Friday, 31 May 2013

အကျဉ်းစံ လိပ်ပြာ

အကျဉ်းစံလိပ်ပြာ


“ကလင်ကလင် ကလင်”    
 ကိုင်ဆောင်သူမရှိ၍ တိတ်ဆိတ်သွားသော ဖုန်းလေးကို ကျွန်မ ငေးကြည့်နေမိသည်။ ဟိုးအရင်ကလို ဖုန်းကိုကျွန်မကိုင်ပြီဆိုလျှင်တော့
“ပြန်လာနေပြီနော် မ အတွက် ပေါင်မုန့်ဝယ်လာခဲ့မယ် မောင့်ကို မျှော်နေနော် တာ့တာ”
ဆိုသည့် စကားတစ်ခွန်းပဲပြောကာ ဖုန်းချသွားပေလိမ့်မည်။ ခုတော့ ထိုဖုန်းသည် သူပြန်လာတော့မည်ဆိုသည့်အကြောင်း အသိပေးရုံဖုန်းသက်သက်သာ ဖြစ်နေပေတော့သည်။
ဒီချိန်ဆို သူဖုန်းချပြီးတာနဲ့ လမ်းကူးနေလောက်ပြီ။ ပြီးလျှင် ဝမ့်ဝမ့်စတိုးဆိုင်သို့ဝင်ကာ ပေါင်မုန့်တစ်ထုပ်ဝယ်ဦးမည်။ နောက် အိမ်အပြန်ဘက်စ်ကားလေးမှတ်တိုင်စာခရီးကို သူ ခြေကျင်လျှောက်လာဦးမည်။ တိုက်တံခါးဝကို ရောက်ပြီဆိုတာနှင့် တိုက်တံခါးသော့ဖွင့်ကာ အပေါ်တက်လာပေလိမ့်မည်။ အခန်းနံပါတ် ၁၀၃ ဆိုသည့် ဒီအခန်းရှေ့ရောက်လျှင်တော့ သူ ရပ်ပေလိမ့်မည်။ ထို့နောက် သော့ဖွင့်ဝင်လာလိမ့်မည်။
“မိန်းမကလည်းကွာ အလုပ်ကပြန်လာရင် မောင် ဆာနေမှာပေါ့လို့မတွေးမိဘူးလား ထမင်းလည်းချက်မထားဘူး… ခုမှချက်ရတော့ မောင့်ကျ အဆာလွန်တော့တာပေါ့.. ရော့ မိန်းမအကြိုက် ပေါင်မုန့်ဝယ်လာတယ်”

၃၁-၅-၂၀၁၃--

၃၁-၅-၂၀၁၃----

မျှော်မထားပေမဲ့
နောက်တစ်နေ့ကတော့
ရောက်မြဲအတိုင်း ရောက်လာခဲ့ပြီ

၃၀-၅-၂၀၁၃---


၃၀-၅-၂၀၁၃

ထွက်ပေါက်
လိုနေတဲ့ ထွက်ပေါက်တွေကို
တကူးတကလိုက်မရှာနဲ့
အနီးဆုံးမှာ
ရှိတယ်

အစာမကျေခြင်းများ

“အစာမကျေခြင်းများ...”

အဲဒီကစပြဿဒ်မီးလောင်တော့တာပဲ။
ဘယ်သူ စတဲ့ မီးလဲ။

မကြည့်နဲ့ အစအဆုံး အကျိုးနဲ့ အကြောင်းခွဲမရ
သိက္ခာတွေ တပုံကြီးနဲ့
လမ်းပေါ်မှာ အပြောခံရမှာ ကြောက်တယ်
မာနတွေ တအုံကြီးနဲ့
မျက်စွန်းမျက်စလေးတောင် မုန်းတယ်။

တခါက ရွှေယုန်နဲ့ ရွှေကျား
သက်ကယ်ရိတ်သွားသတဲ့
ပြောကြတာပါပဲ
ရွှေကျားမှားသတဲ့
ရွှေကျားမှားသတဲ့လား
ဒီလိုပဲ ပုံပြင်လေးတစ်ပုဒ်ပေါ့ ရှိခဲ့ဖူးတယ်။

ကျွန်တော်က ဆရာကြီးဗျ
ဗလာတွေ တသီကြီးရှိနေတာကို ငြင်းခုန်ရင်း
ဆရာကြီးဟန်ဆောင်ရတာ ကြိုက်တယ်
ပညာရှိမဟုတ်ဘူးငြင်းရင်း
ပညာရှိတဲ့သူ လို့ အထင်ခံရတာ ကြိုက်တယ်
စကားမစပ် ကျွန်တော် ပညာရှိမဟုတ်ဘူးဗျ
ခင်ဗျားတို့ကတော့ ဆက်ထင်နိုင်ပါတယ်
ကျွန်တော်ဟာ ပညာရှိ လို့။

ပြည်သူတွေ ငတ်နေတယ်
ပြည်သူတွေ ငတ်နေတယ် လို့
ခဏခဏ အော်ပေးရတာကြိုက်တယ်
ကျွန်တော်မှမငတ်တာ
တခြားနေရာမှာ ရေမရှိတာစိတ်မပူဘူး
ကျွန်တော့်အိမ်မှာ မီးမလာမှာစိတ်ပူတယ်
ရေတင်လို့မရရင် ရေမရတော့ဘူးမဟုတ်လား
ကျွန်တော်က ငတေကြီးပေါ့
ခင်ဗျားတို့အမြင်မှာ သူတော်ကောင်းဖြစ်ဖို့
မနည်း ကြိုးစားခဲ့ရတာ
ဟိုနေရာလည်း စီစီ
ဒီနေရာလည်း စီစီ
ပါလေရာ ငပိချက်ကြီး ဖြစ်ခဲ့ရ။

ဝုန်းဒိုင်းကျဲ လိုင်းသားတွေ တတိတိနဲ့
ကဗျာတွေ ဖန်တီး
ဆာနေတဲ့ ဝမ်းဟောင်းလောင်းတွေ ဆီကနေ မုဒ်တွေယူခဲ့ပေါ့
တကယ်ဆို လက်တွေ့ကျကျ လုပ်ငန်းခွင်က
ကိုယ်တိုင်အလုပ်ကြိုးစားပြီး ပိုလျှံတာကို ရအောင်လှူ
ဒီလိုလူချည်းသာဆို ဘယ်သူမှ မငတ်ဘူး
မယုံမရှိနဲ့
ခုတော့ ကျွန်တော့် အမျိုးအဆွေတွေ ငတ်နေတယ်ဗျ အော်ရင်း
ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်။

ဟိုမှာ ရေရှားနေတယ်
ဟိုမှာထမင်းငတ်နေတယ်
ဟိုမှာ ကျ ပြည့်လျှံနေတယ်
တကယ်ဆို ကိုယ်ကိုယ်တိုင်ရဲ့ လက်ကြားက စီးကရက်ကို
ဘယ်သူပစ်နိုင်လို့လဲ
အချိန်တန်ရင် မာဆက်လေးလောက်တော့ သွားချင်ကြတာချည်း။

လာပါပြီ ကျူးတဲတွေ
နေရာတစ်ခုပေးပြန်တော့
ရောင်းပြီး တခြားနေရာမှာ ထပ်ကျူးတယ်
ကဲ နိုင်ငံတော်က သတ်မှတ်တဲ့စည်းမျဉ်းမှာ
၁၂ နှစ်ကြာထိ ပိုင်ရှင်က လှည့်မကြည့်ဖြစ်ရင်
ကျူးသမားက မပိုင်ပေမဲ့ ဆိုင်သတဲ့
ဒီလို တိတိပပသတ်မှတ်ချက်တွေကြား
ကျူးတဲ နဲ့ ပိုင်ရှင် ဖြစ်လိုက်တိုင်း
ပိုင်ရှင်ချည်း အပြောခံလိုက်ရ
အားနည်းသူဘက် လိုက်ပါပေးတာပါ နဲ့
တကယ်ဆို ကိုယ့်အိမ်ကိုယ်ပြန်ရဖို့
ကျူးသမားကို ကျွေးလိုက်ရတာ မနည်းမနော
ဒါပေမဲ့လည်း ကျွန်တော်က လူကောင်းကြီးပါ
ဘာပဲဖြစ်ဖြစ် ကျူးသမားမှန်တယ်
သူက မရှိဆင်းရဲသားမဟုတ်လား။

နာမည်လေး ရတာနဲ့
ကျွန်တော်ကိုယ့်ကိုယ်ကို ဆရာကြီးထင်မိ
ဒီကဗျာက
ဖြစ်သမျှလောကကို အစာမကျေလို့ ရေးတဲ့ကဗျာ
မှန်ချင်မှန်မှားချင်မှားမယ်
ကျွန်တော့် ခံယူချက်နဲ့ကျွန်တော်
ကျွန်တော့်ကိုယ်ကျွန်တော် အစာမကျေလို့ ရေးတဲ့ကဗျာ
မကျေနပ်ရင် ကြိုက်သလိုပြောနိုင်တယ်
သေချာတာက ပြည်သူတွေ ငတ်နေတယ် ကျွန်တော်မငတ်ဘူး။

Wednesday, 29 May 2013

29-5-2013----

၂၉-၅-၂၀၁၃-----

အလင်းစတွေကို ဖမ်းပြီး လေထုနဲ့အတူပို့လိုက်တယ်
ငှက်ကလေး
မင်း တွေ့မိပါရဲ့လား
အလင်းတွေထဲမှာ မေတ္တာတရားတွေက တလူးလူးတလွန့်လွန့်
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ....
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ
ကျွန်တော်ချစ်တဲ့ငှက်ကလေး အေးမြပါစေ။

Tuesday, 28 May 2013

၂၈-၅-၂၀၁၃



အလွမ်းတွေဖြေဖို့
သက်တံ့တံတားတစ်စင်း
ဖန်ဆင်းပစ်ချင်တယ်
ကောင်းကင်ကနေ သူ့ကို ငေးနေလို့ရတယ်မဟုတ်လား
ဟေး
ကြားလား ကြားသလား
ဟောဒီတချက်ချက်ခုန်နေတဲ့ အလွမ်းတွေက
ပြင်ပကမ္ဘာကြီးကို ထိုးဖေါက်ခိုင်းနေတယ်
ဟေးး
မြင်လား မြင်ရဲ့လား
နေရာအနှံ့ကြွေနေတဲ့ သစ်ရွက်ဝါတွေကို
သွေးကြောတွေဟာ အညိုရောင်သမ်းလာ
သူ့ရနံ့ရမှ ရှင်သန်ခွင့်ရမဲ့ သစ်ပင်
လေပြေခရီးသည်တွေကို တွေ့တိုင်းမှာမိနေကျ
ကျေးဇူးပြု၍
ငှက်ကလေးရဲ့ ရနံ့ကိုသယ်ခဲ့ပါ
ဟေး
ကမ္ဘာ့ခေါင်မိုးကြီးပေါက်ထွက်သွားအောင် အော်ပစ်မိတယ်
ကျွန်တော့်လက်တွေ ကနေပြီ
သစ်ခက်သစ်ရွက်တွေ ကနေပြီ
သူ မြင်မလားလို့
သူ့အတွက် ဖျော်ဖြေနေမိ
တကယ်ဆို သူ့အရိပ်အယောင်တောင် မမြင်ရသေးဘူး
ဟေး
မြင်လား မြင်ရဲ့လား
မျှော်နေကျ တောင်ပံခတ်သံလေး ပျောက်ဆုံးနေတဲ့အခါ
ငါ့ရှင်သန်မှုဟာ အဓိပ္ပါယ်မဲ့လာတယ်
လွမ်းတယ် .............။

Monday, 27 May 2013

သူနဲ့ကျွန်တော်(၂)

ကျွန်တော်က သူမေ့နေတဲ့ တေးသွားလေးပါ
သူက ကျွန်တော်ဆိုနေကျ သံစဉ်လေးရဲ့ ပိုင်ရှင်
အသွင်မတူသူနှစ်ယောက်
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုမှာ ဆုံခဲ့ကြတယ်

အချစ်တဲ့လေ.......




“စိမ်းလဲ့ ခု ဘယ်နားမှာလဲ ငါ မမြင်ရဘူး”

သူ့ စကားကြောင့် ကျွန်မ ပြုံးလိုက်မိရင်း လက်ကလေးတစ်ဖက် မြှောက်ကာ ဝှေ့ယမ်းပြလိုက်မသည်။

“နောက်တည့်တည့်ကို လှည့်ကြည့် သစ်ပင်ပုလေး ဘေးမှာ ရပ်နေတယ် တွေ့လား ဒီမှာ ဒီမှာ ဒီကို ကြည့်”
တွေ့ပြီဆို တာ သေချာတော့မှ ဖုန်းကို ပိတ်လိုက်ရင်း မုန့်ဆိုင်ဝယ် ဘာမုန့်စားရင်ကောင်းမလဲ ဟု ရွေးနေလိုက်သည်။ သူ ဆိုလျှင်ကော ဘာမုန့်ကြိုက်လေမလဲ ဟုလည်းတွေးရင်း..။

အနားသို့ရောက်လာသော သူ့ကို မုန့်စားရန် ခေါ်တော့ ကိုယ်တော်က မစားတဲ့။ဘာတက်နိုင်မလဲ လေ။ သူ မစားတော့ ကျွန်မပဲ စားရတော့တာပေါ့။ သူကတော့အနားဝယ် ရပ်ရင်း ကျွန်မ မုန့်စားနေသည်ကို ကြည့်နေသည်။ ကဲ မင်္ဂလာဈေးကိုတော့ သူ့ကို ခေါ်ပြီးပြီ။ ပြီးရင် သူ့ကို ဘယ်လိုပုံပြောင်းရင် ကောင်းမလဲ ဆိုသည့် အတွေးကို တရစပ်တွေးရင်း အလုပ်ရှုပ်နေလိုက်သည်။

သူဆိုသည်က ကျွန်မ၏ ချစ်သူ မမည်သော ချစ်ရသူ။

၂၇-၅-၂၀၁၃




ပျော်ပါစေ ငှက်ကလေး
ကောင်းကင်ကြီးက လင်းလင်းလက်လက်နဲ့
ငှက်ကလေးတစ်ကောင်ကို ကြိုလင့်လို့
စူပုတ်ပုတ်နှုတ်ခမ်းကြီးက ခပ်ပါးပါးပြုံးလိုက်ပါ
နောက်
ဆိုပါ
တေးဆိုပါ
တေးချိုချိုလေးတွေ ဆိုကြည့်ပါ
ငှက်ကလေး တဖြည်းဖြည်းပျော်လာလိမ့်မယ်

Sunday, 26 May 2013

၂၆-၅-၂၀၁၃----




လွမ်းခွင့်မရှိတဲ့ နယ်မြေကနေ စည်းကျော်လွမ်းနေမိခဲ့
အမြဲရောက်တဲ့ နေ၇ာတစ်ခု
ဒီနေ့ရှောင်သွားမိတယ်
အမြဲ ကြည့်ခဲ့တဲ့ နေရာလေးတစ်ခု
ဒီနေ့ ကျော်သွားမိပြီ
အလွမ်းနက်လို့ ညတာရှည်လေသလား

Saturday, 25 May 2013

ပန်းပွင့်လေး မေ့နေမယ့် ဥယျာဉ်မှူး


မျက်ဝန်းတစ်စုံ။ ထူးဆန်းလွန်းသည့် မျက်ဝန်းတစ်စုံ။ ထိုမျက်ဝန်းတစ်စုံသည် ဘယ်အချိန်ကြည့်ကြည့် ဖျတ်လတ်ရွှင်လန်းမှုတို့ပျောက်ဆုံးနေကာ ရီဝေ ငေးငိုင်နေတတ်သည်။ ထိုမျက်ဝန်းတစ်စုံကို ကြည့်မိလိုက်တိုင်း ကြီးမားသော ပူဆွေးမှုတို့ ဖုံးကွယ်ထားသည်ဟု ခံစားရသည်။ ထို့ပြင် ထိုမျက်ဝန်းတစ်စုံဝယ် နာကျင်မှုကို ခံရခက်စွာ လှောင်ပြောင်နေသည့်သဏ္ဍန်တို့ ရောပြွန်းနေသည်။
မျက်ဝန်းတစ်စုံပိုင်ရှင်၏ရုပ်ရည်သည် ချောမောလှပသော စာရင်းထဲတွင်မဝင်သလို ချစ်စဖွယ်အသွင်သဏ္ဍန်လည်း မရှိခဲ့။ သို့သော် သူ့ကတိစကားတစ်ခွန်းကြားရုံနှင့် သေချာပေါက် ကတိတည်မည့်သူဟု ယုံကြည်စေသည့်သူမျိုး ဖြစ်သည်။
ထိုမျက်ဝန်းတစ်စုံပိုင်ရှင်သည် အမြဲလိုလို ပြုံးရွှင်ကြည်သာစွာ နေပြတတ်၏။ အားနာတတ်၏။ လူတိုင်းနှင့် သင့်တင့်စွာ ပေါင်းသင်းဆက်ဆံတတ်၏။ လူတိုင်းက သူသည် လူကောင်းတစ်ယောက်၊ လူရည်မွန်တစ်ယောက်ဟု ပြောကြသည်သာ ဖြစ်၏။ သူစကားပြောလျှင် အမြဲလိုလိုပင် ထိန်းပြောတတ်သည်။ ဘယ်သောအခါမှ တရားလက်လွတ် စကားပြောသည်ရယ်မရှိခဲ့။ ထို့ကြောင့်သာပဲ သူ့ကို ပတ်ဝန်းကျင်က ချစ်ခင်ခဲ့ခြင်းဖြစ်မည်။ သူသည် သူ့မိသားစုကိုလည်း အချစ်ကြီးတတ်သူဖြစ်ပြန်သေးသည်။ စိတ်ထားကလည်း နူးညံ့လွန်းသည်။ သူ့ကိုယ်သူ ဂရုစိုက်ဖို့မေ့နေတတ်သောသူသည် သူ့အလုပ်ကိုလည်း ချစ်မြတ်နိုးတတ်သူဖြစ်သေး၏။
ထိုကဲ့သို့ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်လှသော သူ့မျက်ဝန်းတစ်စုံအတွင်းမှ နာကျင်မှုတို့ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ရရှိမိသွားသည့်အခါ……။
ထိုသူသည် ကျွန်မ ဖြစ်နေသည့်အခါ…………….။
ကံတရားက အလွန်ပင် ဆန်းကြယ်လှပါသည်။ ထိုဆန်းကြယ်လှသည့် ကံတရားကို အပြစ်တင်ချင်သလားဟု ကျွန်မကို မေးလာပါက အမှန်ကန်အရဲရင့်ဆုံး ဖြေပြလိုက်ချင်ပါသည်။
“ဘယ်တော့မှ အပြစ်မတင်ဘူး” ဟုပင်။
(-)

၂၅-၅-၂၀၁၃-----




သူစိမ်းတွေပါ
တားမြစ်ခွင့်မရှိတဲ့ နယ်မြေမှာ နေအပ်တယ်
တကယ်ဆို
ဖုန်းလေးတစ်ကောလောက်ဆက်ရုံနဲ့
ပွန်းပဲ့သွားမယ့် ထားအပ်တဲ့ သိက္ခာတရားတွေ
လူး

၂၄-၅-၂၀၁၃----



ငှက်တစ်ကောင်ကို လွမ်းဆွတ်နေတဲ့ သစ်ပင်တစ်ပင်

တကယ်ဆိုသူက အရူးပဲ

စိတ္တဇ အချစ်တွေကို အထပ်ထပ်ပျိုး

လိုချင်သူမရှိလည်း

သူကတော့ ပန်းပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့်ခြွေတယ်

၂၃-၅-၂၀၁၃----



အလင်းသဲ့သဲ့မှာ အငိုက်မိနေဆဲ စိတ်တွေ
လင်းလက်မလာသေးဘူး
ညို့နေတဲ့ တိမ်တွေက ငါ့ကောင်းကင်ကို အုပ်မိုးနေတုန်းပဲ
ငှက်ကလေးရေ
ငါက ရူးတတ်တယ်

။။။။။။။။။။။။။။။။။။။။။။

Wednesday, 22 May 2013

“ငိုချင်တယ်”



ရင်တစ်ခုလုံး တဒိတ်ဒိတ်နဲ့
ငလျှင်လှုပ်နေသလိုပဲ
မြင်နေရတာက မီးပင်လယ်
ကျော်ဖြတ်ဖို့ မလွယ်တော့ဘူး
ဟုတ်တယ်
မကျော်ဖြတ်နိုင်တော့ဘူး
ဒီမီးပင်လယ်ကိုယ် ဘာနဲ့ငြိမ်းသတ်ရမလဲ
ဖြေပါ
ကျေးဇူးပြု၍ ဖြေပါ။