Wednesday 6 February 2013

ကျေးဇူးပြုပြီး....


 (၁)
ကျေးဇူးပြုပြီး ပြုံးနေပါ
ခင်ဗျားအပြုံးတစ်ချက်မြင်ရတိုင်း
ရင်ကအမောတွေကြွေလွင့်ရလွန်းလို့
ထာဝရ မော်ဖူးချင်တယ်
ကျေးဇူးပြုပြီး ပြုံးနေပါ
(၂)
ကျေးဇူးပြုပြီး သံစဉ်လေးတွေ လွှင့်ပါ
တီးတိုးသက်သာ ဆိုတတ်တဲ့ ခင်ဗျားစကားသံတိုင်းမှာ
ကျွန်တော့်နှလုံးသားဟာ
သီချင်းတစ်ပုဒ်နဲ့ ကနေသလိုမျိုး
အသံအတိုးအကျယ်အလိုက် ကနေမိရဲ့
စကားအခွန်းတိုင်းကို
မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေမိ
ကျေးဇူးပြုပြီးတောင်းဆိုပါရစေ
ကျွန်တော်နဲ့ဆုံတိုင်း
သံစဉ်လေးတွေ လွှင့်နေပေးပါ

 (၃)
ကျေးဇူးပြုပြီး အချိန်မှန် ထမင်းစားပေးပါ
စားနေတဲ့ ထမင်းဝိုင်းဟာ စားနေတယ် ဆိုတဲ့ အသိပဲရှိခဲ့
ဒီချိန်ဆို ခင်ဗျားကော ထမင်းစားနေရဲ့ လား ဆိုတဲ့ အတွေးနဲ့
ကျွန်တော် ငိုင်နေတယ်
တကယ်ဆို သက်ဆိုင်မှုတစ်စုံတစ်ရာတောင် မရှိပါပဲနဲ့……
(သက်ဆိုင်ခွင့်လည်း မရှိပါဘူးလေ)
အဲ့ဒီ့အတွေးမှာ ကျွန်တော် ငိုတယ်
ကျေးဇူးပြုပြီး အချိန်မှန် ထမင်းစားပေးပါ
 (၄)
ကျေးဇူးပြုပြီး ပျော်နေပါ
ခင်ဗျား စိတ်တစ်ချက်အညှိုး
ကျွန်တော့် ဝဲဘက်ရင်အုံအောက်မှာ မိုးရွာတယ်
တစ်ဖတ်သတ်စွဲလန်းမှုဟာ
ခင်ဗျားရဲ့ စိတ်ကို နားလည်စေခဲ့သည်ထိ
ပြင်းထန်စေခဲ့တယ်
ကျေးဇူးပြုပြီး ပျော်နေပါ
(၅)
ကျေးဇူးပြုပြီး မျက်နှာလွဲပေးပါ
အပေပေအတေတေ နေခဲ့မိပေမယ့်
ချစ်မိသူရဲ့ အသနားကြည့်ကိုခံဖို့
ကျွန်တော့်အချစ်ကို ကျွန်တော် အားနာတယ်
ရပါတယ်
ချစ်မိသူတို့ ထုံးစံအတိုင်း ရှုံးခွင့်ရှိပါရစေ
ကျေးဇူးပြုပြီး မျက်နှာလွဲပေးပါ
(၆)
ကျေးဇူးပြုပြီး ဖုန်းပိတ်ထားပါ
အသိစိတ်မဲ့နေတဲ့ လက်တွေဟာ
အလွတ်ရနေတဲ့ ဂဏန်းတွေကို တစ်ချက်ပြီးတစ်ချက်နှိပ်
Call ဆိုတဲ့ ခလုတ်အရောက်မှာအသိစိတ်က တစ်ချက်ပြန်လှည့်
ဒီလိုနဲ့ ဖျက်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းတော့ဘူး
အသိစိတ်လေး မထိတထိရှိသေးခင် သတိပေးပါရစေ
ကျေးဇူးပြုပြီး ဖုန်းပိတ်ထားပါ
(၇)
ကျေးဇူးပြုပြီး ကျွန်တော့်အသိစိတ်ကို လွှတ်ပေးပါ
ကျွန်တော် မောင်းနေတဲ့ ဆိုင်ကယ်မှာ အသိစိတ်မရှိဘူး
အသိစိတ်ကို ဖမ်းဆုပ်ဖို့ပြင်တိုင်းမှာ ခင်ဗျားအကြောင်းကိုသာဖမ်းဆုပ်မိခဲ့
အတွေးများစွာ…….
ဂီယာကို ပြောင်းဖို့အမေ့မေ့အလျော့လျော့
လီဗာကိုသာ အကြိမ်ကြိမ် နင်းကန်ဆွဲမိခဲ့
ဘယ်နှစ်မိုင်ဖြတ်ခဲ့ပြီလဲ မသိဘူး
အရှိန်ဘယ်လောက်ထိ ပြင်းနေပြီလဲ မသိဘူး
ခင်ဗျားအတွက် ရိုတ်ခတ်နေတဲ့ အလွမ်းစိတ်လောက် မပြင်းတာ သေချာတယ်
ကျေးဇူးပြုပြီး ကျွန်တော့်အသိစိတ်ကို လွှတ်ပေးပါ
(၈)
ကျေးဇူးပြုပြီးတိတ်တိတ်လေးနေပါ
တီးတိုးသက်သာ ဆိုတတ်တဲ့ ခင်ဗျားစကားသံတိုင်းမှာ
ကျွန်တော့်နှလုံးသားဟာ
သီချင်းတစ်ပုဒ်နဲ့ ကနေသလိုမျိုး
အသံအတိုးအကျယ်အလိုက် မောကြီးပမ်းကြီး ကနေမိ
စကားတစ်ခွန်းဆုံးတိုင်းမှာ
ကျွန်တော့်နှလုံးသားဟာ မောလျနွမ်းခွေလွန်းလို့
ကျေးဇူးပြုပြီးတောင်းဆိုပါရစေ
ကျွန်တော်နဲ့ဆုံတိုင်း
တိတ်တိတ်လေး နေပေးပါ

1 comment:

မိုးနတ်ကြယ်စင် said...

ကျေးဇူးပြုပြီး ပြုံးနေပါ
ခင်ဗျားအပြုံးတစ်ချက်မြင်ရတိုင်း
ရင်ကအမောတွေကြွေလွင့်ရလွန်းလို့
ထာဝရ မော်ဖူးချင်တယ်
ကျေးဇူးပြုပြီး ပြုံးနေပါ

ကျေးဇူးပြုပြီး သံစဉ်လေးတွေ လွှင့်ပါ
တီးတိုးသက်သာ ဆိုတတ်တဲ့ ခင်ဗျားစကားသံတိုင်းမှာ
ကျွန်တော့်နှလုံးသားဟာ
သီချင်းတစ်ပုဒ်နဲ့ ကနေသလိုမျိုး
အသံအတိုးအကျယ်အလိုက် ကနေမိရဲ့
စကားအခွန်းတိုင်းကို
မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေမိ
ကျေးဇူးပြုပြီးတောင်းဆိုပါရစေ
ကျွန်တော်နဲ့ဆုံတိုင်း
သံစဉ်လေးတွေ လွှင့်နေပေးပါ

ကဗျာလေး မိုက်တယ်
i like it !

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်