Saturday 27 July 2013

လက်ကျန်အတ္တ

“အတ္တလက်ကျန်”

မောင့်ရဲ့ ဆံနွယ်ခွေခွေလေးတွေကို သူမချစ်သည်။ မောင့်နှုတ်ခမ်းပါးလေးကို သူမချစ်သည်။ နောက် မောင့်လက်သည်းဖြူဖြူလေးကို သူမ ချစ်သည်။ မောင့်မျက်နှာက ယောင်္ကျားပီသသည့် မျက်နှာကျမျိုး။ လေးထောင့်ဆန်၍ အသားအနည်းငယ်ညိုသော မောင့်အသွင်သည် မိန်းကလေးတော်တော်များ၏ နှလုံးသားကို ဖမ်းစားနိုင်သည်ကတော့ အမှန်ပင်။ မောင်နဲ့ သူမရဲ့ ဆုံစည်းမှုက ထူးဆန်းသည်ဟုတော့ မဆိုသာခဲ့။
ကွန်ပြူတာသင်တန်းဆရာတစ်ယောက်နှင့် သင်တန်းသူတစ်ယောက်၏ ရိုးစင်းလွန်းသော ဆုံစည်းမှုတစ်ခုသာဖြစ်သည်။
သင်တန်းဆရာက ဆွဲဆောင်မှုရှိသော ယောင်္ကျားသားတစ်ယောက်ဖြစ်နေသည့်အခါ ခေတ်၏ သမီးပျိုသင်တန်းသူလေးက စွဲလမ်းသွားသည်မှာ သာမန်ရုပ်ရှင်၊ ဗွီဒီယိုဇာတ်လမ်းတွေထဲကအတိုင်းဖြစ်ခဲ့သည်မဟုတ်ပါလား။
“ကဲ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ခွင့်ပြုပါ ပြီးရင်တော့ သင်တန်းသူသင်တန်းသားများ တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြပါ ကျွန်တော့်နာမည်က ခင်မောင်ဦးပါ ဒီအတန်းကို သီးသန့်သင်တဲ့ ဆရာဆိုပါတော့ ကျွန်တော်တို့တွေက ၁ လတိတိ ဆုံတွေ့ကြရမယ့်သူတွေ ပေါ့”
အတန်းထဲဝင်လာပြီး ကိုယ့်ကိုယ်ကိုယုံကြည်ပိုင်နိုင်ဟန်နှင့် စကားဆိုနေသည့် သူ့ကို သူမ အလိုလို ငေးစိုက်ကြည့်နေမိလျှက်သား။ ကြည့်ပါဦး။ စတိုင်ပင်နဲ့ ရှပ်နဲ့ လိုက်ဖက်နေလိုက်ပုံများ။ အရပ်ကလည်း မိန်းကလေးများ ရွေးချယ်နေကျ စံဖြစ်သည့် ခြောက်ပေလောက်တော့ ရှိမည်။ ခုချိန်မှာ သူ့ကိုလက်ညိုးထိုးပြပြီး နိုင်ငံခြားမင်းသားတွမ်ခရုစ်နှင့်သူဘယ်သူချောလဲ မေးလာလျှင်တောင် သူမကတော့ သူ့ကိုသာ ရွေးလိုက်မိမှာအမှန်ပင်။ ဒီကြားထဲ ဆံပင်က နဖူးပေါ်သို့လှန်တင်ထားသည့် ခပ်တုံးတုံးဆံပင်ပုံမဟုတ်ပါပဲ နဖူးပြင်ထက်သို့ ခွေခွေလိပ်လပ်လေးများဝဲကျနေသည့်အခါ သူသည် ဆွဲဆောင်မှုပိုရှိသွားပြန်သည်။ သင်တန်းခန်းမအတွင်းမှ တခြားသော မိန်းကလေးများသို့လည်း လှမ်းကာ စူးစမ်းမိတော့ သူတို့သည်လည်း သင်တန်းဆရာ သူ့ကို စိတ်ဝင်စားနေကြဟန်တူသည်။
သင်တန်းသား ၆ ယောက်သာရှိသော ဒီအတန်းတွင် မိန်းကလေးဆို၍ သူမအပါအဝင် သုံးယောက်သာရှိသည်မို့ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ကွန်ပြူတာဟာဒ့်ဝဲပြင်ဆင်မှုအပိုင်းဆိုတော့လည်း သင်တန်းတက်သည့်မိန်းကလေးရှားတာမဆန်း။ သင်တန်းသားတောင် ဆက်ရှင်တစ်ခုကို ခြောက်ယောက်ပဲသင်တာမဟုတ်လား။ ကျန်မိန်းကလေးနှစ်ယောက်ကို စေ့စေ့ငင သေချာဆန်းစစ်ကြည့်တော့ သာမန်မိန်းကလေးမျိုးမျှသာ။ ထို့ပြင် သူတို့ဟန်က အိမ်ထဲကနေ ခုမှ အပြင်ထွက်ဖူးသည့် ပုံမျိုးမို့ စိတ်အေးသွားရသည်။ ခက်နွယ်ဆိုသည်က ခေတ်ရှေ့မလွန်တောင်ခေတ်ကိုတော့ အမီလိုက်နေသည့်မိန်းကလေးမို့ လက်ရှိတွင်တော့ သူမကို မီသည့်မိန်းကလေးမျိုး သင်တန်းတွင် မရှိဟု ဆိုနိုင်သည်။။
ထိုနေ့မှစ၍ သူ့အကြောင်း သိအောင်စုံစမ်းရသည်မှာ သူမအတွက် အလုပ်တစ်ခု။ သူ့မိသားစု၊ သူ့အသက်၊ သူ့နေရပ်လိပ်စာ အိုစုံလို့ပါပဲလေ။ ထိုကဲ့သို့စုံစမ်းရသည်ကိုပင် သူမ ပျော်နေခဲ့သည်မဟုတ်ပါလား။ သူသည် တစ်ဦးတည်းသောသားဖြစ်၍ မရှိမရှားအသိုင်းအဝိုင်းကဆိုတာကိုသိရတော့ ပျော်သွားမိခဲ့သည်မှာအမှန်ပင်။ ကိုယ်တိုင်လည်း မရှိမရှားအသိုင်းအဝိုင်းမို့ ကိုယ်ကိုယ်တိုင်နှင့် တန်းတူညှိယူနိုင်သော အသိုင်းအဝိုင်းကိုသာ အလိုရှိပါသည်။
“ဆရာမောင်”
ကိုယ့်ခေါ်သံလေးကြားလိုက်တိုင်း သူခါးလေး မတ်မတ်သွားတာတွေ့ရသည်။ ကိုယ့်ကိုပြန်ကြည့်လာသည့် သူ့မျက်ဝန်းထဲဝယ် အနေရခက်သည့် သံယောဇဉ်တစ်စွန်းတစတို့ကအမြဲရှိနေတတ်သေးသည်။ အနေရမခက်စေချင်ပေမယ့် သူအနေရခက်ခဲ့သည်မဟုတ်ပါလား။ တခြားသင်တန်းသားများကြားဝယ် သူမခေါ်သံကို သူမနေတတ်ခဲ့ကြောင်း၊ သူဂရုစိုက်မိကြောင်း  သတိထားမိသည့်နေ့ကစ၍ သူမ ရယ်ချင်လာမိသည်။
သူကိုင်နေသည့် ကွန်ပြူတာSystem ပုံးကြီးကို လက်ညိုးထိုးရင်း ကွန်ပြူတာအတွင်းပိုင်းပစ္စည်းများနှင့် ချိတ်ဆက်ရသည့် ကေဘယ်တို့ကို ရှင်းပြသည်အခါတွင် ကျန်သူတွေ တစ်ခေါက်တည်းနှင့် ဘယ်လိုရရ၊ သူမကတော့ အနည်းဆုံး ၃ ခေါက်ရှင်းပြခိုင်းမိသည်။ သို့မှသာ ကျန်သူတွေထက် သူ့အနားတွင် ကြာကြာရှိမှာမဟုတ်ပါလား။ သင်တန်းချိန်တွင်း ခဏပေးနားချိန်များတွင် သူ့အတွက် ကော်ဖီဖျော်ပေးခြင်းမျိုး လုပ်ပေးမိသည်။ ကျန်မိန်းကလေးနှစ်ယောက်က သူမကို အကြည့်တမျိုးနှင့် ကြည့်မှန်းသိပါသည်။ သို့သော် ကိုယ့်အတွေးနဲ့ကိုယ် ဆိုသည့်အတွေးသာထားရင်း သူမကတော့မောင့်အတွက် ကော်ဖီဖျော်ပေးမိမြဲ။ သူတို့ ဆရာဟုခေါ်သော နာမ်စားကို ဆရာမောင်ဟု ကွန့်ခေါ်မိမြဲ။
သူစိုက်ပြသည့် မန်မိုရီကဒ်နေရာလေးတွေကို အလွဲလွဲအမှားမှားစိုက်ပြရင်း သူ့အပြုံးတို့ကို ခဏခဏငေးကြည့်ရသည်မှာလည်း အမောပင်။ တခါတလေဆို သူပြောသည့် ဝင်းဒိုးတင်ခြင်းသင်ခန်းစာကို အလွတ်ရပါလျှက် မရချင်ယောင်ဆောင်ကာ အနားခေါ်မေးမိတတ်ပြန်သေးသည်။ ဒါကိုတော့ လူအလေး သူ မရိပ်မိရှာ။
ကိုယ့်အလှကိုယ် စိတ်ချယုံကြည်ခြင်းဆိုသည့် ဘဝင်လေးကလည်း သူမထံမှာ ရှိနေသေးရာ မောင် သူမကို စိတ်မဝင်စားပဲ မနေနိုင်ဟူသည့် အသိကို သိနေပြန်ပါသေးသည်။ သူမအထင် မှန်ခဲ့၏။ သင်တန်းပြီးဆုံး၍ သင်တန်းလက်မှတ်ပေးသည့်နေ့တွင်ပင် သူမထံသို့ သူ့ဖုန်းနံပါတ်လေးပါလာခဲ့သည်မဟုတ်ပါလား။ ညအတော်နက်သည့်အချိန်မှာတော့ တိုးရှသော မောင့်အသံလေးသည် သူမဖုန်းတွင်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။
“ဆရာနဲ့ တပည့်ဆိုတဲ့ ပတ်သတ်မှုလေးပြီးဆုံးဖို့ကို မျှော်နေရတာ ကြာပြီ” ဆိုသည့်သူ့တိုးရှရှအသံလေးအဆုံးမှာ သူမကတော့ ကျေနပ်စွာ ပြုံးနေမိခဲ့တာ ဖြစ်သည်။ တာဝန်နှင့်လူမှုရေးခွဲထားဖို့ လူလိမ္မာလေးက လေ့ကျင့်နေခဲ့သတဲ့လေ။ ကိုယ့်မှာတော့ တစ်လလုံးလုံး ကိုယ့်ခံစားချက်တွေကို သူမြင်အောင် ပြောပြချင်စိတ်နဲ့ ရူးနေခဲ့ရတာ ဟု တွေးမိတော့ သူမစိတ်လေး ကောက်ချင်မိပြန်သည်။
ထို့နောက်ပိုင်း ညစဉ်စကားပြောဖြစ်ကြသည်။ ဖုန်းဆက်သည့်အခေါက်တိုင်းမှာ သူမဘက်က စတင်ဖုန်းခေါ်ဖြစ်ခြင်းသာဖြစ်သည်။ မောင့်ဘက်က ဖုန်းခေါ်လျှင် မောင်ပိုက်ဆံကုန်မည်စိုးသောကြောင့် တော်ရုံတန်ရုံဆိုလျှင် မောင့်ကို ဖုန်းမခေါ်စေချင်ခဲ့တာလည်း မောင့်အတွက် စိုးရိမ်မှုတမျိုးပါပဲ။
နှစ်လဆိုသော အချိန်ကို တတိတိတိုက်စားကျော်လွန်ပြီးချိန်မှာတော့ မောင်နှင့် သူမ ချစ်သူအဖြစ်သို့ရောက်ရှိခဲ့၏။ မောင့်လက်သည်းလေးများကို အမည်းရောင်လက်သည်းနီဆိုးပေးတတ်သည့် သူမ၊ မောင့်လက်သည်းတွေရှည်လာတိုင်း တခုတ်တရ ညှပ်ပေးတတ်မိသည့်သူမ၊ ခေါင်းလျှော်ဆိုင်ရောက်တိုင်း ဝန်ထမ်းမလေးများကိုမလျှော်ခိုင်းပဲ မောင့်ဆံနွယ်လေးများကို ကိုယ်တိုင် လျှော်ပေးမိသည့် သူမ၊ မောင့်နှုတ်ခမ်းပါးထက်မှ သီချင်းလေးများကို နားဆင်ရတာနှစ်သက်သော သူမ။ ထိုကဲ့သို့သော သူမ၏ ရင်တွင်းသို့ အတ္တဆူးတို့ကို ထည့်သွင်းပေးခဲ့သူမှာ မောင်ကိုယ်တိုင်ဖြစ်နေမည်ဟု သူမ တွေးမထားခဲ့ပါ။
-------------------------------------(-)-------------------------------------------------------------------------------
ကျွန်မက မောင့်ကို အချစ်ကြီးချစ်နေတယ်ထင်တာမဟုတ်လား။ ဆက်ထင်လိုက်မောင်။ ခက်နွယ် ဆိုတဲ့ မိန်းကလေးဟာ မောင့်ကို အသည်းနင့်မတက်ချစ်နေတယ် ဆိုတဲ့အသိနဲ့ မောင်ရှင်သန်လိုက်ပါ။ မောင့်ဘဝကြီးသက်ဆုံးတိုင် မှတ်သားသွားပေါ့။ ခက်နွယ် ဆိုတဲ့ ကောင်မလေး ငါ့ကို တကယ်ချစ်ခဲ့တယ် ဆိုတဲ့ အသိတစ်ခုကိုလေ။
မောင့်ကို ချစ်ပါတယ်ဆိုတဲ့ ခံစားချက်ကို ဘာ့ကြောင့်စွန့်လွှတ်ခဲ့တယ်ဆိုတဲ့ အကြောင်း မောင်သိချင်ရဲ့လား။ မောင်သိချင်ပါ့မလား ဟင်။ မောင် မသိတဲ့ အကြောင်းအရာက ခက်နွယ် ဘယ်လောက်ထိ မာနကြီးတယ်ဆိုတာကိုပဲ။ မောင် သိအောင်မပြောချင်ခဲ့သလို အဲဒီမာနကို ခက်နွယ်ဘယ်လောက်ထိချစ်ကြောင်း မောင်သိအောင် မနေပြတော့ပါဘူး။ မောင့်အမြင်မှာ ခက်နွယ်က မောင့်ကို ချစ်လွန်းလို့ လမ်းခွဲတယ် လို့ပဲ ဆက်မြင်လိုက်တော့။ ဆက်မြင်လိုက်တော့မောင်။
            မာနကို ထိပါးလွန်းတဲ့ အပြုအမှုတွေကို ဆက်ပြီးသည်းခံနိုင်စွမ်းမရှိလို့ လမ်းခွဲတယ်ဆိုတဲ့အကြောင်း မောင် ဘယ်တော့မှ မသိနဲ့။ မသိနဲ့။
---------------------------------(-)----------------------------------------------------------------------------------------------------
သူမ အလုပ်သည် သာမန်မိတ္တူဆိုင်လေးတစ်ခုသာ။ အကူအဖြစ် ကောင်မလေးတစ်ယောက်သာရှိ၍ မိတ္တူနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သော ဖိတ်စာကိစ္စများကိုတော့ အသိတစ်ယောက်နှင့် ချိတ်ဆက်၍ ကိုယ်စားလှယ်အဖြစ်သာ လုပ်ကိုင်ပေးသည်မို့ လူအားနှင့် ဝန်အားမျှပါသည်။ အိမ်နှင့် အလုပ်က အနည်းငယ်ဝေးပေရာ မေမေနှင့် ဖေဖေက အိမ်မှာသာ အမြဲနေ၍ သူမကတော့ မနက်ခင်း ၇ နာရီခွဲဆိုဆိုင်ဖွင့်ပြီး ညကိုးနာရီတွင်မှ ဆိုင်သိမ်းကာ ပြန်တတ်သူဖြစ်သည်။ ကိုယ်ပိုင်ဘက္ထရီဆိုင်ကယ်လေးနှင့် ဆိုတော့လည်း မေမေကော ဖေဖေကပါ စိတ်ချလက်ချ ပေးသွားသည်။ ထို့ပြင် အကူကောင်မလေးကလည်း အိမ်ဘေးမှ ကောင်မလေးဖြစ်ပေရာ ညစဉ်အသွားအပြန်သည် အဖေါ်ရှိသည်မဟုတ်လား။
သို့သော် သူမဆိုင်နေရာကို မောင်လာလည်သည်က အစပြုသည် ဆိုရမလား။ အနေအထိုင်မတတ်သည့် ကောင်မလေး၏ အပြစ်ဟု ဆိုရလေမလား။
“မောင်ရယ် အလုပ်တွေရှုပ်တာ ခုထိ ထမင်းမစားရသေးဘူး တစ်ခုခုဝယ်ကျွေး”
“မောင့်လက်ရာ ကြက်ဥပေါင်မုန့်ကြော်စားမလား”
“ဘာရယ်” ဟု ရေရွတ်မိရင်းဆံနွယ်ခွေနှင့် ခေါင်းလေးကို လက်ဖြင့်လှမ်းဖွမိသည်။ နွေးလှမ်းကြည့်နေမှန်းသိရက်နှင့် မောင့်ကိုချစ်စိတ်ကို ထိန်းသိမ်းဖို့ သူမ စိတ်မကူးမိခဲ့။ ကိုယ့်ထက်အသက်ကြီးမှန်းသိပါလျှက် မောင် ဟု ခေါ်မိသည်ကိုက မောင့်ကို ကလေးတစ်ယောက်လို မြင်ကာ ချစ်လွန်း၍ပင်ဖြစ်သည်။ မောင်ကလည်း ချစ်သူဖြစ်ကတည်းက သူမ၏ စိတ်သဘောမှန်သမျှကို မဆန့်ကျင်ခဲ့ပါ။ သူမသွားလိုရာသွား၍ သူမ ပြောသမျှ နာခံတတ်သည်ကတော့ ထူးခြားချက်ပင်။ မောင်နှင့် သူမ၏ ချစ်သူသက်တမ်းနှစ်လအတွင်း သူမကသာ မောင့်ကို ကန့်လန့်တိုက်ခဲ့သည်ရှိ၍ မောင်ကတော့ သူမအလိုကို လိုက်လျောခဲ့သည်က များပါသည်။
“တကယ် ကျွေးမှာလား”
“နွယ် စားချင်ရင် ကျွေးမှာပေါ့ ဟိုလျှပ်စစ်ဒယ်အိုးသေးလေးရှိရင် ဖြစ်တယ် ကြက်ဥနဲ့ပေါင်မုန့်နဲ့ သကြားနဲ့ ဝယ်ပေး မောင်ကြော်ကျွေးမယ်”
ကြည့် ဗိုက်ဆာနေတဲ့သူဟာ ပေါင်မုန့်ကြက်ဥကြော်နဲ့ တင်းတိမ်ပါ့မလား ဆိုတာကို သူမတွေး။ သူကျွေးချင်တာသာ ဇွတ်ဝယ်ခိုင်းတော့သည်။ ကျွန်မကိုယ်တိုင်လည်း မောင့်လက်ရာကို စားချင်သူမို့ နွေး ကိုဝယ်ခိုင်းလိုက်၏။ နွေးပြန်လာတော့ သူ့ဘာသူ ဆီထည့်ကြက်ဥခေါက်နှင့် ရှုပ်နေသလို သူမကိုယ်တိုင်လည်း စာစီစရာကိစ္စတို့နှင့် ရှုပ်နေသဖြင့်မောင့်ကို ခေတ္တမေ့သွားသည်ကိုတော့ ဝန်ခံရပေမည်။ စာစီအပြီး၊ သတ်ပုံစစ်အပြီး မောင်ရှိရာဆီ လှမ်းကြည့်မိတော့သူမ မျက်လုံးတို့ ပြာဝေမတက် ဖြစ်သွားရသည်။  မောင်က နွေးကို ပေါင်မုန့်ကြော်တစ်ချပ်ကို ခွံ့ကျွေးနေခဲ့တာဖြစ်သည်။ စုစုပေါင်း သူမဆိုင်ကို လာသည့်အခေါက်ရေ ၅ ခေါက်အတွင်းနွေးနဲ့ မောင် ဒီလောက်တောင်ရင်းနှီးသွားသလား ဟုလည်းတွေးရင်း မောင်တို့အနားသွားမိတော့ နွေး၏ မျက်နှာက မနေတတ်မထိုင်တတ်ဟန်နှင့် ရဲနေပြီး မောင့်မျက်နှာကတော့ သာမန် လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင်ရှိသည်။ နောက်တစ်ချပ်ကို ယူ၍ သူမကို ခွံ့ကျွေးဖို့လာသော မောင့်လက်တို့ကို ငြင်းပယ်ရင်း ကိုယ်ကိုယ်တိုင်သာယူလိုက်မိတော့သည်။ ထိုနေ့သည် မောင်နှင့်ပတ်သတ်၍ စိတ်ထဲဝယ်ဆစ်ခနဲ ခံစားလိုက်ရသော ပထမဆုံးနေ့ပင်။
“မောင်တို့ ကျောင်းတုန်းက အဖြစ်တွေပြောပြ”
“ပြောပြရမလား”
မောင့်ပုခုံးကို ခပ်လျှောလျှောလေးမှီနွဲ့ရင်း သူမ ခေါင်းညိတ်ပြတော့ မောင်က
“အင်း ဘယ်လိုပြောရမလဲ အရမ်းဆိုးတဲ့ထဲ မပါပါဘူး မောင်တို့သူငယ်ချင်းအဖွဲ့က သာမန်ကျောင်းသားအုပ်စုမျိုးပါပဲ မိန်းကလေးနှစ်ယောက် ယောင်္ကျားလေး လေးယောက်အုပ်စုပေါ့ စာမညံ့ဘူး တော်တဲ့ စာရင်းထဲလည်း မဝင်ဘူး လုံးဝသာမန်”
“ချစ်သူဘာညာမထားခဲ့ဘူးပေါ့”
“ထားတော့ထားခဲ့တာပေါ့ နွယ်ရဲ့ ဒါပေမယ့် အမှတ်မရတော့ဘူး အမှတ်ရတာကတော့ သူငယ်ချင်းတွေကိုပဲ အမှတ်ရတော့တယ်”
“အင်း ခဏ မောင် တွိုင်းလက်သွားလိုက်ဦးမယ်”
မောင့်ကို ခဏထားခဲ့ရင်း ရေအိမ်သို့ ဝင်ကာ မျက်နှာတွင် ဘာဖြည့်စရာလိုလဲဟု လိုက်ဆန်းစစ်ရင်း တို့ပတ်နှင့် တဖတ်ဖတ်ရိုက်နေမိသည်။ လွန်ခဲ့သောရက်က နွေးကို ပေါင်မုန့်ကြက်ဥကြော်ခွံ့ကျွေးနေသော ပုံရိပ်ကလည်း ဖျတ်ခနဲဖျတ်ခနဲ အသိထဲသို့ဝင်ရောက်လာသည်မှာ စိတ်ညစ်စရာပင်။
အိုး ဘယ်လိုကြီးလဲ ဟု အထိတ်တလန့်တွေးရင်း မောင်ရှိရာဆီသို့ ဆက်မသွားမိတော့။ငေးကြည့်နေမိသည်။ ရေအိမ်မှ အပြင်ပြန်ထွက်လာစဉ်မှာပင် ထိုအဖြစ်အပျက်ကြီးကို တွေ့ရခြင်းပင်ဖြစ်သည်။ ခေတ်ဆန်လှပလွန်းသောကောင်မလေးသည် မောင့်လက်ကိုဆွဲ၍ စကားတို့ဆိုနေခဲ့သည်။ ထိုလက်ကို မောင် က ဖယ်မထုတ်ပစ်ခဲ့။ သူတို့ စကားတွေဆိုနေသည်။ ပြုံးပြုံးရွှင်ရွှင်ကိုစကားတွေဆိုနေကြသည်။ ဒုတိယအကြိမ်မြောက် ရင်ဝယ် ဆစ်ခနဲ။ မောင်ရှိရာနေရာလေးသို့သွားရင်း
“မောင် မိတ်ဆက်ပေးဦးလေ”
“မိတ်ဆက်ပေးလေ နင့်အချစ်ဦး လို့”
ထိုစကားကိုဆိုရင်း ကိုယ်လေးတသိမ့်သိမ့် လှုပ်ခါကာ ရယ်မောနေသော မိန်းကလေးကိုမောင်ငေးကြည့်နေသည်။ ဟုတ်သည်။ ရီရီဝေဝေကို ငေးကြည့်နေခဲ့သည်။
“ကိုယ်နဲ့ တက္ကသိုလ်ရောက်မှ တွေ့ရတဲ့ သူငယ်ချင်း  ရတီလှိုင်တဲ့”
ထိုစကားကို ဆိုနေသူမောင့်မျက်ဝန်းတွေဘာ့ကြောင့်များနူးညံ့နေရတာလဲ။ မောင့်မျက်ဝန်းတွေထဲမှာ ယစ်မူးဖို့ကောင်းလွန်းလှသည့်နူးညံ့ချိုရီမှုတွေရှိသည်။ ခက်တာက ထိုအရာသည် သူမ အတွက်မဟုတ်ခဲ့တာပဲ ဖြစ်သည်။ သူမနှင့်ဆုံတုန်းကလည်း ထိုအရိပ်များရှိခဲ့ပါသည်။ သို့သော် ယခုတစ်ကြိမ်ကတော့ပို၍အင်အားပြင်းလေသည်လား။
“ဒီက ညီမလေးက မောင့်ရဲ့ ချစ်သူထင်ပါရဲ့ မောင် ဆိုလို့ တမျိုးမထင်နဲ့နော် ကျောင်းတုန်းကတည်းက ဒို့က သူ့နာမည်ကို အလယ်ကဖေါက်ပြီး မောင် လို့ခေါ်တာ”
မောင်။ မောင်ဆိုသည့် အခေါ်ကို သူမ မခေါ်ခင် ထိုမိန်းကလေးက ခေါ်ခဲ့တာလား။
မောင်ကိုယ် စိတ်ညစ်လာပြီကွယ်။ ကိုယ်ဟာ ကြိုးရှုပ်လွန်းရင် အရုပ်လေး ဘယ်လောက်လှလှ လိုချင်တတ်ခဲ့တဲ့ကလေး မဟုတ်ခဲ့ဘူး။
“ဟုတ်ကဲ့ ကျွန်မနာမည် ခက်နွယ် ပါ”
ထိုနေ့သည် ဒုတိယအကြိမ်မြောက်ရင်ဝယ် ဆစ်ခနဲ နာကျင်ခဲ့ရသောနေ့ဖြစ်သည်။ ရတီလှိုင် ပြောခဲ့သော စကားများအရ မောင်သည် ကျောင်းသားဘဝကတည်းက ခင်မင်ရင်းနှီးမိပြီဆိုလျှင် အနေအထိုင်မဆင်ခြင်တတ်မှန်းသိလာရသည်။ သူငယ်ချင်းမိန်းကလေးခါးကိုတို့ကာ စတတ်သည်ဆိုသည့် အပြုအမှုတစ်ခုတည်းနှင့်တင် ထိုကောက်ချက်ကို ဆွဲခြင်းမဟုတ်ခဲ့။ သူမဆိုင်မှ နွေးကိုလည်း ထိုသို့ရင်းနှီးစွာပင် ခွံ့ကျွေးခဲ့သည်မဟုတ်ပါလား။ တကယ်ဆိုထိုအပြုအမှုသည် ချစ်သူတစ်ဦးတည်းမူပိုင်ဖြစ်သင့်သည်ကို မောင် သိသင့်ပါသည်။ ရတီလှိုင်နှင့် ပြောကြသော အပြောအဆိုများတွင်လည်း စကားမထိန်းမှုက ပို၍ပင် ပေါ်လာခဲ့ပြန်သည်။ စိတ်အညစ်ဆုံးကတော့ မောင့်နှုတ်ခမ်းဖျားမှ ရတီလှိုင့်ကို ခေါ်သော“ဟဲ့”ဆိုသော စကားလုံးပင်။
ဆေးလိပ်မုန်းသော သူမက မောင် စီးကရက်မီးညှိပုံကို စတိုင်ကျလှပသည်ဟုထင်ရင်း တားမြစ်ဖို့ မကြိုးစားခဲ့။ ကွမ်းမဝါးတတ်တာကိုပဲ ကြံဖန်ကျေးဇူးတင်နေခဲ့သည်။ အဓိကကတော့ မောင့်ကို မချုပ်ကိုင်လိုချင်ခြင်းသာဖြစ်ပါသည်။ ထို့ပြင် အရက်သောက်တတ်လိမ့်မည်ဟုလည်း တွေးမထားမိခဲ့။ ဘီယာလောက်သာ အပျော်တမ်း သောက်ဖြစ်သည်ဟုသာတွေးဖြစ်ခဲ့သည်။ ထိုနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင်ကို မောင်က ကျွန်မဆီသို့ ဆူးတစ်ချောင်းပစ်သွင်းပေးခဲ့တာဖြစ်သည်။
“ရတီလည်း ရှိတယ် ကိုယ်တို့ သိမ်ချောင်းလမ်းဆုံက Rock မှာ”
ဘီယာဆိုင်မှာ ရတီလှိုင်နဲ့အတူထိုင်နေတယ်ဆိုသည့်စကားကြောင့် မောင်ရှိရာသို့ သူမ အပြေးအလွှားသွားမိလိုက်သည်။ ဖုန်းဆက်ခေါ်တာပဲ မောင့်ကို ကျေးဇူးတင်ရလေမည်လား ဟု ခပ်မဲ့မဲ့လည်းတွေးဖြစ်မိသေး၏။ ဘီယာဆိုင်၏ မျက်နှာစာတွင် မတွေ့ရသောကြောင့် မောင့်ဆီ ဖုန်းဆက်ဖို့ရာပြင်လိုက်သည်။ ထိုအချိန်မှာပင် ကန့်လန့်ကာတို့ အနည်းငယ်ဟသွားသော အခန်းတွင်းမှ ရတီ့မျက်နှာကို မြင်လိုက်သည်မို့ ထိုအခန်းသို့ သွားဖို့ပြင်လိုက်ရသည်။
“ဟေ့ကောင်ကြီး ဘယ်လိုလဲ ရတီနဲ့ ပြန်မဆက်ချင်ဘူးလား”
“ငါ့မှာ ချစ်သူရှိတယ်ကွ ပြန်ဆက်ချင်လည်း ဆက်လို့မရတော့ဘူး ခု ခေါ်ထားတယ် လာလိမ့်မယ်”
“အေးပါ အေးပါမင်းလို ငအမျိုးကို ရတီက လွဲပြီးသည်းညည်းခံနိုင်မယ့်သူမရှိဘူးထင်ထားတာ နောက်တစ်ယောက်ကို ထပ်တွေ့ရတာပေါ့ ဟားဟား”
ရယ်မောသံတွေညံညံစည်နေသည့် အခန်းထဲ သူမ လှမ်းဝင်ဖို့ တွန့်ဆုတ်နေခဲ့သည်။ မောင် စိုက်လိုက်သည့် ဒီတတိယဆူးကို သူမဘယ်လိုနည်းနဲ့မှ မဖယ်ထုတ်နိုင်တာတော့သေချာသည်။ ချစ်သူမိန်းကလေးကို ဘီယာဆိုင်တွင် ချိန်းသည့်အတွက်ကော၊ သူငယ်ချင်းမိန်းကလေးကို ဘီယာဆိုင်တွင်တွေ့သည့်အတွက်ကောမောင့်ကို ဆူဖို့ စကားများစွာ ပြင်ဆင်လာခဲ့တာဖြစ်သည်။ သို့သော် ယခုတော့ မောင့်အတွက် စကားတို့ ဆွံ့အ ခဲ့ပြီဖြစ်၏။ နောက်ပြန်ဆုတ်ဖို့ကြိုးစားနေသော ခြေလှမ်းတို့ကို မတားမိတော့။ ပြန်။ နားခိုရာအရောက် ပြန်တော့ဟု လွှတ်ပေးလိုက်မိရင်း။
------------------------------------------------(-)-------------------------------------------------------------------
“လမ်းခွဲစရာ အကြောင်းမှ မရှိပဲ နွယ်ရယ်”
တိုးသဲ့လွန်းသော မောင့်အသံသည် သူမအတွက် ရင်ခုန်ကြည်နူးစရာမဟုတ်တော့။
“ရတီ နဲ့ကိုယ့်ဇာတ်လမ်းက ပြီးခဲ့ပါပြီ ကိုယ့်အတွက် အခုလက်ရှိမှာ နွယ်သာ  ကိုယ့်ချစ်သူပဲ နွယ်ပဲ ကိုယ်လက်တွဲသွားမှာ”
ဟက်ခနဲ ရယ်လိုက်မိခြင်းကို ထိန်းချုပ်မရခဲ့။ ရတီလှိုင်ဆိုတဲ့ မိန်းကလေးတစ်ယောက်တည်းဆီကနေ ပြဿနာတို့ဆွဲထုတ်ခဲ့တာမဟုတ်။ အကြောင်းအခြင်းရာများစွာမှ ဖြစ်တည်လာသော အကြောင်းပြချက်ဖြစ်သည်လေ။
“မောင်”
ဆက်ကနဲ သူလှည့်ကြည့်လာသည်။
“မောင့်ကို ကိုယ် ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မောင်အသိဆုံးပါနော် ခု ရတီနဲ့လည်း  ချိန်းထားတယ် ရတီ့ရှေ့မှာပဲ မောင်နဲ့ကိုယ် တရားဝင် လမ်းခွဲလိုက်တာပေါ့ ကိုယ့် မှာအကြောင်းပြချက်ရှိလို့ လမ်းခွဲတယ်လို့ပဲ မှတ်ပေးပါ”
အိုး တိတ်ဆိတ်သွားလိုက်တာ။ သိတယ် မောင်။ လမ်းခွဲဖို့ ဇွတ်အတင်းငြင်းနေမယ့် မောင်ဟာ ရတီဆိုတဲ့မိန်းကလေးအကြောင်းပါလာရင် ဒီလိုတိတ်ဆိတ်သွားမယ်မှန်းသိခဲ့တယ်။ ကိုယ် ညံ့လိုက်တာ မောင်ရယ်။ တွက်ချက်တတ်တဲ့ ဦးနှောက်ကို ဘာ့ကြောင့်များ ပိုင်ဆိုင်ခဲ့ပါသလဲ။ အတွေးတို့နှင့်အတူ ကျဆင်းလုလု မျက်ရည်တို့ကို မရမက ထိန်းချုပ်နေမိသည်။
ရတီ့မျက်ဝန်းကိုလည်း ကြည့်ကာ အဖြေမရှာချင်တော့။ မောင့်မျက်ဝန်းနဲ့လည်း အဖြေတိုက်မစစ်ချင်တော့။ ခက်နွယ်ဆိုသည့် သူမသည် အတ္တကြီးသူ တစ်ယောက်ဟု ကိုယ့်ကိုယ်သာ လက်ခံလိုက်ရင်း နောက်သို့ပြန်လှည့်လိုက်ပြီဖြစ်သည်။ အချစ်တစ်ခုပြည့်စုံမယ်မှမကြံသေး၊ ညှိနှိုင်းဖို့ထက် မောင်ပေးတဲ့ ဆူးတွေကိုပဲ သူမက သိမ်းထားခဲ့မိ၏။ သူမက စင်းလုံးချောအချစ်ကို လိုချင်ခဲ့ပြီး မောင်ကတော့ သူမအပေါ် သူတတ်နိုင်သလောက် ချစ်ပြခဲ့ပါသည်။ ခက်တာက သူ့ချစ်ခြင်းတို့ကို ရတီ့အပေါ် ပုံပေးထားသည်ကိုတော့ သူကိုယ်တိုင်မသိလေရော့သလား။
အပြည့်အဝမရလျှင် နေပါစေ၊ အစိတ်အပိုင်းသေးသေးလေးတစ်ခုလောက်နှင့်တော့ ဒီမုန့်ကြီးသည် သူမမုန့်ဟု သူမ မကြွေးကြော်ချင်ပါ။ မောင့်အမြင်မောင့်အသိမှာ ခက်နွယ်ဟာ မောင့်ကို ချစ်လျှက်နှင့် လမ်းခွဲခဲ့သည်ဟုပဲ သိပါစေတော့။ အတ္တတို့စွန်းနေသော နှလုံးသားကြောင့် လမ်းခွဲသည်ဆိုသည့် အဖြစ်ကို မသိရှိပါစေနဲ့။ ဒီတစ်ကြိမ်မှာတော့ကျဆင်းလာသည့်မျက်ရည်တို့ကို သူမ မသုတ်မိတော့။
အနောက်မှာ ကျန်နေခဲ့သည် မောင်နှင့် ရတီလှိုင်တို့ကတော့ သူမကို ငေးနေဦးမည်လား။ သို့မဟုတ် စကားတွေသာ ဖေါင်ဖွဲ့နေကြလေမလား။ မတွေးချင်။မတွေးချင်ပါတော့။ ကြိုးရှုပ်လွန်းတဲ့ သည်ယမင်းလေး သွားလိုရာသွားပါစေတော့လေ။ ကိုယ်က ယမင်းရုပ်လေးကို ပိုင်ဆိုင်ချင်သည်သာသိ၍ ကြိုးတို့ရှင်းဖို့ ပျင်းခဲ့သူမဟုတ်လား။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်