Monday 25 February 2013

“သော်ဇင်(လွိုင်ကော်) ရဲ့ ရင်လွဲမိုး ဝတ္ထုတိုချဉ်းကပ်ခြင်း”

“သော်ဇင်(လွိုင်ကော်) ရဲ့ ရင်လွဲမိုး ဝတ္ထုတိုချဉ်းကပ်ခြင်း”

စာရေးကောင်းလှသူ ကိုသော်ဇင်(လွိုင်ကော်) ရဲ့ စာကို ချဉ်းကပ်မယ်ဆိုတော့ အမှားတွေပါမှာစိုးလို့ ကြောက်မိသား။ သို့သော် ဒီစာမပြီးရင် အကြွေးကျန်နေသလို ခံစားနေရလို့ (ရေးမယ်ဆိုပြီး မရေးဖြစ်တာလေ) အသေအချာချဉ်းကပ်လိုက်ပါကြောင်း။ မိုဘာကတည်းက သူငယ်ချင်းဖြစ်လာသူမို့ အမှားရှိရင်လည်း ခွင့်လွှတ်တော့ ကိုသော်ဇင်ရေ။

…………..

“ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနှုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘ၀ကို ခုထိ အံ့သြနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘ၀တစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး  အူလှိုက်သည်းလှိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရသလိုငိုခြင်း။  သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု သူရရှိပိုင်ဆိုင်ထားတဲ့ လူ့ဘ၀ကြီးပါပဲ။ မဟုတ်သေးဘူး။ သူ ငှားရမ်းထားတဲ့ လူ့ဘ၀ကြီးပါပဲ။”


သူဆိုတဲ့ ဇာတ်ကောင်ပိုင်ဆိုင်ထားတာ၊ငှားရမ်းထားတာ  ဘယ်လိုဘဝမျိုးလဲ၊ ဘယ်လိုဘဝမျိုးမို့၊ ဘာ့ကြောင့်မို့ ဒီလောက်ထိ နာကျည်းသံ ပေါက်နေရတာလဲ လို့ လို့သာ ထပ်ခါထပ်ခါ တွေးနေမိတော့ရဲ့။

“တချို့ သူငယ်ချင်းတွေက ရှုခင်းတစ်ခုကို သိပ်သာယာတာပဲလို့ပြောရင် သူ့အဲဒီရှုခင်းကို မကြည့်ချင်တော့ဘူး။ ကြာတော့ သူငယ်ချင်းတွေကပြောတယ်။ ကန့်လန့်လူသား ဂွသမားတဲ့။ ဟုတ်တယ်။သူမခံစားတတ်တဲ့ ရှုခင်းတွေအကြောင်း သူငယ်ချင်းတွေမပြောကြတော့ဘူး။ ပြီးတော့  သူငယ်ချင်းတွေ သူ့မှာ မရှိတော့ဘူး။”

ဒီနေရာလေးမှာတင် သူ ဆိုတဲ့ ဇာတ်ကောင်ဟာ ပရော်ဘလမ်ချိုင်း(Problem child) အဖြစ် သိသာသွားစေတယ်။ လောကကြီးကို စိတ်နာနေတဲ့ ကလေးငယ်တစ်ယောက် ဘယ်လိုရှင်သန်လာခဲ့သလဲ၊ ဘာ့ကြောင့် စိတ်နာနေခဲ့သလဲ.. စတဲ့ အတွေးပေါင်းများစွာနဲ့ပဲ ဝတ္ထုလေးကို ပြန်ဖတ်လိုက်မိတယ်။

….

          “ကေသီ သားက ခု ဟိုဘက်အိမ်က အိမ်တံခါးမှန်တွေကို ခဲနဲ့ပစ်ခွဲတယ်။ ပြီးတော့ အဲဒီအိမ်က မောင်နှမနှစ်ယောက်စက်ဘီးစီးနေတာကို ဆွဲလှဲပစ်တယ်။ ဒါ ဘာလုပ်တာလဲ။ သောင်းကျန်းတာ။ ပရမ်းပတာနိုင်တာ။ စည်းမရှိ ကမ်းမရှိဘူးဆိုတာကိုပြတာ။ ကိုတို့ ဘယ်လောက် သိက္ခာကျသလဲ ကေသီ။ ဒီလိုသားမျိုး မွေးထားတဲ့ မိဘတွေကို တစ်ဘက်က ဘာထင်မလဲ။ ကိုတော့ တောင်းပန်ခဲ့တယ်။ ကျေနပ်လောက်တဲ့အထိ တောင်းပန်ခဲ့တယ်။ မှန်တွေလဲ အသစ်တပ်ပေးလိုက်တယ်။“

စာရေးသူက  ဒီနေရာလေးမှာ သူဆိုတဲ့ဇာတ်ကောင်ရဲ့ လက်ရှိ လူနေမှု ပုံစံကို သိသာထင်ရှားသွားစေတဲ့ အပြင် စိတ်အခြေအနေကိုပါ တပါတည်း ပြသွားတယ်။ သာမန်ကလေးသာဆို၊ သာမန်လူသာဆို ဒီလိုအပြုအမှုမျိုးလုပ်ဖို့ မလွယ်ဘူးမဟုတ်လား။

“သိက္ခာ..။ သိပ်ကိုလှပတဲ့ စကားတစ်လုံး။ လူမှုဝန်းကျင်မှာ သိက္ခာဆိုတဲ့ စကားတစ်လုံး ဘယ်လောက်အရေးပါသလဲ ခုမှ မေမေနဲ့ အဲဒီလူကြီးသိတာလား။”

စနေရဲ့ ဒီအတွေးစလေးကြောင့် စာဖတ်သူအတွက်အတွေးပွါးစရာ ဖြစ်သွားတယ်။ သူ့မေမေနဲ့ ဒီလူကြီးဟာ သိက္ခာဆိုတဲ့စကားလုံးဘယ်လောက်ထိ အရေးပါလဲ မသိရလောက်အောင် ဘာတွေ လုပ်ခဲ့ကြလို့လဲ။ သိက္ခာဆိုတဲ့ စကားလုံးဟာ သူတို့ ပါးစပ်ဖျားက ထွက်လာဖို့ မတန်ဖူးလား. ဘာတွေလုပ်ခဲ့လို့ မတန်ရတာလဲ။ ..စတဲ့ အတွေးများစွာနဲ့ပဲ ဒီဝတ္ထုကို ဆက်ဖတ်မိပြန်တယ်။

“ဖေဖေရယ် သိက္ခာမရှိတဲ့ သူတွေက ခုသားကို သိက္ခာအကြောင်းပြောလာကြပြီ ဖေဖေ။ “

ဒီအတွေးစလေးကြောင့် စာဖတ်သူဟာ မေမေ၊ ဟိုလူကြီး၊ ဖေဖေ ဆိုတဲ့ ဒီသုံးယောက်ရဲ့ ဆုံစည်းမှုကို သိချင်လွန်းနေပါပြီ။

“နောက်တစ်ယောက်ရဲ့ လာခြင်းကို အရင်တစ်ယောက်ကို ဖယ်ခွာခြင်းနဲ့ ကြိုဆိုရမယ်။”
“နွေးထွေးတဲ့ အိမ်ရဲ့ရိပ်မြုံဆိုတာ ငှက်သိုက်တစ်ခုလောက်တောင် တန်ဖိုးမရှိဘူးလို့ သူ တွေးလိုက်မိတယ်။”

ဒီစာသားလေးတွေဟာ သူရဲ့ စိတ်နာကျင်မှု၊ နာကျည်းမှုကို ဖေါ်ပြနေသလိုလို။ ဖတ်ရသူစိတ်ထဲမှာလည်း စနေ့အတွက် လှိုက်ခနဲ ဝမ်းနည်းမိလိုက်တယ်။

အပိုင်း(ဃ)မှာတော့ စာဖတ်သူ သိချင်လွန်းလှပြီဖြစ်တဲ့ အဖြေကို ရောက်ရှိလာခဲ့ပါပြီ။
မှတ်မိခြင်းအကြောင်းအရာတစ်ခုကနေ စလိုက်တာ စာဖတ်သူရဲ့ စိတ်ထဲ အိုခနဲ အာနေဋိတ်သံတောင် ထွက်ကျလုလု ဖြစ်သွားတယ်။ စနေ့ ဖေဖေအစား ရင်တွေ နာလိုက်တာ။

……………..


   “ရှင်.. “

ပြူးကျယ်သွားတဲ့ မေမေ့မျက်ဝန်းတွေကိုကြည့်ရင်း သူကျေနပ်တယ်။ သူ့ကို လူတွေက ရူးနေတယ်ထင်ကြတယ်။ တကယ်တမ်း သူမရူးပါဘူး။ အားလုံးကိုသိတယ်။ သူ့ကိုယ်ပေါ်က အ၀တ်တွေ ညစ်နွမ်းသွား တာလဲသိတယ်။ သူ့ဆံပင်တွေရှည်သွားတာလဲ သိတယ်။ သူ့လက်သည်းတွေ ရှည်လာတာလဲသိတယ်။
 တစ်ခုပဲ သူများမိသားစုတွေ ပျော်ရွှင်နေတာကို သူမသိချင်တာပဲ။ ဒါကြောင့် အဲလိုမြင်ကွင်းတွေမြင်ရင် ခဲနဲ့ပစ်တယ်။ လက်ချင်းချိတ်ထားရင် လက်တွေ ပြေးဆွဲပစ်လိုက်တယ်။ အဲလို ခဏခဏဖြစ်ပြီး လူတွေ သူ့ကိုကြောက်လာတယ်။ တချို့က  အရူးလို့ ခပ်ကျယ်ကျယ်ပြောတယ်။
           တချို့က ခပ်တိုးတိုးလေးနဲ့
          “သနားပါတယ်…ဟယ်“ တဲ့…။”

စာရေးသူကတော့ ဇာတ်ကို ဒီနေရာမှာတင် သိမ်းပစ်လိုက်တယ်။ ကျွန်မစိတ်ကတော့ မသိမ်းနိုင်သေးဘူး။ တကယ်က အဲ့ဒီ့အချိန်မှာ သူ့မေမေကို တစ်ခုခု ပြန်ပြောပစ်သင့်တာ။ ပစ်ပစ်ခါခါ နစ်နစ်နာနာကို ပြန်ပြောပစ်သင့်တာလို့ပဲ ထပ်ခါထပ်ခါ တွေးနေမိရဲ့။
ဒါပေမယ့် တစ်ခုခုက ကျွန်မစိတ်ထဲမှာ လိုအပ်နေတုန်းပဲ။ တစ်ခုခုကို သိချင်နေတုန်းပဲ။ ဟုတ်တယ်။ သူ့မေမေကို သူပြန်မပြောလို့ မဟုတ်ဘူး။
အဲ့ဒီ့တစ်ခုခုက စနေသိသလားဆိုတာပဲ။

“ဒီကန်လေးကို သူမှတ်မိတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ အသားကျနေတဲ့ကန်ကလေး။ သူငယ်ငယ်တုန်းက ဒီကန်လေးကို တနင်္ဂနွေနေ့တိုင်း ရောက်ရောက်နေကြ။ ကန်လည်က တံတားဖြူဖြူကလေးပေါ်မှာ လေတဖြူးဖြူးနဲ့ သူရယ် မေမေရယ်၊ ဖေဖေရယ် လမ်းလျှောက်ကြတယ်။ နောက်သူက ဖေဖေကို ပူဆာတယ်။
ကန်ထဲက ကြာဖူးလေတွေ ခူးပေးဖို့။ ဒါပေမယ့် ရေမကူးတတ်တဲ့ ဖေဖေက ဘယ်တုန်းကမှ သူ့ကို မခူးပေးနိုင်ခဲ့ပါဘူး။ အဲဒီထဲက သူဟာ လိုချင်တာဆို ဘယ်တုန်းကမှ အလွယ်တကူ မရတတ်ခဲ့တာပဲနေမှာ။ ဖေဖေက ငါးမျှားတယ်။ မေမေက ဘေးကနေထိုင်ပြီး စာအုပ်ဖတ်လိုက် သူနဲ့ ဆော့လိုက်။ ကြည်နူးပျော်ရွှင်တဲ့ မိသားစုဘ၀ဆိုတာ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်တွေပဲ။”

“ဖေဖေအဲဒီည အိမ်ကနေ မိုးလေတွေထဲမှာ ထွက်သွားတယ်။ မေမေက တင်းမာခက်ထန်နေတဲ့ မျက်ဝန်းတွေနဲ့ကျန်ခဲ့တယ်။ ဖေဖေကိုမြင်လိုက်ရတာဟာ အဲဒီည နောက်ဆုံးပါပဲ။ မိုးရေတွေနဲ့အတူ မိုးတိတ်တော့ ဖေဖေ မရှိတော့ဘူး။ ဖေဖေ ကန်ထဲမှာ ရေနစ်သေသွားတယ်ဆိုတာပဲ သူသိလိုက်တယ်။ အဲဒီကတည်းက အမှောင်တခြမ်းဟာ သူ့ဘ၀အတွက် ကောင်းကင်တစ်ခြမ်းဖြစ်သွားခဲ့တာပေါ့။”

ဒီစာပိုဒ်နှစ်ခုထဲက အဖြေကို စနေသိလိုက်သလားဆိုတာ ဝတ္ထုကို ဖတ်ပြီးတဲ့အချိန်ထိ ကျွန်မစဉ်းစားနေမိတုန်း။

အကယ်၍များ သိခဲ့ရင် သူ ပိုပြီး ရင်နာနေလေမလား..စိတ်ဝေဒနာရှင်ဘဝအပြင် ဘာတွေများ ထပ်ဖြစ်နိုင်ဦးမလဲ လို့ အတွေးတွေ က ဆက်နေမိတုန်း။
……

 နိဂုံးချုပ်ပြောရမယ်ဆိုရင်ဖြင့် ဒီရင်လွဲမိုး ဝတ္ထုတိုလေးကို ဖတ်ကြည့်ပါ။  အရေးအသားကောင်းလှသလို ရင်ထဲရောက်မယ့် ခံစားချက်တစ်ခုတော့ ရရှိပါလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်။ စာမူလင့်ခ်လေးကတော့ ဒီမှာပါ။

http://onlinelinyoungche.blogspot.com/2013/01/blog-post_14.html

တစ်ခေါက်လောက် သေချာ သွားဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ ရှင်။
ခင်မင်လေးစားစွာနှင့်
ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်