ရံဖန်ရံခါမှာ အားအင်တွေ အကုန်စုလို့ နေမင်းကို တိုက်ခိုက်မိတာပေါ့။ တစ်နေ့ခင်းလုံးကို ဆောင်းရနံ့တွေနဲ့ လွှမ်းခြုံပေးလိုက်တာ နေမင်းရဲ့ အလင်းရောင်ဟာ လွှမ်းခြုံထားတဲ့ ဆောင်းကမ္ဗလာကို မထိုးဖေါက်နိုင်တဲ့ နေ့ရက်တွေလည်း ရှိခဲ့ဖူးတယ်။
သူဟာ ညခင်းကစလို့ မနက်ခင်း နေရောင်ခြည်လာသည်အထိ ကျွန်တော်နဲ့ နေပေးတတ်တယ်။ သူ့ရဲ့ ခန္ဓာကြွေပျက်တာကို ကြည့်နေဖို့ အထပ်ထပ်မှာကြားတဲ့သူဟာ တခါတရံမှာ ဆောင်းဆိုတာ မရှိတော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးဆန်းလေးလည်း တွေးတတ်တယ်။ ဆောင်းမရှိတော့တဲ့ ကမ္ဘာမြေအတွက် နွေနဲ့ မိုးပဲဆိုရင် ဆောင်းရဲ့ သာယာအေးမြမှုကို ဘယ်လိုခံစားနိုင်ကြပါတော့မလဲ ဆိုတဲ့ အတွေးလေးနဲ့လည်း ပူပန်ဖူးရဲ့။ သစ်ပင်လေးတွေအပေါ် ဝေ့ဝဲပြီးတော့ နေရာယူရတာလည်း သူကြိုက်ရဲ့။ တခါတရံသစ်ငုတ်တိုလေးတွေမြင်တိုင်းလည်း သူပူပန်ဖူးရဲ့။ သစ်ပင်တွေဒီလိုသာ ပြုန်းတီးနေမယ်ဆို နောင်ကမ္ဘာကြီးဟာအမြဲပူလောင်နေတော့မှာပဲ တဲ့လေ။ အချိန်တန်ရင် အငွေ့ပျံပျောက်ကွယ်မယ်မှန်း သိနေတဲ့ သူဟာ သူ့အတွက်ထက် ကမ္ဘာကြီးအတွက်ပူပန်ပေးခဲ့သူ။
…………..
ခေါင်းကိုတစ်ချက်ယမ်းလိုက်မိရင်း ဆောင်းရဲ့ခံစားချက်အတွေးကနေ ရုန်းထွက်တော့ နှလုံးသားရဲ့ တိမ်မြုပ်နေတဲ့ အနာဟောင်းက ပြန်ပေါ်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကျွန်တော်ကိုယ်တိုင်ကိုက နှင်းဝှက်တဲ့ဆောင်းရဲ့ သဏ္ဍာန်အတိုင်း ထပ်တူကျနေမိလေရဲ့။ ကျွန်တော်လည်း နှင်းကို ဝှက်ခဲ့ဖူးပါတယ်။ ဟုတ်ကဲ့။ ချစ်ခြင်းများစွာနဲ့ပဲ နှင်းကိုဝှက်ခဲ့မိလေရဲ့။ ဒါပေမယ့် ကျွန်တော်ဝှက်ခဲ့တဲ့ နှင်းက ကျွန်တော့်ရဲ့သူ့အပေါ်ချစ်ခြင်းများစွာ…………………။ ဟုတ်တယ်။ သူ့အတွက် ချစ်ခြင်းအသင်္ချေကို ဝှက်ထားခဲ့မိတယ်။
……….
ကျွန်တော်ကိုယ်တိုင်လည်း မသိလိုက်မသိဘာသာနေရင်းနဲ့ ရောက်လာတဲ့ချစ်ခြင်းကို လက်ကမ်းကြိုဆိုခဲ့ရတယ်။ တစ်ခါသာအသေအချာမြင်ဖူးတဲ့မျက်နှာနဲ့ တစ်ခါသာ အသေအချာကြားဖူးတဲ့ စကားသံကို ကိုယ်ကိုယ်တိုင်တောင် မသိပါပဲ နှလုံးသားထဲထိ စွဲစွဲမြဲမြဲ မှတ်သားခဲ့မိတယ်။ မေ့ပျောက်ဖို့ ခက်ခဲလွန်းတဲ့ သူ့သဏ္ဍာန်ကို စိတ်ထဲမှာ မှန်းဆရင်း လွမ်းမောမိခဲ့တာကာလည်း အခါခါပေါ့။ အဲ့ဒီတော့မှ ချစ်ခြင်းကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ခဲ့ရမှန်း သိလိုက်ရတယ်။ တစ်စုံတစ်ယောက်ကို လွမ်းတယ် ဆိုတဲ့ အဖြစ်ဆိုးကြီးကနေ ရုန်းထွက်ချင်ပေမယ့် မရတဲ့ကိုယ့်ကိုယ်ကို မုန်းတယ်။ ကျွန်တော်မုန်းတယ်။။ မြင်လျှင်မြင်ချင်း အချစ်ဆိုပြီး လွယ်လွယ်နဲ့ ကျရှုံးခဲ့ရတဲ့ ကျွန်တော့်နှလုံးသားကိုလည်း ကျွန်တော်မုန်းတယ်။
သူ့အောင်မြင်မှုတွေကို တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကြားရတိုင်း မုဒိတာ ပွါးမိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ လိုက်မီဖို့အတွက် ကြိုးစားချင်စိတ်မရှိခဲ့ဘူး။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အကွာခြားဆုံးအရာက ဘဝရဲ့ အရသာကို အဓိပ္ပါယ်ဖေါ်ဆောင်ပုံခြင်း မတူညီတာပဲ။ ဟုတ်တယ်။ သူ့အတွက် ဘဝရဲ့ အရသာဟာ ထပ်ခါထပ်ခါ ကြိုးစားရင်း အောင်မြင်မှုတွေ တသီတသန်းကြီး ရှာဖွေခြင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ဘဝရဲ့ အရသာဆိုတာ တခြားသူကို မထိခိုက်ပဲ ကျွန်တော် နေချင်တဲ့ ဘောင်အတွင်းမှာ စိတ်ချမ်းချမ်းသာသာ နဲ့ နေရခြင်းပဲ။ ဒါပေမယ့်လည်း တကယ်ပါ။ ကျွန်တော်သူ့ကို တစ်ခါလေးတွေ့ရုံနဲ့ စွဲလန်းရူးသွပ်ခဲ့မိတယ်။
မနေ့က ကျွန်တော် သူ့အလုပ်ကို သွားခဲ့မိတယ်။ အလွမ်းဆိုတာဟာ နင့်သည်းလွန်းတဲ့အခါမှာ မဖြစ်မနေဖြည့်ဆည်းပေးဖို့လိုအပ်ကြောင်း သိလိုက်ရတဲ့နေ့ပေါ့။ တကုပ်ကုပ်နဲ့ ကြိုးစားတကြီး အလုပ် လုပ်နေတဲ့ သူ့ရဲ့ ဟန်ဟာ ဘယ်သူ့ကိုမှ မြင်ဟန်မရှိဘူး။ ဒါ့ကြောင့်မို့လည်း သူ ဒီချိန်ထိ လူလွတ်ဖြစ်နေတာဖြစ်မယ်။ သူ့ဘေးဝန်းကျင်က ရုံးတက်ဖေါ်တွေနဲ့ စကားပြောရင်း သူပြုံးတဲ့ အပြုံးတချို့ဟာ လျို့ဝှက်လွန်းတယ်။ ဟန်ဆောင်အပြုံးကို မနှစ်သက်ပေမယ့် အားနာပါးနာ မပြုံးမဖြစ်ပြုံးလိုက်ရတဲ့ အပြုံးမျိုးနဲ့ ခပ်ဆင်ဆင်။ သူဟာ ပတ်ဝန်းကျင်ကို အရေးစိုက်လွန်းတယ်။
သူ့ရဲ့ ဘဝနဲ့ချီတဲ့ အရေးအခင်းတွေ စုံစမ်းကြည့်မိတော့ သူရဲ့ ဘဝကိုအရသာခံတတ်ပုံကို နားလည်လိုက်ရပြန်ရော။ မအေတစ်ခုသမီးတစ်ခုဘဝမှာ အသက်ငယ်ငယ်နဲ့ပဲ အမေဖြစ်သူရဲ့ အားထားမှုကိုရဖို့ သမာအာဇီဝနဲ့အလုပ်မှန်သမျှ ကြိုးစားပမ်းစား လုပ်ခဲ့သူ တဲ့။ ကျောင်းပညာရေးမှာလည်း အမြဲလိုလို အဆင့်(၁)အောက် မကျပေမယ့် သာမန်ရိုးရိုးဘွဲ့တစ်ခုသာ ယူခဲ့သူတဲ့။ လက်ရှိအလုပ်ကိုရဖို့ သုံးလတည်းနဲ့ ပညာဒါနစာသင်ဝိုင်းတစ်ခုမှာ အင်္ဂလိပ်စကားပြောကို သင်ခဲ့သူ တဲ့။ တကယ့်ကိုပဲ။ သူ့သတင်းဟာ ကြာညိုနံ့လို သင်းလွန်းတယ်။ နောက်နှစ်ပတ်ဆိုရင်ပဲ သူဟာ ကုမ္ပဏီကလွှတ်တဲ့ နိုင်ငံခြားပညာတော်သင်အဖွဲ့နဲ့ စင်္ကာပူကို သွားတော့မယ် တဲ့။ မုဒိတာပွါးရင်းနဲ့ပဲ ကြိုလွမ်းမိလိုက်တဲ့အလွမ်းက ခြေမခိုင်အောင်ပြုစားတယ်။
………………………
ကျွန်တော့် လက်ဖဝါးပေါ်ကျလာတဲ့ သစ်ရွက်တချို့ကို ဆုပ်ကိုင်ဖို့ကြိုးစားရင်း သူ့အတွက် လေချွန်ပေးချင်မိတာမို့ လေချွန်လိုက်တော့ ဘာသံမှ ထွက်မလာပြန်ဘူး။ ဒီချိန်ဆို သူစင်္ကာပူမှာ ပျော်နေရောပေါ့ ဆိုတဲ့အတွေးကို တွေးလိုက်မိချိန်မှာပဲ ကျွန်တော် တော်တော်ဝမ်းနည်းသွားတယ်။ သူ့ကို မတွေ့ရတာ တော်တော်ကြာပြီ။ ကျွန်တော်ဒီနေရာမှာ သူ့ကို စောင့်နေမိတာ တော်တော်ကြာပြီဆိုတဲ့အသိနဲ့ သူမလျှောက်တော့တဲ့လမ်းလေးကို ကြည့်နေမိတယ်။ ကျွန်တော့်ရှေ့ကလမ်းလေးမှာ သူမလျှောက်ဖြစ်တော့တာ နှစ်နှစ်လောက်တော့ ကြာခဲ့ပြီ၊ နှစ်နှစ်ပြည့်ရင် သူပြန်လာမယ်ဆိုတဲ့ အတွေးဝင်တော့ ရင်ဟာလှိုက်ခနဲ ထခုန်သွားပြန်တယ်။ သေချာရေတွက်ကြည့်တော့မှ ဒီနေ့ဟာ သူပြန်ရောက်တဲ့နေ့ပဲ ဆိုပြီး သတိထားမိလိုက်သေးတယ်။ ဒါဆို နက်ဖြန်ရဲ့ မနက်ခင်းမှာ သူ့ကို မြင်ရမယ်ဆိုတဲ့အသိနဲ့ ကျေနပ်သွားတဲ့စိတ်က အိမ်ကိုမပြန်ချင်အောင်တားနေပြန်ရော။ နက်ဖြန်မနက်ထိ ဒီနေရာလေးမှာပဲ ထိုင်စောင့်ချင်တယ်..တဲ့။ သတိတရနဲ့ တွေးမိသေးတယ်။ ကျွန်တော့်မိသားစုတောင် ကျွန်တော်နဲ့ မတွေ့ဖြစ်တာ တော်တော်ကြာပြီ။
ဒီနေ့ကျမှပဲ ဆောင်းဟာ အအေးဓါတ်ကို လျှော့လျှော့ပေါ့ပေါ့နဲ့ လွှမ်းခြုံပေးနေလိုက်တာ။ မြေပြင်ကို နှင်းစလေးတွေတောင် သက်ဆင်းမလာတော့။ ဘာ့ကြောင့်လဲ လို့ အများကြီးတွေးစရာမလိုပါဘူး။ ဖြစ်နိုင်တာကတစ်ခုတည်းရယ်။ ဆောင်းနဲ့နှင်းဆိုတာ စွယ်တော်ရွက်လို မခွဲမခွါရှိတတ်သူတွေ မဟုတ်လား။ သူ့စွယ်တော်ရွက်လေးတစ်ခြမ်းဟာ နေရောင်ခြည်အောက်မှာ တစစနဲ့ အရည်ပျော်ရင်း ပျောက်ကွယ်သွားတာမကြည့်ရက်လို့ဖြစ်မယ်။ ဟုတ်တယ်။ အဲ့ဒါကြောင့်သာ သူ နှင်းစလေးတွေကို ဝှက်ထားတာ ဖြစ်မယ်။ ကျွန်တော်ကတော့ တခြားအကြောင်းအရာတွေထက် ဒီတစ်ခုကိုပဲယုံကြည်တယ်။ နှင်းစလေးတွေကို ချစ်ခြင်းအသင်္ချေဖြင့် ကာကွယ်ပေးမိသော ဆောင်း။ နှင်းကိုဝှက်သောဆောင်း။
တွေ့ပါပြီ။ သူ့ခြေဖမိုးလှလှလေးဟာ အရင်အတိုင်းပဲ။ ခြေသည်းနီတွေ ဆိုးမလာတတ်သေးဘူး။ သူ့လက်အစုံဟာ အရင်အတိုင်းပဲ ဟမ်းဘက်အိတ်ကို ကိုင်ထားတုန်းပဲ။ ဟမ်းဘက်အိတ်ဟာလည်း အရင်အတိုင်းပဲ။ မိန်းမသိပ်မဆန်ပေမယ့် ခမ်းနားကြောင်းသိသာစေတဲ့ ဟမ်းဘက်အိတ်မျိုး။ သူ့ဆံပင်တွေဟာ အရင်ထက် ပိုရှည်လာတယ်။ ခေတ်သစ်ပြုပြင်မှုတွေ မလုပ်ဘူးထင်ပါရဲ့။ နက်မှောင်နေတဲ့ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားတဲ့ သူ့အလှဟာ တကယ့်ကို ကျက်သရေ ရှိလွန်းတယ်။သူ့မျက်နှာရဲ့ မိပ်ကပ်ကို ထင်ထင်ရှားရှားလိမ်းကျံထားခြင်းမပြုတဲ့ သဘာဝအလှက ကျက်သရေပိုတိုးစေတယ်။
သူ့ဘေးမှာ မေမေ့ကိုပါ မြင်လိုက်ရတော့ ကျွန်တော့်စိတ်တွေ ဟုန်းခနဲ။ မပြောနဲ့ မေမေ။ မပြောပါနဲ့။ အော်မြည်ရေရွတ်ရင်း ခန္ဓာကိုယ်ဟာ ဝုန်းခနဲ ကျွန်တော့်ရဲ့ ဘူမိနက်သန်လေးထဲကို ဝင်ပုန်းမိပေါ့။ မပြောပါနဲ့လား မေမေရယ်။
“သားရယ် သားကယ်ခဲ့တဲ့ မိန်းကလေးရောက်လာပြီလေ ခု သားကတော့….”
သူ့ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်နေခဲ့တယ်။ ဟုတ်တယ်။ မငိုပါနဲ့လို့ တားချင်ပေမယ့် တားခွင့်မရှိတဲ့ ကျွန်တော့်အဖြစ်ကို ကျွန်တော် ယူကျုံးမရဖြစ်မိပါပြီ။ ဟုတ်တယ်။ ကျွန်တော် တော်တော် ဝမ်းနည်းနေပါပြီ။ သူ့မျက်ရည်တွေကို ကျွန်တော် မကြည့်ရက်ခဲ့ဘူး။
“ကျွန်မ လေယာဉ်ကွင်းကို သွားဖို့ အရေးကြီးနေခဲ့တာ ကျွန်မ ဘာကိုမှ သတိမထားမိခဲ့ဘူး အဲ့ဒီနေ့က စည်းမဲ့ ကမ်းမဲ့ မောင်းနှင်လာတဲ့ ဒိုင်နာတစ်စီးအောက်မှာ ကျွန်မကို ကယ်ခဲ့တဲ့သူကိုတောင် လှည့်ကြည့်ဖို့ အခွင့်မသာခဲ့ဘူး စူပါဗိုက်ဇာက ဆွဲခေါ်သွားတဲ့နောက် ပါသွားရတာ”
သူ့ရဲ့ စိတ်မကောင်းခြင်း၊ ဝမ်းနည်းကြေကွဲခြင်းလေသံမှာ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ယဆနေတဲ့ အတွေးတစွန်းတစကိုပါ နားလည်လိုက်မိတယ်။ မဟုတ်ပါဘူး ကောင်မလေးရယ်။ ကိုယ်ကိုယ်တိုင်ကိုက မင်းအတွက် ပေးဆပ်ခဲ့ရတာကို ကျေနပ်ခဲ့သူပါ။ အဲ့ဒီလိုကျေနပ်လွန်းလို့ပဲ မင်းပြန်လာတာနဲ့ မြင်ခွင့်ရှိချင်လို့ ဒီလမ်းလေးရဲ့ဘေးမှာ မြုပ်ပေးဖို့ ကိုယ်တောင်းဆိုခဲ့မိတာ။ ဒီတစ်ခုပါပဲ။
မငိုပါနဲ့ ကောင်မလေးရယ်။ ပြန်လည်ရယူလိုခြင်းမရှိတဲ့ ချစ်ခြင်းရင်ခွင်ကို မသိခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်လို့များသိခဲ့ရင် သူ ဒီ့ထက် ယူကျုံးမရဖြစ်လိမ့်မယ်။ မေမေရေ ကျွန်တော့်ဒိုင်ယာရီလေးကို အပြီးတိုင် မီးရှို့ပေးပါ။  သူ့ကို မသိပါစေနဲ့။ မေမေရေ ကြားရဲ့လား။ ကျွန်တော့်ရဲ့ နှင်းစလေးတွေကို ဆက်ပြီး လျှို့ဝှက်ထားပေးပါ။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်