Saturday 21 December 2013

လက်ကျန်ထွက်သက်


“လက်ကျန်ထွက်သက်”

မနက်ဖြန်ဟာ ကိုယ့်ကို ရှင်သန်ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မနက်ဖြန်မှာ ရှင်သန်ဖို့ အကြောင်းတရားရှိခဲ့ရုံနဲ့ လုံလောက်တယ်။
 (၁)။
 မနက်ဖြန်မှာ နိုးထဖို့ မျှော်လင့်ချက်နဲ့ ကိုယ်အိပ်စက်ခဲ့တာမဟုတ်ဘူး။ မပြီးသေးတဲ့ တာဝန်တွေ၊ ရည်မှန်းချက်တွေ၊ စိတ်လိုအင်ဆန္ဒတွေအတွက် ကိုယ်အနားယူလိုက်တာ။ အိပ်စက်ခြင်းဟာ တခါတလေမှာကိုယ့်ကို အနားရစေပြီး တခါတလေမှာ မောပန်းနွမ်းလျစေတယ်။ 

(၂)။
 ခါးတယ်။ စိတ်တွေ ခါးတယ်။ ဘယ်တော့ဖြည့်ဖြည့် မပြည့်တဲ့ အစာအိမ်ကြီးလိုပဲ ဓနအိုးဟာ ထမင်းနှစ်နပ်စာပဲ ရှာနိုင်ခဲ့တယ်။ မနက်တစ်ခေါက်ညတစ်ခေါက်စီးနေရတဲ့ ဘက်စ်ကားကြီးဟာ ကိုယ့်အတွက်တော့ အချိန်ပိုအိပ်ချိန်ပဲ။ ကားတွေကြပ်တယ်။ လူတွေကြပ်တယ်။ အချိန်တွေ ကြာလာတယ်။ မနက်ရှစ်နာရီခွဲ အလုပ်ချိန်မီဖို့ ကားနှစ်နာရီစီးဖို့အတွက် မနက်ခြောက်နာရီ အိမ်ကထွက်ရတယ်။ ညနေ ခြောက်နာရီ၊ ရံဖန်ရံခါ ညရှစ်နာရီမှ ပြန်ရတဲ့ ကိုယ်ဟာ မိသားစုနဲ့ မျက်နှာချင်းဆိုင်ခြင်းဟာ ည ၈နာရီ၊ ရံဖန်ရံခါ ည ၁၀နာရီမှ စတယ်။
မိသားစုရှင်းတမ်းဟာ အချိန်မမှန်ဘူး။ ကိုယ့်တစ်ကိုယ်စာတောင် မပြည့်မီတဲ့ဘဝ၊ ယောက်ျားတန်မဲ့ မိဘကိုလက်ဖြန့်နေဆဲ ဆန်ကုန်မြေလေးတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ရှက်ရင်း အမြင့်လည်းမမီနိုင်ခဲ့။ အစကစဖို့ အောက်ကိုခုန်ဆင်းဖို့လည်း မတွေးရဲခဲ့ဘူး။ လက်ရှိနေရာလေးမှာ မြဲပါရစေ စိတ်ကူးကိုပဲ ညစဉ် ဘုရားမှာ ဆုတောင်းမိရဲ့။ ဓနအခြေခိုင်ဖို့ အမေ့လိုလည်း လွတ်လွတ်လပ်လပ် ငါးမရောင်းရဲ၊ အဖေ့လိုလည်း ပေါ့ပေါ့ပါးပါးနဲ့ အမေ့ကို မကူညီရဲတဲ့အခါ ကိုယ်ကိုင်ထားတဲ့ သမိုင်း ဆိုတဲ့ ဘွဲ့ကြီးကိုပဲ မျက်စောင်းတွေ ပစ် ပစ် ထိုးမိတာ အခါခါ။ တနင်္ဂနွေအားလပ်ရက်တိုင်းမှာ အမေ့ကို ကူမယ်အတွေးနဲ့ ဈေးထဲသွားတိုင်း မကြားဝံ့မနာသာတွေ ဆဲဆိုနေတဲ့ အမေ့သားပါလို့ ဝန်မခံရဲလို့ ပြန်လှည့်ရတာအခါခါ။ အမေ့လက်ကောက်ကြီးတွေ တောင်းချင်ပေမယ့် အမေ့ကိုအမေခေါ်ဖို့ အားမွေးရတာ အခါခါ။
လာတယ်။ သူတို့ အိပ်မက်ထဲကို လာတယ်။ အမေ့လက်ကောက်တွေ ခဏခဏ လာတယ်။ အမေ ခုတ်လိုက်တဲ့ ငါးခေါင်းကြီးတွေခဏခဏ လာတယ်။ ငါးစိမ်းသည်ဆိုတဲ့ စကားတွေ အကျယ်ကြီး ကြားနေရတယ်။ ကိုယ်တစ်လစာ လခဟာ အိပ်မက်ထဲမှာ လာလာပြုံးပြတယ်။ ကိုယ်အမြဲရခဲ့တဲ့ ငါးညှီနံ့ဟာ ဘယ်အရွယ်ကစ ပိုပြီး နံစော်တတ်ခဲ့တာလဲ။ ကိုယ် မတွေးရက်ဘူး။
(၃)။
 မသိဘူး။ ကိုယ် ဘာကိုမှ မသိဘူး။ တွင်တွင်ကြားနေရတဲ့ ငါးစိမ်းသည် သား ဆိုတဲ့ စကားကို အချစ်ဆုံးအတန်းပိုင်ဆီက ကြားလိုက်ရတဲ့နေ့က ကိုယ်ငိုခဲ့တယ်။ ဆရာမ စားပွဲပေါ် ကိုယ်တင်ပေးထားတဲ့ စံပယ်ပန်းလေးမှာ ငါးညှီနံ့ပါသွားတာ သတိမထားမိခဲ့ဘူး။  ဆရာမကတော့ ကိုယ့်ကိုမမြင်ပါဘူး။ ကိုယ်ပေးတဲ့ စံပယ်ပန်းလေးကို အမှိုက်ပေးလေးထဲ သွားပစ်နေခဲ့တယ်လေ။
“အဖေ့အတွက် လာဝယ်တာပါ” လို့ ဆရာမကို ပြန်ဖြေပေးခဲ့ရတဲ့နေ့မှာ အဖေ လိုချင်တဲ့ အဖြူရောင်အရည်ဟာ အိမ်ကိုပြန်ပါမသွားခဲ့ဘူး။ ဆရာမ ပြောခဲ့တဲ့ သြော် ဆိုတဲ့ စကားတစ်ခွန်းမှာ ကိုယ်က ဘာကို ဖြေလို့ဖြေရမယ်မှန်းမသိ၊ အမေးတွေ အမောတကော လိုက်ရှာမိခဲ့သူ။
မှတ်မှတ်ရရ အဲဒီနေ့က တိမ်တွေ အုံ့ဆိုင်းပြီး မိုးမရွာခဲ့တဲ့နေ့။ အဖေ့ဒေါသက ကိုယ့်ခြေသလုံးမှာ အရှိုးရာထင်တယ်။ အမေ အိမ်ပြန်နောက်ကျတယ်။ အဲဒီနေ့က စလို့ပေါ့။ ကိုယ်က အမေ့ကို အမေလို့ ခေါ်ဖို့ ရှက်ခဲ့တာ။ အရက်နံ့တွေ သင်းနေတဲ့ အဖေ့ကိုယ်ကို ဖက်အိပ်ဖို့ မကြိုက်တော့တာ။ လူပျိုပေါက်ဆိုတဲ့စကားလုံးနဲ့ပဲ ကိုယ်ကြီးပြင်းမှုအစဟာ ခါးသီးတဲ့အနံ့သင်းတယ်။
(၄)။
 မအေ့ အလုပ်ကို ရှက်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်၊ လကုန်တိုင်း မအေ့ဆီက လက်ဖြန့်ရတယ်။ အမေ ကို အမေ လို့ ခေါ်ဖို့တော့ မေ့မေ့လျော့လျော့။ အမေ့သား ပညာတတ်ကြီးက စက်ရုံမှာ အလုပ်ရတော့ အမေပျော်ခဲ့တယ်။ အမေ့သား ပညာတတ်ကြီးက ကြင်ယာစုံတော့မယ်ဆိုတာ အမေမသိဘူး။ အိပ်မက်ထဲထိ ရောက်လာတတ်တဲ့ အမေ့ရွှေလက်ကောက်တွေဟာ အိမ်လခ စာချုပ်ချိန်တိုင်းမှာ တကွင်းပုံမှန် လျော့တယ်။ ဒါကိုလည်း ကိုယ်မသိသလိုလိုပါပဲ။ လွန်ခဲ့သော ဆယ်နှစ်၊ ငါးစိမ်းသည်မတစ်ယောက်ရဲ့သား ကိုယ်ဟာ ခုထိ ငါးစိမ်းသည်ရဲ့ သားတစ်ယောက်အဖြစ်ရှိနေဆဲ။ ကိုယ်ဖတ်ဖူးတဲ့ စာတွေနဲ့ အမေ့အလုပ်ကို ပြောင်းဖို့ ဖြောင့်ဖြတော့ အမေ ဟက်ဟက်ပက်ပက် ရယ်ဖူးတာ မှတ်တယ်။
“နင့်အဖေက သောက်လုပ် မလုပ်နိုင်တော့ဘူး နင့်အလုပ်က သောက်ပိုက်ဆံ  ဘယ်လောက်ရမှာမို့လို့လဲ ဒီအလုပ်ကပဲ နင့်ကို ထမင်းကျွေးလာတာပါဟဲ့ ကျေးဇူးမကန်းစမ်းနဲ့” ဆိုတဲ့ စကားကြမ်းကြမ်းမှာ ကိုယ်က အလဲလဲအပြိုပြို။ မှတ်မှတ်ရရ ကိုယ် စက်ရုံမှာ တပတ်တိတိ အိပ်မိခဲ့တယ်။သောက် ဆိုတဲ့ စကားလုံးနောက်က အမေ့စေတနာ၊ ကိုယ်မြင်ကြည့်ဖို့ မေ့လျော့ခဲ့ချိန်ပေါ့။ နာတယ်။ရင်တစ်ခုလုံးနာတယ်။ ရှက်တယ်။ သိက္ခာတွေ လွှင့်ပစ်ချင်လောက်အောင်ရှက်တယ်။ ဘွဲ့ရသားတစ်ယောက်ရဲ့ မိဘကို လုပ်မကျွေးနိုင်သေးတဲ့ ခံစားမှု၊ ကိုယ် သိမ်ငယ်မှုတွေနဲ့ အမေ့အိမ်ကို မုန်းတတ်ခဲ့မိတယ်။
(၅)။
 မနေ့က အဖေပြောတယ်။ မအေးသောင် ကို အိပ်မက် မက်တယ်။ ငိုနေရှာတယ် တဲ့။ ငါသာရှိရင် ငိုမှာမဟုတ်ဘူး တဲ့လေ။ အဖေ့ကို ကိုယ်ဖက်ပြီး ငိုတယ်။ အမေ့အတွက် ကိုယ်သာ ဘာတစ်ခုမှ မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့သူဖြစ်ခဲ့တယ်။ အကြွေးတောင်းဖို့ လောလောနဲ့ စက်ဘီးစက်ဘီးစီးသွားတဲ့အမေ ချိုင့်ခွက်ထဲချော်လဲပြီး ခြေထောက်ကျိုးးသွားမယ် လို့ ဘယ်လိုလုပ်သိမလဲလေ။ အဲဒီနေ့ကို ကြိုသိခွင့်ရှိရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ခုတော့ ကိုယ်က အဝေးဆုံး၊ အဝေးဆုံးမှာ။ စက်ရုံက ပေးတဲ့ တာဝန်နဲ့အဝေးရောက်နေတဲ့ အခိုက်အတန့်။
၂ လကြာမှ အိမ်ပြန်ရောက်တဲ့ ကိုယ်၊ မင်သက်အံ့သြ ဘာတစ်ခုမှ မသိရတဲ့ အဖြစ်အပျက်အတွက် ကျေးဇူးတင်ရမှာလား၊ ဒေါသထွက်ရမှာလား ကိုယ်ကိုယ်တိုင် မဝေခွဲနိုင်ခဲ့ဘူး။ အမေ့ လက်ကောက်တွေ မရှိတော့ဘူး။ အဖေ အရက်ပြတ်သွားပြီ။ အဖေ တပိုင်တနိုင်ကွမ်းယာဆိုင်လေးနဲ့။ အမေ့ မျက်နှာဟာအရင်လို ပြည့်ပြည့်ဖြိုးဖြိုးမရှိတော့ဘူး။ တွဲကျနေတဲ့ အသားဆိုင်တွေဟာ အိုမင်းလွန်းတဲ့ အစင်းကြောင်းရာတွေနဲ့။ ကိုယ့်ကိုတွေ့လို့ ပြုံးတဲ့အမေ ပျော်လို့ဆိုပြီး မျက်ရည်တွေ ကျတယ်။ အဲဒီအခိုက်အတန့်ကိုယ့်ဦးနှောက်ထဲဝင်လာတဲ့အကြောင်းရာက ချစ်သူကိုလက်ထပ်ခွင့်ရပါ့မလား ဆိုတဲ့အတွေးပဲ။ ရိုင်းတယ်။ ခုခေတ်ကလေးတွေ သိပ်ရိုင်းတယ်။ လူကြီးမိဘတွေ တွေ့ရင် ခေါင်းငုံ့ရိုသေရကောင်းမှန်းမသိဘူး။ ဘက်စ်ကားပေါ်မှာ ကိုယ်ဝန်ဆောင်၊ သားသည်အမေနဲ့ သက်ကြီးရွယ်အိုတွေတွေ့ရင် နေရာဖယ်ပေးရမှန်းမသိဘူး။ အရမ်းရိုင်းတယ်။ ကိုယ်တိုင်တတွတ်တွတ်ပြောဖူးတဲ့စကားနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ကောက်ချက်ချလိုက်တယ်။ “ရိုင်းလိုက်တဲ့ အတွေး၊ မိုက်ရိုင်းလိုက်တဲ့ သား” လို့လေ။
အပြောအဆိုကြမ်းတဲ့ ကိုယ့်ရဲ့ ငါးစိမ်းသည်အမေကြီး ဘယ်လောက်အရှက်သည်းမှန်း သိခွင့်ရလိုက်တဲ့နေ့ပဲ။ သမီးမိန်းကလေးဆိုရင် ခိုင်းချင်ခိုင်းမိမှာပေမယ့် သားကိုတော့ မခိုင်းချင်ဘူး တဲ့။ အဖေ့ကို တိုးတိုးလေးပြောနေတဲ့ စကား ကိုယ်ကြားမိတော့ ရင်ထဲမှာ ကျဉ်ခနဲပဲ။ အမေ့ကို အဖေက ရေချိုးပေးနေချိန်ဆို ကိုယ်က အဝေးမှာ။ တပိုတပါးသွားဖို့ဆို ကိုသန်းအေးရေလို့ ပဲ အော်ခေါ်တတ်တဲ့အမေ။ ခြေဆုပ်လက်နယ် လုပ်ပေးဖို့ အနားကပ်တော့ အိပ်ယာခင်းက နံပါတယ်၊ မလုပ်ပါနဲ့ တဲ့။ ဘေးနားမှာထိုင်ပြီး ရယ်စရာတွေ ပြောပြတော့မှ ကိုယ့်ရဲ့ ငါးစိမ်းသည်အမေကြီး ဘယ်လောက်အရယ်သန်မှန်း သိတော့တယ်။
ဒါပေမယ့်  အမေ့လက်ကလေးတွေ သိပ်ပိန်တယ်။ အမေ့ခြေထောက်ဟာ လေးချောင်းထောက်နဲ့ ထောက်နိုင်ဖို့ လေးလလောက်တော့ စောင့်ရမယ် ဆိုတဲ့အသိကို သိသိချင်း အမေငိုတယ်။ ကိုယ့်ဘဝမှာပထမဦးဆုံးမြင်ဖူးတဲ့ အမေ့မျက်ရည်ပဲ။
(၆)။
 ထိန်းမနိုင်သိမ်းမရ အမေအော်တယ်။ အမေ အော်ငိုနေတယ်။ “ငသန်းအေးရဲ့ ငါ ရွာမှာနေချင်တယ် ငါ့ကို ရွာလိုက်ပို့ပေးပါ ရွာကို လိုက်ပို့ပေးပါ” ဆိုတဲ့ အမေ့စကားသံမှာ အဖေက မျက်ရည်တွေကျနေရုံကလွဲပြီး ဘာမှန်ပြန်မပြောဘူး။ အမေ ငိုတယ်။ အမေ အော်တယ်။ အမေ အစားမစားပဲ ခွင့်တောင်းတယ်။ နောက်ဆုံး အဖေ ခွင့်ပြုလိုက်ရတယ်။
အမေ့ညီမတွေရှိတဲ့ ရွာကို အမေ့ကို လိုက်ပို့ပြီး ပြန်လာတဲ့နေ့ကစလို့ အဖေငိုတယ်။ ညတိုင်း ငိုတယ်။ မနက် ၆နာရီကို ကွမ်းယာဆိုင်ဖွင့် ညဆို ၁ နာရီမှ သိမ်းသည်ထိ ငွေကို ကုတ်ကုတ်ခြစ်ခြစ် ရှာတတ်ခဲ့တယ်။ ကိုယ်….လည်း ရင်တစ်ခုလုံးကွဲကွဲအက်အက်။ ချစ်သူရဲ့ လက်ထပ်ကြဖို့ တိုက်တွန်းစကားမှာ ခဏစောင့်ပေးပါလို့ ငြင်းဆန်ရတိုင်း ရင်ဘက်ကြီးက အောင့်တယ်။ “သိတယ် ငါသိတယ် မိအေးသောင်ရ့ နင် ငါ့ကို အလုပ်မပိုစေချင်လို့ဆိုတာ ငါသိတယ် ဒါပေမယ့်ဟာ နင် ငါ့ကို ရှာကျွေးခဲ့တာ ကြာပြီပဲ ခု ငါ့ကို ပြန်ပြုစုခွင့် ပေးသင့်တယ်” တဲ့။ အဖေ ညတိုင်းငိုပြီးပြောတဲ့စကားမှာကိုယ်က ချစ်သူနဲ့ လက်ထပ်ချင်နေပြီဆိုတဲ့အကြောင်းကို တိတ်တိတ်ဆိတ်ဆိတ်လေး သိမ်းပစ်ခဲ့ရတာ ကြာပြီ။
---+++++++++++++++-------
ကိုယ်လား။ ကိုယ် ငေးနေတယ်။ ခမ်းနားပါတယ်။ ခမ်းနားလွန်းပါတယ်။ ကိုယ် လက်ဖွဲ့ပေးတော့ ချစ်သူနဲ့ သူ့သတို့သားက ကိုယ့်ကို လာပြုံးပြ၊ လူမှုဆက်ဆံရေးရဲ့ မဟာကျင့်ဝတ်၊ ကိုယ်ကလည်း ပြန်ပြုံးပြရုံပေါ့။
--+++++++++++++++----
အမေနဲ့အဖေလား။ ရွာမှာသွားနေလို့။ ကိုယ်ကတော့ ဟောဒီမဟာရန်ကုန်မှာ တစ်ယောက်တည်း ကျန်ခဲ့လေရဲ့၊ လစဉ်ပို့တဲ့ ပိုက်ဆံတွေမှာ မရိုးသားမှုတွေစွန်းထင်နေကြောင်း အမေသိအောင် ပြောမပြတော့ဘူး။
တစ်လောက ရွာသွားတော့ အမေ့ခြေလက်တွေမှာ သွေးကြောမျှင်လေးတွေက ထင်းနေတာများ၊အသားအရည်ခြောက်ကပ်ကပ်နဲ့ တွဲကြည့်လိုက်တော့ သစ်ရွက်တစ်ရွက်ရဲ့ တည်ဆောက်ပုံကျနေတာပဲ။
“အေးသောင် ငါ ငါ ရွာမှာနေပါရစေဟာ” ဆိုတဲ့ အဖေ့စကားအကြားမှာ အမေ မျက်ရည်တွေနဲ့ ပြုံးကြည့်နေတာ၊ ကိုယ့်ဘက်က ကူခွင့်ပန်ပေးခဲ့တဲ့ “အဖေ့ကို နေခွင့်ပေးလိုက်ပပါ အမေရာ” ဆိုတဲ့ စကားမှာ အမေ့မျက်ရည် ဖြုတ်ခနဲ ပြုတ်ကျတာတွေ။ ဒါက လှပတဲ့ မြင်ကွင်းလို့ လူတိုင်းပြောနေကြပေမဲ့ ကိုယ့်တစ်ယောက်တည်း သိလိုက်တာက အဆိပ်။တာဝန်ဆိုတဲ့ အဆိပ်ကို မြိုချလိုက်ပြီဖြစ်တဲ့အကြောင်း ချစ်သူကို အသိပေးလိုက်တော့ ချစ်သူ က ခေါင်းမခါပါဘူး။ လက်ခံတယ်။ ခေါင်းညိတ်ပြတယ်။ ဒါပေမယ့်လမ်းခွဲမယ် တဲ့။
မချစ်သော်လည်း အောင့်ကာနမ်း ဆိုတဲ့ ဘဝကိုလက်တွေ့ပြသွားတဲ့ ချစ်သူရယ်၊ ကိုယ်ရယ်။ ကိုယ်တို့ နမ်းလိုက်တဲ့ အရာတွေဟာ တာဝန်ဆိုတဲ့ ပန်းပွင့်လေးတွေ ဖြစ်ကြောင်း ဘယ်သူ့ကို မှ စာသီကုံးပြဖို့ လိုအပ်မယ်မထင်ဘူး။ စက်ရုံက မသိသေးတဲ့ ကိုယ်ရောင်းထုတ်လိုက်တဲ့ပစ္စည်းတွေအကြောင်း ကိုယ် စာရင်းလုပ်ထားတယ်။ ဒါ ဝမ်းရည်စပ်သားတစ်ယောက်ရဲ့ လက်ကျန်ထွက်သက်လေးပါအမေ လို့ အမေမသိအောင်တိုးတိုးလေး ပြောရင်းပေါ့။
---++------
မျှော်လင့်ချက်မရှိဘဲ ရှင်သန်ရတဲ့ ကမ္ဘာက သိပ်အကျည်းတန်တာပဲ။ ဒါပေမယ့်လည်းလေ...။ မနက်ဖြန်မှာ ရှင်သန်ဖို့ အကြောင်းတရား ရှိခဲ့တယ်။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်