Tuesday 17 December 2013

အကျိုးနှင့်အကြောင်း...

“အကျိုးနှင့်အကြောင်း”
ဤရွာကို အပြုံးရွာဟု ခေါ်သည်။ စိတ်ရှိသလို ပြုမှုနေထိုင်ခွင့်မရှိ။ မျက်နှာတွင် အမြဲပြုံးနေနိုင်မှ နေခွင့်ရှိသည့် ရွာ ဖြစ်သည်။ ရွာသူရွာသားများကိုကား လူဟု ခေါ်ကြသည်။ လူသည် အမြဲ ပြုံးနေတတ်ရမည်။ ပြုံးနေသည့်မျက်နှာကို ဆင်ယင်ထားသူသည်သာ ဤရွာတွင် နေခွင့်ရမည်ဖြစ်၏။ စိတ်ရှိသလိုပြုမှုနေထိုင်တတ်သူတို့အတွက်မူ ဤရွာသည် ခေတ္တလာလည်သလိုသာ ဖြစ်ပေလိမ့်မည်။ ဟက်ဟက်ပက်ပက်ကြိုဆိုသူ ရှိလိမ့်မည်မဟုတ်။ သို့သော် အပြုံးမျက်နှာဖြင့်ကား ကြိုဆိုနေမည်မှာ အမှန်ပင်ဖြစ်သည်။
သို့ဆိုလျှင်ဖြင့် စိတ်ရင်းမပါဘဲနှင့် ဤအပြုံးရွာတွင် နေထိုင်ကြသူများ စိတ်ချမ်းသာပါရဲ့လား ဟု မေးစရာဖြစ်လာသည်။ ထို့အတွက်အဖြေသည် …။

(၁)
အကျိုးနှင့်အကြောင်းသည် ဆက်စပ်နေသည်။ အကြောင်းရှိ၍ အကျိုးဖြစ်သည်လား၊ အကျိုးရှိ၍ အကြောင်းဖြစ်လာလေသည်လား။ ဝေခွဲမရနိုင်သော အဖြစ်အပျက်များစွာတို့သည် လူ့ဘောင်လောကတွင် နေ့စဉ်ဖြစ်ပျက်နေကြသည်။
လူနှစ်ယောက်ကြား အသုံးချခံဖလှယ်ပစ္စည်းဟု ခံစားလိုက်မိသည့်နေ့က ကိုယ် သေဆုံးချင်ခဲ့သည်။ အရာရာကို စွန့်လွှတ်၍ ထွက်ခွာလာသူတစ်ယောက်အနေနှင့် မာနနှင့်သိက္ခာကို ဦးခေါင်းတွင်ထမ်းပိုး၍ မှားပါသည်ဟူသည့် ဝန်ခံစကားကို မျက်နှာလွှဲထားခဲ့သူမှာ ကိုယ် ဖြစ်သည်။ ယခုတော့ ကိုယ်သည် သံယောဇဉ်ဆိုသည့်အရာကို မေးခွန်းထုတ်မိပြီဖြစ်၏။ ကိုယ်က အကြီးကြီးထမ်းပိုးထားသလောက် တစ်ဖက်မှာကော ချိန်ခွင်ညီပါရဲ့လား၊ ချိန်ခွင်တည့်ပါရဲ့လားဟု မေးခွန်းထုတ်မိပြီဖြစ်သည်။ ကိုယ့်ဘက်က ဝန်ခံထားခဲ့သော အကျိုးသင့်အကြောင်းသင့်စကားတို့သည် ဤသို့ မျက်ကွယ်ပြုခံရခြင်းလေလား။
သို့ဆိုလျှင်ဖြင့် ကိုယ် ထပ်မံစွန့်လွှတ်ဖို့ဝန်မလေးပါ။ ကိုယ့်ကိုလည်း စွန့်လွှတ်ဖို့ဝန်မလေးမိပါစေနှင့်။
ကိုယ်က ကိုယ်ပေးသလောက် ပြန်မရခြင်းဖြင့်စိတ်မဆိုးပါ။ သို့သော် စောင့်ထိန်းအပ်သော ကျင့်ဝတ်တချို့အတွက်တော့ ကိုယ် စိတ်ဆိုးချင်ပါသည်။ စိတ်ဆိုးချင်ပါသည်။
လူ့ဘောင်လောကတွင် ရှင်သန်နေသူတစ်ယောက်အနေနှင့် ဝတ္တရားတစ်ခုရှိသည်။ ထိုအရာမှာ ပြုံးခြင်းပင်ဖြစ်သည်။ လုပ်ငန်းခွင်တွင် ကိုယ်နှင့်အဆင်ပြေသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြုံးပြကာ နောက်ဆက်မယ့် လုပ်ငန်းစဉ်ကို ဆွေးနွေးရသည်။ ထိုအပြုံးသည်ပင် သော့ချက်ဖြစ်၍ အပြုံးနောက်ကွယ်မှ ပုံရိပ်များကို တစ်ယောက်နှင့်တစ်ယောက်ဖမ်းယူရင်း ရှင်သန်ရသည့်ဘဝများသည် လူ့ဘောင် လောကတွင် ပြည့်နှက်နေသည်။
နားထဲသို့ သံရည်ပူတို့လောင်းထည့်ခဲ့သည့် နေ့ရက်များကို ကိုယ် ကျော်ဖြတ်ခဲ့သည်။ အပြုံးတစ်ဝင်းဝင်း အဆီအထပ်ထပ်လူသားများကို ကိုယ် ကျော်ဖြတ်ခဲ့သည်။ ကိုယ်ကိုယ်တိုင် အပြုံးဝင်းသည့် အဆီလူသားအဖြစ်မှ လွတ်မြောက်ဖို့ကြိုးစားခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် အောင်မြင်ပြီထင်ခဲ့၏။ လွတ်မြောက်ပြီထင်ခဲ့၏။ သို့သော် ကိုယ်မလွတ်မြောက်နိုင်သေး။
“မိတ်ဆွေကောင်းတွေဟာလည်း သူတို့ရဲ့ မိတ်ဆွေအတွက် ဂုဏ်ယူဝမ်းမြောက်ချင်တာမျိုး ရှိတတ်တာပဲလေ” ဟူသည့် သူငယ်ချင်းတစ်ယောက်၏ စကားသံကိုကြားရသော်ငြား ကိုယ့်စိတ်တွေ မပြေနိုင်သေးကြောင်း ကိုယ်ကိုယ်တိုင်သိသည်။ အောင့်သက်နေသည့် ဝဲဘက်ရင်အုံအောက်မှ နှလုံးသားက ကိုယ့်ကိုယ်ကိုယ် အက်ဆစ်ဓါတ်များ အဆက်မပြတ်ထုတ်လွှင့်နေစေ၏။ အကြောင်းရှိ၍ အကျိုးဖြစ်သည် ဟူသည့်စကားအတိုင်းပင် ကိုယ်ကိုယ်တိုင်တားမြစ်ခဲ့ပါလျှက်ကိုယ့်နာမည်က ထင်းထင်းကြီးပေါ်နေလေပြီဖြစ်၏။
အကျိုးအမြတ်ကြီးစိုးသည့် နယ်ပယ်မှာသာ ကိုယ်ရပ်နေခဲ့မည်ဆိုလျှင် သံယောဇဉ်၊ သူငယ်ချင်း၊ ချစ်ခြင်းတရားတို့၏ အငွေ့အသက်ကို ကိုယ် ရှုရှိုက်နိုင်မညမထင်။ ယခုတော့ ကိုယ်၏ သံယောဇဉ်က ကိုယ့်ကို ဒုက္ခပြန်ပေးပြီဖြစ်၏။ ကိုယ့်ကျရှုံးမှုကို ကိုယ်ကိုယ်တိုင် ပြန်မြင်နေရသည်မှာ ငြီးငွေ့စရာကောင်းလှသည်။ ဒါ နင်ရွေးခဲ့တဲ့လမ်းလား ဟု ဟားတိုက်မေးသယောင်ရှိ၏။ အကျိုးအမြတ်ကြီးစိုးသည့် နယ်ပယ်မှ ဖဲကြဉ်ခဲ့သည့် ကိုယ့်အတွက် ကိုယ်ရွေးချယ်ခဲ့သည့်လမ်းက ဆူးခင်းကာ ကြိုသယောင်ရှိသည်။ ကိုယ် ဆက်လျှောက်ဖို့ မဝံ့မရဲ ဖြစ်လာခဲ့ပြီဖြစ်၏။
ကိုယ်သည်လည်း အပြုံးမဝင်းသော်ုငြား မချိပြုံးကို သယ်ဆောင်ရင်း ရှင်သန်နေရပြီဖြစ်ကြောင်း သတိထားမိသည့်နေ့က ကိုယ် ငိုမိသည်။ ငိုခဲ့မိသည်။
ကိုယ်က နှလုံးသားကို ရင်း၍ အလောင်းအစားလုပ်ခဲ့သူဖြစ်ပြီး တစ်ဖက်သားအတွက်ကတော့ ကိုယ့်နာမည်သည် ငါးထောင်တန်ငွေတစ်အုပ်အောက်က မှတ်သားစာရင်းစာရွက်မှာသာ တည်ရှိနိုင်ပါသည်။
ပြုံးသည်။ ရောက်လေရာနေရာတိုင်းရှိ တွေ့သူများကို ကိုယ်ပြုံးပြသည်။ မဟာဗန္ဓုလပန်းခြံထဲမှ ခြေလွတ်လက်လွတ်အတွဲများကိုလည်း ပြုံးပြသည်။ ကိုယ်သွားနေကျနေရာများမှ မြင်တွေ့ရသူအပေါင်းကိုလည်း ပြုံးပြသည်။ ဧမာနွေလဘုရားကျောင်းအတွင်းမှ ထွက်လာသည့် သူအပေါင်းကိုလည်း ကိုယ် ပြုံးပြသည်။ ကိုယ်က အပြုံးနှင့်အငိုကို တွဲလျှက် ထားတတ်ခဲ့ပြီဖြစ်ကြောင်းသတိထားမိသည့်နေ့က ကိုယ်ရွေးချယ်သည့် လမ်းကြောင်းပေါ်တွင် ရပ်ရင်း ကိုယ် တွေဝေခဲ့မိသည်။
ကိုယ်ရွေးချယ်၇ာလမ်းကြောင်သည် အမှန်တကယ် ကြီးမြတ်ပါရဲ့လား ဆိုသည့် မေးခွန်းအောက်တွင်ကိုယ် အသက်ရှုကျပ်စွာ အဖြေမရခဲ့။ အဖြေမရ ရှိခဲ့ပါ။
ကိုယ်ရွေးချယ်ရာလမ်းကြောင်းသည် ပညာတတ်တို့ ကြီးစိုးရာ လမ်းကြောင်းဖြစ်သည်။ ဦးနှောက်ရင့်ကျက်သူတို့ က ဦးနှောက်မရင့်ကျက်သူတို့အတွက် ကြိုးစားပမ်းစား ဖေါက်ပေးနေသော လမ်းဖြစ်သည်။ ထိုလမ်းကြောင်းတွင် ရပ်သမျှသူတို့သည် အသိပညာ၊ နှလုံးသား၊ ဦးနှောက်ရင့်ကျက်သူတို့ ဖြစ်သည်ဟု တစ်ချိန်က ကိုယ် တွေးထင်ခဲ့ဖူးသည်…။ သို့သော် ကိုယ် မြင်နေရသည့် တချို့သောနေရာများသည် ကိုယ် ရပ်တည်ခဲ့သော အကျိုးအမြတ်ကြီးစိုးသည့် နေရာကဲ့သို့သာ ဖြစ်နေသည်။
နားလည်ခြင်းနှင့် ရင့်ကျက်ခြင်းသည် အသက်အရွယ်နှင့် မဆိုင်ဟု သိလိုက်ရသည့်နေ့က ထိုလမ်းကြောင်းပေါ်တွင် ရပ်ရင်း ငိုင်တွေခဲ့ရသည်။ လမ်းထွင်ခြင်းနှင့် လမ်းဖေါက်ခြင်း ရောထွေးနေကြောင်း သိလိုက်ရသည့်နေ့က ထိုလမ်းကြောင်းသည် ဆူးအပြည့်ခင်းထားပါ့လား ဟူသည့် အသိရခဲ့၏။
အပြုံးရင်း၍ အပြုံးပြန်ရသည့်နေရာကို လူ့ဘောင်လူ့ရွာဟု ခေါ်သည်ဟု ဆိုချင်သည်။ ဟုတ်သည်။ အပြုံးရင်း၍ လိုအပ်သမျှကို ရင်းနှီးဖလှယ်သော နေရာသည် လူ့ရွာဖြစ်သည်။ လူပီသသူမှန်သမျှ ပြုံးတတ်၏။ လူပီသသူမှန်သမျှ အပြုံးချိုချိုနှင့် လိုသမျှတို့ကို ဖလှယ်ရင်းနှီးသော အတတ်ပညာတတ်ကြ၏။
ခက်ပြီ ဖြစ်သည်။ ကိုယ်က ဒီလမ်းကြောင်းကို ရွေးချယ်လိုက်ကတည်းက အပြုံးဆိုလျှင် စိတ်ပါမှ ပြုံးတတ်ခဲ့ပြီး တကယ်လိုအပ်ချက်ရှိလျှင်တောင် အဆုံးစွန်ဆိုသောအဆင့်ရောက်မှ တောင်းဆိုတတ်သူဖြစ်၏။ နဂိုရှင်သန်ရာလမ်းကြောင်းတွင် စိတ်မပါလည်းပြုံး၊ စိတ်ပါလည်းပြုံး ဆိုသည့် ကျင့်ဝတ်ကြီးကို မုန်းခဲ့သူမို့ ယခုတော့ ခက်ပြီဖြစ်သည်။ ကိုယ် လူမဟုတ်နိုင်တော့။ ကိုယ်က လူ ပီသဖို့ အဆင့်မရှိသူဖြစ်၏။ ကိုယ်က လူ ပီသသည့်အဆင့်သို့ မရောက်ခဲ့သော အဆင့်မမီသည့် သက်ရှိတစ်ယောက် ဖြစ်ည်။
ဟုတ်၏။ ကိုယ်က သက်ရှိတစ်ယောက်သာ ဖြစ်ပါသည်။
(၂)
လမ်းကြောင်းမှန်သမျှတို့အတွက် အပြုံးမျက်နှာဖုံးများလိုအပ်ပါလား ဆိုသည့် မေးခွန်းအောက်၌ ကိုယ် အသက်ရှုပ်ကျပ်ပြန်ပြီဖြစ်သည်။ ကိုယ်ရွေးချယ်ခဲ့သည့် လမ်းကြောင်းသည် အမှန်တကယ် ကြီးမြတ်ပါရဲ့လား ဆိုသည့် မေးခွန်းသည်လည်း အဖြေမရစွာ အသက်ရှုကျပ်ခဲ့ပြီးပြီ ဖြစ်၏။
လတ်တလောမှာတော့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ။ ကိုယ် သံယောဇဉ်ကို စွန့်ပစ်ပါမည်။ ကိုယ့်နှလုံးသားကို ဂရုမစိုက်စွာပင် မျက်နှာလွဲခဲပစ်နေတတ်ခဲ့သော သံယောဇဉ်ကို ကိုယ် စွန့်ပစ်မည်ဖြစ်၏။
အကျိုးနှင့်အကြောင်း ဆက်စပ်နေပါသည်။ အကျိုးရှိ၍ အကြောင်းဖြစ်လား။ အကြောင်းရှိ၍ အကျိုးဖြစ်လေသလား။
ကိုယ့်ကိုယ်ကိုယ် ပြန်လည်လေ့ကျင့်လိုက်ပါဦးမည်။ အပြုံးတစ်ဝင်းဝင်း အဆီအထပ်ထပ်နှင့် လူသားဖြစ်မှ သံယောဇဉ်ကို အပြုံးတုဖြင့်ကြိုဆိုကြည့်ပါဦးမည်။
“ပြုံးတတ်ပါသလား
ကျေးဇူးပြု၍ သင်ကြားပေးပါ
ဘာလိုချင် ဘယ်လိုပြုံးလို့
ဘာငြင်းချင် ဘယ်လိုပြုံး
အပြုံးလေးတွေ လေမှာဝဲဖို့
ကျေးဇူးပြု၍ သင်ကြားပေးပါ”

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်