Tuesday 12 February 2013

ကောင်လေးရဲ့ ကဗျာ

ကောင်လေးရဲ့ ကဗျာ

ကောင်လေးတစ်ယောက်မှာ အချစ်ကဗျာတစ်ပုဒ် ရှိပါတယ်။ ကောင်လေးကိုယ်တိုင် ရေးသားထားတာလေးပေါ့။ ဒါပေမဲ့ ကောင်လေးစိတ်ထဲမှာ မပြည့်စုံသေးဘူး ထင်နေယ်။ ကဗျာကိုဖတ်ရင်းဖတ်ရင်းနဲ့…..။ အဲဒါနဲ့ ကဗျာလေးကို မွမ်းမံဖို့ ဘောပင်လေးကိုင်ရေးတော့မဲ့ အချိန်မှာ ကဗျာလေးက ကောင်လေးကိုပြောလိုက်တယ်။

“ခဏနေဦး ကောင်လေး……မင်း ဘယ်လောက်ပြင်ပြင် ငါဟာ ရသမြောက်လွန်းအောင် ကောင်းမွန်မှာမဟုက်ဘူး”…..တဲ့။


ကောင်လေးက ပြန်မေးးလိုက်ပါတယ်။ “ဘာဖြစ်လို့လဲလို့……………”။

ဘာဖြစ်လို့လဲဆိုတော့ ငါ့ကို အချစ်ကဗျာအဖြစ် အသက်သွင်းထားပေမယ့် ငါ့မှာ အချစ်ရနံ့ ပျောက်နေတယ် အချစ်ကို ကြည်ကြည်နူးနူးလေး ဖေါ်ပြရမယ့်နေရာတွေ ဟာ အားပျော့နေတယ် နောက်တစ်မျိုးပြောရရင်တော့ ရသ ပျောက်နေတယ်ပေါ့…………”

“ဒါဆိုဘယ်လိုလုပ်ရမလဲ……ကျွန်တော်ရေးတဲ့ကဗျာတွေကို ရသအမြောက်ဆုံးဖြစ်စေချင်တာ….အကြံဥာဏ်လေး ပေးပါဦး…………”လို့ ကောင်လေးကမေးလိုက်တဲ့အခါ

ကဗျာလေးက ပြန်ဖြေလိုက်တယ်။

“မင်းနှလုံးသားကို အချစ်ကိုရှာခိုင်းကွာ။ အချစ်ကိုမတွေ့ရင်လည်း အချစ်နဲ့ တွေ့ဖြစ်တဲ့ နှလုံးသားတွေကိုမေးကြည့်လိုက်။ ဒါဆို အနည်းနဲ့အများတော့ မင်းနှလုံးသားမှာ အချစ်ဆိုတာလေး ကိန်းဝပ်လာမှာပဲ။ဒါဆိုရင်တော့ အချစ်ရနံ့လေးကို ထပ်ဖြည့်နိုင်မှာ သေချာတယ်”

ကဗျာလေးရဲ့ဖြေသံအဆုံး ကောင်လေးက နှလုံးသားကို ထုတ်လိုက်တယ်။ ပြီးတော့ အချစ်ကိုရှာခိုင်းလိုက်တယ်။ အကယ်၍ မတွေ့ဖြစ်ပါဘူးးဆိုတောင်မှ အချစ်နဲ့တွေ့တဲ့ နှလုံးသားတွေဆီက အကြံဥာဏ်တောင်းခဲ့……လို့ ပါ မှာလိုက်လေရဲ့………။

ပြီးတော့ ကဗျာလေကို မေးလိုက်သေးတယ်။

“သေချာပါတယ်နော်………ကျွန်တော့ ကဗျာတွေ သိင်္ဂါရ ရသမြောက်လာမှာ”

“အချစ်ဆိုတာကိုသာ သူတွေ့အောင်ရှာလာနိုင်ရင်တော့ သေချာတယ်ကွာ”

ကောင်လေးလည်း ခေါင်းညိတ်ပြလိုက်ပြီး နှလုံးသားလေးပြန်လာမဲ့ အချိန်ကိုစောင့်နေပါတယ်။ တော်တော်လေးတော့ ကြာမယ်လို့လည်း တွေးထားပါတယ်။ ကောင်လေးရဲ့အထင်မှန်ပါတယ်။ တော်တော်လေးကြာတော့  နှလုံးသားလေးဟာ ပြန်ရောက်လာတယ်။
ကြောက်ရွံနေတဲ့ပုံစံနဲ့ တစ်ကိုယ်လုံးလည်း တစ်ဆတ်ဆတ်တုန်လို့ …………….။

“နှလုံးသားလေး တွေ့ခဲ့လား အချစ်ကို”

“မတွေ့ခဲ့ပါဘူး ကောင်လေးရယ် ဒါပေမဲ့ အချစ်နဲ့တွေ့ဖူးတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ တွေ့ခဲ့တယ်”

“ဟုတ်လား ဒါဆို အချစ်ဟာ ဘာလဲဆိုတာ မင်းနားလည်ခဲ့တယ်ပေါ့”

“ဟင့်အင်း နားမလည်ခဲ့ဘူး တစ်ခုတော့သိခဲ့ရတယ် အချစ်ဆိုတာဟာ အရမ်းကြောက်စရာကောင်းတယ်ဆိုတာကို………………..”

ဖြေရင်းတိတ်ဆိတ်သွားတဲ့ နှလုံးသားလေးကို ကြည့်ရင်း ကောင်လေး အနည်းငယ်တွေဝေသွားတယ်။ ဘာ့ကြောင့်များပါလိမ့်ပေါ့။

“ဘာဖြစ်လို့လဲ……”..လို့ကောင်လေးကမေးတော့ နှလုံးသားလေးက ပြန်ဖြေတယ်။

“ကျွန်တော်ဗျာ ပထမသူငယ်ချင်းနဲ့ လမ်းမှာတွေ့တော့ မေးလိုက်တယ်။ အချစ်ဆိုတာဘာလဲ သိလား…..လို့။ သူက ပြန်ဖြေတယ်။ သိတယ်…တဲ့။ ဘယ်လိုလဲ ရှင်းပြပေးပါလို့ မေးတဲ့အခါ………….ကြောက်ရွံစက်ဆုပ်နေတဲ့ မျက်လုံးနဲ့ဖြေတယ်”

“အချစ်ဆိုတာ နှလုံးသားဆိုတဲ့ ငါတို့ကို ဖျက်ဆီးဖို့အတွက် သီးသန့်ဖြစ်တည်လာတာကွ။ ခံစားချက်တွေ တနင့်ကြီးပေးတယ်။ ပြီးတော့ အဲဒီလို ငါတို့ ခံစားနေရတာ ကို သူပျော်နေတတ်တယ်။ အချစ်ဆိုတာနဲ့တွေ့ဖြစ်ရင် ငါတို့မှာ အကောင်းအတိုင်း ကျန်ရစ်တာ ရှားတယ်ကွ။ ဒီမှာကြည့်ပါ့လား။ ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ အဲဒါသူလုပ်တာပေါ့……………………လို့ပြောရင်းထွက်သွားတဲ့သူ့ဆီက ဒဏ်ရာတွေကို ကျွန်တော် မြင်လိုက်တယ်။ ခုထိ သွေးတွေထွက်နေတုန်း။ ကြောက်စရာကြီးပါဗျာ။”

“ဒါနဲ့ မသေချာသေးပါဘူး။ ထပ်ရှာဦးမှဆိုပြီး ကျွန်တော် ခရီးဆက်ထွက်ပါသေးတယ် လမ်းဆုံလမ်းခွလည်းအရောက် ဒုတိယသူငယ်ချင်းနဲ့ တွေ့တယ်လေ။ ကျွန်တော်လည်း အချစ်အကြောင်းမေးတာပေါ့။ သူကကျတော့ ရီဝေညွတ်နူးနေတဲ့ မျက်လုံးတွေနဲ့ ဟိုးအဝေးကိုကြည့်နေတယ် တစ်စုံတစ်ခုကို မှန်းမျှော်နေသလိုလိုပုံမျိုးနဲ့.. ကျွန်တော်မေးတာကိုတော့ သူက ပြန်ဖြေပါတယ် ”

“အချစ်ဆိုတာ အရမ်းနူးညံ့တယ်။ သူက တန်ဖိုးထားချစ်တတ်သူတွေအတွက် နာကျင်ခြင်းကိုပေးတယ်။ နာကျင်မှုဆယ်ခါခံစားပြီးရင် ပျော်ရွှင်မှုတစ်ခါပေးတယ်။ ဒါပေမဲ့ နာကျင်နေတာပဲဖြစ်ဖြစ်၊ ပျော်ရွှင်နေတာပဲဖြစ်ဖြစ် အဲဒီ့အချစ်ကိုခံစားနေရတဲ့ အခိုတ်အတန့်မှာ ကြည်နူးနေရတာတော့အမှန်ပဲ။……..တဲ့။ ဒါနဲ့ ကျွန်တော်လည်းမေးမိလိုက်တယ်လေ။ ခု ခင်ဗျား နာကျင်နေတာလား၊ ပျော်ရွှင်နေတာလားဆိုတော့ သူက ”

“ငါ ကြည်နူးရင်းနဲ့ နာကျင်နေတာပေါ့ကွာ……………..လိုဖြေပြီးတာနဲ့ သူတစ်စုံတစ်ရာကိုဆက်မျှော်နေပြန်တယ်။”

“ကျွန်တော်လည်းဆက်ခရီးဆက်ခဲ့ပါသေးတယ်။ အချစ်ကို ကိုယ်တိုင်တွေ့လိုတွေ့ငြားပေါ့လေ။ မတွေ့ခဲ့ပါဘူး။”
 နှလုံးသားလေးက  ကောင်လေး စိတ်ဝင်တစားမှ ရှိရဲ့လားလို့ တစ်ချက်လှမ်းကြည့်လိုက်တော့ ကောင်လေးက စိတ်ဝင်တစားမျက်လုံးတွေနဲ့ သူ့ကိုကြည့်ရင်း ခေါင်း တစ်ချက်ဆတ်ပြလိုက်တယ်။ ဆက်ပြော…ဆိုတဲ့သဘောပေါ့။

နှလုံးသားလေးက  လည်ချောင်းရှင်းတဲ့ သဘောနဲ့ တစ်ချက်ချောင်းဟန့်လိုက်တယ်။ ပြီးတော့ သူ့ခရီးစဉ်ကို ဆက်ပါတယ်။

“ကျွန်တော် ချောင်းလေးတစ်ခုတွေ့ပါတယ်။ ပြီးတော့ အဲဒီချောင်းဘေးမှာ သွေးသံရဲရဲနဲ့နှလုံးသားတစ်ခု ငိုနေတယ်လေ။ ကျွန်တော် သူ့နားသွားကြည့်လိုက်မိတာ မသေမချင်း ဓါးနဲ့ထိုးထားသလားထင်ရတယ်ဗျာ ဒဏ်ရာတွေမှ အများကြီးပဲ။ အသေအချာကြည့်ကြည့်တော့မှ နှလုံးသားလေးကလည်း ထက်ပိုင်းပြတ်လုလု။”

“ကျွန်တော်လည်း ချောင်းလေးဘေးမှာတစ်ချက်ထိုင်ပြီး ချောင်းရေနဲ့ မျက်နှာသစ်မိပါတယ်။ မောလှပြီလေ။ လျှောက်ခဲ့ရတဲ့ ခရီးက နည်းတာမှမဟုက်တာ။ ချောင်းရေက နည်းနည်းတော့ ငံကျိကျိ နိုင်သားဗျ။ အဲ့ဒီမှာပဲ တတိယနှလုံးသားက ကျွန်တော့ကို မေးတယ်။ ဘယ်လိုအရသာရှိလဲ… တဲ့။ ကျွန်တော်က နည်းနည်းတော့ ငံသလိုပဲဗျ………..လို့ဖြေလိုက်တဲ့အခါ သူပြောတာက အဲဒါ ငါ့မျက်ရည်တွေ…………….တဲ့”

“ဗျာ…………………….လို့။ ကျွန်တော်လည်း အတော် အံ့အားသင့်သွားတယ်။ မျက်ရည်ဟာ ချောင်းတစ်ခုဖြစ်တဲ့အထိ ကျနိုင်ပါ့မလားလို့ …………….။ သူက ထပ်ပြောတယ်”

“ဟုတ်တယ်….အဲဒါ ငါ့မျက်ရည်တွေ။ အချစ်ဆိုတာနဲ့ တွေ့ခဲ့လို့ ငါလည်းဒီပုံစံဖြစ်သွားတာပဲ။”

“ကျွန်တော်တောင်မေးစရာမလိုဘူး။ သူက ကျွန်တော့ကို ရင်ဖွင့်ပြနေတယ်။ အဲဒါနဲ့………………ဘယ်လိုဖြစ်တာလဲ……..လို့ မေးလိုက်တော့”

“ငါကွာ လွန်ခဲ့တဲ့တစ်လက အချစ်နဲ့ တွေ့ဆုံခဲ့တယ်……………

သူ့ကိုကြည့်နေရင်းနဲ့ သူ့စိတ်ကြိုက်ဖြည့်ဆည်းပေးနေချင်တာကွာ……ဘယ်လိုမှ ထိန်းလို့မရတာနဲ့ မေးလိုက်ကော မင်းကို့ယ့်ဆီက ဘာလိုချင်လဲလို့……………သူကပြန်ပြောတယ်ကွ……………..ရှင့်အသွေးအသားကို ခပ်ဖွဖွလေး ဓါးနဲ့ ထိကြည့်ချင်တယ်……..တဲ့

ဒါနဲ့ ငါလည်းထိဆိုပြီး ခွင့်ပေးလိုက်တာ သူငါ့အနားက ထွက်သွားချိန်မှ သိရတယ်………ငါ့အသွေးအသားတစ်ချို့ကို သူပွဲတော်တည်ဖို့ ယူသွားမှန်း……………..သူမရှိတော့မှ အဲဒီဒဏ်ရာတွေက နာကျင်တာတွေ ခံစားရတယ်။။။။သူမရှိတော့ သူ့ကို သတိရလွမ်းလွန်းလို့ ငိုလာလိုက်တာ သူက သတိရမရတော့မသိဘူး ငါ့မှာတောင့် ချောင်းတောင်ဖြစ်သွားပြီ။။။”

“ကျွန်တော်လည်း အဲ့အဖြေကြားတော့ မကျေမနပ်နဲ့ ပြောလိုက်မိသေးတယ် .....အင်း…ခင်ဗျားအသွေးအသားကို ယူသွားတာဗျာ………..ဘာလုပ်ဖို့ သတိရနေဦးမှာလဲ မေ့ပစ်လိုက်..လို့ဆိုပြီးပြောလိုက်မိတယ် ပြီးတော့ 

ခင်ဗျား ဒဏ်ရာတွေ ကျတ်အောင်လို့ အရင်ကုစားလေဗျာ………………………လို့ကျွန်တော်ထေပ်ပြောတော့ သူက ဘာမှပြန်မပြောပဲ တိုးတိုးလေးပါပဲ ညည်းလိုက်တာ….

ငါလည်း အနာကျတ်ချင်ပါတယ်ကွာ………………..တဲ့။”
 ဖြေနေတဲ့ နှလုံးသားလေးဟန်ဟာ အလောတကောနိုင်လွန်းနေတာကို ကောင်လေးက သတိပြုမိသွားတယ်။ ဒါနဲ့

ကောင်လေးက မေးလိုက်တယ်။ “မင်း ဘာ့ကြောင့် ကြောက်နေတာလဲ……….လို့”။ကောင်လေး မေးစဉ်မှာပဲ နှလုံးသားလေးက တစ်စုံတစ်ခုကို ထိတ်လန့်သွားဟန်နဲ့ သူ့အနောတ်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ နှလုံးအိမ်ထဲ ခုန်ဝင်လိုက်တယ်။

“ကျွန်တော် ပြန်လာတော့ လမ်းမှာ တစ်စုံတစ်ယာက်နဲ့ တွေ့တယ်။ ဘာကဘယ်လိုထူးခြားနေမှန်းမသိတဲ့ အရာ။ အချစ်ဖြစ်မယ်ထင်တာပဲ……။ ကျွန်တော့ အသွေးအသားတွေ တစ်ဒိန်းဒိန်းနဲ့ ထိန်းရခက်နေတာ။ သေချာပါတယ်။ အချစ်ပဲဖြစ်မယ်..။ သူကျွန်တော့ကို မမြင်ခင် ပြေးထွက်လာတာ။…သူ ကျွန်တော့ကို မြင်သွားရင် ကျွန်တော့မှာ ………………..ကျွန်တော် အသက်ဆက်ရှင်နိုင်မယ်မထင်ဘူး……ဟော ကျွန်တော့ အသွေးအသားတွေ ထိန်းရခက်နေပြန်ပြီ။ သူလာပြီထင်တယ် …..။ ကျွန်တော်ပုန်းတော့မယ်………….”လို့အလျှင်အမြန်ပြောရင်း နှလုံးအိမ်တံခါးလေးကိ ဇစ်ပိတ်လိုက်လေရဲ့။

ကဗျာရယ်……….ကောင်လေးရယ်ပဲ ကျန်တော့တယ်။ ကောင်လေးက ကဗျာကို ပြောမလို့ ကြည့်လိုက်တော့ ကဗျာလေးက ပခုံးတွန့်ပြတယ်………..သူလည်း ဘာမှမတတ်နိုင်ဘူးပေါ့လေ.

အဲ့ဒီလိုနဲ့ ကောင်လေးလည်း ကဗျာလေးကို မပြင်ဖြစ်တော့ပဲ သိမ်းလိုက်ပါတယ်။

အဲဒီနောက်ပိုင်းလည်း သူ ကဗျာတွေ ရေးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကဗျာတွေမှာ အချစ်ကို ကြောက်ရွံ့မှုတွေ လွှမ်းနေတယ်။ ကောင်လေးလည်း သိပါတယ်။ ပြန်ပြင်ဖို့ ဆိုတာကလည်း ဒီနှလုံးသားလေးရဲ့ ကြောက်ရွံမှုကို ဖြေဖျောက်ပေးနိုင်တဲ့သူ မတွေ့လေတော့…………………အဲဒီလိုနဲ့ပဲ့ ………………….

ကောင်လေးကလည်း အချစ်ကဗျာတွေရေးဆဲ…………………….

နှလုံးသားလေးလည်း အချစ်ကို ကြောက်ရွံဆဲံ…………………..ဒီချိန်ထိပါပဲ……………

.....................................................။


2 comments:

မိုးနတ်ကြယ်စင် said...

ကောင်းတယ်ကွယ်..မိုးနတ်လဲလောလောဆယ် အချစ်ကြောင့်ခံစားနေရတာဆိုတော့..ဒီဝတ္ထုတိုလေးကို နှစ်သက်မိတယ်..
မိုးနတ်တို့အဖြစ်ကတော့ ၂ယောက်စလုံးချစ်ရက်နဲ့ ခံစားနေကြရတာပါ..
ခေါင်းစဉ်လေးကလဲ နှလုံးသားရဲ့ကဗျာတဲ့လား...ကောင်းတယ်
ဆက်ရေးပါနော်..အားပေးနေတယ်..ဒိထက်ပိုပြီး ချီးမွမ်းစကားရှည်ရှည်လေး
ပြောချင်ပေမဲ့..မန့်ကပေါ်မှပေါ်ပါ့မလားမသိရတော့ အပီအပြင်ရေးပြီးကာမှ
မရမှာစိုးလို့ပါ..အားပေးလျက်ပါနော်
ခင်မင်နေတဲ့..မိုးနတ်

မိုးနတ်ကြယ်စင် said...


ထပ်ဖတ်ခဲ့တယ်နော် .....
ခေါင်းစဉ်ပြောင်းသွားပြီလား :)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်