Wednesday 3 July 2013

သွားတော့နော်

သွားတော့နော်
ကိုယ်နဲ့ မထိုက်တန်မှန်းသိတဲ့အခါ
ငေးနေရမှာကိုတောင်အားနာရှက်ရွံမိလာတယ်

သွားတော့နော်
ကိုယ့်အဝေးမှာနေမှ သူပျော်မယ်ဆို
ဒီကြိုးလေးကို ကိုယ်ကိုယ်တိုင် ဖြတ်ပေးချင်မိလာတယ်


(၁)

သွားတော့နော်
သူ့အတွက် ကိုယ်ဟာသက်ဆိုင်သူမဖြစ်တဲ့အခါ
သူစိတ်မညစ်ဖို့အတွက် အဝေးကို ရှောင်ပြေးချင်လာတယ်

သွားတော့နော်
ဒီစကားကို ကိုယ်က ပြုံးပြုံးလေးပြောခဲ့တာလို့ ယုံကြည်ပေးကွယ်
တကယ်ဆို ကိုယ်က
နှလုံးသားတစ်ခုအတွက်ဘဝပုံ မရှုံးရဲသူဆိုတာ
အရာရာထက်သေချာနေခဲ့

ဒီထက်ပိုမရဲဝံ့ရဲတော့ဘူးကွယ်။

သွားတော့နော်...။

(၂)
သွားတော့နော်
အောင်မြင်ခြင်းတွေ ကြိုနေပါတယ် မင်းကို
မုဒိတာပွားရင်း ကျန်နေခဲ့ရုံပေါ့

သွားတော့နော်
အပျော်တွေ သိမ်းဆုပ်ရရင်း ပျော်နေနော်
အရင်လို ကိုယ်ငေးမကြည့်တော့တဲ့အခါ နှုတ်ခမ်းမမဲ့ကြေး
ကိုယ့်မာနလေး အရောင်ခဏတင်ပါရစေ

သွားတော့နော်
ဘဝပန်းချီကို အလင်းလက်ဆုံးခြယ်နော်
ခပ်မှိန်မှိန်အရောင်ဝါးမှာ ကိုယ့်ပုံရိပ်လေး ချန်ခဲ့
ကိုယ်ဆိုတာ မင်းအတွက် ခရီးသွားဟန်လွှဲ တွေ့ဆုံသူတစ်ဦးသာသာပဲ မဟုတ်လား

သွားတော့နော်။

(၃)
သွားတော့နော်
ကိုယ်က မင်းအတွက် ပုံပြင်ဟောင်းလေးတစ်ခုဖြစ်ခဲ့သလား
မဖြေနဲ့ကွယ်
အမေးတွေများနေတဲ့ ကိုယ့်နှလုံးသားကို မင်းပြုံးကြည့်ရင်းနှုတ်ဆက်ပါ

သွားတော့နော်
ကိုယ်က မင်းအတွက် စိန်လေးတစ်ပွင့်မဖြစ်နိုငတဲ့အခ
လက်ကျန်သံယောဇဉ်လေးတွေ မေ့ပစ်ပါ
မင်းအတွက် အမှိုက်တစ်ထုပ် မဖြစ်ချင်ဘူး

သွားတော့နော်
ကိုယ့်အတွက် မင်းဟာ ကမ္ဘာတစ်ခုဖြစ်လာခဲ့ပေမဲ့
မင်းအတွက် ကိုယ်ဟာ ဆေးရိုးသည်ဖြစ်လာတဲ့အခါ
လက်ပြနှုတ်ဆက်လိုက်ပါရစေ

သွားတော့နော်
အလွမ်းတွေ အသက်ရှင်တယ်ဆိုတဲ့ စကားကို မယုံနဲ့
ကိုယ်တိုက်ဖျက်ဖို့ကြိုးစားနေပါတယ်

သွားတော့နော်။

(၄)
သွားတော့နော်
မနှောင့်ယှက်ဝံ့တော့ဘူး
မင်းပျော်ပါစေ

အဖြူရောင်ဆန်သော သံယောဇဉ်များ
သိလျှက်နဲ့ ကိုယ်အရောင်ပြောင်းခဲ့
ကိုယ် မှားခဲ့တယ်

သွားတော့နော်
စွဲလမ်းမိသော မျက်ဝန်းညိုများ
ကိုယ်မေ့ပစ်ပါ့မယ်

အတိတ်ဟာ
စွဲလမ်းသူဆီမှာသာ တဝဲလည်လည်ရှိတတ်
ရှတတရယ်သံများ
ရှက်ရွံ့ဖြူစင်သော အပြုံးများ
ကိုယ့်မန်မိုရီဟာ ဗိုင်းရပ်စ်ဝင်နေလေရဲ့
format ရိုက်မရတော့ဘူး
ဒါပေမယ့် ကိုယ်ကြိုးစားပါ့မယ်

သွားတော့နော်
အပျော်တွေတသီကြီးဖူးပွင့်
အလင်းတွေ ဝေပေးပါ
မင်းအပျော်ကိုငေးရင်းကိုယ်ပျော်လို့
မင်းအလင်းတွေကို ငေးကြည့်ရင်းကိုယ်ကြည်နူးမယ်
ဒို့နှစ်ဦးဆုံစည်းခွင့်ကိုတော့
ကိုယ် ရှောင်ပြေးတော့မယ်
မင်း စိတ်ချမ်းသာစေချင်လို့ပါ။

သွားတော့နော်
အဖြူရောင်သံယောဇဉ်တွေအတွက်
ထာဝရ ကျေးဇူး
ကိုယ့်ဘက်က ပန်းရောင်သံယောဇဉ်တွေအတွက်
အားနာမိရဲ့
ကိုယ် အဖြူရောင်ပြောင်းနိုင်တဲ့တစ်နေ့
ကျေကျေနပ်နပ် ပြောပြပါ့မယ်
တချိန်က ပုံပြင်လေးအကြောင်း။

သွားတော့နော်။

(၅)
 သွားတော့နော်

ကိုယ်ဟာ ၂၁ရာစုသမီးပျိုလိုလည်း
ရဲရဲဝံ့ဝံ့မလှခဲ့သလို
သာမန်မိန်းမပျိုတစ်ယောက်လိုလည်း
သိမ်မွေ့လှပခြင်းမရှိခဲ့

ယောင်္ကျားဆန်ဆန် မျက်နှာထားနဲ့
မနွဲ့နှောင်းတဲ့ ခန္ဓာကိုယ်ဟာ
မိန်းမသားတစ်ယောက်ထက်
သူငယ်ချင်းတစ်ယောက် ဆိုတဲ့စကားနဲ့ပိုကိုက်ညီခဲ့

သွားတော့နော်
အဖြူရောင် သံယောဇဉ်ပိုင်ရှင်လေးရေ
ပန်းရောင်လေးက နှုတ်ဆက်တယ်
သွားတော့နော်

နွေးထွေးပျူငှာသော မျက်ဝန်းများ
ကြည်လင်ရှင်းသန့်သော မျက်ဝန်းများ
နှုတ်ဆက်လိုက်တယ်
သွားတော့နော်

ကိုယ်က အညတရပန်းတစ်ပွင့်
မလှမပ ဆူးတွေနဲ့ ကာရံထားတဲ့ ဆူးခက်ပန်း
ရနံ့သက်သက်အတွက်နဲ့တော့
ကိုယ့်ကို လိုအပ်မယ်မထင်ဘူး
ကိုယ်က ရနံ့မဲ့ ပန်းတစ်ပွင့်
အဆင်းမရှိသူမဟုတ်လား

သွားတော့ အဖြူရောင်လေးရေ
ပန်းရောင်လေးက နှုတ်ဆက်တယ်
ခင်မင်မှုဆိုတဲ့စကားတစ်ခွန်းမှာ
ကိုယ်သာ အခါခါနာကျင်ခဲ့
အပြစ်မတင်ရက်ပါဘူး
မင်းစိတ်ညစ်မှာသာ စိုးရွံ့ခဲ့တာ

မင်းမရှိတဲ့ ကိုယ့်ဒိုင်ယာရီမှာ
တမ်းတခြင်း စာစုတွေ ခဏခဏရေးလို့
အလွမ်းတွေ ခြွေနေမယ်
မင်းကတော့ ထာဝရအတွက် နှုတ်ဆက်မယ်
သွားတော့နော်....။
  

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်