Wednesday 27 February 2013

မပြောင်းလဲသည့် အရာ

“မပြောင်းလဲသည့် အရာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“အရာရာ ပြောင်းလဲသွားပြီ” ။
ဒီစကားကို ရဲရဲ့ဝံ့ဝံ့ဆိုဖို့ ကျွန်တော် မဝံ့ရဲပါ။ ခင်ဗျား၊ ကျွန်တော်၊ သူ အရာရာသည် အမှန်တကယ်ပြောင်းလဲသွားပါရဲ့လား။ အခြေအနေပြောင်းမည်။ ပတ်ဝန်းကျင် ပြောင်းမည်။ စိတ်ဓါတ်တို့ ပြောင်းလဲမည်။ ကောင်းသော ပြောင်းလဲခြင်းဟုတ်ပါရဲ့လား။
နံနက်ခင်းသည် သူနှင့် အတူ နေမင်းကိုပါခေါ်ဆောင်လာသည်။ ညနေခင်းသည် သူနှင့် အတူ နေမင်းကိုပါ ခေါ်ဆောင်သွားသည်။ ဒါသည်ပင်တစ်နေ့တာ ပြောင်းလဲခြင်း ဖြစ်သည်ဆိုပါစို့။ နေ့စဉ်ရက်ဆက် လည်ပတ်နေသော သမရိုးကျ ဖြစ်စဉ်တစ်ခုကို ပြောင်းလဲခြင်းနှင့်နှိုင်းယှဉ်ဖို့ လိုအပ်မည်မထင်ပါ။ လွန်ခဲ့သော ဆယ်နှစ်က အပူအပင်ကင်းကင်းနှင့် ဆော့ကစားနေသော ကလေးတစ်ယောက်သည် ဒီနေ့ဒီချိန်ဝယ် ဘဝဝန်ကို ထမ်းနေသော လူငယ်တစ်ယောက် ဖြစ်သွားခြင်းသည် ပြောင်းလဲခြင်းမည်ပါသလား။ ထိုပြောင်းလဲခြင်းသည် အသက်ရှင်နေသမျှကာလပတ်လုံး သမရိုးကျ ဖြစ်စဉ်တစ်ခုအဖြစ် တည်ရှိသွားမည်ဖြစ်သည်။ နောင်အနှစ်နှစ်ဆယ်ဝယ် ထိုလူငယ်သည် ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်နေနိုင်သည်။ ဆိုက္ကားဆရာဖြစ်နေနိုင်သည်။ သို့မဟုတ် တောရကျောင်းလေးတစ်ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးလည်း ဖြစ်နေနိုင်ပြန်သေးသည်။ ထိုအရာကိုပင် ပြောင်းလဲသွားပြီလို့ ခေါ်ဆိုနိုင်ပါသလား။ သမရိုးကျ ဖြစ်စဉ်တစ်ခုကို ပြောင်းလဲသွားပြီဟု ရဲရဲဝံ့ဝံ့ဆိုနိုင်လောက်အောင်ထိ ကျွန်တော် မရဲဝံ့ပါ။
သို့သော် မပြောင်းလဲသော အရာတစ်ခုတော့ ရှိသည် ဟု ရဲရဲဝံ့ဝံ့ ဆိုချင်ပါသည်။ ထိုသို့ဆို၍လည်း မည်သူမျှ အပြစ်ပြောလိမ့်မည်မထင်။ မပြောင်းလဲသည့် အရာကတော့ ထိုသူပင်ဖြစ်သည်။

(၁)
လရောင်သည် လူမျိုးမရွေး၊ ဘာသာမရွေး ကမ္ဘာတစ်ခြမ်းဆီသို့ စီးဆင်းနေ၏။ လရိပ်ခိုနေသော ပန်းပင်တို့က အေးငြိမ်းလွန်းစွာ အိပ်ပျော်နေသည့်ဟန်။ တစ်ချက်တစ်ချက် လေအလာတွင်မူ လူးလွန့်သည့်အလား ဘယ်ညာ တစ်ချက်နှစ်ချက်ယိမ်းသွားတတ်ကြသည်။
ထိုသူသည် လရောင်အလား ခင်ဗျား၊ သူ၊ ကျွန်တော်တို့ကို မေတ္တာတို့ ပေးဝေ၏။
ပင်ပျိုလေးတို့သည် ပင်အိုကြီး၏ ရေသောက်မြစ်ကို အလုအယက်စုပ်ယူတုန်းဆိုလျှင် ခင်ဗျား ယုံနိုင်ပါမည်လား။ ပင်အိုကြီးသည် သူ၏ ရေသောက်မြစ်ကို အစုပ်ယူခံလိုက်ရပါလျှက် နွမ်းယဲ့ယဲ့အင်အားဖြင့် မက်မက်ရပ်တည်နိုင်ဆဲ ဟုဆိုလျှင် ခင်ဗျား အံ့သြသွားမည်လား။ ထို့ပြင် ပင်ပျိုလေးတို့အတွက် အားမာန်အပြည့်ဖြင့် ရပ်တည်ဆဲဟု ဆိုလျှင် သာ၍များ အံ့သြသွားလေမည်လား။
ကမ္ဘာ့နေရာအနှံ့အပြားတွင်ထိုလူရှိသည်။ ဝန်ထုပ်ကြီးတစ်ခုလုံးကို ကိုးလကျော်ဆယ်လနီးပါးအထိ ထမ်းပိုးထားရသော ထိုလူသည် ထိုဝန်ထုပ်ကြီးကို ပစ်ချခွင့် ရသည့်တိုင်အောင် နောင်နှစ်ပေါင်းများစွာတိုင် ထိုဝန်ထုပ်ကြီးကို တမြတ်တနိုးဖြင့် ပွေ့ဖက်ထားဆဲ ဖြစ်ကြောင်း ကျွန်တော် ပြောပြချင်ပါသည်။ ထိုဝန်ထုပ်သည် သူ့အား အခက်အခဲဖြစ်စေသည်။ ဆူးခင်းလမ်းတို့ ဖြစ်ထွန်းစေသည်။ သို့သော် ထိုသူသည် ပြုံးမြဲပြုံးလျှက်။ မေတ္တာအနန္တဖြင့် ဝန်ထုပ်ကို ချီမြဲချီလျှက်။
ထိုသူချီထားသော ဝန်ထုပ်သည် ခင်ဗျားဖြစ်နိုင်သည်။ ကျွန်တော်ဖြစ်နိုင်သည်။ ထိုသူသည် ကမ္ဘာကြီး အသက်ရှင်နေသမျှကာလပတ်လုံး အသက်ရှင်သွားမည်ဖြစ်သလို ထိုသူ့လက်ထဲမှ ဝန်ထုပ်လေးများသည်လည်း တဖြည်းဖြည်းနှင့် များပြားလာသည်ချည်းသာ။ များပြားသည့်အပြင် ထိုဝန်ထုပ်လေးများသည် ထိုသူ့လက်ပေါ်မှ ခုန်မဆင်းချင်ကြပြန်။ ထိုသူကလည်း ဘယ်သောအခါမျှလွှတ်ချမည်မဟုတ်ကြောင်း မပြောင်းလဲသည့် အကြောင်းတရားတစ်ခု ထပ်မံ၍ ဆိုလိုက်ပါဦးမည်။ ရဲရဲဝံ့ဝံ့နှင့်။
(၂)
ထိုသူသည် သူ့ဝန်ထုပ်လေးများအတွက် အသက်ပေးဝံ့သည်ဟုဆိုလျှင် ကမ္ဘာပေါ်ရှိ သက်ရှိတိုင်း ငြင်းဝံ့မည်မထင်။ ထိုသူသည် ညီမျှခြင်းချမရသော ခေတ်နှင့် စီးပွါးရေးကို အပြစ်တင်စောမနေခဲ့။ နေရာအနှံ့၊ ကမ္ဘာအနှံ့တွင် ထိုသူသည် ရရာလက်နက်စွဲကိုင်၍ တိုက်ပွဲဝင်သည်ဟု ပြောလိုက်လျှင် ကျွန်တော်လွန်မည်မထင်။ ပလက်စတစ်ကောက်ဖို့ မကြောက်ရွံခဲ့သလို အကြော်ဗန်းကိုင်ဖို့လည်း မကြောက်ရွံ့ခဲ့။ အရာရှိကတော် ဘဝမှ ရွံ့နွံထဲ ဆင်းဖို့လည်း မကြောက်ရွံ့သူဖြစ်သည်။ ဝန်ထုပ်လေးများအတွက် ဖြည့်ဆည်းပေးဖို့ အဓိက ဟူသည့် အတွေးသည်သာ ထိုသူ့အတွေးထဲ ပြည့်နေလိမ့်မည်ထင့်။
အရာရှိကတော် အကြော်ဗန်းရွက်တော့ အိမ်ထောင့်ဦးစီး သိက္ခာ ကျတတ်သလား။
ထိုမေးခွန်း၏ အဖြေကို ကျွန်တော်မသိပါ။ တချိန်တုန်းကကျွန်တော့်ဖေဖေအရာရှိကြီး ပြောဖူးသော စကားကတော့ “မင်းဒီလိုလုပ်နေတာ ငါ့သိက္ခာကျတယ်ကွ” ဟုပင်။ သို့သော် ထိုစဉ်ကလည်း ထိုသူသည် ရဲရဲဝံ့ဝံ့နှင့် ဆက်လက်၍ပင် အကြော်ဗန်းကို ကိုင်ခဲ့သည်။ အရာရှိ လစာသည်ကျွန်တော့် ကျောင်းစရိတ်ကိုပင် မကာမိမှန်း ဖေဖေ သိလိုက်ပုံမရ။ ညီမလေးအတွက် နို့ဗူးမပြောနှင့်။ ထမင်းရည်ကိုတောင် ကျွန်တော်နှင့် လုသောက်နေရမှန်း သတိပြုမိပုံမပေါ်။ အိမ်ငှားရန် စာချုပ် ချုပ်ဆိုသည့်အခါတိုင်း ဖေဖေသည် ရုံးတာဝန်နှင့် အပြင်ထွက်နေရသည့် အချိန်တွေချည်းသာ ဖြစ်ခဲ့ကြောင်း ကျွန်တာ့်အသိစိတ်က မှတ်မိနေသေးသည်။
ဤကမ္ဘာလောကဝယ် စိတ်ဓါတ်အခိုင်ကျည်ဆုံး၊ ရဲဝံ့မှု အရှိဆုံး လူတစ်ယောက်ကို ပြပါဆိုလျှင် မည်သူမဆို ထိုသူ့ကိုသာ လက်ညိုးထိုးပြမည်မှာ မလွဲပင်။ ကျွန်တော်ကိုယ်တိုင်သည်လည်း ကျွန်တော်၏ ထိုသူ၊ ခင်ဗျားသည်လည်း ခင်ဗျားနှင့်သက်ဆိုင်သော ထိုသူ၊ သူသည်လည်း သူနှင့် သက်ဆိုင်သော ထိုသူကိုသာ လက်ညိုးထိုးမိမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
ကျွန်တော်သည် တချိန်တခါတုန်းက ဝန်ထုပ်တစ်ခုဖြစ်ဖူးသည်။ ယခုအခါလည်း ထိုသူ့အတွက် ကျွန်တော်သည် ဝန်ထုပ်ဖြစ်လျှက်ရှိဆဲ။ ကျွန်တော်၏ ထိုသူသည် သူဌေးသမီးဘဝမှ ဆင်းသက်လာသူဖြစ်သော်ငြား ကျွန်တာ့်လို ဝန်ထုပ်များအတွက် ကန်စွန်းရွက်ကိုခူးကာ၊ စည်းကာ ရောင်းခဲ့သူဖြစ်သည်။ ည ၁၂နာရီထိ ကန်စွန်းရွက်တို့ကို စည်းရသည်။ မနက်လေးနာရီထ၍ ကန်စွန်းစည်းကြီးကို ဈေးသို့သွားရောင်းရသည်။ ထိုသူသည် ဈေးသို့ ကျွန်တော်နှင့်ညီမလေးကို မခေါ်ခဲ့။ တစ်ခါမျှပင် မခေါ်ဖူးခဲ့။
ဤကမ္ဘာလောက၌ ရှိရှိသမျှသော ထိုသူအပေါင်းထို့သည် ဤကမ္ဘာလောက၏ တုနှိုင်းမရနိုင်သော အလှအပဟု ဆိုလျှင် ………။
(၃)
ထိုသူ့အား ကျွန်တော်သည် “အမေ ကျွန်တော့်ကို မချစ်ဘူး” ဟု အသံကုန်အော်ခဲ့ဖူးသည်။ ဘဝတူ ဝန်ထုပ်များနှင့် ယှဉ်၍ ကျွန်တော့်ကိုယ်ကျွန်တော် တန်ဖိုးဖြတ်ခဲ့ဖူးသည်။ ဝန်ထုပ်ခြင်းတူတူ တစ်မူးပိုရှုချင်ခဲ့ဖူးသည်။ သို့သော် ကျွန်တော့ဘဝဝယ် ခြေချော်လက်ချော်ဖြစ်တိုင်း အဦးဆုံး လာရောက်တည့်မက်ပေးသူမှာ ထိုသူသာဖြစ်သည်။ ကျွန်တော့်အတွက် အရာရာကို အဆုံးရှုံးခံကာ ကျွန်တော့်အနားနေပေးတတ်သူဖြစ်သည်။ အချိန်အတိုင်းအတာ တစ်ခုဖြတ်သန်းအပြီးတွင်မူ ကျွန်တော်သည် ထိုသူ့အတွက် တန်ဖိုးဖြတ်မရသော အရာတစ်ခုဟု သိခဲ့ရပြီ။ ထို့အတူ ကျန်ဝန်ထုပ်များသည်လည်း ထိုသူ့အတွက် တန်ဖိုးဖြတ်မရ ဟူသည့် အသိကို သိလာရသည်။ု သေချာပါသည်။ ခင်ဗျားသည်လည်း ခင်ဗျား၏ထိုသူ့အတွက် တန်ဖိုးဖြတ်ရခက်သော ရတနာပင် ဖြစ်လိမ့်မည်။
 “အမေဟာ ပြည့်တန်ဆာကြီးဖြစ်နေပါစေ အမေဟာ အမေပဲ” ဟူသည့် ဝါကျသည် ဘာသာဗေဒမည်မျှပင်ကွဲပြားပါစေ။ ထိုဝါကျနှင့် အယူအဆတူညီမှုများသည် နိုင်ငံအနှံ့အပြား၌ ထိုသူ့အား ဂုဏ်ပြုသံအဖြစ် ကျယ်ကျယ်လောင်လောင် ပျံ့နှံ့လျှက်ရှိမြဲ။ ထိုသူ့ကို ဂုဏ်ပြုတေးသံများသည် ကမ္ဘာအနှံ့အပြား၌ ရှိကြစမြဲ။
“ဂန္တဝင်မေမေ၊ ကရုဏာမေမေ၊ ကောင်းကင်မေမေ” စသည့် ကြွေးကြော်သံများသည် ဘဝဂ်ညံမတက်။ သို့သော် တချို့သော လူငယ်တို့ထံတွင်မူ ထိုသူ့အား တန်ဖိုးထားသော်လည်း မေ့နေတတ်သော သဘောရှိသည်။ ခင်ဗျားလည်း မေ့ခဲ့ဖူးပါလိမ့်မည်။ ထို့အတူ ကျွန်တော်လည်း မေ့ခဲ့ဖူးသည်။ ကျွန်တော်၏ ထိုသူ့အတွက် ဘာအစားအစာကြိုက်လဲ၊ ဘယ်လိုနေထိုင်မှုမျိုးကို နှစ်သက်လဲ မတွေးကြည့်ခဲ့ဖူး။ ထိုသူကတော့ ကျွန်တော့်အတွက် အစဉ်အမြဲ တွေးတောပေးခဲ့သည်။ ကျွန်တော် ဘာကြိုက်လဲ၊ ဘယ်လိုဝတ်စားဆင်ယင်တတ်သလဲ ဆိုသည်မှာ ထိုသူ့အတွက် တကူးတက မှတ်ထားစရာမလိုလောက်အောင် သိနေခဲ့သည်။ ခင်ဗျား၏ ထိုသူသည်လည်း ခင်ဗျားအတွက် အစဉ်တွေးတောပေးတတ်ပါလိမ့်မည်။
(၄)
အမေ ..။ ဒီဝန်ထုပ်အတွက် ပူငံစပ်ခါးကို ရှောင်၊ ဒီဝန်ထုပ်အတွက်ပဲ စားချင်သမျှ အာသီသကို ဖျောက်၊ တကယ်ဆို ဒီဝန်ထုပ်ရလာပြီဆိုကတည်းက အတ္တကို အရောင်ဖျော့ခဲ့ရသူမဟုတ်ပါလား။ သေမင်းနဲ့ စစ်ခင်းရတယ်ဆိုတဲ့ အတွေးထက် ဒီဝန်ထုပ်လေး လူ့လောက ရောက်လာဖို့ပဲ တွေးတောခဲ့သူ၊ တချို့တလေဆို သေမင်းနဲ့စစ်ခင်းရင်း တိုက်ပွဲကျသွားခဲ့ရသူတွေ အများသား။
အမေ…။ သူဟာ ကျွန်တော်၊ ခင်ဗျား၊ သူ အို အားလုံးအားလုံးရဲ့ ဘဝမဏ္ဍိုင်ပါ လို့ဆိုလျှင် ဘယ်သူ ငြင်းဝံ့မည်လဲ။ လူ့လောကသို့ မရောက်လာခင်ကတည်းက ထိုသူ၏ အတ္တတို့ကို ဖျောက်ခဲ့သော ကျွန်တော်တို့သည် ရောက်လာပြီးတော့လည်း ထပ်မံ၍ ဖျော့ခိုင်းပြန်သည်။ ဒီဝန်ထုပ်၏ဝေယျာဝစ္စအားလုံးကို လုပ်ခိုင်းပြန်သည်။ ထို့ပြင် အသက်တစ်နှစ်စီ ကြီးလာသည်နှင့်အမျှ ခေါင်းစဉ်မတူသည့် ဒုက္ခတို့ကို အကြိမ်ကြိမ် ပေးကြပြန်သေးသည်။ ထိုအရာတို့ကို အပြုံးမပျက် လက်ခံပေးတတ်သူမှာလည်း ထိုသူပင်ဖြစ်သေးသည်။ တချို့နေရာတွင် သွန်သင်၍ တချို့နေရာတွင် အလိုလိုက်ကာ ဝန်ထုပ်လေးများကို လမ်းပြပေးသူ ဖြစ်သည်။
စဦးတည်းကဆိုခဲ့သည့်အတိုင်း “အရာရာ ပြောင်းလဲသွားပြီ” ဟူသည့် စကားလုံးကို ကျွန်တော် ရဲရဲဝံ့ဝံ့ မဆိုဝံ့သေးပါ။ သို့သော် “မပြောင်းလဲတဲ့ အရာတစ်ခုရှိတယ်” ဟူသည့်စကားကိုတော့ဖြင့်  ရဲရဲဝံ့ဝံ့ ဆိုနိုင်ပါသည်။ ထို့ပြင် “ကမ္ဘာတည်သရွေ့ တည်မြဲနေလိမ့်မည် ဟုလည်း ထပ်မံကွန့်လိုက်ချင်ပါသေးသည်။
ဤကမ္ဘာလောက၌ ရှိရှိသမျှသော ထိုသူအပေါင်းထို့သည် ဤကမ္ဘာလောက၏ တုနှိုင်းမရနိုင်သော အလှအပဟု ဆိုလျှင် မည်သူငြင်းဝံ့မည်လဲ…………။ ဤကမ္ဘာလောက၌ ထိုသူသည် ဘယ်သောအခါမျှ မပြောင်းလဲတတ်ဟု ဆိုလျှင် မည်သူငြင်းဝံ့မည်လဲ………..။

............
ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်