Monday 8 July 2013

ငယ်

“ငယ်”

ငယ်
အလွမ်းတစ်ခု ဖန်တီးမိတယ် ငယ်
မနေ့က
ဟိုတနေ့က
ဟိုးတလောက
ဟိုးတစ်လက
ငယ်
ပုံရိပ်တွေဟာ နှလုံးသားမှာ ဆန်းသစ်လာ
တကူးတကအလွမ်းဟာ နှလုံးသားကိုစိုက်စိုက်လာ
ရုန်းထွက်တယ်
ငြိ ငြိ ငြိတယ်


ချစ်ခြင်းတရားဟာ အလွမ်းကို အဖေါ်ခေါ်တတ်မှန်း ကိုယ်သိပြီးသား
ငယ်
ကိုယ်နဲ့ငယ့်ကြား ညီမျှခြင်းက ပါးလျားနေတယ်
နားမလည်ချင်တော့ဘူး
နားလည်ဖို့လည်း မကြိုးစားတော့ဘူး
ငယ်
တစ်နေ့နေ့ ဆိုတဲ့ အချိန်မရောက်ခင်
ငယ့်ကို ကိုယ် မေ့နိုင်ကောင်းရဲ့
ခုတော့ လွမ်းဦးမယ် ငယ်

ငယ်
အာရုံတွေ စားဖို့ မပြင်နဲ့
ကိုယ့်လမ်းကိုယ်လျှောက်
မင်းက ဘေးဘီကြည့်တတ်လွန်းရဲ့
သွားပါ ရှေ့တည့်တည့်
အနောက်ကို ရည်ရွယ်ရင် အနောက်လျှောက်ပေါ့ ငယ်

ဖနောင့်တွေလည်း ပေါက်လုပြီ
ယုံကြည်ချက်ကို မင်းက ခဏခဏသံသယဖြစ်လွန်း
တဖြည်းဖြည်းနဲ့ နောက်ရောက်သွားမယ် ငယ်

ကြိုးစား
မင်းခြေ တစ် ချမှာ
မင်းရည်ရွယ်ရာ တစ်လှမ်းရောက်ပြီ တွေးတတ်အောင်ကြိုးစား ငယ်

ငယ်
တစ်ဖက်သတ်ဆိုတိုင်း
အကောင်းချည်းပစ်မတွေးပေးနိုင်ဘူ
ဆူသင့်တာဆူဦးမယ် ငယ်

အမြင်မတော်ရင်ပြောပေါ့
ခုတော့ ရေငုံနှုတ်ပိတ်
တိတ်ဆိတ်နေတတ်တာ
အားနာတာမဟုတ်ဘူး
စိတ်အားငယ်တာ ဖြစ်နေတယ်

မြင်သမျှတွေ့သမျှ
မင်းလောက်စပ်စုတတ်လွန်းရဲ့
မြင်သမျှတွေ့သမျှ
ဖွင့်မပြောပဲ တိတ်ဆိတ်နေတတ်လွန်းရဲ့
မင်းပဲ တော်တယ်ငယ်
နောက်တစ်ခါဆို ဒေါသထွက်မိမယ်

ကြိုးစားကြည့်ဦး ငယ်

 ငယ်
ငယ်
ငယ်
ငယ်လို့ ရွတ်မိလိုက်တော့
ငါ့နှလုံးသားလေး ခပ်ဖွဖွ ခုန်သွားတယ်
မင်းနဲ့ အလိုက်ဖက်ဆုံးနာမည်လေး
“ငယ်”

ကြည်လင်ရှင်းသန့်တဲ့ မျက်နှာမှာ
တစ်ချက်တစ်ချက် ဖြတ်ပြေးသွားတဲ့သံယောဇဉ်အရိပ်အငွေ့တွေ
ငါမှားတာ မဖြစ်ပါစေနဲ့လား
တိတ်တိတ်လေး ဆုတောင်းမိရဲ့

စကားတစ်ခွန်းကိုပြောဖို့
စဉ်းစားလွန်နေတတ်တဲ့ ငယ်
မဟုတ်တာဆိုရင် စကားပြောဖို့တောင် အရှက်သည်းတတ်တဲ့ ငယ်
မြင်နေရတာ ခရော့ဇင်ပဲ
ပြောချင်တယ်
မပြောရက်ဘူး
မှန် ကို အချိန်မှန်ကြည့်လို့ စကားဆိုပါ
ဒီစကားတစ်ခွန်းပဲ မှာချင်ရဲ့

ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ
ခင်မင်မှုတွေ သိပ်သည်းဆများနေရင်တောင်
တာဝန်ယူဖို့ တွေးရင်း ပြောမထွက်တတ်တဲ့ ငယ်
သိပ် ကလေးဆန်တာပဲ

အချိန်မှန်စားပါ
အချိန်မှန်အိပ်ပါ
ပြောချင်တဲ့ စကားတွေ ထွက်မလာဘူး
ဒေါသသံ စွတ်တတ်တဲ့ ကိုယ့်စကားသံကို
သတိထား တားမြစ်နေရ
ပြောမိသမျှ စကားလုံးတွေဟာ
ခေါင်းကလေးငြိတ်ရုံပဲ ကျန်ခဲ့
ငယ်
မင်း ပြုစားခြင်းအတတ်ပညာတော့မင်းကျွမ်းသား
ငါ့မှာ မင်းနဲ့စကားဆိုတိုင်း အလဲလဲအပြိုပြို

ငယ်
တစ်ဖက်တည်းချည်မိတဲ့ ဒီကြိုး
ကိုယ်ကိုယ်တိုင် မပြတ်သားမှန်းသိရဲ့
ဒါပေမယ့်လည်းလေ
ငယ့်ဆီက သံယောဇဉ်တော့ မျှော်မိနေသေးတယ်

ငယ်
အိပ်မက်တွေရေစိုနေသလား
သိပ်မကြာခင်ခြောက်သွားမယ်
စိတ်မညစ်နဲ့ ငယ်
ကြီးသူရိုသေငယ်သူသနား
ရွယ်တူလေးစား
မင်းက ငါ့အတွက် ငယ်
ခဏခဏဖေါင်းပွတတ်လွန်းတဲ့လောကဓံမှာ
မင်းခေါ်တဲ့အသံမှန်သမျှ
ကန့်လန့်တိုက်ရင်းပျော်ရွှင်မိသူပါ ငယ်
သနားကြင်နာရခြင်းကိုက
တကူးတကမပြုလုပ်ရပဲဖြစ်တည်လာ
ငယ်
ကိုယ်က ကန္တာရပင်လေးကိုချစ်တတ်သူပါ
ဆူးအပြည့်နဲ့ရပ်ရင်း
ချစ်သူကို ကာကွယ်ပေးချင်သူ။

ငယ်
အိပ်မက်တွေ အခန်းခွဲကြည့်တော့
အိမ်မက်တွေ ထွက်လာတယ်
ငယ်နဲ့ကိုယ့်ရဲ့ အိမ်ငယ်လေး
ဘယ်တော့များ တည်ဆောက်ခွင့်ရမလဲ ငယ်

ငယ်
ဝမ်းနည်းမိသား
ငယ့်ဆီမှာကိုယ့်အတွက် stable ဖြစ်တဲ့ နာမ်စားတစ်ခု မရှိဘူးလားကွယ်
ကြုံရာဆုံရာ ခေါ်နေတတ်တဲ့ နာမ်စားတွေမှာ
ကိုယ် တတိတိနဲ့ ကျရှုံးနေပြီ

ငယ်ခေါ်တတ်တဲ့ အသုံးတွေမှာ
အစိမ်းရောင်သင်္ကေတတွေပါတယ်
ကိုယ့်နှလုံးသားရဲ့ ခံစားသိမှာ
ကိုယ် ဧရာဝတီမြစ်ကို လက်ပစ်ကူးချင်မိရဲ့
တနေရာရာမှာ လက်ပန်းကျခဲ့ရင် ငယ့်ကို ကိုယ်လွမ်းမိတော့မှာမဟုတ်ဘူး

ငယ်
မပြုံးတပြုံး မရယ့်တရယ်
ငယ့်အသံတွေဟာ ရှတတနဲ့

ကိုယ့်အိပ်စက်ခြင်းကို ပိုင်စိုးတယ်

ခဏလောက်ဝေးစေချင်တယ် ပြောနေရင်းနဲ့ပဲ
အိပ်မက်တွေမှာ ငယ်ရောက်လာဖို့ ဆုတောင်းမိတာ အခါခါ
ကိုယ်ဟာ တကယ်တော့
ပုံသေနည်းမှားနေမှန်းသိရဲ့
အချစ်ကို ဆက်တွက်နေသူတစ်ဦးပေါ့
မသိကိန်းတွေ ဘယ်လိုသုံးသုံး
ရောက်လာမယ့် အဖြေဟာ သုည ဆိုတာကို သိခဲ့တယ်
ဒါပေမယ့်လည်း.....ဆက်တွက်နေမိတုန်း
ဘာပဲပြောပြော
သုညကို ပါဝါတင်ရင်တော့ ၁ဖြစ်မယ်လေ ဆိုတဲ့ မျှော်လင့်ချက်နဲ့........။
 ငယ်
အဝါရောင်မှာ အမည်းရောင်အစင်း ဖိနပ်လေးနဲ့ မင်းခြေထောက်လေးက လှနေတယ်။ ခြေသည်းလေးတွေတော့ နည်းနည်းအလှပျက်နေတယ် ငယ်။ လေပြေနမ်းရှိုက်နေတဲ့ မင်းဆံပင်ခပ်ဖွာဖွာတွေကို ကိုယ် ဝန်တိုမိရဲ့။ မင်းပါးပြင်နား သူတို့ကပ်ခွင့်ရှိတယ် ငယ်။
အတိတ်ကို ခဏခဏလွမ်းတတ်တဲ့ ငယ်။ တိတ်ဆိတ်နေပြန်တော့ ကိုယ် သဝန်တိုမိတယ်။ ကိုယ်မဟုတ်တဲ့ ရင်ခုန်ဖက်တစ်ယောက်ယောက်များ မင်းအတွေးမှာ ဝင်နေသလား ငယ်။
ငယ်
မင်းနာမည်ကို တစ်ခါခေါ်တိုင်း ရင်ထဲမှာ စူးအောင့်တတ်တာ ဘာရောဂါများလဲ ငယ်။ မင်းကို တစ်ခါတမ်းတမိတိုင်း ရင်ထဲမှာ အောင့်တက်နေတာ ဘာရောဂါများလဲ ငယ်။ ဆေးစစ်ချက်မှာ အဖြေမပေါ်ဘူး။ ရောဂါမရှိ ဆိုတဲ့ စာရွက်လေးဟာ အဖြေမှားတစ်ခု ဖြစ်နေတယ် ထင်တယ် ငယ်။ တကယ်ဆို အဆိပ်တက်နေတဲ့ ကိုယ့်ရောဂါကိုယ် အမည်မဖေါ်တတ်တာကလွဲလို့ကိုယ့်ခံစားမှုကို ကိုယ်သိတယ်။ ငယ် မင်းပဲ ကုနိုင်လမ့်မယ် ထင်ရဲ့။
ငယ်
အမည်းရောင်အမိုးလေးနဲ့ ငယ်။ အဝါရောင်ကိုယ်ထည်နဲ့ ငယ်။ ပန်းရောင်ဖျော့ဖျော့ တပ်ဆင်ထားတဲ့ ငယ်။ ငယ် ငယ် ငယ်။ အိပ်မက်တွေဟာ အရောင်ဖျော့လွန်း။ ငယ် မင်း ကိုယ့်ကို နှိပ်စက်နိုင်လွန်းရဲ့။
မင်းနဲ့ကိုယ့်ကြား မညီမျှခြင်းတွေကို မင်းက ထူထူထပ်ထပ် ဆေးသုတ်ထားတယ်။ ညီမျှခြင်းတွေက ပါးပါးလျလျ။ အပြုံးလေးတစ်ပွင့်ကို မက်မောသူချင်းတူတူတောင် ကိုယ်က အရင်တောင်းဆိုတတ်သူဖြစ်ခဲ့ပြီး မင်းကတော့ ရေငုံနှုတ်ပိတ်နေတတ်တဲ့အကျင့်လေး ရှိရဲ့။
ငယ် အိပ်စက်ခြင်းကို ကြီးစိုးထားတဲ့ ငယ်။ ကိုယ့်အိပ်မက်တွေကို ခဏခဏဆေးခြယ်တတ်တဲ့ ငယ်။ ကိုယ့်ပန်းတိုင်ကို ပိုပိုထင်လင်းလာစေတဲ့ ငယ်။ ငယ်နဲ့တွေ့ခွင့်ရခြင်းဟာ ဘဝရဲ့ အကြီးဆုံးးလက်ဆောင်တစ်ခုလို့ ကင်ပွန်းတပ်လိုက်တော့ ဘဝကြီးက ကိုယ့်ကို လှောင်တယ်။ ဆုံနိုင်ခွင့်မရှိပဲနဲ့များကွာ..တဲ့လေ။
ငယ်
ဆုံနိုင်ခွင့်ဆိုတာ ငယ့်လက်ထဲမှာ။ ကြိုးစားခွင့်က ငယ့်ဆီမှာ။ ဦးတည်ရာကို ခြေတစ်လှမ်းချပြီးတိုင်း ကြိုးစားခြင်းခြေတစ်လှမ်းလှမ်းမိပြီမို့ နောက်မဆုတ်ကြေးလို့ စဉ်းစားပေး ငယ်။ ငယ့်ကြိုးစားမှုတိုင်းမှာ ကိုယ့်အားပေးမှုလေးလည်း ပါဝင်ကြောင်း သိစေချင်သေးရဲ့။
ငယ်
ငယ်….ငယ်
လွမ်းတယ် ငယ်။
ခြေသန်းရုပ်ချောချောလေးကို ပိုင်ဆိုင်ထားတဲ့ ငယ်။ လက်သည်းချောချောလေးတွေ ပိုင်ဆိုင်ထားတဲ့ ငယ်။ ကိုယ့်အိပ်မက်မှာတွေ့တိုင်း ငယ်က ကိုယ့်ကို ချည်း စကားဆိုတယ်။ ခု တကယ်လွမ်းနေတယ်။
   

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်