အသက်တစ်ဆယ့်ရှစ်နှစ်အထက်သာ
နားထောင်ခွင့်ရှိသီချင်းများသည် လေတွင်ပျံဝဲလျှက် ကလေးအစခွေးအဆုံး တရို့ရို့
အူကာအော်ကာဆိုသည့်ခေတ်ထဲသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုသီချင်းများအတွက်
ကန့်သတ်ချက်သည် လူတိုင်းနှုတ်ခမ်းဖျားမှ ပြည့်တန်ဆာစကားများ ထွက်မလာစေရန်သာ
ရည်ရွယ်ခဲ့သည်။
ယခုတော့ ခေတ်ကြီးက တိုး၍ တိုး၍
ပြောင်းလဲတိုးတက်လာခဲ့ပြီဖြစ်၏။ ကန့်သတ်ချက်သည် ကန့်သတ်ချက်အဆင့်ပ၌သာ မရပ်တန့်တော့။
မျက်မမြင်အတွက် ကန့်သတ်ချက်၊ ကလေးများအတွက် ကန့်သတ်ချက်။ တိုး၍လာသလို
ထင်ပေါ်မှုသည်လည်း တိုး၍ တိုး၍လွယ်ကူလာခဲ့၏။ အသံထွက်ရွတ်၍မရသော
ကဗျာတို့ပေါ်ထွန်းလာပြီဖြစ်သလို ဖိုမခွဲခြားချက်များကိုပင်
တသီးတသန့်ကဗျာလုပ်ကြည့်ကြသူတို့ ပေါ်လာပြီဖြစ်၏။ ယခုခေတ်မှာပင် ဆိုရိုးစကားတစ်ခုပေါ်ထွန်းလာပြီဖြစ်သည်။
သုတေသနဆိုင်ရာစာတမ်းများကို မျက်စိအညောင်းခံ၊ စိတ်အညောင်းခံရှာကြည့်မည့်အစား
ထိုအမျိုးအစားကို သုတေသနပြုကာ ရေးသားထာသော ကဗျာများ၊ ရသစာတမ်းများကိုသာ ရှာဖွေ
ဖတ်ရှုကြည့်စမ်းပါဟုပင်ဖြစ်သည်။
ကလေးတစ်ယောက်၏ လက်ရေးသည်
ဝိုင်းစက်လှပဖို့ မလွယ်သော်လည်း စီးကရက်လက်ကြားညပ်ဖို့တော့ လွယ်ကူသည်။ ဆင်းရဲသည်ချမ်းသာသည်ဖြစ်စေ၊
ကလေးတို့၏ ဘဝသည် မေတ္တာတရားကင်းသော ရှင်သန်နေထိုင်မှုကိုရရှိနေကြ၏ မိန်းမပျိုတစ်ယောက်၏
ဘဝသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အပြာခန်းတိုးဖို့ လွယ်ကူနေပြီဖြစ်၏။ ယနေ့ခေတ်ကြီးကား
ယောက်ျားပြည့်တန်ဆာများ ပေါများလာသလို မိန်းမပြည့်တန်ဆာများလည်း ပေါများလာ၏။
ငွေကြေးလိုအပ်ချက်သည် လူတိုင်းအတွက် မြင့်သထက်မြင့်မြင့်လာသလို
ငွေကြေးပြည့်စုံသူများသည်လည်း ကိုယ့်သားသမီးကို ပညာရေးဖက်တွန်းပို့ရင်း
အသိအလိမ္မာတိုးဖို့ရာ ရသစာပေဖတ်ရန် လမ်းညွှန်ဖို့ မေ့လာပြီဖြစ်၏။
ထိုသို့ဖြင့် ခေတ်ကြီးသည်
နှလုံးသားမပါသော ကလေးငယ်များကို လွယ်ပိုးထားရသည့် သားပိုက်ကောင်ပမာရှိသည်။
ဦးနှောက်ဖြင့်တွက်ချက်နေသည့် သားသမီးများကို ထမ်းပိုးရင်း သူ့ကို
မကောင်းကြံနေသည့် အခြေအနေအားမျက်ရည်လည်ရွဲဖြင့် ငေးကြည့်နေရသကဲ့သို့ရှိ၏။
“ခေတ်ပျက်ကြီးထဲ ကြီးလာရတာကိုး..
ခေတ်ကြီးက ကောင်းမှမကောင်းတာ ခေတ်ကောင်းတယ်ဆိုတာ ခဏပဲ”
ခေတ်ခေတ်ခေတ်…။ လူတိုင်းလူတိုင်းက
မကောင်းပြောခြင်းကို ခံရသော ခေတ်။ ခေတ်တိုင်းခေတ်တိုင်း ဘာ့ကြောင့်
မကောင်းပြောခံရလဲဟူသည့်အဖြေကို ရှာဖွေချင်လာပြီဖြစ်၏။
ခေတ်တိုင်းဘာ့ကြောင့်မကောင်းသလဲ ဆိုသည့်အဖြေကို မရှာခင် အမိနိုင်ငံတော် ဆိုသည့်
စကားလုံးကို ရင်းရင်းနှီးနှီးညွတ်ညွတ်နူးနူးသုံးသူများကို ဦးစွာရှာဖွေမိတော့
စိတ်ဝယ် ဆစ်ခနဲ။ ကိုယ့်ပေါင်ပေါ်မီးကျမှ ပူမယ့်အပူသည်များကြားဝယ်
အမိနိုင်ငံတော်ဟူသည့်စကားလုံးကို ရိုကျိုးညွတ်နူးစွာသုံးသူက နည်းပါးလှသည်။
“မြန်မာအားကစား ကမ္ဘာကို
လွှမ်းနိုင်ရမည်”ဆိုသည့် သီချင်းသံကို မျက်ရည်အပြည့်ဖြင့် အော်ကြီးဟစ်ကျယ်သီဆိုဝံ့ပါသည်။
သို့သော် ဆန္ဒထုတ်ဖေါ်ပွဲသို့ ရဲရဲဝံ့ဝံ့သွားဖို့ရာ မရဲသေးပါ။ ရုပ်မြင်သံကြားမှ
မြင်နေရသည့် မျက်ရည်စက်များးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ အနားတွင်ထိုင်ကာ လက်ဆွဲ၍
ငိုကြွေးချင်လှပါသည်။ ကိုယ်ပိုင်စည်းစိမ်ထဲမှ လယ်လုပ်ယာခုတ်ဖို့ ပေးချင်လှပါသည်။
သို့သော် ကိုယ်ကိုယ်တိုင်ကပင် မရှိမရှားအစားထဲကဖြစ်၍
ကိုယ်ပိုင်အိမ်တစ်လုံးရအောင်မနည်းကြိုးစားနေရသည့်အဖြစ်ဝယ်…။
ကိုယ်ကိုယ်တိုင်သည်ပင်
ပေါင်ပေါ်မီးကျမှ ပူသည့်အမျိုးအစားဖြစ်ကြောင်း ဝန်ခံလိုက်မိတော့ ခေတ်ကြီးကမှ
မကောင်းတာကိုး ဟု တီးတိုးရေရွတ်မိလိုက်သေးသည်။ ဟုတ်သည်။
တောင်မင်းမြောက်မင်းမကယ်နိုင်ဆိုသည့် အနေအထားရှိသည့် ခေတ်ကြီးထဲဝယ်
ကိုယ့်ပေါင်ပေါ်မီးကျမှ ပူတတ်အောင် တကူးတကလေ့ကျင့်စရာမလိုခဲ့။ ဟုတ်သည်။ ခေတ်သည်သာလျှင်
အပြစ်ဖြစ်ပါသည်။
(-)
ခေတ်ကြီး ငိုနေလောက်သလားဟု
ဝေဝေဝါးဝါးတွေးကြည့်မိသည်။
“ဟဲ့ ငါတို့ ခေတ်တုန်းက
လက်ကလေးကိုင်တာတောင် ရင်ဖိုနေတာဟဲ့”
“အမေတို့ခေတ်က ခေတ်ဆွေးကြီးပါဗျာ
ဒီခေတ်က မြန်တယ် အမေရဲ့ ကျွန်တော့်သမီးက အသက် ၁၃ နှစ်ပဲရှိသေးတာပေမယ့် စိတ်မချရဘူး
လူကြီးလစ်ရင်လစ်သလို ပြဿနာတက်နိုငတယ် ခေတ်ကိုက အတတ်မြန်တဲ့ ခေတ်ကိုး”
“နင်တို့ခေတ်က ခေတ်ပျက်ခေတ်ဆိုးထဲ
ရောက်နေတာကိုး”
ကြားရသည့် စကားသံများကြား
ခေတ်ကြီးငိုနေလောက်သည်ဟု ယုံကြည်မိသည်။ သိပ်မကြာခင်ရောက်ရှိလာတော့မည့် ၂၀၁၄ ဟူသည့်
ခုနှစ်ကြီးသည်လည်း ရင်တဖိုဖိုရှိနေလောက်ပြီဖြစ်၏။
ခေတ်သည် အသံမထွက်ဘဲ ငိုနေရော့သလား
ဆိုသည့် ယောင်ချာချာအတွေးများ ပတ်လည်ရိုက်ရင်း ခေတ်ကြီးကိုယ်စား ရင်မောမိသည်။
ခေတ်သည် အပြစ်မရှိပါဘဲ သူ့တာဝန်ချိန်တွင် သူပိုက်ထွေးယုယခဲ့သော သားသမီးများ၏
လုပ်ရပ်ကြောင့် ခေတ်ဆိုးခေတ်ပျက်ဟု တံဆိပ်ကပ်ခြင်းခံလိုက်ရပြီဖြစ်၏။ ခေတ်သည်
သူပိုက်ထွေးယုယထားသော သားသမီးများကို နောက်တစ်ခေတ်သို့ မျက်၇ည်လည်ရွဲဖြင့်
လက်လွှဲပေးလေ့ရှိလေသည်လား။
ခေတ်နှင့်အညီပင် အသံထွက်ဆို၍ မရသော
သီချင်းတစ်ပုဒ်ကို ကျွန်တော် တီထွင်ချင်ပါသည်။ သင်္ချာပုစ္ဆာတစ်ခုတွင်ပင် အသံထွက်၍
ရသေးသည်။ အသံမထွက်သော သီချင်းဟူသည်မှာ ရှိပါ့မလား ဟု မေးစရာဖြစ်လာ၏။ သို့သော်
ရှိပါလိမ့်မည်။ ထိုသီချင်းသည် ကျွန်တော့်နှလုံးသားမှ တီးခတ်လိုက်သော သံစဉ်ကို
နှလုံးသားချင်းရင်းနှီးသူသာ ကြားရမည့် သီချင်းဖြစ်သည်။
ဟုတ်သည်။
ကန့်သတ်ချက်တို့ရှိပါသည်။
ကျွန်တော့်နှလုံးသား၏
အရင်းနှီးဆုံးသူမဟုတ်လျှင် ထိုသီချင်းသံကို မကြားနိုင်။ ထိုသီချင်းသံကို
ကြားမည့်သူသည် ကျွန်တော့် နှလုံးသား၊ ကျွန်တော့် စိတ်၊ ကျွန်တော့်ဘဝကို
နားလည်ပေးထားသူသာ ဖြစ်ချိမ့်မည်။
ဒါက ကျွန်တော်တစ်ဦးတည်း၏
မူပိုင်သီချင်းဖြစ်သည်။
ကန့်သတ်ချက်ပေါင်းများစွာဖြင့်
သီချင်းများ၊ ကဗျာများ၊ ဘဝများသည် ခေတ်တိုင်းတွင် ပေါ်ထွန်းခဲသလိုနောင်လာမည့်
ခေတ်များတွင်လည်း ပေါ်ထွန်းဦးမည်ကတော့ အသေအချာပင်။ ထို့အတူ
ကန့်သတ်ချက်ပေါင်းများစွာသည် လက်တလုံးလေးသာခြားထားသော စည်းမျဉ်းများစွာဖြင့်
ဖေါက်ဖျက်ခံရဦးမည်မှာ သေချာနေလှသည်။
ဆိုပါစို့။အမြင်အာရုံဖြင့်
တွက်ချက်စစ်ထုတ်ရသော သင်္ကေတများဖြင့် အချောသတ်ထားသည့် သီချင်းတစ်ပုဒ်ကို မျက်မမြင်တစ်ယောက်က တီးခတ်ဖို့
တာဝန်ယူထားရသည် ဆိုပါစို့။ ထိုမျက်မမြင်၏ ဘဝတွင် တစ်ခါမှ မသင်ယူခဲ့ရသော
သင်္ကေတများအတွက် ထိုမျက်မမြင်တွင် ကျော်၍ တီးခတ်နိုင်ခွင့် ရှိမရှိ
အငြင်းပွားကြည့်မည် ဆိုပါစို့။
ယထာဘူတကျကျတွက်စစ်ရလျှင်တော့
မျက်မမြင်တွင် အပြစ်မရှိ။ သူမသင်ယူခဲ့ရသော ဂီသင်္ကေတမဟုတ်သည့် ဘာသာစကားအတွက်
မျက်မမြင်တွင်အပြစ်မရှိ။ ရေးစပ်သူတွင်သာ အပြစ်ရှိသည်။ သို့သော် အကယ်၍ျများတီးခတ်ခဲ့မည်ဆိုလျှင်ဖြင့်
မျက်မမြင်တွင် အပြစ်ရှိခဲ့ပြီဖြစ်၏။ အနုပညာပစ္စည်းတစ်ခုအဖြစ်အသက်သွင်းထားသည့်
သီချင်းတစ်ပုဒ်ကို ပြည့်ပြည့်ဝဝတီးခတ်နိုင်စွမ်းမရှိပါဘဲ တီးခတ်လိုက်လျှင်
နားထောင်သူတို့ အကျိုးယုတ်စေသလို ရေးစပ်သူကိုလည်း စော်ကားရာ ရောက်သည်မဟုတ်ပါလား။
ခေတ်သည် မျက်မမြင်ကဲ့သို့ ဖြစ်နေသည်။
မနိုင်ဝန်ထမ်းကာ အသက်ဆက်နေရသူကဲ့သို့ ဖြစ်နေပြီဖြစ်၏။ သူနားမလည်သော ဘာသာစကားတို့၊
ကျင့်ဝတ်တို့ဖြင့် သူ့သားသမီးများက ရှင်သန်နေထိုင်ခြင်းကို ခံနေရသည်။ သူ့အနေဖြင့်
သူ့သားသမီးများအတွက် တစ်စုံတစ်ခုမလုပ်ပေးနိုင်သလို တစ်စုံတစ်ခု မတားဆီးပေးနိုင်ခဲ့။
ကိုယ်ကိုယ်တိုင်ဖြေရှင်းမှ ရမည့် ပြဿနာများကို လက်ကိုင်ရင်း သူ့သားသမီးများသည်
သူ့ကို မကောင်း ပြောနေကြသည်။ ခေတ်ဆိုးခေတ်ပျက်ဟု ပြောနေကြ၏။
ခေတ်ကောင်းဟု ပြောဆိုကြမည့်အချိန်သည်
မည်သည့်အချိန်ဖြစ်မလဲ ဟူသည့် အဖြေကို တကူးတက တွက်စစ်ကြည့်လိုက်တော့………..။
အဖြေ သိသိနှင့်
မရှိချင်ယောင်ဆောင်ထားသော ပုစ္ဆာတစ်ပုဒ်ကို ကောက်ရလိုက်သကဲ့သို့ရှိ၏။
ကျွန်တော်သည် (-+)ခေတ်တွင်
ရှင်သန်နေသော သားသမီးတစ်ယောက် ဖြစ်သည်ဆိုသည့် အီလည်လည်အဖြေစကားဖြင့်သာ…။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်