Sunday 24 November 2013

အတင်းပြောခြင်းဝါသနာ

စိတ်ကြီး စိမ်းသက်နေသည်။ တဆစ်ဆစ် ကိုက်ခဲနေသည့် ဦးခေါင်းသည် စိတ်ကြီး၏ စိမ်းသက်မှု ဒဏ်ကို မခံနိုင်တော့သည်မို့ မျက်လုံးအစုံကို မှိတ်ကာသာ အိပ်ပစ်ချင်စိတ်တို့ ပေါက်နေရသည်။ သို့သော် စိတ်၏ ထိန်းချုပ်မှုအောက်မှ သူ လွတ်မထွက်နိုင်။ စိတ်ပြေးရာ သူ လိုက်နေရသည်။ စိတ်သွားရာ သူပါ နေရသည်။ စိတ်ကြီး စိမ်းသက်နေသည်မို့ သူ့တွင်လည်း အစိမ်းရောင်များ စွန်းထင်းနေတော့သည်။
“ဘာတွေ လုပ်နေတာလဲ ခု ဘာတွေ လုပ်နေတာလဲ”
ဘာ့ကြောင့် မေးခဲ့မိသလဲဟု ကိုယ်ကိုယ်တိုင်လည်း မသိ။ သို့သော် ထိုမေးခွန်းက ကိုယ့်ကို နှိပ်စက်နေသည်မှာ အချိန်အတန်ကြာပြီ။

“ကိုယ် ဘာတွေလုပ်နေတာလဲ၊ ဘယ်ချိန်ကတည်းက ဘာတွေ လုပ်နေခဲ့တာလဲ၊ ဘာအတွက်လဲ၊ ဘာ့အတွက် အကျိုးရှိမှာလဲ၊ ဘယ်သူ့အတွက် အကျိုးရှိမှာလဲ၊”
ငွေကို ဒုတိယဘုရားသခင်လို ကိုးကွယ်သည်ဟုဆိုဆို၊ ထိုသို့ ကိုးကွယ်စဉ်ကတောင် မျက်နှာမငယ်ခဲ့၊ ခုတော့ သွားလေရာနေရာတိုင်းတွင် ကိုယ်သည် မျက်လုံးလေးအဟောင်းသားနှင့် ငေးကာငိုင်ကာ ဖြင့် မျက်နှာငယ်နေရသည်။ စကားတစ်ခွန်းဆိုဖို့ကို ထိုစကား၏ အတိမ်အနက်ကို သေချာစဉ်းစားပြီးမှ ပြောရဲတော့သည်။ ငွေကို ကိုးကွယ်စဉ်ကတောင် ငွေက ကိုယ့်ခိုင်းစေရာ ကို သွားသေးသည်။ ကိုယ့်စကားကို နားထောင်ပေးသေးသည်။ ချက်ကျလက်ကျတွက်ချက်ထားသော အသုံးတို့ရှိရာဆီသို့ စီးဆင်းသွားသေးသည်။ ခုတော့  ကိုယ့်မှာ မျက်နှာငယ်ဖြင့် ….။
ဖုန်းဆက်လည်း မျက်နှာငယ်သည်။ လူချင်းတွေ့ဆုံလျှင်လည်း မျက်နှာငယ်သည်။ ကိုယ်သည် တစ်စုံတစ်ခု၏ ဖြားယောင်းမှုနောက်သို့ ပါလာခဲ့သည်မှာ မှားလေပြီလား။ အပြစ်တစ်စုံတစ်ရာအတွက်များ မျက်နှာငယ်နေခဲ့ရသလား။ အပြစ်ရှိသည်ဆိုလျှင် ထိုအပြစ်သည် မည်သည့်အပြစ်ဖြစ်ပါသနည်း။
-------------++++++++++++++------------
ရင်းနှီးကျွမ်းဝင်မှုသည် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ နေသားကျနေသည်။ နာမည်တို့သည် ချိန်ကိုက်ဗုံးများကဲ့သို့ နေသားတကျဖြင့် နေရာယူထားကြသည်။
တစ်စုံတစ်ရာသည် ကိုယ့်အား ဖြားယောင်းထားသည်မှာ အတော်ကြာပြီဖြစ်၏။ စိတ်ကြီးစိမ်းသက်နေရခြင်း၏ တရားခံကိုဒင်းဖြစ်သည်ဟု ကိုယ်မစွပ်စွဲရက်ပါ။ သို့သော် ထိုအရာသည်ပင် အမှန်တရားဖြစ်နေပါသည်။ ကိုယ့်ခြေကိုယ့်လက် ဆုံးဖြတ်ခဲ့သောနေ့တို့ကို လွမ်းလှသည်။ အချိန်လေးစားခြင်းနိယာမသည် ကိုယ်၏ ပြယုဂ်ဖြစ်ကြောင်း ကိုယ့်မိတ်ဆွေတော်တော်များများသိကြပါသည်။ ယခုတော့ ကိုယ်သည် စောင့်ဆိုင်းခြင်းနိယာမကို သင်ယူနေရသူ ဖြစ်ပေပြီ။
“ဟယ်လို” ဆိုသည့် စကားလေးတစ်ခွန်းကို မရဲတရဲသာ ဆိုဝံ့သည်။ “စာမူ” ဆိုသည့် စကားလုံးသည် ကိုယ့်နှုတ်ခမ်းဖျားထက်တွင် တစ်ဆို့လျှက် ပြင်ပသို့မထွက်ဝံ့ဝံ့ထွက်ဝံ့ဝံ့ဖြစ်ချေပြီ။
တပါးသူအတင်း၊ ကိုယ့်အတင်းတို့ကို စကားဖြင့် မဆိုစေပဲ လက်ဖြင့်ဆိုခဲ့မိသည်။ ထိုဆိုခဲ့ပြီးသော လက်ရေးစာတို့ကို အတ္တကဲကာ ပုံနှိပ်စာလုံးလေးများအဖြစ်သို့ မြင်ချင်စိတ်တို့ ကဲလာသည်။ ထိုအတ္တကဲလာသည်မှ အစပြု၍ ကိုယ်သည် သည်းခံခြင်းနှင့် စောင့်ဆိုင်းခြင်းတို့၏ တိုက်ခိုက်မှုတို့ကို ခံယူရတော့သည်။ ဟုတ်သည်။ ထိုအချိန်မှစ၍ ကိုယ်သည် ယခင်ကလို ဘုရင်မဟုတ်တော့၊ ကိုယ်သည် မင်းစေမင်းမိန့်ကို တစေစောင့်ဆိုင်းနေရသော မင်းလုလင်ပမာဖြစ်ချေပြီဖြစ်သည်။
----+++++++++++++----------------
ဝန်ခံချင်သည်ဖြစ်စေ၊ ဝန်မခံချင်သည်ဖြစ်စေ၊ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ နှလုံးသား၊ ဦးနှောက်နှင့် တွက်ချက်ဖြည့်ဆည်းရေးသားထားသော ထိုအတင်းစာကို အနုပညာ ဟု သတ်မှတ်နိုင်မည် ထင်ပါသည်။ ကလေးတစ်ယောက်၏ အနုပညာနှင့် လူကြီးတစ်ယောက်၏ အနုပညာ ကွာခြားပေလိမ့်မည်။ ကလေးတစ်ယောက်၏ အတင်းနှင့် လူကြီးတစ်ယောက်၏ အတင်း ကွာခြားပေလိမ့်မည်။ ကလေးတစ်ယောက်၏ စေတနာနှင့် လူကြီးတစ်ယောက်၏ စေတနာ ကွာခြားပေလိမ့်မည်။ သို့သော် နှလုံးသားနှင့် ဦးနှောက်တို့ အချိုးကျပေါင်းစပ်ထားသည်ကတော့ တူညီနေပါသည်။ နောက်ထပ်တူညီသည့်အရာတစ်ခုကတော့ ထိုအတင်းစာလေးကို လူအများအား ပြသလိုခြင်းပင်ဖြစ်သည်။
စိတ်ကြီးစိမ်းသက်နေသည်။ အတင်းပြောခြင်းအနုပညာကို ခုံမင်နှစ်သက်မိပြီးကတည်းက ကြုံဖန်များလာသော အတွေ့အကြုံဖြစ်သော်လည်း ကိုယ် ခုထိမရင့်ကျက်သေးပါ။
“ဖတ်စာရင်းထဲ မရောက်သေးဘူး”
“စာမူ မရောက်ပါ”
ရံဖန်ရံခါ လေသံမာများဖြင့်လည်း ကြုံတွေ့ရတတ်သေးသည်။ ယနေ့တော့ ကိုယ့်ကိုယ်ကိုယ် မေးမိပြီဖြစ်သည်။

“ကိုယ်ဘာအတွက် အတင်းတွေ ပြောနေခဲ့တာလဲ၊ ဘယ်သူကြားစေချင်လို့လဲ၊ ဘာ့ကြောင့်လဲ”
ဟုတ်သည်။ ကိုယ်ဘာအတွက် အတင်းတို့ ရေးခဲ့မိသည်မသိ။ သတိထားမိသည့်အချိန်မှာတော့ ကိုယ်သည် စာဖြင့်အတင်းပြောခြင်းကို နှစ်သက်မိနေပြီဖြစ်သည်။ ကိုယ့်လက်တို့သည် တစ်ခုမဟုတ်တစ်ခု ရေးနေရမှ ကျေနပ်နေသည့်အကျင့်ကို ရရှိခဲ့ပြီဖြစ်၏။ သို့မဟုတ်ပါကလည်း တစ်ခုမဟုတ်တစ်ခု ရေးစရာ တွေးတောနေတတ်ခဲ့ပြီဖြစ်သည်။
အတင်းတစ်ပုဒ်ပြောပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုနှင့် မချင့်မရဲဖြစ်မှုတို့ဝင်လာသည်ချည်းသာဖြစ်သည်။ ထိုအတင်းကို ပုံစံတမျိုးဖြင့်ပြောင်းရလျှင် ဆိုသည့်စိတ်ဖြင့် ဒွိဟအမြဲဖြစ်တတ်သလို ကိုယ်ရေးလိုက်သည့် အတင်းလေး၏ အလှကို ကိုယ်ကိုယ်တိုင်ကျေနပ်နေတတ်သည်။ ထိုကျေနပ်ခြင်းနှင့် မချင့်မရဲဖြစ်သည့် စိတ်ခံစားချက်ကပင် အတင်းပြောခြင်းအား ခုံမင်သွားစေခဲ့သလား မသိပါ။ ယခုအချိန်မှာတော့ ထိုအကျင့်သည် ဖျောက်ရခက်နေပြီဖြစ်သည်။
သို့သော် မျက်နှာငယ်ဖြင့် နေရသည့်အခါတိုင်း၊ စိတ်က စိမ်းသက်နေသလို ခံစားရ၏။ လေသံမာတို့ကို ကြားရတိုင်း ဒီနေရာမှာ ကိုယ်ရှိမှ ရှိနေသင့်ရဲကလား ဟူသည့်အတွေးတို့ဝင်လာရသည်။ ကိုယ်သည် အတင်းပြောခြင်းလောကသို့ ဝင်ရောက်ဖို့ တိုးဝင်နေသူသာဖြစ်သည်။ သိုင်းစာအုပ်ထဲမှ စာသားတချို့ဖြင့်သုံးရလျှင် သိုင်းလောကထဲသို့ ဝင်ဖို့ ကြိုးစားနေသူ သိုင်းသမားအသစ်လေးသာဖြစ်သည်။ ကိုယ့်အနေဖြင့် သိုင်းပညာတတ်ကျွမ်းသည့် ၊ သိုင်းလောကနှင့်အကျွမ်းတဝင်ရှိသည့် မိဘမောင်ဖွားမောင်နှမများလည်းမရှိပါ။ သိုင်းလောကထဲသို့ ခြေစုံပစ်ဝင်ရန် ချမ်းသာသည့်မိသားစုမှ ပေါက်ဖွားလာသူလည်း မဟုတ်ပါ။ ထို့အတွက်ပင် ကိုယ်သည် သိုင်းလောကနှင့် သူစိမ်းပြင်ပြင်ဖြစ်နေရသည်။
“ကိုယ် ဒီနေရာမှာ ရှိမှရှိသင့်ရဲ့လား ဒီဝါသနာက ကိုယ်နှင့် အမှန်တကယ်ကိုက်ညီပါရဲ့လား”
မသိ။ ကိုယ်မသိ..။ မိသားစု၏ အငြိုငြင်ကို ခံယူပြီး အတင်းပြောနေသူတစ်ယောက်အတွက် နောက်ဆုံးရလဒ် မည်သို့ ဖြစ်မည်ကိုယ်မသိ။ သို့သော် ကိုယ် သိုင်းလောကထဲသို့ ရောက်အောင်ဝင်ဦးမည်။ သိုင်းလောကဥသျှောင်အဖြစ်ကို ကိုယ်မမက်မောပါ။ ကိုယ်မက်မောသည်က ကိုယ်သည် ဖြူစင်သန့်ရှင်းသည့် သိုင်းသမားကောင်းတစ်ယောက်ဖြစ်သည်ဟူသည့် မှတ်ချက်ပင်ဖြစ်သည်။ ကိုယ်သည် ရိုးသားဖြောင့်မတ်သည့် အဖြူရောင်သိုင်းသမားဖြစ်သည်ဟူသည့် မှတ်ချက်ပင်ဖြစ်သည်။
“ကိုယ် ဘာတွေလုပ်နေတာလဲ၊ ဘယ်ချိန်ကတည်းက ဘာတွေ လုပ်နေခဲ့တာလဲ၊ ဘာအတွက်လဲ၊ ဘာ့အတွက် အကျိုးရှိမှာလဲ၊ ဘယ်သူ့အတွက် အကျိုးရှိမှာလဲ၊”
ဒီမေးခွန်းကို ထပ်ခါထပ်ခါမေးနေသော်လည်း ကိုယ်မသိ။ အဖြေသည် သိသလိုလိုမသိသလိုလိုနှင့် ဝိုးတဝါးနိုင်လွန်းလှသည်။ သို့သော် ထိုမေးခွန်းတို့ မည်မျှပင်နှိပ်စက်စေကာ မူ ကိုယ့်အတွက် သေချာလှသည်။ အတင်းပြောခြင်းအနုပညာကို ကိုယ် ဆက်လက် လေ့လာသင်ယူလိုက်စားနေပါဦးမည်။ ကိုယ်ကိုယ်တိုင် အတင်းပြောတတ်သည့်နေ့သို့ ရောက်ရှိသလို အတင်းပြောကောင်းသူတစ်ဦးအဖြစ်လည်း မိသားစုအား သက်သေပြချင်ပါသည်။ ကိုယ့်အတွက် အတင်းပြောခြင်းသည် ထမင်းမကျွေးသော်လည်း စိတ်ဖြေရာထွက်ပေါက်တစ်ခုဖြစ်သည်မို့ ဆက်လက် အတင်းတို့ ဆိုနေဦးမည်ဖြစ်သည်။
----++++++---------------
စိတ်ကြီး စိမ်းသက်နေသည်။ ထို့အတူ နွေးထွေးသည့်အလင်းရောင်မျှင်တစ်စကို ဖမ်းဆုပ်လိုက်နိုင်သကဲ့သို့ရှိ၏။ တဆစ်ဆစ်ကိုက်ခဲနေသည့် ဦးခေါင်းကြီးသည်လည်း ပြေလျော့ပြီဖြစ်သည်။ စိတ်ပြေးရာလိုက်ခြင်း၌ သူပျော်သလို စိတ်သွားရာပါခြင်း၌လည်း သူ ပျော်သည်။ သူသည်ပင် အတင်းပြောခြင်း၌ ဇာတ်လိုက်တစ်ကောင်ဖြစ်ခဲ့သည်မဟုတ်ပါလား။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်