Friday, 28 October 2011

အချစ်တို့ဆုံစည်းမယ့်နေ့(မျှော်နေတယ် valentine day)

အပိုင်း(၁)

မြေနီ လမ်းလေးထက် လမ်းလျှောက်လာနေသည့် ကောင်မလေးနှစ်ယောက်နောက်ဝယ် ကောင်လေးတစ်ယောက် ကပ်ကာ လိုက်ပါနေ၏။ ကြည့်ရသည်မှာ ကောင်မလေးနှစ်ယောက်အနက် တယောက်ကို စိတ်ဝင်စားနေသည်ထင့်။
ထိုကောင်မလေးနှစ်ယောက်ကို ကြည့်ရသည်မှာ ညီအစ်မဖြစ်ဟန်တူသည်။ အရပ်အနည်းငယ်ပုသော ကောင်မလေး၏ မျက်နှာလေးမှာ ကလေးရုပ်လေးပင်မပျောက်သေး။ ခုနှစ်တန်းကျောင်းသူမှန်းသိသာနေသည်က ကျောင်းစိမ်းဝတ်စုံက တံဆိပ်လေး။ ကျန်ကောင်မလေးမှာမူ သူ့ကျောင်းစိမ်းဝတ်စုံမှ တံဆိပ်လေးအရ ကိုးတန်းကျောင်းသူဖြစ်မည်ထင့်။ ထိုကောင်လေး သူမတို့နောက်လိုက်ပါလာသည်ကို သိဟန်တူသော ကိုးတန်းကျောင်းသူလေးသည် ငြူစူဟန်ထက် ချစ်ခင်စွာစနောက်လိုသော သဘောသာရှိသည်။ ခုနှစ်တန်းကျောင်းသူလေးကတော့ မျက်နှာလေးစူပုပ်လို့ နေ၏။
…………
“မောင် မ ကို တကယ်ချစ်လား ဟင်”
“တကယ်ချစ်တာပေါ့..မရဲ့..ဘာလို့အဲ့လိုမေးတာလဟင် တကယ်ဆိုတဲ့စကားလုံး ဘာလို့သုံးတာလဲ မောင့်ကိုမယုံလို့လား”
“ယုံပါတယ်မောင်ရယ်..မေးကြည့်တာပါ”
…………
“ဒီချာတိတ်လေးက ငါပြောသမျှ အကုန်ယုံနေတာဟ”
“မနိုင်ရယ် ဘာလို့ အဲ့လိုလုပ်နေတာလဲ ကိုယ်တကယ်သဘောကျတာလည်းမဟုတ်ပဲနဲ့”
“စလို့ကောင်းလို့ပါ နိုင်းရ ဘာလဲ နင်တို့ က အတန်းတူတယ်ဆိုပြီး သနားနေတာလားဟ မသနားနဲ့ လွှတ်ထားလိုက် သူဘာလို့ စိတ်ကစားလဲ..ဒီအရွယ်လေးနဲ့”
နိုင်း ဆိုသည့် ကောင်မလေးအနည်းငယ် တွေသွားဟန်နှင့်။
……………………
“နင် တော်တော်ရူးတာပဲနော်..မိန်းမတစ်ယောက်ကိုကြိုက်ပြီး အဲ့မိန်းမရဲ့ ဘေးက ပါလာတဲ့ ငါ့ကိုတောင် သတိမထားမိအောင်ကိုရူးတာ”
“ငါ ကလည်း သူ့ကိုပဲ မြင်တာကိုးဟ”
“ခု ကော နင်ငါ့ကိုမှတ်မိလား သူ့ဘေးကပါလာတဲ့သူမှန်း”
“သူ့ကိုတောင် ရေးတေးတေးပဲ..ခုတောင် နင်ပြောမှ ငါမှတ်မိတာ”
ကောင်လေး ပြောစကားကြောင့် ကောင်မလေး ရယ်လိုက်သည်။
“အဲ့ဒါ ငါ့အစ်မဝမ်းကွဲလေ မေမိုးနိုင် တဲ့..ခုတော့ ပြောင်းသွားပါပြီ”
“သြော်..ငါလည်း အဲ့ဒီအချိန်တုန်းကတော့ ရူးခဲ့တာပဲ ခုတော့နာမည်တွေလည်းမေ့ကုန်ပါပြီဟာ”
“အသက်ငယ်ငယ်လေးပဲရှိသေး.နင် တော်တော်ကဲတာပဲနော်”
ကောင်မလေး ပြောစကားကြောင့် ကောင်လေးမျက်နှာ အနီရောင်သမ်းသွားချေသည်။

Wednesday, 26 October 2011

ပြန်ဆုံခွင့်ရှိပါရစေ

ရုက်တရက် ရင်ဝဆီမှ စူးခနဲ နာကျင်ဟန်နှင့် သူရင်ဘက်ကို လက်ဖြင့်အုပ်ကာ လဲကျသွားသည်။ သူ တအိအိဖြင့် လဲကျသွားသည်ကို ငေးနေသည့် အမျိုးသမီး ။ ထို့နောက် အထိတ်တလန့်ဟန်နှင့် သူမက သူ့အား ဆွဲထူရန်ကြိုးစားသည်။သို့သော် သူ့မျက်လုံးတို့ ဖွင့်ဟမလာတော့။ သူမ ပွေ့ချီလိုက်သည့် လက်ပေါ်ဝယ် လှုပ်ရှားမှုကင်းမဲ့စွာ ပါလာသော သူ့ ခေါင်း။ နောက် သည်းထန်စွာ ငိုကြွေးလိုက်သော သူမ။ ထူးထူးဆန်းဆန်း သူမ နားရွက်လေးဆီမှ အမည်းရောင် အမှတ်လေး။ ထို့နောက်ရုက်တရက် မြင်လိုက်ရသည်က  နံရံဆီမှ ပြက္ခဒိန်။ ၂၉-နိုဝင်ဘာ-့ ၂၀၀၈…တဲ့။
..
မက်နေကျ ၍ပဲ မလန့်တော့သည်များလား။ အိပ်မက်က လန့်နိုးခြင်းမဟုတ်ပါပဲ ကျင့်သားရစွာ အိပ်မက်မှ နိုးထလာသည်။ သည် အိပ်မက်သည် သူ သိတတ်ပါသည်ဆိုကတည်းက မက်လာသည့်အိပ်မက်။ အရာရာသည် တကယ်ဖြစ်နေသည့်အတိုင်း သူမြင်ခဲ့ရသော အိပ်မက်။ အသက် တစ်ဆယ့်ခြောက်နှစ်မှ မက်ခဲ့သော သည်အိပ်မက်သည်  သူ့ကို ထိုအမျိုးသမီး၏ မျက်နှာအားလည်း မြင်ခွင့်မပေးခဲ့။
တစ်လကို သုံးခါလောက်မက်တတ်သော ထိုအိပ်မက်သည် သူ့အား ကြောက်စိတ် မဖြစ်ပေါ်စေခဲ့ပါ။သို့သော် နားရွက်လေးတစ်ခုတွင်ရှိသော အမှတ်လေးတစ်ခုကိုတော့ သူ စွဲလမ်းစွာမြတ်နိုးတတ်ခဲ့သည်။ သူနှင့် သက်တူရွယ်တူမိန်းခလေးများတွေ့တိုင်း နားရွက်လေး၊ ဘယ်ဖက်နားရွက်လေးဆီဝယ် အမှတ်လေးများရှိမလားရယ် လို့ လိုက်လံရှာဖွေတတ်ခဲ့သည်။
 သူ ငယ်စဉ်တည်းက အိပ်မက်လေးတွေ မက်တတ်ခဲ့သည်။ သူ့အသက်ဆယ်နှစ်တွင် ဘေးအိမ်က လူကြီးအား ထီပေါက်ကြောင်းမက်သဖြင့် ထီထိုးခိုင်းခဲ့ဖူးသည်။ တကယ်လည်း ထီပေါက်ခဲ့သည်။ သူ့အိပ်မက်ထဲကအတိုင်း သိန်းနှစ်ဆယ်ဆု။

Friday, 21 October 2011

ကျေးဇူးရှင်


အပိုင်း(၁) 
“တကယ်ကို ကျေးဇူးတင်ဖို့ကောင်းတာပါအေ..သူ ကူညီလို့သာ ငါတို့မိသားစု အနေအစား ချောင်လာတာမဟုတ်လား ခုဆို တိုးမောင်လေး ကျောင်းလခကို အရင်လို နောက်ကျမှ ပေးစရာမလိုတော့ဘူးလေ..အရင်ကဆို ကျောင်းလခမပေးနိုင်သေးလို့ နောက်ကျမှအပ်ရတာ”
အမေ့ ပြောစကားတို့ နားထဲဝင်တချက်မဝင်တချက်။
ကျေးဇူးတင်ဖို့ကောင်းသတဲ့လား။ ကျေးဇူးရှင်တဲ့လား။ အမေမသိတဲ့ နောက်ကွယ်ကကြောင်းအရာများအတွက် တကူးတကကြီးတော့ ကန့်လန့်ကာ ကို ဖွင့်ချမပြလိုတော့ပါ။ ဒီတိုင်းလေး ကျေးဇူးရှင်လို့ သိနေတာပဲကောင်းပါသည်။
အမေ့ပြောစကားကို ခေါင်းငြိတ်ပြရင်း အိမ်ရှေ့လမ်းမထက် အကြည့်လွှဲလိုက်မိသည်။
လမ်းမထက်သို့ အရှိန်ပြင်းပြင်းနှင့်ကျဆင်းလာသော မိုးစက်တို့သည် အရှိန်ဖြင့်  ခုန်တက်ကာ လာရာလမ်းသို့ပြန်သွားလိုသော်ငြား လမ်းမထက်သာ ပြန်လည်ကျဆင်းလာသည်။ ကိုယ်ရွေးချယ်ခွင့်မရှိပါပဲနှင့် လမ်းတစ်ခုကိုလျှောက်ပြီးပြီဆိုလျှင် ပြန်လှည့်ခွင့်မရတော့ပြီလား။ ဒီလမ်းမထက်သို့ကျဆင်းလာသော မိုးစက်တို့သည် တိမ်ညိုအဖြစ်ရောက်ဖို့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ရပေဦးတော့မည်။ အချို့သည် မြေကြီးထဲသို့စိမ့်ဝင်ကာ အချို့သည် စိမ့်စမ်းရေအိုင်ထဲသို့၎င်းး၊ မြစ်ထဲသို့၎င်းး အသီးသီးသွားကြပေလိမ့်မည်။ အချို့ကတော့ အငွေ့ပြန်ကာ ကောင်းကင်ထက်သို့။
သူမကော။ သူမ၏ မူလတည်နေရာသို့ ဘယ်ချိန်ပြန်ရောက်နိုင်မည်လဲ။
ရောက်ကောရောက်နိုင်ပါဦးမည်လား။
ဒါမှမဟုတ် သူမ၏ နေရာမှန် ဘယ်နားမှာပါလိမ့်……………………။
ခေါင်မိုးထက်က မိုးစက်ကျသံတဖြောက်ဖြောက်နှင့်အတူ စိတ်အစဉ်အား အတွေးတို့က အတိတ်ဆီ  ငြိမ့်ငြိမ့်လေးခေါ်ဆောင်သွားလေသည်မှာ……………

Saturday, 15 October 2011

မိန်းမရိုင်းအတွက် ကျိန်စာ

အပိုင်း(၁)
“တောင်းပန်ပါတယ် မသိပါစေနဲ့ဘုရားဘုရား……မသိပါစေနဲ့….သားငယ်ကို မမှတ်မိပါစေနဲ့”
စိတ်တွင်းမှ တိုင်တည်ရင်း သားနှင့် ထိုသူရှိရာကို ခိုးကြည့်မိပြန်သည်။ ထိုသူ ဒီနေရာကို ဘယ်လိုရောက်လာလဲ သူမ မသိပါ။ ဒီချိန်ဆို ထိုသူ ထောင်ထဲမှာပဲ ရှိနေရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်လာပါလိမ့်။ ကိုယ်က အမှားလုပ်ထားသူဆိုတော့လည်း ထွက်မတွေ့ရဲ။
သွေးက စကားပြောသည်ထင့်။ မတွေ့တာ သုံးနှစ်ကျော်လေးနှစ်နီးပါးကြာမြင့်ပြီဖြစ်သည့် ထိုသူအား သားငယ်က မမှတ်မိသော်လည်း စကားပြောရင်း ရယ်မောနေသည်မှာ မကြောက်မရွံ့သည့်ဟန်။ ခုမှတွေ့သည့် သူစိမ်းတစ်ယောက်ဟု မထင်မှတ်လေဟန်။
“သားနာမည် ဘယ်လိုခေါ်လဲကွ”
ဘုရားရေ။ ထိုသူ့မေးခွန်းသံ ကြားလိုက်စဉ်တွင် ရင်ဝယ် တဒိန်းဒိန်းနှင့်သွေးခုန်နှုန်းတို့ မြန်လာချေပြီ။ သားရယ် မပြောပါနဲ့လား။ အိမ်ထဲကို အမြန်ဝင်ခဲ့ပါ။ အမြန်လာခဲ့ပါသားရယ်။
“သားနာမည် ပြည့်စုံအောင်ပါ”
ဘုရား။ ထိုသူ သိသွားမလား သားအကြောင်းကို။ အို …နာမည်လေးလောက်နဲ့တော့ မသိနိုင်ပါဘူး။ သူမတွေးရင်း စိတ်ဖြေလိုက်သည်။
“သားက ကျောင်းကော တက်နေပြီလားကွ”
“ဟုတ် သား သူငယ်တန်းတက်နေတာပါ”
သားငယ် ဘာ့ကြောင့် ထိုသူ့အနားဆက်နေနေတာလဲ။ သူမ သားငယ်ကို အော်ခေါ်ချင်လှသည်။ အိမ်ထဲဝင်ဖို့။ သို့သော် မခေါ်ရဲ။ သူမအသံကို ထိုသူ မှတ်မိသွားမှာစိုးသောကြောင့် မခေါ်ရဲ။
အို..သားငယ်ကို ချီလိုက်ပြန်ပြီ။ သားငယ် မရုန်း။ မရုန်းပါ့လား။ တော်ရုံတန်ရုံ ခင်မင်သူမျိုးဆိုလျှင် အချီမခံသော သားငယ် ထိုသူ့ လက်ပေါ်မှာ ပြုံးလို့မော်လို့ပါ့လား။ ကိုဝေ ပြန်မလာခင် အမြန်ထွက်သွားပါစေ။ ဒီချိန်မှတော့ ဘုရားကို တိုင်တည်ရန်သာရှိတော့သည်။ ကိုဝေ ပြန်မလာခင်အမြန်ထွက်သွားပါစေဟုသာ။
“သားက သူငယ်တန်းတက်နေပြီဆိုတော့ အသက်က ငါးနှစ်ပြည့်ပြီးပြီပေါ့ကွ”
“ဟုတ် သားအသက်က ငါးနှစ်ပြည့်ပြီးပြီလို့ မေမေက ပြောတာပဲ”
“ဟုတ်လား..အင်း ဦးဦးသားလည်း သားနဲ့ ရွယ်တူပဲကွ”
“ဦးဦးနဲ့ ပါမလာဘူးလားဟင်”
ထိုသူ အဝေးသို့ ငေးရင်းပြောလိုက်သည့်စကားက သူမ နားသို့ ဗုံးတစ်လုံးပေါက်သည့်နှယ်။

Monday, 10 October 2011

ဖြစ်ချင်ဦးဟဲ့ ဘလော့ကာ၊ ဖြစ်ချင်နေဆဲ ဘလော့ကာ

“မရည်ဝေ တစ်ပုဒ်ထက်တစ်ပုဒ် ပိုပိုကောင်းလာတယ်ဗျာ”
သဘောကျစွာပြုံးမိချေပြီ။ ဘလော့အောက်ခြေမှ မှတ်ချက်ဟုခေါ်သည့် မန့်ထားသည့်စာလေး။ မန့်သည့်သူကလည်း ကိုယ့်ထက် စီနီယာကျသည့် ဘလော့ကာဖြစ်သည်လေ။ ဒီတော့ ကျွန်မမှ သဘောမခွေ့ရင် ဘယ်သူခွေ့မတုန်း။ အဲ ဟုတ်ပါဘူး။ ဘယ်သူသဘောကျမတုန်း။
အင်တာနက်ဆိုတာကြီးကို အိမ်တွင် ဖုန်းဖြင့်ချိတ်၍ရပြီးနောက်ဝယ် ကျွန်မတွင် ရော၈ါစွဲကပ်လာသည်မှာ ဘလော့ကာ ဖြစ်လိုခြင်း။ အောင်မြင်ကျော်ကြားထင်ရှားသော ဘလော့ကာတစ်ယောက်ဖြစ်ချင်လွန်းလှသည်လေ။
ဟော ဒီမန့်စာလေးက ဆိုဒ်အက်ဒ်မင်ကိုယ်တိုင် မန့်ခဲ့တာမလား။  ဘာတဲ့ ။
သဘောကျနှစ်ခြိုက်စွာ အားပေးသွားပါကြောင်း..တဲ့။
ရင်ထဲကြည်နူးမှုတို့ လျှံတက်လာပြန်သည်။ ဆိုဒ်အက်ဒ်မင်ကိုယ်တိုင် မှတ်ချက်ပေးသည်ဆိုတော့ ကျွန်မရေးသည့်ဘလော့ တကယ်ကောင်လို့ပေါ့။ အတွေးနှင့်ပြုံးရင်း အက်ဒ်မင်နာမည်ကိုသေချာမှတ်လိုက်သည်။ ကျေးဇူးတင်စကားလေး သူ့အိမ်မှာသွားပြောရမည်လေ။ ဘာတဲ့..ကိုရော့ကာ တဲ့။ ကဲ..ရင်းရင်းနှီးနှီးပဲ ခင်မင်စွာဖြင့် အိမ်လာလည်ပါသည်ပေါ့။ ဒါ ရှောင်လွှဲ၍မရသော အွန်လိုင်းယဉ်ကျေးမှု တစ်ခု။
 “ဆက်လက်ထုဆစ်နိုင်ပါစေ”
 “နောင်လည်း ဒီလိုဝတ္ထုကောင်းလေးတွေ အမြဲထုဆစ်နိုင်ပါစေ သူငယ်ချင်းရေ”
“တကယ့်ကို အရေးအသားကောင်းလှချေလားဗျာ လူကိုဆွဲခေါ်သွားလိုက်တာ”

Sunday, 9 October 2011

လည်ပတ်နေသော

“ကန်စွန်းတစ်စည်း ဘယ်လောက်လဲ သမီး”
အရှေ့က အန်တီ၏ အသံချိုချိုလေး။ ရွှေတွေလည်း ဝတ်ထားလိုက်တာများ ညွတ်လို့။
“တစ်စည်း ငါးဆယ် ပါ…”
အသီးအရွက်ရောင်းသူ ကောင်မလေး၏ ဖြေသံအကြား
”အိုအေ..ညည်းတို့ကလည်း ဈေးကြီးလိုက်တာ…သုံးစည်းတစ်ရာထားအေ”
“မရလို့ပါ အန်တီရယ်….”
“ထားလိုက်ပါအေ…..သံပုရာသီးတစ်လုံးကောဘယ်လောက်လဲ”
“တစ်လုံးငါးဆယ်ပါ”
“အင်း..သံပုရာသီး သုံးလုံးနဲ့ ကန်စွန်းရွက် သုံးစည်း နှစ်ရာ့ငါးဆယ်ထားလိုက်”
စကားတို့ အချေအတင်ပြောအပြီး ကောင်မလေး ခေါင်းငြိမ့်လိုက်သည်။ ထိုအန်တီထွက်သွားတော့မှ ကောင်မလေးက
“ဈေးဦးမကျိုးချင်လို့ လျှော့ပေးလိုက်တာပါ..အစ်မရယ်”
ကျွန်မအားကြည့်ရင်း ကောင်မလေးက ခပ်လျော့လျော့စကားဆိုသည်။။
ခေါင်းငြိမ့်ကာ ပြုံးပြရင်း အသီးအရွက်ရွေးရန်ကောင်မလေးရှေ့ဝယ် ထိုင်ချလိုက်သည်။
………………...
မုန့်ဟင်းခါးဆိုင်ဝယ် အသုပ်ဝယ်ရန်ဝင်တော့ ထိုအန်တီနှင့်တွေ့ပြန်ပါသည်။ ကန်စွန်းရွက်ကို ဈေးဆစ်သော ထိုအန်တီ။
“ကျွန်မသမီးက ဦးပိုင်က ကျောက်မျက်မှာအလုပ်လုပ်တာလေ..တစ်လ နှစ်သိန်းကျော်ဝင်တယ်”
“အော်..ဟုတ်..အစ်မ ဝင်ငွေကောင်းတော့ ကောင်းတာပေါ့ရှင်”
မုန့်ဟင်းခါးသည် အန်တီကြီး၏ ထောက်ခံစကားတချို့။
“ကျွန်မယောင်္ကျားက ...xx၀၀xxx၀၀၀xx....”
အော်..ကြွားတတ်လေခြင်း။ တကယ်ပါပဲ။ အဆိုတော်ဘာဘူရဲ့သီချင်းတောင်နားထဲ ပြန်ကြားနေမိသလိုပဲ။

Saturday, 1 October 2011

ပုံရိပ်လှိုင်းခတ်သံ


“အစ်ကိုအောင်ရေ…ညီမလေး အောင်တယ်…ဆယ်တန်းအောင်တယ်..ဝမ်းသာလိုက်တော့ဗျို့”
“ဟေး” သူ့ဘေးမှသူငယ်ချင်းများလည်း ပျော်ရွှင်စွာအော်လိုက်ကြသလို သူလည်း မ ထားဆဲ သဲအိတ်ကို လွှတ်ချလိုက်ကာ ညီမလေးဆီ သွားလိုက်မိပြီ။ မနေ့ကတည်းက ရင်ဝယ် တဒိတ်ဒိတ်နှင့် မျှော်လင့်ခဲ့ရသည်လေ။ ညီမလေးက စာလိုက်နိုင်သော်လည်း စာရေးရာတွင်ရှန်းတတ်သူမို့ စိတ်တော့ ပူမိသည်လေ။  အကယ်၍များကျခဲ့ လျှင် ဆိုသည့်အတွေးနှင့် သူသွားကြည့်ပေးရမလားမေးတော့ ညီမလေးက သူကိုယ်တိုင်ကြည့်မည်တဲ့။
“ဟ..ငါ့ကိုမဖက်နဲ့ဟ…တစ်ကိုယ်လုံးသလဲတွေချည်းပဲ..သဲအိတ်တွေမထားရတာ…”
တားသည်ကိုပင်မရ ဇွတ်အတင်းဖက်လာသည့် ညီမငယ်ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ရင်း အောင်အောင် နောက်ဆက်တွဲစကားကိုမျှော်လိုက်ည်။
“အစ်ကိုအောင်…နောက်တစ်ခုရှိသေးတယ်…”
မချိုမချဉ်မျက်နှာနှင့် စကားဆိုလာသော ညီမလေး။ မျက်နှာလေးက ပြုံးစိပြုံးစိနှင့်… ။
“အစ်ကိုအောင် ညီမလေးကို လက်ဆောင်ပေးရမဲ့ဟာ”
“သြော်..ဒါများ ပေးမှာပေါ့..ဆယ်တန်းအောင်တဲ့အထိမ်းအမှတ်နဲ့”
“ဟုတ်ဘူး…ဆယ်တန်းအောင်ပြီး နောက်တစ်ခုရှိသေးတယ်”

Wednesday, 28 September 2011

ငြင်းဆိုပါရစေ...ထာဝရအတွက်

အချစ်ဆိုတဲ့ ကြယ်
ငါ မဖက်တွယ်ဝံ့ဘူး
အရူးလုပ်ခံရလွန်းလို့ထင်ပါရဲ့
ငါ့နှလုံးသားက..
အချစ်ကို ငြင်းဆိုတယ်…..ထာဝရအတွက်
ရင်ထဲကြုကယ်ငယ်
ဘယ်သူမြင်သိနိုင်မလဲ
တိတ်တခိုးသိမ်းခဲ့
မြတ်နိုးခြင်းပန်းခင်းလေးကို
ပျိုးခဲ့မိသမျှ
ဝန်မခံဝံ့ဘူး
နောက်တခါအလှည့်စားခံဖို့….
ငါ့နှလုံးသားက ငြင်းဆိုတယ်.ထာဝရအတွက်
ငါ့ရင်မှာ နင်အမြဲရှိလည်း
နင်သိဖို့ မရည်ရွယ်ဘူး
နင့်အနားငါလာမိလည်း
နင်မမြင်မိအောင် တိတ်တိတ်လေးသာ
တကယ်တမ်း..နင်ဆိုတဲ့ ကြယ်ငယ်ရဲ့ လက်ကို
ငါမှ တွဲမခိုဝံ့တာ
ပျဉ်ဖိုးနားလည်တဲ့ ငှက်ငယ်သာသာ
ငါဟာ
နောက်တခါအသဲကွဲဖို့လက်မခံဝံ့ဖူး
အချစ်ဦးပေးတဲ့ ဒဏ်ရာဆူးက
အနက်ရှိုင်းလွန်နေဆဲမို့။

Saturday, 24 September 2011

ဆုံမှတ်

အချိန်တစ်ခုရဲ့ တိုက်စားမှုအောက်မှာ ကောင်မလေးရဲ့ ပုံရိပ်လေးလည်း သူ့နှလုံးသားမှာ ပျောက်ကွယ်လုလု ဖြစ်နေပေပြီ။ အချစ်ကြီးချစ်ခဲ့မိသူဆိုတာတော့ သေချာနေသေးဆဲ။
သေချာစဉ်းစားကြည့်တော့လည်း ကောင်မလေးနှင့် ရင်းနှီးခဲစဉ်က လေလှိုင်းပေါ်က တဆင့်သာ။ ဖုန်းနံပါတ်မှားနှိပ်ခဲ့မိသည့် လက်ချောင်းလေးတွေကို သူ ဒီချိန်ထိ အပြစ်မဆိုချင်သေး။ ဟယ်လို ဆိုတဲ့စကားတစ်ခွန်းအကြားနှင့် ရင်တို့ တစ်ဆက်ဆက်ခုန်စေတဲ့ နားကိုလည်း အပြစ်မဆိုချင်သေး။ ထိုစဉ်တုန်းက ….. ဖုန်းမှားနေပါတယ်…..ဟုပြောရင်းဖုန်းချသွားသည့်တိုင် သူကတော့ ဖုန်းကိုကိုင်ကာ မင်သက်နေမိဆဲ။ ကနဦးစကတည်းက အသံလေးနှင့် တင် ရင်တစ်ခုလုံးကြွေအောင် ပြုစားတက်မှန်းသိရဲ့ သူက သူ့နှလုံးသားကို ထိုးကျွေးခဲ့မိတာပါ။
ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့။ သူငယ်ချင်းတစ်ယောက် ဟန်းဖုန်းကိုဆက်ရင်း နံပါတ်မှားနှိပ်ခဲ့မိသည်။ တစ်ဖက်မှားနှိပ်မိခဲ့သည့် ဖုန်းတွင် သူ့နှလုံးသားကို ပိုင်စိုးသူလေးရှိနေခဲ့သည်။ အသံလေးကြားရုံနှင့် ရင်ခုန်မိခဲ့သည်…..ဟုပြောလျှင် ရယ်ကြမလားမသိ လူတွေက.။ သူ့သူငယ်ချင်းကတော့ ဟားသည်။

Sunday, 18 September 2011

ဘယ်သူနိုင်မလဲ

(၁)

သူမတော်တော်စိတ်ညစ်နေပြီ….။

သူမလည်းအပျိုကြီး မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်လာကြိုက်တဲ့သူတွေကလည်း ပြန်ကြိုက်ချင်စရာ အနည်းဆုံးတော့ အသက်ငါးနှစ်လောက်ငယ်ကြသည်ချည်းသာ။ကြည့်လိုက်ပါဦး။

ရုပ်ကလေးတွေကြည့်လိုက်တာနဲ့ သိသာနေသည်က သူမထက် အနည်းဆုံး ငါးနှစ်လောက် ငယ်မည်သာ။ ဒါတောင် တိုးတွက်ထားတာ။ သူမကတော့ ခြောက်နှစ်လောက်ငယ်မည်မှာ သေချာသည်ဟု ထင်သည်။ ရုပ်လေးတွေက ငယ်ရုပ်တောင် မပျောက်ချင်သေးတဲ့ ပါချီပါချက်လေး သုံးယောက်။ ဘာတဲ့ သူတို့ခေါ်နေသံတော့ကြားပါတယ်။ အောင်အောင်၊ မောင်မောင်၊ ဇော်ဇော် ဆိုလားပဲ။ လူနဲ့ နံမည်တော့ သူမ တွဲမသိ။

မိန်းမတစ်ယောက်ပီသစွာ သူမ မှာလည်း ကြိုတင်တွေးထားသော အိပ်မက်ချစ်သူရှိသည်ရယ်လေ။

အရပ်မြင့်ရမည်။ အသားမဖြူမညို စိတ်ထားကောင်းရမည်။ တိကျသောအလုပ်အကိုင်တစ်ခုရှိရမည်။ လူမျိုးတူဘာသာတူဖြစ်ရမည်။ အဓိက စိတ်ထားကောင်းမွန်ရမည်။ တခြားမိန်းခလေးတွေနှင့် ထူးမခြားနားပါ။ သူမ၏ အိပ်မက်ချစ်သူက။ ဒါပေမဲ့ သူမက တစ်ခိုပိုတာက သူမထက် အသက်ငယ်သူကို လုံးဝ မချစ်ချင်ပါလေ။ တစ်နှစ်လောက်ငယ်ရင်တောင်မှ စဉ်းစားဖြစ်ချင် စဉ်းစားမှာပေမဲ့ ……… .ဒီလို ငါးနှစ် ခြောက်နှစ် လောက်ငယ်တာကတော့ သူမ စိတ်ပျက်ပါသည်။ ကိုယ်ကမမှီရပဲ ကိုယ်ကချီရမယ့် လက်တွဲဖော်တော့ သူမ မလိုချင်။ ငြင်းနေတာလည်းသိရဲ့နဲ့ …

…တစ်ခါတစ်ခါကျ အမြင်ကပ်လို့ ဆိုင်ရှေ့လာကြွေပြနေတဲ့ သူတို့ ကြားအောင်း စန္ဒီမြင့်လွင် သီချင်းလေးဖွင့်ပြသည်။

……အခုခတ်ဖက်ရှင်ပဲ ခေါင်းစွပ်အနွေးထည် ဝတ်ထားတဲ့ ကောင်ကလေး အိမ်ရှေ့မှာ လာဆွေးတယ် လွယ်လွယ်နဲ့ စံပယ်တွေ ပွင့်ရင် ခေါင်းတွေ တိုင်းမှာ ဖွေးမယ် ဘာတွေလဲ မကြားချင်ဘူး ငါ့ရှေ့ကနေဘေးဖယ် ကောင်းကောင်းပြောလို့မရဘူးဆိုရင် မဒီဒီက ကျွေးမယ် နင့်လိုမျိုး…..ကိုမကြိုက်ဘူးပေါ့ ဝေးတယ်………………

Talky အဆန်းတွေပြော ငါ့ကိုလာမချုပ်ကြပါနဲ့…..အေး ရိုးပါတယ် ဒီထက်ပိုဆိုးလာမယ် ရှေ့ဆက်ပြီးတိုးလာရင် အာရုံနောတ်တဲ့အမှုနဲ့ မျက်နှာကို ဖြက်ထိုးမှာပဲ….


ဘယ်တော့မှမခွဲကြေး

 သူ မျက်စိရှေ့က လူသုံးယောက်ကို ပြန်ကြည့်လိုက်သည်။ သူများအကြည့်မှားသလားလို့။ မမှားပါ။ သူ့ထက်အသက်အနည်းငယ်တော့ ငယ်နိုင်သော ကောင်မလေးနှစ်ယောက်၊ ကောင်လေးတစ်ယောက်။ ကောင်မလေးတစ်ယောက်က စုံတွဲတစ်တွဲကြားကန့်လန့်ပါလာဟန်။ သူမလေးကြည့်ရတာ ကြည်ကြည်ရွှင်ရွှင်ပါပဲ။ သူ့မျက်လုံးထဲမှာတော့ ကောင်မလေးကိုကြည့်ရတာ နာကျင်ရိပ်အနည်းငယ် စွန်းထင်းနေသည်ဟု ခံစားရသည်။ သူမလေးတစ်ချက်ပြုံးတိုင်း သူမလေးနာကျင်နေသည်ဟုခံစားရသော သူ့ ရင်မှာပါ ကျင်ခနဲဖြစ်ဖြစ်သွားတာ ဘာ့ကြောင့်ပါလိမ့်…..ဟု မစဉ်းစားမိခဲ့။ သူနှင့်တစ်ခါမှ ကြုံဖူးခြင်း၊ ဆုံဖူးခြင်းမရှိပါပဲ ကောင်မလေးအတွက်ခံစားနေရသော သူ့နှလုံးသားကို အဖြေမထုတ်တော့ပဲ လဖက်ရည်ဆိုင်ကနေထထွက်လာခဲ့သည်။
…………………………………………………….
ကောင်မလေးနှစ်ဦးနှင့် ကောင်လေးတစ်ဦးကတော့ လဖက်ရည်ဆိုင်တွင် ထိုင်နေဆဲ။ ပြုံးပြုံးရွှင်ရွှင်ပျော်ပျော်ရွှင်ရွှင် ဟု ထင်ရသလိုလိုနှင့် ကောင်မလေးတစ်ယောက်၏ ရင်တွင်းကြေကွဲမှုကို တစ်စုံတစ်ယောက်ကလွဲ၍ မည်သူမျှ မမြင်ခဲ့ပါ။ ထိုကောင်မလေးကလည်း သူမ၏ခံစားချက်ကို လုံအောင်ဖုံးနိုင်ပြီထင်ခဲ့သည်။ သို့သော် တစ်စုံတစ်ဦးကတော့ သူမနှင့်ထပ်တူ နာကျင်သွားခဲ့ကြောင်း သူမမသိခဲ့ပါ။
…………………………………………………….

မျှော်လင့်ရသော...ဆုံစည်းခွင့်

ကောင်မလေး မျှော်နေတာ တော်တော်ကြာပြီ။ ဒီတစ်ခါ Dave ဆိုတဲ့ကောင်လေး ဘလော့ဂ်မတင်တာကြာလိုက်တာ။ သူဘလော့ဂ်ရေးဖို့ စိတ်မပါသေးဘူး ထင်ပါတယ်….ဟု တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ ကောင်လေးရယ် အသည်းကွဲတယ်ဆိုတာ ကြာရှည်ခံစားဖို့ မကောင်းပါဘူး။ အိပ်မက်ကနေ မြန်မြန်နိုးထပါတော့နော်။

…………………………………

ကောင်လေးကို စတွေ့မိတာက သူမဝင်နေကျ ဆိုဒ်တစ်ခုမှာ။ Home page ကိုကြည့်ရင်း သူမကိုဆွဲဆောင်သွားတာက ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေး။ မရည်ရွယ်ပါပဲ ပုံပိုင်ရှင် လေးရဲ့ စာမျက်နှာကို နှိပ်လိုက်မိခဲ့သည်ရယ်လေ။ အို….ချစ်ဖို့ကောင်းလိုက်တာ။ ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးနှင့် ပုံစံအမျိုးမျိုးလုပ်ပြီး တင်ထားတာများ။ အာဝဇ္ဇန်းတော့ တော်တော် ရွှင်ဟန်ထင့်။ သူရေးတဲ့ comment လေးတွေကနေ သူ့ဟာသလေးတွေကို မြင်နေရသည်။ အသက်ကြည့်မိလိုက်တော့ ၁၉ နှစ်တဲ့။ သြော် ကလေးလေးပဲလို့။

နောက်ပိုင်း ထိုဆိုဒ်ထဲဝင်တိုင်း ကောင်လေးရဲ့ စာမျက်နှာကို အမြဲလိုလို ဝင်ဖြစ်ခဲ့သည်ရယ်လေ။ ကောင်လေးက တစ်ခါတစ်ရံလည်း ကဗျာရေး တင်တတ်သည်။ ကောင်လေး ရေးတင်လျှင်လည်း ဟာသချည်းသာ။ ကောင်လေးရေးတဲ့ စာလေးတွေ၊ ဘလော့ဂ်လေးတွေ လိုက်ဖတ်ရင်း ကောင်မလေးမှာ အမြဲ ပျော်ရွှင်ရစမြဲ။ တစ်ခါတစ်ခါကျတော့လည်း အတည်ပေါက်နှင့် ဘလောဂ်ဆောင်းပါးရှည်တွေ ရေးတတ်သည်။ သို့သော် သူရေးသည်က စာရေးဆရာ အကြည်တော်နှင့် နင်လားငါလား။


ချစ်ခြင်းမေတ္တာ

ပါးရိုးလေးထက် မသိမသာမထင်မရှား လခြမ်းပုံလက်သည်းခွံလောက် အမာရွတ်လေး ရှိနေတဲ့ ထိုမိန်းခလေး လှလား မလှလား သူမသိပါ။ သူ့အကြည့်တို့ကတော့ လခြမ်းလေးအောက်မှ ရုန်းမထွက်နီုင်ခဲ့။ ထိုမိန်းခလေးကတော့ ကားမှန်ပြတင်းအပြင်ကိုသာ သည်းသည်းမည်းမည်းကြည့်လို့။ ကျပ်ပိတ်သိပ်နေတဲ့ကားထဲ ဟိုလှည့်ဒီလှည့်နေရာချောင်အောင်လုပ်ရင်း ဘေးနားမှ မိန်းခလေး၏ အမာရွတ်လေးက သူ့စိတ်တို့ကို ညှို့ယူသွားခြင်းပင်။ အသားဝါဝါထက် ထိုအမာရွတ်လေးက မသိသာသော်လည်း သေချာကြည့်လျှင်တော့ မြင်ရသည်သာ။ သူထင်ပါသည်။ မြင်ရသူတိုင်းလည်း ဘာ့ကြောင့် ဆိုတာတွေးဖို့ထက် သူ့လိုပင် ထိုအမာရွတ်လေး၏ ဆွဲငင်မှုအောက် ရောက်သွားမည်ရယ်လို့..။

ဝဲဖက်ရင်အုံကို လက်ဖြင့် တစ်ချက်ဖိလိုက်မိသည်။ ဒီအမာရွတ်လေးက ဒီလောက်တောင်စွမ်းဆောင်နိုင်သလား။ ထိန်းရခက်တဲ့ ခံစားချက်တစ်ချို့ ဝဲဖက်ရင်အုံမှာ ဖြစ်ပေါ်လို့။ ဖိထားတဲ့ လက်ရဲ့အသိမှာ နှလုံးခုန်သံက တစ်ဒိန်းဒိန်းနှင့်။ ဒီအမာရွတ်လေးကိုကြည့်ရင်း ဘယ်ကဘယ်လိုစဖြစ်သွားတာလဲ သူမသိ။ ဒီခံစားချက်၊ ဝဲဖက်ရင်အုံက အောင့်သလိုမအောင့်သလိုခံစားချက်ကို သူမခံစားချင်ပါ။ ပျောက်ကွယ်သွားမှာလည်းစိုးနေသည်။ အချစ်လို့တော့ဖြင့် မထင်ချင်။ ခုမြင်ခုတွေ့အချစ်ကို သူမနှစ်သက်။ နံပါတ်ရှိပြီးသားမှန်းမသိပဲ ခံစားနေမိမှဖြင့် နှလုံးသားလေး သနားစရာ။

၁၈ကွေ့ ဆင်းမဲ့သူတွေ ထွက်ထားကြပါ…..စပယ်ယာ၏ တစ်စာစာအော်သံက ငှက်ဆိုးထိုးသံဆိုတဲ့ အသံဖြစ်မည်ထင့်။ အဘယ့်ကြောင့်ဆိုသော် အမာရွတ်လေး နေရာပြောင်းချေပြီ။ ကားတံခါးရှိရာဆီသို့။ သူ့ခြေလှမ်းတို့လည်း ထပ်ချပ်မကွာ လိုက်သွားမိသည်လေ။

အချစ်ဆိုတာ ထူးဆန်းသလား သူမသိဘူး။ လက်ရှိလောလောဆယ်တော့ ဘာမှန်းမသိတဲ့ ညှို့ငင်မှုတစ်ခုအောက်မှာ သူဟာ လိုလိုလားလားကျရှုံးလို့…….အိမ်ပြန်ဖို့တောင် မှတ်တိုင်မပျောက်ပေမဲ့ မှတ်တိုင်ဆီ ခြေဦးမလှည့်မိသေးတဲ့အဖြစ်။

အမာရွတ်ကလေးကတော့ဖြင့် သူ့အိမ်ထဲဝင်သွားတာ အတော်ကြာပြီ။ သူလည်း အမာရွတ်လေးတို့ အိမ်နားကလဖက်ရည်ဆိုင်မှာ ထိုင်နေမိတာ အတော်ကြာပြီ။ အိမ်ထဲမဝင်ခင် သူ့ကိုမျက်စောင်းထိုးသွားလေရဲ့။ အဲဒီမျက်စောင်းလေးကြောင့်ပဲ မှတ်တိုင်ဆီသွားဖို့ရာ ခြေလှမ်းတို့ အင်အားမဲ့သွားတယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ပြန်ရမည်မို့ စားပွဲထိုးလေးခေါ်ကာ ငွေရှင်းလိုက်သည်။ အမေက သူပြန်မလာမချင်း စောင့်နေမည်လေ။ သူမလာမချင်း ထမင်းစားမှာမဟုက်။

…………………………………………………………………………………………………………..............................................


ဆိတ်ကွယ်ရာ

(၁)
ကောင်လေးတစ်ယောက် လက်က ခဲတံကိုကျွမ်းကျင်စွာကိုင်၍ ခဲပန်းချီရေးခြစ်နေသည်မှာ တစ်ကယ့် ပန်းချီအကျော်အမော်တစ်ဦးသဖွယ်။ ပန်းချီအကျော်အမော်တွေ၏ နာမည်ကျော်ကြားသော ပန်းချီကားချပ်တွေကို ထိုကောင်လေး မမြင်ဖူး၊ မသိဖူးပါ။ သို့သော်..ကောင်လေးက မွေးကတည်းက ပုံစဆွဲတတ်ခဲ့သူမဟုက်ပေမဲ့ ကျောင်းစနေသည့်အရွယ်ကတည်းက ဘေးပတ်ပတ်လည်ကို ငေးကြည့်ရင်း အိမ်ပြန်ရောက်ချိန်တိုင်း စာအုပ်လေးတစ်အုပ်ပေါ်မှာ စာသားမပါသော ရုပ်ပုံလေးတို့ဖြင့် မှတ်တမ်းတင်တတ်သူ။ ပန်းချီဆိုသည်ကို ပညာရပ်တစ်ခုအဖြစ် ကောင်လေးမသင်ဖူးခဲ့ပါ။ သင်နိုင်လောက်အောင်လည်း ဓနအင်အားမရှိပါ။ လက်ရှိကျင်လည်နေသည့် လူမှုပတ်ဝန်းကျင်တွင် သူသည် သာမန် ကွမ်းယာရောင်းသမားလေးတစ်ဦးသာ ဖြစ်ပါသည်။
…………

စာတစ်ကြောင်းနောက် ဥယျာဉ်မှုးတို့သို့ အလွမ်းကောက်ကြောင်းငယ်

ကောင်လေးတစ်ယောက် လဖက်ရည်ဆိုင်ထိုင်နေသည်။ (ဝါ) လဖက်ရည်ဆိုင်တွင် ကောင်လေးတစ်ယောက်ထိုင်နေသည်။
ကောင်လေးတစ်ယောက်- ပြုလုပ်သူ

လဖက်ရည်ဆိုင်- ပြုလုပ်ခြင်းခံရသူ

ထိုင်နေသည်။-ကြိယာ

ဒီသုံးခုပဲပေါင်းပြီး ဝါကျလေးတစ်ခု ဖွဲ့ကြခြင်းသာ။ ဒါကိုပင် လဖက်ရည်ဆိုင်ထိုင်နေသော ကောင်လေးတစ်ယောက်- ဟု ဖွဲ့လို့ရပြန်ပါသည်။

အမှန်က မဂ္ဂဇင်းစာအုပ်ဖတ်မလို့ပါ။ လက်ကလှန်လိုက်မိသည့် စာမျက်နှာ၏ အစက ကောင်လေးတစ်ယောက်လဖက်ရည်ဆိုင်ထိုင်နေသည် ဟု အစချီထားသည်ကို တွေ့ပြီး အတွေးပွားနေခြင်းသာ။

…………..

ကျွန်မ ရေနံချောင်း ဆိုတဲ့ အညာမြို့လေးကနေ ရန်ကုန်ကိုရောက်လာတော့ ဒီမှာ ကျောင်းတတ်ရတာ ခုနှစ်တန်းကနေစတက်ရသည်။ အသက်ကတော့ တစ်ဆယ့်သုံးနှစ်ပေါ့။ အဲဒီမှာစတွေ့တော့တာပဲ။ အညာမှာ ကိုယ့်ဆရာ၊ဆရာမတွေနှင့်သင်ခဲ့ရတဲ့ အရိုးစွဲကြီးက

Is,am.are,was.were,be,been,being ထုံးစံအတိုင်း အလွတ်ကျက်။ အမှန်ဆိုလျှင်တော့ ထိုစဉ်တုန်းက verb to be ဟုကို အလွယ်မကျက်တတ်သေး။ ကျွန်မက နည်းနည်းတော့ ရိုးအပါသည်။ ဘယ်လောက်ထိ ရိုးအလဲဆို ရန်ကုန်ရောက်ပြီးစက မြို့ထဲသွားတာ ညီအစ်မနှစ်ယောက်။ ဘေးနားက လူကြီးက အစ်မနားအရမ်းတိုးသည် ဟုထင်ကာ အပ်ချိတ်နှင့်တွယ်ချခဲ့ဖူးသည်။ တစ်ဖက်ကလူကြီးမှာ မအော်ရဲမဟစ်ရဲ။ ကားတွေကျပ်ပိတ်သိပ်သည်ရယ်လို့ မတွေးမိခဲ့။