သံစဉ်တို့ညှိ၍ နှလုံးသားမြေကို
ထွန်ယက်ဖို့ရာ ကြိုးစားမိသည်။ သို့သော် ကိုယ့်တစ်ဘက်ခြမ်းကသာ ရုန်းကန်ကာ ထွန်ယက်နေမိသောကြောင့်
သိပ်မကြာခင်တွင်ပင် ကြိုးပျက်ပေတော့မည်။ တဲတဲလေးသာ ကျန်ရှိနေသော ကြိုးတို့အား ကြည့်ရင်း
ကိုယ်ကြဲခဲ့မိသော သံယောဇဉ်မျိုးစေ့တို့အား ကပျာကယာ လိုက်လံသိမ်းဆည်းမိသည်။
သို့သော် သံယောဇဉ်မျိုးစေ့တို့ကား
ခြေရာလည်းပျောက်ရေလည်းနောက်၍ ပျောက်ကွယ်ချေပြီ။ ကိုယ့်မှာ သိမ်းဆည်းဖို့ရာထက် ထိုသံယောဇဉ်
အသီးအပွင့်တို့၏ ရလဒ်ကို ခံစားနေရပြီ။ လွမ်းဆွေးခြင်း၊ ကြေကွဲခြင်း၊ ယူကျုံးမရခြင်းတည်းဟူသော
အသီးအပွင့်တို့ ဖြစ်ထွန်းဖို့ရာ ဒီမျိုးစေ့ကို စိုက်ပျိုးခဲ့ခြင်းမဟုတ်ပါ။
သို့သော် ကိုယ်ပျိုးခဲ့မိသော
မြေယာမှားသောကြောင့် မှားယွင်းဖြစ်ထွန်းလာသော အသီးအပွင့်များသာဖြစ်သည်။ ကိုယ်ပျိုးသည့်
လယ် ကိုယ်ကိုယ်တိုင် ရိတ်သိမ်းရမည်ဖြစ်သောကြောင့် ထိုအသီးအပွင့်များသည် ယခုတော့ ကိုယ့်နှလုံးအိမ်တစ်ခုလုံး၌
ပျံ့နှံ့တည်ရှိချေပြီ။ မိုးများရာ မိုးရွာသကဲ့သို့ အထီးကျန်သူ ကိုယ်ရှိရာနေရာသည် ကြေကွဲခြင်းကောင်းကင်အောက်၌သာ
အမြဲတည်ရှိနေ၏။
`
မှိတ်တုတ်မှိတ်တုတ်ကြယ်လေးများသည်ကား
လမင်းကို အထီးကျန်မှာ စိုးဟန်နှင့် ဝန်းရံခစားနေကြသေးသည်။ ကိုယ့်မှာသည်ကား တစ်ပွင့်တည်း
လင်းလက်နေသော မီးလုံးပမာ အထီးကျန်ဆန်လွန်းလှသည်။ ကိုယ်သည်လည်း လမင်းကို ခစားချင်ပါသည်။
သို့သော် ခစားခွင့်မရှိသူ ဖြစ်နေသည်မဟုတ်ပါလား။ ခစားခွင့်ရလှ ရေကန်ထဲမှ လရိပ်ကို ငေးကြည့်ပိုင်ခွင့်သာ။
ကိုယ်က နေမင်းဖြစ်ချင်သူမဟုတ်ပါ။ လမင်း၏ နံဘေးဝယ် လမင်း ခလုတ်မထိအောင် လမ်းပြပေးသူသာ
ဖြစ်ချင်လှသည်။
နေနှင့် လကြားအကွာအဝေးကို
ကိုယ် မတွက်တတ်ပါ။ သို့သော် ကိုယ်နှင့် ကိုယ့်လမင်းအကြားတွင်တော့ မိုင်ထောင်ပေါင်း
သိန်းသန်းမက ဝေးကွာလွန်းလှသည်။ တကယ်ဆို ငေးကြည့်ဖို့ရာပင် အခွင့်မရှိသူ ဖြစ်ရချေပြီ။
တိတ်တဆိတ်အလွမ်းများသာ တောင်ပုံရာပုံနှင့်။ သတိရနေသည် ဆိုသည့် စကားတစ်ခွန်းပင် အပြောခက်ရသည်။
ကိုယ်သည်ကား သက်ဆိုင်ခွင့် မရှိသော သူဖြစ်သည်မဟုတ်လား။
အခွင့်ရှိသူသာ ဝင်ခွင့်ရှိသော
ချစ်သူ့နှလုံးသားအိမ်ငယ်လေးကို ကိုယ် ဖွင့်ခွင့်ရဖို့ သော့တူတစ်ချောင်း မလိုချင်ပါ။
ကိုယ့်အတွက် သီးသန့်ဖွင့်ပေးမည့် နှလုံးသားတံခါးကိုသာ အလိုရှိမိသည်။ သို့သော် ထိုတံခါးသည်
ကိုယ့်စိတ်ကူးမှ တွေးထင်နေမိသော စိတ်ကူးမျှသာဖြစ်၍ အပြင်ကမ္ဘာတွင်မူ အရိပ်အယောင်မျှတောင်
မရှိ။ ချစ်သူ့ နှလုံးသားအိမ်ငယ်တွင် ရှိသော တစ်ခုတည်းသော တံခါးမှာ ချစ်သူ၏ သက်ဆိုင်သူအတွက်သာ
ဖြစ်သည်မဟုတ်ပါလား။ အဖြေမှန်ကို သိသိကြီးနှင့် စွဲလမ်းတပ်မက်နေခြင်းသည် ရူးမိုက်ခြင်းမည်ပါသလား။
သို့ဆိုလျှင်ဖြင့် ကိုယ့်ကို သတ်မှတ်နိုင်ပါသည်။
ဆေးမမီသော အရူး ဟူ၍။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ
မြည်မှန်း ကိုယ်သိပါသည်။ သို့သော် ကိုယ့်လက်တစ်ဖက်တည်းဖြင့် ဖြစ်တည်လာသော ဤလက်ခုပ်သံဖွဖွလေး(ကိုယ့်နှလုံးသားမှ
မြည်ဟီးနေသော ချစ်သူ့နာမည်လေး)ကို မြတ်နိုးလွန်းလှပါသည်။
ဖြစ်တည်ပြီးသော အချစ်သည်
မပြည့်စုံသောကြောင့် မလိုအပ်သည့် ခံစားချက်မှန်သမျှ ဖြတ်ထုတ်ပစ်နိုင်သည် ဆိုသည့် လူမျိုးကို
မတွေ့ချင်ပါ။ တကယ်ဆို ထိုသူသည် အပြစ်ကင်းမဲ့သော ချစ်ခြင်းအား အဓိပ္ပါယ်မဲ့ စွန့်ပစ်လိုက်ခြင်းပင်။
ကိုယ့်အတွက်မူ ချစ်သူ့အား ချစ်နေခွင့်ရနေခြင်းကပင်လျှင် ဤကမ္ဘာလောက၏ အသာယာဆုံးတေး ဖြစ်သည်။
ချစ်သူ့ကို ချစ်လိုက်မိသည်ကပင် ဤကမ္ဘာလောက၏ အကောင်းဆုံးသော(တန်ဖိုးအရှိဆုံးသော) လက်ဆောင်သာဖြစ်သည်။
ချစ်သူ သစ်ပင်တွင် တေးဆိုနေသော
ငှက်ကလေးတစ်ကောင်ကို တွေ့မိပါသလား။ မှတ်ထင်လိုက်ပါလေ။ ချစ်သူ့အတွက် ၊ ချစ်သူ နားဆင်ဖို့
တေးဆိုနေသည့် ငှက်ကလေးဟာ ကိုယ်ဖြစ်ကြောင်း…။ ချစ်သူ လေတွင် ဝေ့ဝဲနေသော သစ်ရွက်ကြွေလေးများကို
တွေ့မိပါသလား။ ထိုသစ်ရွက်ကြွေလေးများသည် ချစ်သူ့အတွက် ပန်းချီကားတစ်ချပ်ဆွဲဖို့ရာ ကိုယ်ခြွေချပေးနေသော
အသွေးအသားများ ဖြစ်ကြောင်း မှတ်ထင်ပေးပါလေ။ ချစ်သူ လမ်းပြခွင့်မရှိသော၊ ချစ်သူ့ကို
ကာကွယ်ပိုင်ခွင့်မရှိသော အရူးတစ်ယောက်ကို သတိတရမရှိပါနှင့် ဟု တောင်းဆိုချင်လှသည်။
ချစ်သူ့စိတ်တို့ ညစ်ညူးအောင် လုပ်မိသူ မဖြစ်ချင်လှပါ။ တကယ်ဆို
ကိုယ်က
ရောင်းရန်မဟုတ်ဆိုတဲ့ မြေကွက်အတွင်းမှာမှ သံယောဇဉ်မျိုးစေ့တွေ သွားပျိုးခဲ့မိလေခြင်း။ သိမ်းမရတဲ့ သံယောဇဉ်တွေကတော့ မြေယာမမှန်ခဲ့ပေမယ့် ရှင်သန်ကြီးထွားနေခဲ့ပြီ။ ဒီပျိုးပင်တွေ ရိတ်သိမ်းမိသူ ကိုယ့်ကို မမြင်ချင်ယောင်ဆောင်ပေး ပါ ချစ်သူ။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် တောင်းဆိုပါရစေ။ မမြင်ချင်ယောင်ဆောင်ပေးပါ။
ရောင်းရန်မဟုတ်ဆိုတဲ့ မြေကွက်အတွင်းမှာမှ သံယောဇဉ်မျိုးစေ့တွေ သွားပျိုးခဲ့မိလေခြင်း။ သိမ်းမရတဲ့ သံယောဇဉ်တွေကတော့ မြေယာမမှန်ခဲ့ပေမယ့် ရှင်သန်ကြီးထွားနေခဲ့ပြီ။ ဒီပျိုးပင်တွေ ရိတ်သိမ်းမိသူ ကိုယ့်ကို မမြင်ချင်ယောင်ဆောင်ပေး ပါ ချစ်သူ။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် တောင်းဆိုပါရစေ။ မမြင်ချင်ယောင်ဆောင်ပေးပါ။
………………………………………………………..
ရည်ဝေ
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်