Monday 11 November 2013

“ကလုန်း များ ပျော်သည့် ကစားပွဲကို ဘဝဟု ခေါ်သည်”



မှောင်သည်။ အမှောင်တို့ ကြီးစိုးလွန်းလှသည်။ ကိုယ့်ကျောတွင်တပ်ဆင်ထားသော ကြိုးများကြောင့် ရံဖန်ရံခါတွင် သွေးစိမ်းရှင်ရှင်ထွက်သကဲ့သို့ရှိသည်။ ကိုယ့်ရှေ့တူရှုတွင် ဘာရှိလဲ တွေးခွင့်ပေးသင့်ပါသည်။ ခုတော့အလင်းပျပျပင်ကျမလာခဲ့။ အမှောင်သည်  မြင်နိုင်စွမ်းရှိသင့်သည့်အရာမှန်သမျှအား ထိန်းချုပ်ထားသည်။
ကလုန်း ဆိုသည့်စကားအဓိပ္ပါယ်ကို မုန်းလှသည်။ ကိုယ် ကလုန်းမဖြစ်ချင်ပါ။ သို့သော် ကိုယ့်ကို ကြိုးဆွဲကာ လိုရာကနေသော ဇာတ်ဆရာညွှန်ရာအတိုင်း ကလုန်းဖြစ်နေရသည်။ ကိုယ်သည် ကိုယ်မဟုတ်တော့။ ကိုယ်သည် ကလုန်းတစ်ကောင် ဖြစ်နေသည်။
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားသည် ဖြစ်သင့်သလို အခြေအနေတစ်ခုအတိုင်း ဖြစ်ခဲ့သည် ဆိုပါစို့။
သို့ဆိုလျှင်ဖြင့် ကိုယ့်ခံစားချက်သည် အမှန်တကယ် ခံစားချက်အစစ်အမှန်လား။ ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်လာရသော ခံစားချက်လား။ မှောင်သည်။ အတွေးထုကြီးက မှောင်လှသည်။

ကိုယ်ရှင်သန်ရာကမ္ဘာသည် ဇာတ်ခုံတစ်ခုဖြစ်သည် ဆိုကြပါစို့။ သို့ဆိုလျှင်ဖြင့်ဇာတ်ဆရာသည် မည်သူနည်း။
ကိုယ် တွေးဖူးသည်။ ကိုယ်သည် ရုပ်သေးရုပ်လေးတစ်ရုပ်ဖြစ်လေသည်လား။ အဖြေရှာမရသော မေးခွန်းများစွာဖြင့် မိုးလင်းဘူးသည်။ ညတွင် အိပ်စက်ဖို့ လိုအပ်ပါသလား။ အဖြေသည် သိသလိုလိုနှင့် ပျောက်နေပြန်၏။ အစဉ်အလာနှင့် လုပ်သင့်၊ ဖြစ်သင့်သည် ဆိုသည့် ဘောင်များတွင် ပိတ်မိနေသည့် ဘဝကို အမှောင်ဖုံးသည်ဟု သတ်မှတ်လျှင် လွန်လေမည်လား။

(-)

“….”
အသက်မဲ့နေသည့် အသံတွေ ခုန်ပေါက်နေကြသည်။ လမ်းပေါ်တွင် မိုးစများက ကဆုန်ဆင်းလျှက်ရှိ၏။ ကိုယ့်ခေါင်းပေါ်သို့ကျရောက်လာသော မိုးစများသည် ကိုယ်တားဆီးမရနိုင်ခင်မှာပင် ကိုယ့်မျက်နှာဆီသို့ စီးကျလာကြသည်။
“မိန်းကလေးဖြစ်ပြီး မိုးရွာထဲလမ်းလျှောက်ရတယ်လို့ မျောက်ပြဆန်တောင်းချင်တဲ့ အပြုအမှုတွေ”
ဘေးနားမှ တီးတိုးဆိုသွားသည့်စကားများကို ကြားရပြန်၏။ မိုးရေတို့ စိုစွတ်နေသည့် ကိုယ့်ကိုယ်ကိုယ် ငုံကြည့်တော့ ခန္ဓာကိုယ်တွင် စိုကပ်နေသည့် အဝတ်စားများကိုတွေ့ရသည်။ ဘယ်ဆန်ကိုတောင်းချင်တာလဲ၊ မိန်းကလေးဖြစ်တာနှင့်ပင် မိုးရေထဲ လမ်းလျှောက်ခွင့်ဆုံးရှုံးလေပြီလား။
တိမ်ညိုတို့ဖုံးလျှက် ပျပျလင်းနေသော ကောင်းကင်ကို မော့ကြည့်မိသည်။ အလင်းဟု သိနေပါလျှက် အလင်းဟု သတ်မှတ်၍ မရသော ခံစားချက်ကို မည်သူကိုယ်ချင်းစာနိုင်ပါမည်လဲ။ အကြည့်များစွာမှ ဖယ်ခွါ၍ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ခဲ့သော်ငြား အကြည့်ရိုင်းတချို့၏ မသမာမှုကို ရွံလှပါသည်။

 “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”

နိုင်ငံခြားဇာတ်လမ်းတွဲများတွင် တွေ့ရခဲသော ဇာတ်ဝင်ခန်းတစ်ခုဖြစ်ပြီး ကိုယ့်နိုင်ငံမှာတော့ အမြဲလိုလို ဖြစ်နေတတ်သည်မှာ ဝမ်းနည်းဖို့ကောင်းလှသည်။ “ဟယ်လို ဟယ်လိုကြားရလား ကြားလား” ဟု နေ့တိုင်း အော်နေရသော လက်ထဲမှ ဖုန်းကို စိတ်ကုန်မိသည်။ နယ်ဝေးမြေခြားသူငယ်ချင်းများနှင့် ဆက်သွယ်ဖို့ရာ ရည်ရွယ်ထားသော ဆက်သွယ်ရေးစက်သည်ကိုယ့်ကျန်းမာရေးကို တစ်နေ့တစ်ခြားဆုတ်ယုတ်လာစေသည်ကို အံ့သြလှ၏။ ကိုယ့်အတွက် လိုအပ်နေသောအရာများသည် ကိုယ့်ကိုပင် ဖျက်ဆီးနေသည် ဟု ခံစားလိုက်ရသလိုပင်။ ဘဝတွင်နေထိုင်ဖို့ ဘာတွေများလိုအပ်နေပါသနည်း ဟု တကူးတကစဉ်းစားဖို့လိုအပ်လာ၏။ ကိုယ်တို့သည် ရှင်သန်၍များ အသက်ရှင်နေရသလား၊ သို့မဟုတ် အသက်ရှင်နေ၍များ ရှင်သန်နေလေသလား။ မွေးကတည်းမှစ အသက်သေဆုံးသည့်တိုင် ရှင်သန်ရသော ကာလအပိုင်းအခြားကို ဘဝဟု ခေါ်သည်တဲ့။ ထိုဘဝတွင် ဘာတွေကိုလုပ်၍ဘယ်လိုများရှင်သန်ကြမလဲဟု ရွေးချယ်ခွင့်သည် ကိုယ်တို့လက်ထဲမှာ အမှန်တကယ်များ ရှိပါသလား။ သို့ဆိုလျှင်ဖြင့် ငယ်စဉ်က ဆရာဝန်ဖြစ်ချင်ခဲ့သူသည် အသက်ကြီးရင့်သည့်အခါ ဘက်စ်ကားစပယ်ယာတစ်ယောက် ဖြစ်နေသည်မှာ အဘယ့်ကြောင့်နည်း။ သီချင်းတစ်ပုဒ်ကို ကြားယောင်လာသလိုရှိ၏။ “ငွေကြေးဆိုသည်မှာ ဒုတိယဘုရားသခင် တဲ့”။ ထိုစကားလုံး၏ အသွေးအသားတို့ကို မြင်ယောင်လာသလို ရှိသည်။ ကိုယ်တို့သည် တိမ်စကို ဖမ်းဆုပ်ထားရသော လေကဲ့သို့ပင် ရည်မှန်းချက်နှင့် ဘဝကို အချိုးချဖို့ကြိုးစားရင်း မမြင်ရသော ကံကြမ္မာ၏ တိုက်ခိုက်မှုကို ကာကွယ်နေရသကဲ့သို့ရှိ၏။ စိတ်ဓါတ်မခိုင်မာသူသည် ခြေတို့ အနောက်သို့ ပြန်လှည့်မိမည်မှာ ဓမ္မတာပင်။ ကိုယ်တို့သည် အသက်ရှင်နေ၍သာ ရှင်သန်ခွင့်ကို ထိန်းသိမ်းနေရသည်။ ထိုရှင်သန်ခွင့်ကို ထိန်းချုပ်ထားသူမှာ ဒုတိယဘုရားသခင် ဖြစ်သည်ဆိုသည့် အသိကြီးကို မည်သူမျှ မဖျောက်ဖျက်နိုင်ကြ။ ဖျောက်ဖျက်ဖို့ကြိုးစားသူအတွက်လည်း ဘဝတွင် အောင်မြင်မှု နည်းပါးသည်မှာအစဉ်အလာ ဖြစ်နေချေပြီ။ မဖျောက်ဖျက်နိုင်သူအတွက်လည်း မည်မျှပင် စိတ်သန့်ရှင်းသည် ဆိုစေကာမူ၊ ကြာလာလေလေ ကိုယ့်ကိုယ်ကိုယ် လောဘသားကောင်အဖြစ်သို့ တွန်းပို့မိလေ ဖြစ်နေ၏။
သို့ဆိုလျှင်ဖြင့် ဘဝ ဆိုသည်မှာ ဘာ့အတွက် ဖြစ်တည်ခဲ့သလဲ….။

ဘဝဆိုသည် မှာ ဘာ့အတွက် ဖြစ်တည်ခဲ့သလဲ..။

ကြည့်လေရာနေရာတိုင်းတွင် ကိုယ့်ကလုန်းကို မြင်နေရသည်။ ကိုယ်သည်ပင် တစ်စုံတစ်ခု၏ ကလုန်းဖြစ်နေလေသည်လား။ ကိုယ့်လက်တွင် အနီရောင်တို့ စွန်းစွန်းထင်ထင်ရှိသည်။ ကိုယ့်နှလုံးသားတွင် မာနတို့ စွန်းစွန်းထင်ထင်ရှိသည်။ ကိုယ့်စိတ်တွင် ယုံကြည်ချက်တို့ စွန်းစွန်းထင်ထင်ရှိသည်။ ကိုယ့်တွင် ပန်းတိုင်ဟူသည့် အိပ်မက် ခိုင်ခိုင်မတ်မတ်ရှိနေသည်။
သို့သော် ထိုအရာများ၏ နောက်ကွယ်တွင် ငွေကြေးသည်  အရေးပါနေသည်။ ငွေကြေးက ထိန်းချုပ်နေသကဲ့သိုရှိ၏။ တစ်စုံတစ်ယောက်၏ စိတ်အနေအထား၊ အဖြစ်အပျက် ကို တွေးမည်ဆိုပါစို့။ဖြစ်သင့်တာပဲလေ၊ ဖြစ်တတ်တာပဲ စသဖြင့် ရှေးကကြုံခဲ့ပြီးသော အဖြစ်အပျက်မှားနှင့် ပုံသေနည်းထုတ်ကြ၏။ သို့ဆိုလျှင်ဖြင့် ကိုယ်သည်ကော မည်ကဲ့သို့ ပုံသေနည်းဖြင့် ဖန်တီးတီထွင်ထားသည့် လူရုပ်ကလေးဖြစ်သနည်း။
ကိုယ်တို့သည် တစ်စုံတစ်ယောက်၏ လှည့်ကွက်အတွင်းမှာ ပိတ်မိနေသည့် အရုပ်ကလေးတွေ ဟု ဘာ့ကြောင့်များ ခံစားမိနေပါသလဲ။
ကိုယ်တို့ကို ဖန်တီးလိုက်ပြီဆိုကတည်းက ကိုယ်တို့အတွက် သီးသန့်ထောင်ချောက်ရှိ၏။ ထို့ပြင် ကိုယ်တို့အတွက် အခက်အခဲကျော်လွှားစရာများ တစ်ခုပြီးတစ်ခုချပေး၏။ ပြီးလျှင်တော့ ကိုယ်တို့အတွက် အမောပြေ ပျော်ရွှင်စရာလေးများကို ချကျွေး၏။ ကိုယ်တို့ကို ဖန်တီးထုတ်လုပ်ပေးလိုက်သည်တွင် နှလုံးသားဆိုသည့် ခံစားချက်ဖမ်းကိရိယာကို တမင်တကာပင် ထုတ်လုပ်ပေးခြင်းဖြစ်မည်။ ကိုယ်တို့ ပြုံးပျော်နေလျှင် သူတို့၏ ဖန်တီးချက် အောင်မြင်သည်ဟုတွေးရင်းပြုံးနေကြမည်။ ကိုယ်တို့ငိုနေလျှင် သူတို့အချင်းချင်း ချီးယားစ်လုပ်ကြမည်။ ကိုယ်တို့သေဆုံးလျှင် လည်းသူတို့အတွက် ထူးခြားသွားမည်မထင်ပါ။ ကစားစရာအရုပ်ကလေးသေဆုံးသွားခြင်းသာ ဖြစ်လိမ့်မည်။ သို့သော် သူတို့ ဖန်တီးထားသော မျိုးပွားစနစ်အရ တစ်ယောက်သေချိန်မှာ တစ်ယောက်က ရှင်သန်လာပါလိမ့်မည်။ သို့မဟုတ် ဆယ်ယောက်သေချိန်ဝယ် တစ်ယောက် ရှင်သန်နေပါလိမ့်မည်။

(-)

အမှောင်မှာ ရှင်သန်နေရသူအချင်းချင်းတွင် ခုန်ပျံကျော်လွှားတိုက်ခိုက်မှုများရှိမည်။ တစ်စုံတစ်ယောက်၏ နယ်မြေချဲ့ထွင်မှုကို စောင့်ကြည့်ရင်း တစ်စုံတစ်ယောက်၏ အရှုံးကို ငေးကြည့်နေကြမည်။ တစ်စုံတစ်ယောက်၏ မသမာမှုကိုကြည့်ရင်း တစ်စုံတစ်ယောက်အတွက် အစီအစဉ်ချပေးနေကြမည်။
နိုင်သည်၊ ရှုံးသည် ဆိုသည့်ခံစားချက်ကို တကူးတကခံစားနေရသော ကိုယ်တို့၏ ခံစားချက်များသည် ကိုယ်တို့ကို နောက်ကွယ်မှ ကစားနေသူတွေအတွက်တော့ အောင်ပွဲဖြစ်ပေလိမ့်မည်။

ဆိုပါစို့။ ကိုယ်တို့သည် ဖန်ပေါင်းချောင်လေးတစ်ခုတွင် ရှင်သန်နေကြသူများဟု ဆိုလိုက်ကြပါစို့။ ကိုယ်တို့၏မမြင်ကွယ်ရာမှ ကိုယ်တို့ကို ကြည့်ရင်း ဝိုင်သောက်နေကြသူများရှိနေနိုင်သည်။ ကိုယ်တို့၏ သည်းခြေကြိုက်ငွေကို ကိုယ်တို့ လိုသလောက်ထုတ်ပေးရင်း ကိုယ်တို့ဘဝအား စိတ်ကြိုက် ကစားနေကြသည့်သူများ ရှိနေနိုင်သည်။ ကိုယ်တို့၏ ဘဝဟူသည့် ရှင်သန်ခြင်းသည်ပင် သူတို့ပေးမှ ရှင်သန်ခွင့်ရခြင်းဖြစ်၏။ သူတို့သာ သေစေနိုင်လျှင် အချိန်မရွေး သေဆုံးနိုင်သည်။
ကိုယ်တို့၏ စည်းကမ်းမဲ့မှုကိုကြည့်ရင်း နှုတ်ခမ်းတွန့်ပြုံးနေနိုင်သူရှိသည်။ ကိုယ်တို့၏ စည်းကမ်းတကျနိုင်မှုကိုကြည့်ရင်း နှစ်သက်နေနိုင်သူ ရှိသည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ ကိုယ်တို့ ကြိုးစားနေရသည်မှာ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြား ကာလအပိုင်းအခြားဖြစ်သည့် ဘဝ ဆိုတာလေးအတွက်သာ ဖြစ်၏။ ထိုဘဝသည်လည်း ကိုယ်တို့ဘက်က အချိန်ရှိသရွေ့ကြိုးစားနေစေကာမူ သူတို့စိတ်ကြိုက် ကစားနိုင်သည်။ ထို့ကြောင့် ဘဝဆိုသည်မှာ ဘာ့အတွက် ဖြစ်တည်ခဲ့သလဲ ဟူသည့် မေးခွန်းကို ကြိုးစားပမ်းစား မေးကြည့်နေရခြင်းပင်။

ဘဝ ဆိုသည်မှာ စိတ်ဓါတ်ခိုင်ခိုင်မာမာဖြင့် သူတို့ဖြစ်စေချင်သလို ငွေကြေးနောက်သို့မလိုက်ပဲ ဘဝပျက်မသွားသူ၊ သို့မဟုတ် ငွေကြေး၏ ဖြစ်တည်မှုကို လက်ခံသော်လည်း ဘဝကိုကောစိတ်ဓါတ်ကိုပါ ထိန်းကျောင်းနိုင်သူများ ထွက်ပေါ်လာစေခြင်းလေလား။ ထိုသူများ ထွက်ပေါ်လာလျှင် နောက်ထပ် ကစားပွဲတစ်ပွဲရှိလာနိုင်သည်။ ထိုကစားပွဲသည် မည်သို့နည်း။

ရှေ့ဆက်အဆင့်တိုးကစားရန်အတွက် ကိုယ့်ကိုယ်ကိုယ် အားဖြည့်ထားပါသည်။ ဂိမ်းအိုဗာ ဆိုသည့် စကားတစ်ခွန်းကို ကိုယ် မလိုချင်၊ မလိုအပ်ပါ။ အဆင့်အတန်း၊ ဘောင်၊ အစဉ်အလာ ကန့်သတ်ထားသော အရာများကိုလည်း ကိုယ် တိုက်ခိုက်ဖို့ မကြိုးစားပါ။ သို့သော် ကိုယ်သည် နောက်တစ်ဆင့်တက်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မှောင်သည်။ အမှောင်တို့ ကြီးစိုးနေသည်။ ကိုယ့်ရှေ့တွင် ဖြန့်ခင်းထားသော နေမင်း၏ အလင်းကိုပင် အမှောင်စူးစူးဟု အမည်တပ်မိသည်ထိ မှောင်လွန်းလှသည်။
“လသာတယ်ထင်လို့များ အဆောင်းမပါဘာမပါနဲ့ လမ်းလျှောက်နေရသလား ထီးလေးဘာလေး ဆောင်ထားမှပေါ့”
စေတနာနှင့် ဆိုလာသည့် စကားတစ်ခွန်းအတွက် ကိုယ်ပြုံးပြရုံမှလွဲ၍ ဖြေစရာအဖြေမရှိပါ။ သို့သော်ကိုယ့်အမြင်တွင်တော့ အရာရာသည် မှောင်မဲလွန်းလှ၏။ ကိုယ့်ကို ပြုံး၍ စကားဆိုလာသူနောက်တွင်လည်း အမည်းရောင်အရိပ်တို့ကြီးစိုးနေသလိုပင်။ သူသည်လည်း တစ်စုံတစ်ယောက်၏ ကလုန်းဖြစ်မည်မှာ သေချာလှသည်။ ကိုယ်သည်လည်း တစ်စုံတစ်ယောက်၏ ကလုန်းသာသာပဲ မဟုတ်ပါလား။



ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်