Wednesday 13 November 2013

“ပန်းခရေ မဖြစ်လိုသော ......”




ဖုန်း နံပါတ် တစ်ခုသည် တိခနဲ ဖြတ်တောက်ခံလိုက်ရ၏။ ကွန်တက်လစ်(စ်)(contact list) တွင် မှတ်မထားမိသောကြောင့် ဦးနှောက်တွင် ရေးရေးမျှ မကျန်ရစ်ခဲ့။

သူသည် သူဖြစ်သည်။ သူသည် သူ ဖြစ်၏။ သူသည် သူသာ ဖြစ်သည်။

မေ့ထားဖို့ လိုအပ်သော အကြောင်းတရားများစွာ ပေါ်လာပြီဖြစ်သည်။ နေကြာပန်းတို့မည်သည် နေမင်းပျောက်ကွယ်သည့်အခါ မှေးမှိန်ဖျော့တော့လျှက် ခေါင်းငိုက်စိုက်ကျရမြဲသာ ဖြစ်၏။ ထို့အတူ ကိုယ်သည်လည်း ပြန်လှည့်မလာသည့် ချစ်ခြင်းတရား၏ အတိမ်အနက်တွင် ခေါင်းငိုက်စိုက်၍ ကျန်ခဲ့ပြီဖြစ်သည်။

မြေပေါ်တွင် အုပ်စုဖွဲ့နေထိုင်ကြသော မြက်ခင်းလေးများကို မြင်မိပါသလား။ မြက်ပင်လေးများတွင် မြက်ပန်းလေးများရှိ၍ အသီးလေးများသီးနေကြသည်။ မည်သို့ပင် လူတို့၏အနင်းကို ခံခဲ့ရစေကာမူ ပြန်လည် ထောင်မတ်လာတတ်သည်သာဖြစ်သည်။
ကိုယ်သည်လည်း ချစ်ခြင်းတရား၏ နင်းချေခံရခြင်းမှ ပြန်လည်ထောင်မတ်နိုင်ရပါမည်။ မြေလျှောက်မြက်ကလေးမျှသော်မျှ စိတ်ဓါတ်ခွန်အား ခိုင်မာမှုမရှိဟု ကိုယ့်ကိုယ်ကိုယ် မယိုးစွပ်လိုပါ။

ငေးကြည့်နေခဲ့မိသော နေ့များစွာအတွက်နောင်တ မရပါ။ ထိုရက်မျာားစွာအတွင်း ကိုယ်သည် ပျော်ခဲ့ရ၏။ ကိုယ်သည် ကြည်နူးခဲ့ရ၏။ ကိုယ်သည် ဝမ်းနည်းခဲ့ရ၏။ ကိုယ်သည် လွမ်းဆွတ်ခဲ့ရ၏။ သူနှင့် သက်ဆိုင်သော ခံစားချက်မှန်သမျှအား ဖျက်၍ မရသေးပါ။ သို့သော် သူ့ဖုန်းနံပါတ်လေးကိုတော့ တခြားဖုန်းနံပါတ်များအား အလွတ်ကျက်ကာ အစားထိုးခြင်းဖြင့် မေ့လျော့နိုင်ခဲ့ပြီဖြစ်ပါသည်။

ကျေးဇူးပြု၍ နှလုံးသားမှာ အရိပ် ကင်းပါစေ။ အတိတ် ကင်းပါစေ။ သူ့ဖုန်းနံပါတ်လေး ပြန်ပေါ်မလာစေရန် နှလုံးသား၏ လွမ်းမောတမ်းတတတ်သော အကျင့်ကို ပြင်ဆင်နေပါသည်။

.........

မျှော်လင့်ဖူးသော နေ့များစွာတို့ ကုန်ဆုံးပြီဖြစ်ကြောင်း သိလိုက်ရသည့်နေ့က ကိုယ် မငိုကြွေးခဲ့ပါ။ တစ်ချိန်တွင် ဆုံစည်းနိုင်လိမ့်မည်ဟူသည့် အသိဖြင့် အရူးထမိခဲ့သမျှတို့သည် ယခုအခါ အတိတ်ဖြစ်ခဲ့လေပြီ။ ဝမ်းမနည်းပါ။ ပျော်သည်။ ကိုယ် ပျော်သည်။ ကိုယ် ချစ်ခဲ့ဖူးသည်။
အချစ်စစ်ဖြင့် တစ်ခါလောက် ချစ်ခဲ့ဖူးပြီဖြစ်သည်။ ဘဝတွင် အချစ်စစ်ကိုတစ်ခါမျှ ခံစားဖူးရုံဖြင့် လုံလောက်ပါပြီ။

ဘဝအနိမ့်အမြင့်များစွာလည်း ကြုံခဲ့ဖူးပြီ။ လူများစွာ၏ အတက်အကျစကားသံကိုလည်း နားထောင်ခဲ့ဖူးပြီ။ စိတ်၏ လှုပ်ရှားမှုအဖုံဖုံလည်း ကြုံသင့်သလောက်ကြုံခဲ့ရပြီ ဖြစ်သည်။
ဘဝတွင် အချစ်နှင့် ပေါင်မုန့် တစ်ချပ် ဘယ်အရာ ရွေးမလဲ ဟူသည့် မေးခွန်း ကိုယ့်အတွက် မပေါ်ပေါက်ခဲ့ပါ။ အချစ်သည် ကိုယ် ငေးနေရင်းနှင့် ပင် ဝေးဝေးသွားသည်မဟုတ်ပါလား။
ကိုယ့်အတွက် ကြုံလာလျှင်ကော...ကိုယ့်အဖြေသည် မည်သို့နည်း။
သေချာပါသည်။ မည်မျှပင် အချစ်တွင် ကျရှုံးနေပါစေ၊ ထိုကျရှုံးမှုအား အစာငတ်ခံ၍ လဲလှယ်ရယူမည် မဟုတ်ပါ။ ကိုယ်သည် အတ္တနှင့်အချစ်ကို ညီမျှခြင်းချမထားနိုင်သူ ဖြစ်၏။

သို့သော် သေချာပါသည်။ ကိုယ် သူ့ကို ချစ်ခဲ့သည်။ ကိုယ့် အတ္တကိုယ် အလေးပေးရင်းကပင် သူ့အတွက် ကိုယ် ကြိုးစားခဲ့ဖူးသည်။ သူ့အသံ ကြားနိုင်ဖို့ ကိုယ် ကြိုးစားခဲ့ဖူးသည်။ သူ့မျက်နှာမြင်နိုင်ဖို့ ကိုယ် ကြိုးစားခဲ့ဖူးသည်။ သို့သော်ကြိုးစားရင်းနှင့်ပင် လှော်ရင်း နစ်သွားသည့် လှေလိုမျိုး ကိုယ် အားလျော့လာခဲ့ပြီဖြစ်သည်။။
ကိုယ့်အတ္တကြီးကို သိက္ခာတရားက လာလာ တိုက်ခိုက်၏။
ကိုယ်သည် သိက္ခာတရား၏ အလှောင်ခံလူသား တစ်ယောက် ဟူသည့် အသိကြီးသည် ကိုယ့်မာနတရားကို မီးရှို့ခဲ့လေပြီ။

မျှော်သည်။ မျှော်ခဲ့သည်။ သူ့ဆီမှ ချစ်ခြင်းကို အခွင့်မရှိပဲ မျှော်လင့်ခဲ့သည်။ ပိုးသာကုန်မောင်ပုံစောင်းမတတ် ဆိုသည့် စကားပုံလိုပင် သိက္ခာသည်ပင် အောက်ခြေသို့ ရောက်ရှိခဲ့ပြီ။ သူ့ဆီမှ တန်ပြန်အကြည့်တစ်ချက်တောင် မရခဲ့။

“ညီမလေးက သိက္ခာနဲ့ ပတ်သတ်ရင် နည်းနည်း အတ္တကြီးတယ် အစ်မရဲ့” ဟု ပြောခဲ့သည့် ညီမငယ်တစ်ယောက်၏ စကားကို သတိရသည်။ကိုယ်သည်လည်း သိက္ခာတရားနှင့် ပတ်သတ်လာလျှင်ဖြင့် အတ္တတင်မက အမျက်လည်း ကြီးပါသည်။ ဒီလောက်ထိ မရတဲ့ ချစ်ခြင်းကိုမှ မျက်နှာချိုသွေးချင်တဲ့ကောင် ဟု တွေးရင်း ကိုယ့်နှလုံးသားကိုယ် မီးမြိုက်ပစ်ချင်စိတ်တွေက အထင်အရှားပေါ်ပေါက်နေ၏။

ကိုယ်သည် ချစ်ခြင်းနှင့် အတ္တကြား လွန်ဆွဲနေသူဟု ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ဝံ့ပါ။ မည်မျှပင် ချစ်ခြင်းတို့လွန်ကဲနေပါစေ၊ သိက္ခာကြီးကို မြောင်းထဲသို့ ချမပစ်နိုင်ခဲ့ပ။ ကိုယ်သည် ကိုယ့်ချစ်ခြင်းကို မည်မျှပင် အလေးပေးခဲ့ပါစေ၊ ကိုယ့်မာနသည် ကိုယ့်ကို ထိန်းချုပ်မြဲသာဖြစ်သည်။

.....

“နေမင်းရဲ့ အလင်းရောင်ခြည်လည်း မနေ့ကနဲ့မတူ တစ်နေ့ကလို မပူတော့ပြီ အားသစ်အင်သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့ ကျွန်တော်သည် အချစ်အတွက် တစ်ဖန်မွေးဖွားခဲ့ပြီ”
သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ဆိုညည်းလိုက်မိတော့ တင်းမာခက်ထန်နေသော စိတ်တို့ ပျော့ပျောင်းသွားရသည်။ ဟုတ်သည်။ မနက်ဖြန်ဆိုသည့် နေ့သစ်သို့ရောက်လျှင် ကိုယ်သည် ချစ်ခြင်းတရားမှ လွတ်မြောက်သွားသော သားကောင်ဖြစ်နေပေလိမ့်မည်။
ကိုယ့်ဘဝအတွက် ကိုယ်ကြိုးစားစရာ ရှိသည့် အရာမှန်သမျှကို တွန်းတွန်းတိုက်တိုက်ကြိုးစားပစ်မည်။ ကိုယ်သည် မဟာမန်ယူမှ တိုက်စစ်မှူး ရွန်းနေကဲ့သို့ ပြိုင်ဖက်များအား ကျော်လွှားကာ ကိုယ့်မိသားစုအတွက်၊ ကိုယ့်တွက် အောင်ပွဲကို ဆောင်ကြဉ်းနိုင်ပါလိမ့်မည်။

မြက်ပန်းလေးများ ခေါင်းထောင်ကာ ကြော့မော့နေကြသည်။ မြက်သီးလေးများက ဆူးလုံးလေးများသဖွယ် ခြေဗလာနှင့် နင်းမိသူ အပေါင်းတို့အား ပြန်လည်တိုက်ခိုက်ဖို့ အားယူနေကြ၏။ ကိုယ်သည် မြက်ပင်တစ်ပင်လောက်တော့ စိတ်ဓါတ်ခွန်အား ရှိသင့်ပါသည်။

ရနံ့မည်မျှမွှေးပါစေ၊ လေတိုက်တိုင်း ကြွေနေတတ်သော ခရေလိုမျိုး ငိုကြွေးဖို့ပဲ ပြင်မနေချင်ပါ။ ကိုယ်သည် မြက်ပန်းလေးများကဲ့သို့ မည်မျှ အနင်းခံရပါစေ၊ ပြန်လည် ထောင်မတ်နိုင်ရပါမည်။

ချစ်ခြင်းတရားသည် အဆိပ်မဟုတ်ဟု ကိုယ် လက်ခံပါသည်။ သို့သော် စိတ်ခွန်အားနည်းပါးသူအတွက်တော့ သေဆေးဖြစ်၏။ အချစ်အတွက် ကိုယ့်ကိုယ်ကိုယ် ဆူဆိုဒ်လုပ်သော ဖြစ်ရပ်များစွာက သက်သေပြနေသည်။

ကိုယ်သည် သူ့ကို ချစ်သည်။ ချစ်ခဲ့သည်။ ချစ်နေဦးမည်လား ဟုတော့ မသေချာပါ။ သို့သော် ကိုယ်သည် သူ့အတွက် ဘဝကို ရေစုန်မမျောလိုပါ။ သူသည်သူသာဖြစ်၍ ကိုယ်သည် ကိုယ်သာဖြစ်သည်။ ကိုယ့်ဘဝတိုးတက်ရေးအတွက် သူ ကူညီမပေးနိုင်သလိုသူ့ဘဝတိုးတက်ရေး အတွက် ကိုယ် ကူညီမပေးနိုင်ပါ။ အချစ်အတွက် အရှုံးပေးလွယ်သော ခရေတစ်ပွင့် မဖြစ်လိုသော ကိုယ် မြက်ပင်တစ်ပင်ကို နမူနာယူ၍ ကြိုးစားပါတော့မည်။ ကြိုးစားပါတော့မည်။

ကျေးဇူးပြု၍ နှလုံးသားမှာ အရိပ် ကင်းပါစေ။ အတိတ် ကင်းပါစေ။ သူ့ဖုန်းနံပါတ်လေး ပြန်ပေါ်မလာစေရန် နှလုံးသား၏ လွမ်းမောတမ်းတတတ်သော အကျင့်လေး ကို ဖျောက်ဖျက်လိုက်၏။

ကိုယ် ချစ်ခြင်းတရား၏ အရိပ်မှ ကင်းလွတ်လိုပါသည်။
ဘဝတွင် တစ်ခါမျှ အချစ်စစ်နှင့် ချစ်ခဲ့ဖူးသည့်အတွက် နောင်တရစရာ မရှိတော့။ကိုယ်သည် ကိုယ်သာ ဖြစ်၍ ကိုယ့်ဘဝအတွက် ကြိုးစားရဦးမည်။ (ရှိသင့်ရှိထိုက်သည့်)အတ္တနှင့် မာနသည် လူ၏ ဖြစ်တန်စွမ်းကို မြင့်ပေးနိုင်စွမ်းရှိသည် ဟူသည့် ကိုယ့်ခံယူချက်အတိုင်း အတ္တနှင့်မာနကို ကဲကာ ဆက်လက် ကြိုးစားပါဦးမည်။

ရည်ဝေ(လင်းရောင်ခြည်)

ps-

contact list= ဖုန်းနံပါတ်မှတ်ထားသော မှတ်ဥာဏ်

2 comments:

တင် မျိုး နိုင် said...

ဒီ့ထက်ပိုကျစ်လစ်စွာရေးဖွဲ့ပါက ခံစားသက်ဝင် မှု့ ယခုထက်ပိုကောင်းနိုင် အုံးမည်ဟုခံစားမိကြောင်းပါ လက် ရှိလည်းဖတ်လို့ကောင်းပါသည်။

Unknown said...

ဟုတ် အစ်ကို ကျွန်တော် ထပ်ကြိုးစားပြီူးဖြည့်ပါ့မယ်။
သေချာလာဖတ်ဝေဖန်ပေးတဲ့အတွက် ကျေးဇူးကျေးဇူးအထူးတစ်သိန်းပါး))

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်