Sunday 24 November 2013

၎ ဂဏန်းနှင့်စိတ်နင်စာ

“၄ ဂဏန်း နှင့် စိတ်နင်စာ”

နံပါတ် ၄ သည် ကျွန်တော်မုန်းတဲ့ ဂဏန်းမှာပါလာပြီဖြစ်၏။ ဘာ့ကြောင့်ဘာ့အတွက် ဟု မစွပ်စွဲလိုပါ။ နံပါတ် ၄ သည် ကျွန်တော့်ကို ဒဏ်ရာ တစ်စုံတစ်ရာ ပေးခဲ့သည်ကတော့ သေချာနေပါသည်။
မွေးခုနှစ် ၁၉၈၆။ မွေးလ ဇွန်။ မွေးရက် ၂၈။
၎ နှင့်ပတ်သတ်သည့် ဂဏန်းတစ်စုံတရာ မပါဝင်ခဲ့ပါ။ သို့သော်၎ ဂဏန်းသည် ကျွန်တော့်ကို နှိပ်စက်လွန်းနေ၏။
မျှော်လင့်ခြင်းကို စိတ်နင်စာ ဟုသတ်မှတ်ချင်ပါသည်။ ကျွန်တော့် စိတ်ကြီး အပြာရောင်ဆန်စွာ နင်နေ၏။ ၁၃၊ နိုဝင်ဘာ၊ ၂၀၁၃၊ ည ၁၀း၂၃ ။ မျှော်လင့်နေသော ဖုန်းလေးတစ်စင်းသည် ကျွန်တော့်ဆီ ရောက်မလာခဲ့ပါ။ ကျွန်တော် အပြာရောင်ဆန်စွာ တိတ်ဆိတ်နေမိပါသည်။
တချို့အကြောင်းအရာများသည် အဖြစ်အပျက် အဖြေကို သိပြီးသော်လည်း စောင့်ဆိုင်းတတ်သည်မှာ သံယောဇဉ်ကြောင့်လော၊ ကတိကြောင့်လော ဟု ကျွန်တော် ဝေခွဲ၍ မရပါ။ ကျွန်တော် ည ၁၂း ၃၁ မိနစ်ထိ စောင့်ဆိုင်းခဲ့ပါသည်။
စိတ်ဆိုးပါသလား ဟုမေးလာပါက ဖြေစရာအဖြေတစ်ခုသာရှိသည်။ မဆိုးပါ။ စိတ်မဆိုးပါဟုပင်။ သို့သော် မှတ်မှတ်ရရ အတိတ်တချို့ကို ပြန်တွေးဖြစ်၏။ မှတ်မှတ်ရရ ယနေ့သည် ပေါင်းခြင်း ၄ ဂဏန်းရသော ၁၃ ရက်နေ့ဟု အမှတ်ထားမိ၏။ ဆဒတ-၁၃၅၂ ဆိုသည့် ဆယ်တန်းခုံနံပါတ်လေးကြောင့် စိတ်မှာ ဖိအားရှိသည့်အပြင် စာမရသည့်အတွက်လည်း ဖိအားပိုခဲ့ပါသည်။ သို့သော် ဂုဏ်ထူးမပါသည်ကလွဲ၍ အောင်မည် ဆိုသည့် ယုံကြည်ချက်သည် မည်ကဲ့သို့ စွဲကပ်နေခဲ့သည်မသိ။ ဆယ်တန်းအောင်စာရင်းထွက်တော့ ကျွန်တော့် ခန့်မှန်းချက် မှန်ခဲ့ပြန်သည်။ ၁ရပ-၁၀၉ ဟူသည့် တက္ကသိုလ်ပထမနှစ်စာမေးပွဲဖြေစဉ်က ခုံနံပါတ်ကို သတိရမိသည်။ ထိုစဉ်က စာမေးပွဲဖြေချိန်တွင် စိတ်ဖိစီးမှုမရှိခဲ့။ ပေါင်းခြင်းဂဏန်း ၁ ရသော ၁၀၉ ဟူသည့် ခုံနံပါတ်လေးဖြင့် အရာရာကို ကျော်ဖြတ်နိုင်ခဲ့သည်ထင်ပါသည်။ မှတ်မှတ်ရရ အောင်လည်းအောင်ခဲ့ပြန်သေးသည်။ ၂ရပ-၃၀၁ ဟူသည့် ဒုတိယနှစ် ခုံနံပါတ်လေးကြောင့် စိတ်တို့ အထိတ်တလန့်ဖြစ်ဖူးတာ သတိရ၏။ ငါအောင်မှ အောင်ပါ့မလား ဟူသည့် စိတ်ဖိစီးမှုကြီးအား ဒုတိယနှစ်တစ်လျှောက်လုံး လွယ်ပိုးထားခဲ့ဖူးသလို ၃ရပ-၉၁ ဆိုသည့် နံပါတ်လေးတစ်ခုနှင့်ပင် ထခုန်ခဲ့ဖူး၏။

ဘဝအတွက် ပထမဆုံးအလုပ်စတော့ ၁၃ရက်နေ့ ဒီဇင်ဘာ ၂၀၀၄။ တစ်လတည်းနှင့် ထွက်ခဲ့ကာ ကျောင်းစာဘက်သာ ဦးစားပေးခဲ့သည်။ ဘဝအတွက် ဒုတိယကိုယ်ပိုင်အလုပ်ဖွင့်သည့်နေ့သည် ၁၃ရက် ၅ လပိုင်း ၂၀၀၇။ ထို ၂၀၀၇ မှ ၂၀၁၁ ကြား ၁၃ ရက်နေ့တိုင်းသည် ကံကောင်းတစ်လှည့်ဆိုးတစ်လှည့်ဖြင့် ကျွန်တော့်ကို ပြုစားသည်။ မည်သည့်နေ့သည် ကံကောင်းရက်ဖြစ်၍ မည်သည့်နေ့သည် ကံဆိုးရက်ဖြစ်သလဲ ကျွန်တော်မသိပါ။ သေချာပါသည်။ ယနေ့ နိုဝင်ဘာ ၁၃ကတော့ ကံအနည်းငယ်လွဲသောနေ့ဖြစ်ပေလိမ့်မည်။

စိတ်၏ တစ်နေရာ၌ ခိုအောင်းနေထိုင်ရင်း ခြောက်လှန့်နေသော ၄ ဂဏန်းနောက်သို့ ကျွန်တော် ခြေရာကောက်ကြည့်ချင်ပါသည်။ ကျွန်တော်သည် ကိန်းဂဏန်းများ၏ အစွမ်းသတ္တိကို ယုံသူဟု ကိုယ့်ကိုယ်ကိုယ် အစွန်းသို့ တွန်းမပို့လို။ သို့သော် အခြေအနေတို့က တွန်းပို့လာခဲ့ပြီဖြစ်၏။ နှစ်ဆယ့်ခွန်ဟူသည့် မိုင်ကို ဖြတ်ကျော်ပြီးသည့် အသက်အပိုင်းအခြားတွင် ကျွန်တော်သည် မျှော်လင့်ချက်တချို့ဆုံးရှုံး၍ မျှော်လင့်ချက်တချို့ ပြည့်ခဲ့ဖူးသည်။ ထို့အတူ အသစ်ဖြစ်တည်လာသော မျှော်လင့်ချက်တို့ကိုလည်း သယ်ဆောင်လာဆဲ ဖြစ်သည်။ ပျက်စီးဆုံးရှုံးခဲ့သော မျှော်လင့်ချက်များသည် ၄ ဂဏန်းကြောင့်ဖြစ်ခဲ့သလို ပြည့်စုံခဲ့သော မျှော်လင့်ချက်များသည်လည်း ၄ဂဏန်းကြောင့်သာဖြစ်ကြောင်း အလန့်တကြားတွေ့ရှိလိုက်သည့်အခါ….။

မျှော်လင့်ချက်ကို အစာဟု တွေးကြည့်ကြပါစို့။ ထိုမျှော်လင့်ချက်ကြီးကို ၄ ဂဏန်းကြီးစိုးသည့် နေ့ရက်များတွင်မှ ကျွန်တော်က စားသုံးခဲ့မိသည် ဆိုပါစို့။ အလောတကြီးစားသုံးမိသည့်နေ့ဆိုလျှင် နင်လေသည်လား။ ထို့ကြောင့်သာ လက်လွတ်ဆုံးရှုးရသော မျှော်လင့်ချက်များ ပေါ်ပေါက်လာခြင်းဖြစ်မည်။ ထို့ကြောင့်သာ ပိုင်ဆိုင်ခွင့်ရသည့် မျှော်လင့်ချက်များ ပေါ်ပေါက်လာခြင်းဖြစ်မည်။ ဥပမာ ရှောရှောရှုရှုဝင်ရောက်သွားသည့် ထမင်းလုတ်များ။

တနည်း ပေါက်ပေါက်ရှာရှာတွေးကြည့်ချင်သေးသည်။ ကွန်ပျူတာသုံးကီးဘုတ်များတွင် ဂဏန်း ၄ ၏ နေရာတွင် ၄ နှင့်အတူ ၊ ကျပ်၊ $ တို့ပါ ရေး၍ ရသည်။ သို့ဆိုလျှင်ဖြင့် ကျွန်တော်၏ ပျက်စီးဆုံးရှုံးခဲ့ရသော မျှော်လင့်ချက်များသည် ငွေကြေးဟူသည့် လောဘဇောကြောင့်များ ပျက်စီးခဲ့လေသလား။ ပြည့်စုံလာခဲ့သော မျှော်လင့်ချက်များတွင် လောဘဇောအနည်းငယ်သာ ပါဝင်ခဲ့ကြောင်း အမှတ်ရ၏။ ဖြစ်သင့်ဖြစ်ထိုက်သည့် လောဘဇောတို့သာ ပါဝင်နေခဲ့သည်။

မျှော်လင့်ဆဲ ဖုန်းလေးမရောက်လာခဲ့သော်လည်း ကျွန်တော် မျှော်လင့်နေဆဲသာဖြစ်သည်။ သို့သော် ထိုဖုန်းသည် ဒီနေ့အဖို့ရာတော့ ဝင်ရောက်မလာနိုင်တော့ပြီဖြစ်မှန်းလည်း ဦးနှောက်ကြီးက သိနေသည်။ ဖျတ်ခနဲ ၄ ဂဏန်းရေးထိုးထားသော စာရွက်လေးတစ်ရွက်ကြောင့် ကြည်နူးခဲ့ဖူးသည်ကို သတိရ၏။ ၂၇ရက် ၂ လပိုင်း ၂၀၁၃ ဆိုသည့် ရက်ကလေးတစ်ခုကို သတိရ၏။၂၂ ဆိုသည့် အသက်တွင် အရာရာအား တွေဝေခြောက်ချားစွာကြည့်ရင်း စိတ်တို့ ပင်ပန်းဆင်းရဲခဲ့ဖူးတာ သတိရ၏။ အသက်ရှင်နေသည်ဆိုသည့် စိတ်ခံစားချက်ပျောက်ဆုံးလောက်အောင်ပင် အချစ်ဆုံးသူတစ်ဦးသည် ကျွန်တော်နှင့် ဝေးရာသို့ ပြေးခဲ့ဖူးသော နှစ်လည်း ဖြစ်သည်။ သီးချိန်တန်သီးပွင့်ချိန်တန်ပွင့် ဆိုသည့် စကားအပေါ် နားလည်မှုမပေးနိုင်အောင် ကျွန်တော့်အစ်မအပေါ်၌ အချစ်ကြီးခဲ့ဖူးသည်မဟုတ်ပါလား။ တချို့အတိတ်တို့သည် ချိုပြီး တချို့အတိတ်တို့သည် ခါးလွန်းလှသည်။

အကယ်၍များ အသက်၂၂နှစ်သို့ ပြန်ရောက်ခွင့်ရှိမည်ဆိုလျှင်လည်း ကျွန်တော် အစ်မကို ခွင့်လွှတ်ပေးနိုင်မည်မဟုတ်။ ထို့အတူ ဆွဲထားနိုင်မည်လည်း မဟုတ်ပေ။ ထို့အတူ ကျွန်တော် အတိတ်ကို ပြန်မတမ်းတချင်တော့ပါ။ အတိတ်ကို တမ်းတရင်း လက်ရှိ ကျွန်တော်၏ ကြီးရင့်နေသော စိတ်များ သိမ်ငယ်ဝမ်းနည်းသွားနိုင်ပါသည်။ ငါ တစ်ချိန်က ဒီလိုလူမျိုးပါ့လားဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း စိတ်ပျက်အားလျော့နေမည့်အဖြစ်မျိုးကို ကျွန်တော် မဖန်တီးလို။

အတိတ်နှင့်ပတ်သတ်၍ ကျွန်တော်၏ ခံယူချက်က ပြန်လှည့်ကြည့်စရာမလို ဟုပင်။ဟုတ်သည်။ အတိတ်သို့ လှည့်ကြည့်လိုက်တိုင်း ဝမ်းနည်းစရာဆိုဝမ်းနည်းလိုက်၊ ပျော်စရာဆိုပျော်လိုက်နှင့် တမ်းတလွမ်းမောတတ်သည့် အနေအထားကို ကျွန်တော်မနှစ်သက်ပါ။ ဘဝမေ့သည် ဆိုသည့် စကားကို ခေါင်းညိတ်လက်ခံခြင်းလည်းမဟုတ်။ ကျွန်တော့်အနေဖြင့် အတိတ်သို့ ပြန်လှည့်လွမ်းမောနေမည့်အစား အရှေ့သို့သာအင်တိုက်အားတိုက် ရွေ့လျားနေချင်ပါသည်။ အတိတ်၏လွမ်းမောမှုနှင့်အတူ လှုပ်ရှားမှုအပေါင်း အားနည်းသွားမည့်အဖြစ်ကို မလိုလား။

ဘက်စ်ကားခ ၂၀ကျပ်မှ အစပြု၍ ကျပ်၅၀ထိ တိုးခဲ့သော အချိန်ကိုလည်း ကြုံခဲ့သည်။ ကျပ်၅၀မှ ကျပ် ၂၀၀ သို့ တိုးမြှင့်ကောက်ခံနေသော ကားများလည်း ကြုံခဲ့ဖူးပြီဖြစ်သည်။ ထိုထိုနှစ်များအတွင်း ကျွန်တော့်ဘဝအပြောင်းအလဲကို ချုပ်ကိုင်ထားသော ဂဏန်းကိုလည်း ဖမ်းမိပြီဖြစ်၏။ ဂဏန်းနံပါတ် ၄။ မည်သည့်အချိန်တွင် ကံဆိုး၍ မည်သည့်အချိန်တွင် ကံကောင်းမည် ဟု ကြိုတင်တွက်ဆမစွမ်းနိုင်သော ဂဏန်းနံပါတ် ၄။

၂၀၁၃ ဇွန် ၂၈။ ဂဏန်းအားလုံးပေါင်း ၁၃ ရခဲ့သလို အိမ်နှင့်အတိုက်အခံဖြစ်ခဲ့သည့်နေ့ ဖြစ်သည်။ ထို့အတူ ဘဝ၏ ပျော်စရာအကောင်းဆုံးခရီးတစ်ခုအစလည်း ဖြစ်သည်။ သို့ဆိုလျှင်ဖြင့် ၄ ဂဏန်းသည် ကျွန်တော့်ကို ကျီစားနေလေသည်လား။ မျှော်လင့်ချက်တွေချည်း သိပ်ထားမနေနဲ့ ဟုများ သတိပေးလေသည်လား။ ဖြစ်သင့်ဖြစ်ထိုက်သည့် မျှော်လင့်ချက်ဖြစ်ခြင်းကြောင့်သာ ပျော်ရွှင်ခွင့်ပေး၍ သူ့ထုံးစံအတိုင်း ဘဝကို အခက်နှင့် ကြုံစေသည်လား။

၂၀၁၃ ဒီဇင်ဘာ ၂၇။ ဂဏန်းအားလုံးပေါင်း ၉ရသည့် ထိုခရီးစဉ်လေးတွင်ရော ကျွန်တော် အဆင်ပြေနိုင်မည်လား။ မျှော်လင့်ခြင်းသည် ကျွန်တော့်ရင်သို့ တဆစ်ဆစ်နှင့် ထိုးကိုက်လာ၏။ ထိုခရီးစဉ်ကို လိုက်ပါနိုင်ဖို့ အခွင့်အရေးရှိပါမည်လား။ ကံတရားက ၄ ဂဏန်းနှင့် ကျွန်တော့်အား ငါးဆယ် စီ ပေးထားသည်။ ၄ဂဏန်း မပိုင်ဆိုင်သော ပိုင်နက်ဖြစ်နေသည်မို့ ထိုရက်ကလေးအတွက် ကြိုးစားရန်အခွင့်အရေး ၅၀ ရာနှုန်းရှိပါသည်။

ဒီတစ်ခေါက်မှာတော့ မျှော်လင့်ချက်ကြီးသည် စိတ်နင်စာ မဟုတ်ပါပဲ ရှောရှောရှုရှု ဝင်သော ထမင်းလုတ်ဖြစ်ပါစေ ဟု ဆုတောင်းနေမိသည်မှာ ရယ်စရာများ ကောင်းလေမလား။ ယနေ့တော့ စိတ်နင်စာလေးတစ်ခုကြောင့် အတိတ်ဆီသို့ ခြေဆန့်မိခဲ့ပြီဖြစ်သည်။ စိတ်နင်စာလေးသည်လည်း ဖုန်းဆက်မလာနိုင်တော့။

ပြက္ခဒိန်ကို လှမ်းကြည့်မိတော့ ရင်ဝယ် ထိတ်ခနဲ ဖြစ်သွားရသည်။ ၁၄ နိုဝင်ဘာ ၂၀၁၃။ ကိန်းဂဏန်းအားလုံးပေါင်းရလဒ် ၄ ။ ဒီနေ့ကော ကံဆိုးခြင်းလား၊ ကံကောင်းခြင်းလား။ ဂဏန်း ၄ ၏ လှည့်စားခြင်းကို ဂရုပြုရင်း ရင်ဆိုင်အောင် ကြိုးစားရပေဦးမည်။ မျှော်လင့်ချက်တို့ မပျောက်ရှအောင် ကြိုးစားရပေဦးမည်။။ ဒီနေ့ ဘာဖြစ်ဦးမည်လဲ ဟူသည့်မေးခွန်းများကို ဦးနှောက်တွင်မေးနေရင်း ယနေ့တော့ မျှော်လင့်ချက်လေးတစ်ခု ပျောက်ရှခဲ့သည်ဟု အမှတ်ထားမိသည်။ ထို့အတူ မျက်လုံးအစုံသည် အိပ်စက်ခြင်းတိုင်းပြည်ဆီသို့။ ညက နက်သထက်နက်လာပြီ မဟုတ်ပါလား။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်