Monday 9 December 2013

“ဒီဇင်ဘာဟာ အမြစ်ပြတ်အောင် မကုရသေးတဲ့ နာတာရှည်ရောဂါ”




မှော်ဆရာတွေရဲ့ မြို့တော်ဟာ ဒီဇင်ဘာရဲ့ ဖြားယောင်းမှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် အနက်ရောင်ခြုံလွှမ်းဖို့ကြိုးစားနေတ.ယ်။ မှော်ဆရာတွေဟာ ပုံပြင်တွေ တစ်ပုဒ်ပြီးတစ်ပုဒ်ရေးတယ်။ ဘယ်ပုံပြင်နဲ့မှ ကယ်နိုင်မှာလဲ။ မသိဘူး။ ဘယ်သူမှ မသိကြဘူး။ မှော်ဆရာတွေဟာ ကြိုးကြိုးစားစား ပြေးပြေးလွှားလွှားရေးနေကြ၊ ဒါ ငါတို့ရဲ့ မြို့တော် ၊ ဒါ ငါတို့ရဲ့ ကွန်းခိုရာ၊။ အလင်းတွေ ပြန့်ကြဲဖို့၊ အလင်းတွေ ဖြန့်ပစ်ဖို့ကြိုးစားနေကြ။ ငါတို့ရဲ့ မြို့တော်ကို အလင်းမျှ ဖို့ ငါတို့ အားလုံးလိုအပ်တယ်။ မှော်ဆရာတိုင်းရဲ့ နှုတ်ဖျား၊ နှလုံးသားမှာ ဒီစကားက စွဲထင်၊ ကမ္ဗည်းဆိုတာ တကူးတကထိုးစရာမလိုပါပဲ ထင်နေတဲ့ စာသား၊ ဒီစာသားပေါ့။

“ဒါ ငါတို့ရဲ့မြို့တော်၊ ငါတို့ရဲ့ ကွန်းခိုရာ၊ ဘယ်အမိုက်သားအတွက်မှ အမှောင်တွေ ချမကျွေးနိုင်ဘူး၊ အလင်းတွေပဲ ပြန့်နေစေမယ့်နေရာ ”။
 မြို့တော်ဟာ အမိုက်ဆန်ဆန်ပြုံးတယ်။ မြို့တော်ဟာ အမိုက်ဆန်ဆန် ရွဲ့တော့မယ် တဲ့။ ကဲ ဘယ်သူတားမလဲ။ ကျေးဇူပြု၍ လူကြီးမင်းများ လက်ခုပ်တီါ်ပေးနိုငမလားခင်ဗျာ...ဆိုတဲ့ စကားအဆုံး မှော်ဆရာတွေဟာ ကျီးလန့်စာစား အယောင်ယောင်အမှားမှားနဲ့ ပုံပြင်တွေရေးနေကြ။
ဒီဇင်ဘာဟာ သူ့နံရိုးလေးသူပြန်စမ်းလို့။ သူဟာ မှော်ဆရာတွေကို ကြောက်ရွံ့စေရမယ်။ ဒီဇင်ဘာရဲ့ မာယာ ဘယ်လောက်လှလှ၊ မှော်ဆရာရဲ့ မြို့တော်ဟာ ဝင်းလက်နေဦးမှာပဲ။ ဒီဇင်ဘာ့အလိုကျ မည်းနက်မှောင်မိုက်မသွားဘူး။ သိလား ဒီဇင်ဘာ။ သံယောဇဉ်မြို့ရိုးနဲ့ တည်ဆောက်ထားတဲ့ ငါတို့ရဲ့ မြို့တော်၊ မင်းခွဲဖြတ်မယ်ဆိုလည်း မင်းမာယာကို ဗားရှင်းမြှင့်လိုက်ဦး။ ဟောဒီမှာ ငါတို့ဟာ ငါတို့မြို့တော်အတွက် ဟစ်ကြွေး၊ ငါတို့ဟာ ငါတို့ရဲ့ သံယောဇဉ်မြို့ရိုးကို မေတ္တာတွေ အထပ်ထပ်လိမ်းကျံပစ်လိုက်တယ်။ ဖြိုနိုင်ရင် ဖြိုပေါ့ ဒီဇင်ဘာ........။
ဒီဇင်ဘာဟာ မွဲအိုတော့မယ့် သူ့နံနက်ခင်းတွေကို ပြန်မျှော်ကြည့်နေတယ်။ သူ့နံနက်ခင်းတွေကို မှော်ဆရာတွေရဲ့ မြို့တော်ကို ဖေါက်ခွဲဖျက်ဆီးပစ်တဲ့နည်းနဲ့ ယဇ်ပူဇော်ရင် ပိုလင်းလက်လာမယ်တွေးနေလေတယ်ထင်ရဲ့။ ဒီဇင်ဘာဟာ သူ့နံနက်ခင်းတွေအတွက် ဆာလောင်မှုတွေပြင်းပြင်းပြပြ။
ဟေး ...။
ဟေး...။
ဟေး။။။
အော်ဟစ်နေတဲ့ အသံတွေမှာ ဒီဇင်ဘာဟာ ယဇ်ကောင်ကို ရှာဖွေစရာမလိုဘူး။ သူ့နံနက်ခင်းတွေဟာ စည်းလုံးခြင်းတွေကို စားသုံးရုံနဲ့ တစ်ဖန်ပြန်ရှင်သန်လာမယ်ထင်မိနေခဲ့တယ်။ သူ့နံနက်ခင်းတွေဟာ သံယောဇဉ်တွေ စားသုံးမိရုံနဲ့ တစ်ဖန်ပြန်ရှင်သန်လာမယ်ထင်နေခဲ့တယ်။

နိယာမတရား။ ဘယ်သူမှ ရှောင်မရလွှဲမရ။ ကုန်ဆုံးခြင်းရှိသလို အသစ်တစ်ဖန်မွေးဖွားခြင်းလည်းရှိတယ်။ နေရာတိုင်းမှာ ဖြစ်ပျက်နေတဲ့ တရားအတွက် ဒီဇင်ဘာဟာ သူ့ကိုယ်သူ မပြင်ဆင်နိုင်ခဲ့။ သွေးရူးသွေးတန်း နဲ့ လှံထမ်းပြီး ယဇ်ကောင်ကို ရှာဖွေနေတုန်း။ အငိုက်မိသူ သေမဲ့ပွဲ၊ ဦးနှောက်မရှိသူ သေမဲ့ပွဲ။ ဒီပွဲအတွက်ဒီဇင်ဘာဟာ သနားစဖွယ်ပါပဲ။ နှလုံးသားတစ်ခုလုံး စူးစူးနစ်နစ်ယုံကြည်နေလိုက်တာများ။ သူ့ရဲ့ ကုန်ဆုံးနေတဲ့ သွေးသားတွေကို မေ့လျော့နေတဲ့အထိ ။
ဟောဒါ ငါ့ကမ္ဘာ။ဟောဒါ ငါ့နယ်မြေ။ ဟောဒါ ငါ့အသွေးအသား။
ဒီဇင်ဘာဟာ အတ္တကြီးကြီးအော်ဟစ်နေတုန်းပဲ။ သူ့အသွေးအသာားကို သူကိုယ်တိုင် ဖျက်ဆီးဖို့ကြိုးစားနေတယ်ဆိုတဲ့ အမှန်တရားကို သူကိုယ်တိုင်အမေ့မေ့အလျော့လျော့။
ဟေ့ ဟိုမှာဟိုမှာ။ ဖျာလေးတွေ အသင့်ကိုင်ရပ်စောင့်နေသူတွေ ဒုနဲ့ဒေး။ ဘာတဲ့။ ဘာတဲ့ နားလေးတစွင့်စွင့် မျက်လုံးလေးတဝင့်ဝင့်။ အို ဘာတဲ့။
မှော်ဆရာတွေ အစည်းအဝေးခေါ်တယ်။ မှော်ဆရာတွေ တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။ မှော်ဆရာတွေ တစ်ယောက်ကိုတစ်ယောက် ပြုံးပြတယ်။ ဖြူစင်ခြင်းတွေ လင်းလက်တဲ့ အစည်းအဝေး၊ နှလုံးသားတွေ ခိုင်မတ်တဲ့ အစည်းအဝေး။ လာ။ တို့လက်တွေ ညီညီတွဲမယ်..။ ဒီစကားကို ဘယ်လိုဆိုဆိုတစ်နေရာရာမှာတော့ ဆေးရိုးသည် ရှိနေတတ်တယ်။ သိတယ်။ တို့တွေရဲ့ သံယောဇဉ်မြို့ရိုး၊ ဒီဇင်ဘာက စုန်းမဆန်ဆန် သူ့အရိုးဆံထိုးနဲ့ ထိုးဖို့ကြိုးစားနေတယ်။ ကာကွယ်ခြင်း။ ဘယ်လိုအရာနဲ့ တည်ဆောက်ရမယ်ဆိုတာကို တွေးတောမထားဘူး။ ကိုယ့်လမ်းကိုယ် မှန်မှန်လျှောက်ရင် တို့မြို့တော်ဟာ ကာကွယ်ပြီးသာ။။  ဒီအသိဒီစကားနဲ့ သန္တွိဌာန် ချမှတ်လိုက်တယ်။
“အိုဟောင်းဆွေးမြေ့သွားမယ့် ၂၀၁၃ ရဲ့ ဒီဇင်ဘာနေ့စွဲများ၊ ငါတို့ဘဝမှာ သင်ယူခွင့်အသစ်၊ ဘယ်သောအခါမှ ပြန်လှည့်မကြည့်ဘူး၊ ခိုင်ခိုင်တွဲထားတဲ့ လက်တွေဆက်။”
ဒီဇင်ဘာ မခို့တယို့ ပြုံးတယ်။ ဒီဇင်ဘာ အကျန်းတန်ဆန်ဆန် ပြုံးတယ်။ ဒီဇင်ဘာ ဟာ မှော်ဆရာတွေကို သွေးချင်းသားရင်းလို သဘောထားကြောင်းး ခေါင်းကလေးညွတ် လက်ကလေးပိုက်လို့ ရိုသေလေးစားပြနေတယ်။ မာယာ။ ဒါ သူ့မာယာပဲ။  မြို့တော်ဟာ ဒီဇင်ဘာရဲ့ မာယာကနေ မလွတ်သေးဘူး။ မြို့တော်ဟာ ဒီဇင်ဘာရဲ့ မာယာကို လက်ခံဖို့ကြိုးစားနေတုန်းပဲ။ တွဲထားတဲ့ လက်တွေ ဖြုတ်နိုင်ရင် သူအောင်မြင်မယ်မှန်း ဒီဇင်ဘာသိတယ်။ ခက်တာက တွဲထားတဲ့ လက်တွေဟာ ဘယ်လိုဖြုတ်ဖြုတ် ပြုတ်ကျမလာဘူး။ ပြုတ်ထွက်မသွားဘူး။
ဖျာကိုင်ထားတဲ့ လက်ကလေးတွေတောင် တောင့်ညောင်းလာပြီ။ ဝင့်နေတဲ့ မျက်လုံးလေးတွေကတော့ အရောင်တစ်လက်လက်ထနေတုန်းပဲ။ ဒီဇင်ဘာ မင်းဝန်ခံချင်သည် ဖြစ်စေ၊ ဝန်မခံချင်သည် ဖြစ်စေ၊ မင်းကသာ ငါတို့အားလုံးရဲ့ ဒိုင်ယာရီအဖြစ် ကျန်ရှိမယ့်အရာ။ တဆိတ် ကိုယ့်ကိုယ်ကိုယ်နားလည်စမ်းပါ..။ ဒီစကားဟာ နှလုံးသားက ထွက်လာတဲ့စကား။ ကိုယ့်အရိပ်ကိုယ် အဆိပ်မသင့်စေနဲ့ ဒီဇင်ဘာ။
ညီညွတ်ခြင်းအောင်ပွဲများ၊ ဒါ မာယာမပါဘူး။ ဖြူစင်ခြင်းတွေလင်းလက်တဲ့ အောင်ပွဲ။ ပွဲတော်ဆိုတာ လူများလေ ပနံတင့်လေ။ ဒီဇင်ဘာ မင်းရဲ့ လက်ကျန်နေ့စွဲအတွက် မှော်ဆရာတွေ ကြိုပြီးချီးမြှောက်လိုက်တယ်။ နောက်တစ်ကြိမ်လာရင် ဖြူစင်တဲ့ စိတ်ထားလေးကို အပါခေါ်လာနိုင်ခဲ့ပါစေ။
တို့လူလေးများဆိုသလေ ရီးလေးလေး ရီးလေးယို။ အောင်ပွဲမှာ ကခုန်မြူးထူးနေခဲ့။ ခု ဘယ်သူဘာမြင်လဲ။ ဘာတဲ့။ ဖျာခင်းမယ်ဆိုလည်း လာကြ။ ဟောဒီမှာတော့ နေရာလွတ်မရှ်။ မင်းတို့ရဲ့ ကျောပြင်ကို တက်နင်းဖို့ ခွင့်ပြုရင်တော့ ဖျာခင်းဖို့ နေရာလွတ်ရှိလိမ့်မယ်။
ရေးလက်စ ပုံပြင်တွေကိုယ်စီနဲ့ ရေးနေကျပုံပြင်တွေပါပဲ။ ဘယ်တော့မှ ခွဲထွက်မသွားမယ့်လက်များ။ ပုံပြင်တွေ တောက်လျှောက်ရေး။ တစ်ပုဒ်မဟုတ်တစ်ပုဒ်တော့ ကယ်တင်နိုင်မှာပဲ။ သိတယ်။ ဒီလက်က ရေးနေတဲ့ ပုံပြင်တွေ ဘယ်တော့မှ အဆုံးသတ်မသွားဘူး။ ဒီဖထင်ဘာသာ သူ့ကျန်ရှိတဲ့ နေ့စွဲတွေအတွက် အဆိပ်သင့် ၊ နာတာရှည်ဆန်သွားရ…..။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်