Saturday 6 July 2013

ခရီးဆက်မယ်

“ခရီးဆက်မယ်”

ကမ်းမမြင်လမ်းမမြင်
ဖူးပွင့်နေတဲ့ အိပ်မက်တွေ
လရောင်ဆမ်းတဲ့ လမ်းကိုမှ လျှောက်ချင်နေသတဲ့
ဆက်ပေါ့
လရောင် မခပ်နိုင်သေးခင် ခဏလောက်တော့ ပင်ပန်းလိုက်ဦး
ဖိနပ်ပေါက်သည်ထိ လျှောက်ကြစို့ဦးရဲ့။

ဟိုမှာဒီမှာ
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လမ်းချော်သူတွေရှိတယ်
ဟိုမှာဒီမှာ
ကိုယ့်ခံယူချက်နဲ့ကိုယ် လမ်းကျော်သူတွေရှိတယ်
ဒီမှာဒီမှာ
ကိုယ့်ခံယူချက်နဲ့ကိုယ် ဖေါ့ဆို့လို တန့်နေရသူတွေရှိတယ်
ဒါပေမယ့်လည်း နှလုံးသားတွေ ပေါက်ပြဲသည်ထိ ဆက်ကြစို့ဦးရဲ့။

မတွေးမမြင်မသိခြင်းတရား
ဒီသုံးပါးကို သိရင် အားလုံးကျော်ဖြတ်နိုင်တယ်
မတွေးခြင်းကြောင့် အဆုံးသတ်ကို မမြင်
မမြင်တဲ့အတွက် အဆုံးသတ်ကို မသိ
အဆုံးသတ်ကို မသိတဲ့အတွက် ရှေ့ကိုပဲ ခရီးဆက်ချင်နေတယ်
ဆက်ပါလေ
လရောင်ဆမ်းတဲ့ လမ်းလေးက စောင့်နေပါတယ်
ဒို့လက်တွေ ပေါက်ပြဲသည်ထိ ခရီးဆက်ကြစို့ဦးရဲ့။

အဆုံးသတ်ကတော့မမျှော်လည်း ရောက်လာ လိမ့် မယ်။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်