Monday 11 November 2013

စာရေးဆရာမအပျိုကြီး၏တစ်နေ့တာ

“အချစ်ဟာ ဘဝကို ထိန်းချုပ်ပဲ့နှင်ပေးတဲ့ အရာ မဖြစ်သင့်ဘူး လမ်းလွဲလိုက်မှာစိုးလို့ ဘေးကနေ တစ်ချက်တစ်ချက်မှာ ထိန်းမတ်နိုင်တယ် ဆိုတဲ့ အနေအထားပဲရှိသင့်တယ်။ တကယ်ဆို အချစ်ဟာ စိတ္တဇနာမ် သက်သက်ပဲ သူမရှိလည်း အသက်ရှင်လို့ရတာပဲ”


ရေးလက်စ စာကိုဖတ်ရင်း ကျွတ်တစ်ချက်သပ်ကာ ဘောပင်ကို ပစ်ချလိုက်မိ၏။ အပျိုကြီးစာရေးဆရာမများ ဝတ္ထုရေးတော့မည်ဆိုလျှင် အခက်ဆုံးက ဘာအကြောင်းအရာဖြစ်မည်လဲ။ သူများစာရေးဆရာတွေတော့ မသိ။ ကျွန်မအတွက်အခက်ဆုံးကတော့အချစ်ပင်ဖြစ်သည်။ ရေးသည်။ ကျွန်မ အချစ်ဝတ္ထုတွေ ပုံနေအောင်ရေးသည်။ “ဟင် မဆု ဝတ္ထုကြီးကလည်း ပေါ့ရွှတ်ရွှတ်နဲ့ ဖတ်ရတာ အရသာမရှိဘူး” “ဟင် မဆုဝတ္ထုကြီးက ချစ်တာတော့ ဟုတ်ပါရဲ့ ဒါပေမယ့် နမ်းတာလေးတောင် မပါဘူး ဒါ  အချစ်ဝတ္ထုမဟုတ်ပဲ ပညာပေးကြီးဖြစ်နေတယ်”“ဟင် မဆုဝတ္ထုကြီးကလည်း လက်ကလေးတောင် တွဲမပေးဘူးလား” စသဖြင့် သူငယ်ချင်းအပေါင်းအဖေါ်များထံမှ ကြားသိရပြီးသကာလ ကျွန်မ အချစ်ကို ရှာပုံတော်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုသို့ပထမဦးဆုံး ရှာပုံတော် ထွက်ဖို့ တွေးလိုက်သည့် နေရာက မိန်းမသားများနှင့် မစိမ်းသက်သော မီးဖိုချောင်။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ရာက အချက်ပြနေလေပြီမဟုတ်ပါလား။

ကနဦးအနေဖြင့် ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ထို့နောက် အေးစက်နေသည့် ခရမ်းချဉ်သီးလေးကို ကောက်ယူလိုက်သည်။ ထို့နောက် ရေခဲသေတ္တာကို ပြန်ပိတ်ကာ ခရမ်းချဉ်သီးအား ဓါးပါးပါးလေးဖြင့် အလွှာပါးပါးလေးများရအောင် လှီးဖြတ်နေရင်း နင့်ကိုချစ်တယ်၊ နင့်ကိုချစ်တယ်၊ နင့်ကိုချစ်တယ် ဟု ရေရွတ်နေလိုက်သည်။ အေးမြသော ခရမ်းချဉ်သီးလေးသည် ကျွန်မလက်ထဲတွင် အလုံးအထည်အနေနှင့်မရှိတော့။ ပန်းကန်ထဲတွင် သာ ခရမ်းချဉ်သီးဖတ်များအနေဖြင့် ကျန်ရစ်တော့သည်။ ထို့နောက် ကြက်သွန်ဥနီတစ်လုံးကိုယူ၍ နင့်ကိုချစ်တယ်နင့်ကိုချစ်တယ် ဟု ရေရွတ်ရင်း ပါးပါးလေးလှီးလိုက်သည်။ ထို့နောက် ခရမ်းချဉ်သီးပန်းကန်ထဲသို့ ထည့်လိုက်ရင်း ရေခဲသေတ္တာမှ ငရုတ်သီးအတောင့်ဆယ်တောင့်လိုက်ယူလိုက်သည်။ ကပ်ကြေးဖြင့်ပါးပါးလေး ညှပ်ပြီးစဉ်မှာပင် ခရမ်းချဉ်သီးရနံ့၊ ကြက်သွန်နီရနံ့၊ ငရုတ်သီးရနံ့တို့ဖြင့် အနည်းငယ်မွှေးမြလာသလို ရှိ၏။ မဖြစ်သေးဟု ခေါင်းခါလိုက်ရင်း ဆားဇွန်းတစ်ဝက်နှင့် အချိုမုန့်လက်သည်းခွံမျှ ထည့်လိုက်သည်။ ထို့နောက် ဆီကို ထမင်းစားဇွန်းတစ်ဇွန်း လောင်းချလိုက်ရင်း လက်ဖြင့်ပယ်ပယ်နယ်နယ် နယ်လိုက်၏ ထိုအခါမှပင် မွှေးရနံ့သည် ပို၍ ပင် ပြည့်စုံသည့်အရသာရှိသော ရနံ့ကဲ့သို့ နှာခေါင်းဝကို ကလူ၏သို့ မြူ၏သို့ ကစားနေပြန်သည်။
ထို့နောက် ထိုခရမ်းချဉ်သီးသုပ်ပန်းကန်ကို အရှေ့တည့်တည့်မှာချရင်း ထမင်းခူးလိုက်သည်။ ထမင်းကိုပါ ဆီဆားနှင့် နယ်ကာ ဇွန်းတပ်ထားလိုက်၏။ လက်ကိုဆေးပြီး လက်သုတ်ပဝါဖြင့် သုတ်အပြီးမှာတော့ ထမင်းစားပွဲတွင် ထိုင်ဖို့ အသင့်ရှိလေပြီ။
“တီးန် တောင်န် တီးန် တောင်န်”
“ မဆုရေ မဆု”
ဘဲလ်မြည်သံနှင့်အတူ အရှေ့မှအသံကြောင့် စိတ်ညစ်ညူးမိသွား၏။ ယောင်းမ ဘာလာလုပ်ပြန်ပြီလဲဟုတွေးရင်း တံခါးဖွင့်လိုက်တော့ အခန်းထဲသို့ ဇိုးဇိုးဇက်ဇက်ဝင်သွားသည်မှာ မီးဖိုချောင်ထိပင်။ ထို့နောက်တော့…..။

 “စိတ်ညစ်လိုက်တာ မဆုရယ် တကယ်စိတ်ညစ်တာပါ မဆု စာရေးရင် ခု ကျွန်မပြောတာတွေ ပါအောင်ရေး သိလား ယောက်ျားတွေမကောင်းကြောင်း ကို ပယ်ပယ်နယ်နယ်သာရေး ဒါမှ ကျွန်မလို အိမ်ထောင်သည် လက်သစ်တွေ ပေါ်မလာမှာ”

ခေါင်းညိတ်ပြလိုက်ရင်း သူ စားနေသည့် ခရမ်းချဉ်သီးသုပ်လေးကို နှမြောတသစွာ ကြည့်နေမိသည်။ အပျိုကြီးတစ်ယောက်တည်းနေသည့်အခန်းကို သည်လိုစွတ်ကယ်စွတ်ကယ်လာကာ ရှိသမျှ နှိုက်စားသွားလို့ဖြစ်မလား ဟူသည့် အတွေးကလည်း ဦးနှောက်ထဲမှာ ချာချာလည်နေ၏။ သူ့ဆီက ရမည့် ကုန်ကြမ်းဆိုသည်မှာ သူ့ယောက်ျားနှင့် သူ့ကြား စိတ်အခန့်မသင့်မှုတွေ ပါမည်။ သူ့ယောက်ျား ကိုယ့်မောင်ကလည်း အစ်မစကားနားထောင်တတ်သည့်သူမဟုတ်တာ သိသိနှင့် လာပြောနေတာကတော့ ဒီယောင်းမ၏ အဆိုးဝါးဆုံးအချက်ပါပဲ။ အလိုက်မသိတတ်ခြင်း ဆိုတဲ့အချက်ပေါ့။

“ဟိုတစ်နေ့က အကြွေလို လို့ သူရေချိုးခန်းဝင်တုန်းလေး သူ့အိပ်ကပ်နှိုက်လိုက်မိပါတယ် မဆုရယ် ပြောလိုက်တာ ငါချင်းထပ်လို့ ဆဲလိုက်တာများ မိုးမွှန်အောင်ပဲ”

ဒါ သူက စည်းမရှိကမ်းမရှိသွားနှိုက်လို့ ဖြစ်တာမဟုတ်ဘူးလား။ ဘယ့်နှယ် ဆဲတော့မှ မတော်တရော်တွေးနေရလား။ စိတ်မှအတွေးသည် မျက်နှာပေါ်ရောက်မလာ။ ခပ်ပြုံးပြုံးလေး ပြုံးထားရသည်။ စာရေးဆရာမဖြစ်တဖြစ် ဆုရည်ဝေဆိုတဲ့ ကျွန်မက အားလုံးအမြင်တွင် စိတ်ထားကောင်းလွန်းသူမဟုတ်ပါလား။

“နောက် သိတယ်မဟုတ်လား ဟိုစာရင်းရုံးက စာရေးမလေ သူဇာဆိုတဲ့ စာရေးမ ကျွန်မနဲ့တွေ့ရင် အမြဲစကားပြောချင်သလိုလိမပြောချင်သလိုလိုနဲ့ အစ်မမောင်နဲ့ကျတော့ စကားပြောတာ ဖြောင့်နေရော အဲဒီနေ့က ကျွန်မက သူ့ဆိုင်ကို ထမင်းချိုင့်လိုက်သွားပေးတာပါ အမယ် အဲ့စာရေးမက ဘာလုပ်နေလဲသိလား”

“မသိဘူး” ဟု အော်ထုတ်ပစ်လိုက်ချင်စိတ်ကို အောင့်ထားရသည်။
“မီတာခတွေတက်တဲ့အကြောင်းကို အစ်မမောင်ဆီ လာပြောနေတာတဲ့လေ တကယ်ဆို ဘာဆိုင်လဲနော့ မီတာက တက်တာ အီးပီစီက ရှိတာပဲ မီတာဖတ်သမား ပြောလိမ့်မပေါ့ ခုတော့ စာရေးမက ဆိုင်ခန်းငှားနဲ့ စကားလာပြောနေသတဲ့ အလုပ်ကိုမဟုတ်တာ”
ပူလောင်လိုက်တာနော်၊ တစ်ယောက်တည်းနေဖို့ကြိုးစားတာတောင် လိုက်ပူလောင်နေသေး ဟု စိတ်ထဲမှ တီးတိုးမြည်တမ်းနေမိသော်ငြား ခေါင်းကတော့ တညိတ်ညိတ်ရှိ၏။

“ရဲလေးရယ် ကိုယ့်ယောက်ျားကိုယ် အဲသလောက်လည်း မထိန်းချုပ်နဲ့လေ တော်ကြာ ထွက်ပြေးသွားဦးမယ်”

“အို အစ်မကလည်း ကျွန်မကို ပစ်ပြေးကြည့်ပါ့လား သူ့သားနှစ်ကောင်ကို သူမတွေ့အောင် ထွက်ပြေးပြလိုက်မယ် ဟင်း ဒီလောက်ကောင်းတဲ့ မိန်းမ ရှာကြည့်ပါဦး။”
ပြောပြောဆိုဆိုဖြင့် ပွစိပွစိတတွတ်တွတ်ရွတ်ရင်း ထွက်သွားသော ယောင်းမကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ ခရမ်းချဉ်သီးသုပ်ကိုကြည့်တော့ဘာမျှ မရှိတော့။
“မဆုလက်ရာ ခရမ်းချဉ်သီးသုပ်လေးက ကောင်းလိုက်တာ ” ဆိုသည့်စကားလေးတောင် အားနာပါးနာနှင့်ပြောမသွား။ ပြန်သုပ်ရဦးမည် ဟုစိတ်ညစ်ညစ်နှင့်တွေးရင်း ရေခဲသေတ္တာကို လှပ်လိုက်မိတော့သည်။ အဲဒါပြောတာပေါ့။ အပျိုကြီးဖြစ်တာတောင် နားအေးပါးအေးမနေရဘူး။ အပူလာမျှချင်သူတွေ က ဒုနှင့်ဒေး။
ကဲ ခုတော့ ကျွန်မ ချစ်ခြင်းလေး အသစ်က ပြန်စရတော့မယ်။ ဟူး ဗိုက်ဆာလိုက်သည့် ဖြစ်ခြင်း။

“တီးန် တောင်န် တီးန် တောင်န်”

ဟော လာပြန်ပါပြီ။ ဒီတစ်ခါကကော ဘယ်သူတုန်းဟု တွေးရင်းတံခါးကိုဖွင့်လိုက်တော့ သူငယ်ချင်းမ အိနော်။ မျက်ရည်လည်ရွဲက အပူသည်မှန်းသိသာနေ၏။
“နင်ပဲကောင်းပါတယ် မဆုရယ် အပျိုကြီးဖြစ်တာ အကောင်းဆုံးပဲ နင်ဆို ခုကြည့် ဘာလိုလို့လဲ အိမ်ငှားခလေးနဲ့ လောက်အောင် နေလို့ရတယ် ဒီကြားထဲ စာရေးဆရာမဆိုတော့ စာမူခ ဝင်ငွေရှိသေးတယ် ငါတို့အိမ်မှာက စားအိုးကကြီးတော့ ဘယ်နေလို့ရမှာတုန်း တစ်လခြောက်သောင်းပေးတာ မလောက်ဘူးဆိုတာကို နားမလည်ဘူး တိုးတောင်းတော့ လင်မယားချင်းစကားများရတယ် စိတ်ညစ်ပါတယ် မဆုရယ်..”
အခန်းထဲသို့ စွတ်ခနဲဝင်သွားပြီး ပါးစပ်မှ စက်သေနတ်ပစ်သလို ဒုန်းဒုန်းဒိုင်းဒိုင်း ပစ်ခတ်နေသော အိနော်ကို ရေတစ်ခွက်ခပ်ပေးလိုက်တော့ မငြင်း။ အိနော် ပြောသည့်ထဲမှာ စာရေးဆရာမ ဆိုတာလေးပဲ သေချာကြားလိုက်ပါသည်လေ။ မီးဖိုချောင်ထဲသွားပြန်တော့ မီးဖိုချောင်ထိ လိုက်လာသည်။

“ဟယ် ထမင်းစားမလို့လား ငါလည်း မစားရသေးတာနဲ့အတော်ပဲ မှန်း ရေခဲသေတ္တာထဲမှာ ဘာရှိလဲ ကြည့်ရအောင်”

ဇိုးဇိုးဇက်ဇက်ဖြင့် ရေခဲသေတ္တာကို ဖွင့်လိုက်တော့ ကျွန်မ လန့်သွားရသည်။ ကိုယ့်တစ်ပတ်စာသည် ဧည့်သည်လာသည်နှင့် တစ်ရက်စာ ဖြစ်တော့မည်လား။

“အော် ငါးသေတ္တာရှိတာပဲ ငါးသေတ္တာ သုပ်စားမယ် ဟုတ်ပြီလား ငါသုပ်လိုက်မယ် နင်က ဘာလုပ်မလို့တုန်း”
“အော် ခရမ်းချဉ်သီးသုပ်မလို့လား သုပ်သုပ် နင့်လက်ရာခရမ်းချဉ်သီးသုပ်ကောင်းကောင်း မစားရတာ ကြာပြီ ”
တောက်လျှောက်စကားဆိုကာ ငါးသေတ္တာသုပ်ဖို့ လုပ်နေသော အိနော်ကို ဘာမှ မပြောလိုတော့။ ကိုယ်လည်း ဘာမှပြောလို့ရတာမှမဟုတ်တာ။ ငယ်သူငယ်ချင်းဆိုတော့လည်း သူ ဘာဖြစ်လာလည်း မေးရတော့မည်။

“ခုက ဘာဖြစ်လာတာတုန်း အဆင်ပြေရဲ့လား”
“ရော် အပျိုကြီးရယ် ခုပဲ ပြောတယ်မဟုတ်လား အိမ်စရိတ်တိုးတောင်းတာ မပေးလို့ရန်ဖြစ်လာတာပါဆို”
“နင့်အိမ်မှာက နင့်ယောက္ခမနဲ့ နင်တို့လင်မယားပဲရှိတာမဟုတ်လား ဘာတွေလိုသေးလို့လဲ သူငယ်ချင်းရဲ့ ကလေးကလဲ ကျောင်းမှမနေသေးတာ လူနည်းပါတယ်”
“နင်က ဘာသိလို့လဲ ငါနဲ့ ငါ့သမီးက အစားမသောင်းကြမ်းဘူး သူ့အမေကြီးက အသီးလေးစားချင်ရတာနဲ့ဘာနဲ့ဝယ်မပေးပြန်ရင်လည်း မျက်စောင်းထိုးတယ် ဝယ်ပြန်တော့လည်း စရိတ်က မလောက်ပြန်ဘူး ဒီကြားခဲ မျက်စိက မှုန်မှုန်နဲ့ အိုးခွက်ပန်းကန်က ကျကွဲသေးတယ် ပြောလိုက်ပါရဲ့နော် ယောက်ျားယူဖို့များ မစဉ်းစားပါနဲ့ တစ်ယောက်တည်းနေရင် ဘုရင်မ ဖြစ်ပေမယ့် ယောက်ျားယူလိုက်လို့ကတော့ မိဖုရားပဲ ခု သူကောငါပါ အလုပ်လုပ်နေတာချင်းတူတူတောင် ပိုက်ဆံမလောက်လို့ အပြစ်ပြောခံရတော့ ငါက အပြောခံရတာ သူတို့ယောက်ျားတွေက ငွေထုပ်လေးပစ်ပေးပြီးတာနဲ့ ပြီးပြီထင်တာ”
“တစ်ယောက်က မန်နေဂျာ၊ တစ်ယောက်က အရောင်းစာရေး နှစ်ယောက်လစာဆို တစ်လကို နှစ်သိန်း ကျော်တယ်မဟုတ်ဘူးလား သူက သူ့လစာထဲက ခြောက်သောင်းပဲပေးတာလား”
“မဟုတ်ဘူးလေ ငါ့လစာက အမေတို့ကို ထောက်ပံ့ရသေးတယ် လေ အမေနဲ့အဖေ့ကို ကိုကြီးနဲ့မကြီးကလည်း ပြန်မကြည့်နိုင်ဘူး မဟုတ်လား ဒါ့ကြောင့် ငါလည်း တတ်နိုင်သလောက် လစဉ်ပေးနေတာ”

“တိန် သေဟ ”ဟုသာ ရေရွတ်လိုက်ချင်တော့သည်။ လင်ရယ်မယားရယ် ဖြစ်လာပြီပဲ။ သူ့လစာ၊ ကိုယ့်လစာအချိုးချ မိဘကို ဘယ်လောက်စီကန်တော့ဆိုတာမျိုး တိုင်ပင်ကြပါ့လား။ ခုတော့ သူတို့ဘာသာ မတိုင်ပင်ပဲ သပွတ်အူအမှုကို နားထောင်နေရသည်က ကျွန်မ။
“ဟူး စားကောင်းလိုက်တာ အိမ်မှာဆို ဒီလိုစားမကောင်းဘူး ဒါ ငါ့သူငယ်ချင်းလေး လက်ရာခရမ်းချဉ်သီးသုပ်ကြောင့်”
ကုန်လုလုငါးသေတ္တာသုပ်ပန်းကို ကြည့်ရင်း
“နင်အလုပ်သွားချိန်ကျ ကလေးကို ဘယ်သူထိန်းတုန်း”
သိချင်စိတ်ဖြင့် မေးလိုက်တော့ အိနော် အဖြေကြောင့် လက်လန်သွားရသည်။
“ဟဲ့ အိမ်မှာ လူပိုက အဘွားကြီးပဲရှိတာ အဘွားကြီးထိန်းတာပေါ့” တဲ့လေ။ တရားကျစရာ။ တဖြည်းဖြည်းနှင့် ကျွန်မအချစ် ခရမ်းချဉ်သီးသုပ်လေးလည်း ကုန်လေပြီ။
“ပြောစရာရှိလို့ လာတာဟ ငါ့ကို နှစ်သောင်းလောက် ချေးစမ်းပါ ဒီလကုန် ပြန်ဆပ်ပါ့မယ် အမေက အလှူလေးလုပ်ချင်တယ်ပြောလို့ အမေ့ကို ဒီလ ပိုကန်တော့လိုက်ချင်လို့”

မိဘ ကို သိတတ်သော သားသမီးဟု ပြောရမည်လား။ ချိန်ခွင်လျှာမညီသေးသော အိမ်ထောင်ရေးဟုပြောရမည်လား။ မည်ကဲ့သို့ ပြောရမည်ပင်မသိတော့။
“အေးပါဟာ ရော့ နှစ်သောင်း သေချာတော့ ပြန်ဆပ်နော် ဒါ ငါ့စာမူခတွေ”
စာမူခဟု ကြွားလိုက်သော်လည်း အိနော်တစ်ယောက်ကတော့ ကြားဟန်မတူ။
“ငါက နင့်ကို အရင်လို စီးပွားရေးကို ဇောက်ချလုပ်စေချင်တာ ဒီစာရေးတဲ့အလုပ်က အရည်မရ အဖက်မရ ပိုက်ဆံလည်းချမ်းသာမှာမဟုတ်ဘူး ထားပါ ငါ ပြန်တော့မယ် ကျေးဇူးပဲ သူငယ်ချင်းရေ”
အကျင့်အတိုင်း တောက်လျှောက်ပြောသွားပြီး မှ ပြန်တော့မယ်ဆိုသည့် အိနော်ကို ကျွန်မ ဘာမှ ပြန်မပြောနိုငတော့။ ပြောခွင့်မသာတော့တာ ဟုဆိုလျှင် ပိုမှန်မည်။ တံခါးကို ဖွင့်ပြီး ပြောသွားသည်ဆိုတော့ ကျွန်မ ချေပခွင့်မရတော့ဘူးပေါ့။
အဲဒါပြောတာ။ တစ်ခါတစ်ခါ အပျိုကြီးဖြစ်တာကောင်းသလို တစ်ခါတစ်ခါကျလည်း အပျိုကြီးဖြစ်တာ မကောင်းပါဘူးဆို။  ဘယ့်နှယ် ကိုယ့်ဆီပဲ လှည့်လှည့်ပြီး ရင်လာဖွင့်နေကြတယ်။ နေနှင့်ဦး တစ်နေ့နေ့ သူတို့ဆီ သွားရင်ဖွင့်ပစ်မယ် ဟင်း ဟု စိတ်မှာတေးလိုက်ရင်း ရေခဲသေတတ္တာဆီ အလျှင်အမြန်ပြေးလိုက်မိသည်။ ကျွန်မ၏ တစ်ပတ်စာ ကုန်လေပြီလားဟု။ တော်ပါသေးသည်။ ရေခဲသေတ္တာလေးထဲတွင် ကျွန်မ၏ ချစ်သူလေးများ အများကြီးကျန်သေးသည်။ တစ်နေ့ကပင် ခရမ်းချဉ်သီး ငါးဆယ်သား ဝယ်လာခဲ့သည်မဟုတ်ပါလား။ အိနော်ကို ကြွားခွင့်မရလိုက်တာလေးကိုတော့ နှမြောတသဖြစ်စွာ “ဒါ စာမူခဟဲ့ စာမူခ”ဟု အတွေးနှင့်သာ လိုက်ရန်တွေ့နေမိလေတော့သတည်း။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်