Tuesday 9 July 2013

မာန နှင့် သံယောဇဉ်ကြား ဗျာများနေရသော ဝေဒနာ

ပါးလျလာသော နားလည်မှုတံတိုင်းကို သူကော ကျွန်တော်ပါ ပြန်မတည်ဆောက်တော့ပါ။ ရှိလက်စနဲ့ရှိပါစေတော့။ ပျက်လက်စနဲ့ ပျက်ပါစေတော့။ မည်သို့ပင်ဆိုစေကာမူ ခင်မင်ခြင်းကတော့ ထာဝရအတွက် တည်ရှိနေမှာအမှန်။ သူငယ်ချင်းသံယောဇဉ်သည် ထုထည်ကြီးမားလားသည့်အခါ မောင်ရင်းနှမပမာ၊ ညီရင်းအစ်ကိုပမာ ဖြစ်တည်သွားတတ်သည်ပင်။ သွေးရင်းတစ်ယောက်ကဲ့သို့ပင် ပြန်လည်ထူထပ်လာမည့် နားလည်မှုတံတိုင်းကို မျှော်လင့်နေပါမည်။ သို့သော် အချိန် လိုဦးမည်ထင့်။

ကျွန်တော့်စိတ်ညစ်မှုမှန်သမျှ သူသိသည်။ သူ့အခက်အခဲ အနည်းအကျဉ်းကို ကျွန်တော်သိသည်။ ကျွန်တော်က အရာရာကို ဖွင့်ထုတ်တတ်သူဖြစ်ပြီး သူက အရာရာကို ကြိတ်ခံစားတတ်သူတစ်ဦးဖြစ်သည်။ သူနှင့် ကျွန်တော်သည် တစ်ယောက်ကိုတစ်ယောက် စိတ်ဖွင့် ခင်မင်ခဲ့ကြခြင်းဖြစ်သည်။ သူသည် ကျွန်တော့်အတွက် ဂျိုကာလေးတစ်ကောင်ဖြစ်သလို ကန့်လန့်တိုက်ဖက်လေးလည်းဖြစ်၏။ ကျွန်တော်က သူ့အတွက် ဘယ်လိုအဓိပ္ပါယ်သတ်မှတ်ချက်ဖြစ်ခဲ့သလဲ ဆိုသည်ကိုတော့ ကျွန်တော်မသိပါ။ သူ သည် ကျွန်တော့်အတွက် လိုရာသုံး၍ရသော စွယ်စုံကျမ်းတစ်စောင်ဖြစ်သလို ရင်ဖွင့်တိုင်ပင်၍ရသော သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သည်။ ထို့အတူ် ကျွန်တော့်အတွက် ညီရင်းပမာ စိတ်ပူရသော၊ စေတနာထားရသော သူငယ်ချင်းလည်း ဖြစ်ပြန်သေးသည်။
 သူ့အတွက်ကောင်းစေချင်သော ဆန္ဒနှင့် ပြောခဲ့သမျှသည် သူ့မာနကို ချိုးဖျက်လေပြီအထင်နှင့် သူ ကျွန်တော့်အပေါ် ခါးသည်းမှုတွေ ထူထူထပ်ထပ်ရွာသွန်းပစ်၏။ ထိုအကြောင်းအရာနှင့် ပတ်သတ်လာလျှင်မူ သူ့အတွက် မကောင်းကျိုးဖြစ်မည့်အရာမို့ ကျွန်တော့်ဘက်ကလည်း တားမြစ်မိဦးမည်ပင်။ ထို့အတူတော့ နားလည်မှုများကို လက်ရှိသိပ်သည်းဆအတိုင်း ထားရစ်ခဲ့တာ ကောင်းပါမည်။ လက်ရှိသိပ်သည်းဆအရ သူသည်လည်း ကျွန်တော့်ကို ကောင်းစေချင်သည့် ဆန္ဒတို့ ပြည့်နေမည်ဖြစ်သလို ကျွန်တော်ကလည်း သူ့အတွက်ကောင်းမွန်ပြည့်စုံမှုများသာ ရစေချင်သည့် ဆန္ဒတို့ရှိနေပါသည်။ အကယ်၍များ ထပ်မံ ပေါက်ကွဲကြမည်ဆိုလျှင် သူနှင့် ကျွန်တော့်ကြားမှ သူငယ်ချင်းသံယောဇဉ်လေးသည် ထောက်ခနဲ ပြတ်တောက်သွားမည်ကို ကျွန်တော်စိုးရိမ်လှပါသည်။
သူသည် ကျွန်တော့်အတွက် မည်မျှအရေးပါသည်ကို စဉ်းစားဖို့ ကျွန်တော်မကြိုးစားပါ။ ကြိုးစားလိုက်လျှင် သူ့ကောင်းကျိုးဖြစ်ဖို့ရာအတွက် ထိုအကြောင်းအရာကိုပင် ပြန်လည် တားမြစ်မိဦးမည်။ ထိုအခါ ခပ်ယဲ့ယဲ့သာကျန်တော့သော သူနှင့် ကျွန်တော့်ကြားက သံယောဇဉ်ကြိုးလေးသည် ပို၍ ပါးလျသွားမည်ကို စိုးထိတ်လှပါသည်။
သူသည် ကျွန်တော့်ကို ကျွန်တော်သိလိုသမျှ သင်ပြပေးခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ကျွန်တော် သိအပ်သော အကြောင်းအရာတချို့ကို ပြောပြခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ကျွန်တော့်အတွက် သူငယ်ချင်းထက်ပိုခဲ့ပါသည်။
မိတ်ဆွေ။ မိတ်ဆွေကောင်းဟူသော စကားနှင့်မှ ပိုသင့်တော်ပေလိမ့်မည်။ ဟုတ်သည်။ သူသည်  ကျွန်တော့်အတွက် မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါသည်။
ကျွန်တော့်အမုန်းကို မကြောက်ပဲ ကျွန်တော့်အမှားတို့ကို ထောက်ပြခဲ့သူတစ်ဦးဖြစ်သလို အပြောကလည်း မညင်သာမချိုမြခဲ့။ သူနှင့် ကျွန်တော်သည် အများက ညီအစ်ကို အရင်းဟု ထင်ရလောက်အောင်ပင် ရင်းနှီးခဲ့သူများဖြစ်သည်။ ယခုတော့ သူနှင့် ကျွန်တော့်ကြား အစိမ်းရောင်အငွေ့များသမ်းနေပါသည်။ တားဆီးဖို့ရာ အားအင်မရှိသေးသလို တားဆီးလိုက်ပါက ပို၍များဆိုးသွားမလားဆိုသည့် အတွေးနှင့် ကျွန်တော်ဒီတိုင်း ရပ်နေမိပါသည်။
ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိဆိုသည့် စကားပုံကို မည်သူများ တီထွင်ခဲ့ပါသလဲ ဟု ကျွန်တော်အခါခါ စဉ်းစားနေမိပါသည်။ လက်ရှိအချိန်တွင် သူနှင့် ကျွန်တော့်ကြားမှ ချိန်ခွင်သည် အဆိုးဘက်သို အနည်းငယ်သာ ရောက်နေသေးသည်။ နားလည်မှုတို့ တိုးပွားဖို့ကြိုးစားရင်း ပို၍ အခြေအနေဆိုးလေမည်လားအတွေးနှင့် ရှင်းပြဖို့ကို လက်လျှော့စွန့်လွှတ်ခဲ့ဖြစ်သည်။
ကောင်းကင်ထက်မှ ညို့ဆိုင်းနေသော တိမ်တို့ကို ကြည့်ရင်း သူ ပြောခဲ့သော စကားတချို့မှ သူ့ဘဝကို သတိရမိပြန်သည်။ မိုးကို ချစ်သော၊ ကျေးလက်ကို ချစ်သော၊ သူငယ်ချင်းကိုချစ်သော သူ။ သူကတော့ ကျွန်တော့်လောက် အထီးကျန်ဆန်မည်မထင်ပါ။ စကားနည်းသော၊ လူရာဝင်မှုနည်းသော ကျွန်တော့်အတွက် နည်းပါးလှသော သူငယ်ချင်းကောင်းများစွာထဲမှ သူသည် အကောင်းဆုံးသူငယ်ချင်းတစ်ဦးဖြစ်သည်။ သူကတော့၊ လူရာဝင်မှုများပြားသော သူ့အတွက်ကတော့ သူငယ်ချင်းကောင်းများစွာနှင့်အတူ ပျော်နေနိုင်မည်ပင်။ ကျွန်တော့်အတွက် ရင်ဖွင့်ဖက် သူငယ်ချင်းတစ်ယောက်ပျောက်ရှသွားသော်ငြား သူ့အတွက်ကတော့ ရင်ဖွင့်သောသူငယ်ချင်းတစ်ယောက် ပျောက်ရှသွားရုံမျှသာ ဖြစ်လိမ့်မည်။
သူ၊ကျွန်တော် ဆိုခဲ့သော စကားများစွာတွင် သံယောဇဉ်အရိပ်အငွေ့များသာ သမ်းစေ့ချင်ပါသည်။ သူနှင့် ကျွန်တော့်ကြားမှ ပါးလျလာသော နားလည်မှုတံတိုင်းကို ပြန်ထူထပ်ဖို့ ယခုတိုင် အကြံမရှိသေးပါ။ ထို့အတူ ပြန်ထူထပ်ဖို့ရာအတွက် ထိုအကြောင်းအရာကို အစဖေါ်မှသာ ရပေလိမ့်မည်။ ထိုအကြောင်းအရာကို ဟုတ်တယ်ဟု လက်ခံပေးရန်၊ ခေါင်းညိတ်ပေးရန် ကျွန်တော် မတတ်နိုင်ပါ။ ထိုအကြောင်းအရာသည် သူ့အတွက် ထိခိုက်နိုင်သော အကြောင်းအရာဖြစ်နေသည်။
သူငယ်ချင်းကောင်းဟူသည် ဘာကိုခေါ်ပါသလဲ။ ကျွန်တော်မသိချင်တော့ပါ။ မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ ထိုအကြောင်းအရာကို ကျွန်တော် တားမြစ်ချင်ပါသည်။ တချိန်ချိန်တွင် ဖွင့်ထုတ်၍ ရသော ထိုအကြောင်းအရာကိုယခုအချိန်ဝယ် မဖွင့်ထုတ်စေချင်သေးပါ။
သို့သော် သူသည် ကျွန်တော့်အတွက်ရင်ဖွင့်ယုံရသော သူငယ်ချင်းတစ်ယောက်ဖြစ်ပါသည်။
(-)

သူသည်ကျွန်တော့်အတွက်ထာဝရ သူငယ်ချင်းကောင်း ဖြစ်ပါသည်။ ကျွန်တော်လည်း သူ့အတွက် ထာဝရ သူငယ်ချင်းကောင်း ဖြစ်ချင်ပါသည်။ ထို့အတွက် တားမြစ်မှုကို မစွန့်လွှတ်နိုင်ပါ။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်