Sunday 18 September 2011

ချစ်ခြင်းမေတ္တာ

ပါးရိုးလေးထက် မသိမသာမထင်မရှား လခြမ်းပုံလက်သည်းခွံလောက် အမာရွတ်လေး ရှိနေတဲ့ ထိုမိန်းခလေး လှလား မလှလား သူမသိပါ။ သူ့အကြည့်တို့ကတော့ လခြမ်းလေးအောက်မှ ရုန်းမထွက်နီုင်ခဲ့။ ထိုမိန်းခလေးကတော့ ကားမှန်ပြတင်းအပြင်ကိုသာ သည်းသည်းမည်းမည်းကြည့်လို့။ ကျပ်ပိတ်သိပ်နေတဲ့ကားထဲ ဟိုလှည့်ဒီလှည့်နေရာချောင်အောင်လုပ်ရင်း ဘေးနားမှ မိန်းခလေး၏ အမာရွတ်လေးက သူ့စိတ်တို့ကို ညှို့ယူသွားခြင်းပင်။ အသားဝါဝါထက် ထိုအမာရွတ်လေးက မသိသာသော်လည်း သေချာကြည့်လျှင်တော့ မြင်ရသည်သာ။ သူထင်ပါသည်။ မြင်ရသူတိုင်းလည်း ဘာ့ကြောင့် ဆိုတာတွေးဖို့ထက် သူ့လိုပင် ထိုအမာရွတ်လေး၏ ဆွဲငင်မှုအောက် ရောက်သွားမည်ရယ်လို့..။

ဝဲဖက်ရင်အုံကို လက်ဖြင့် တစ်ချက်ဖိလိုက်မိသည်။ ဒီအမာရွတ်လေးက ဒီလောက်တောင်စွမ်းဆောင်နိုင်သလား။ ထိန်းရခက်တဲ့ ခံစားချက်တစ်ချို့ ဝဲဖက်ရင်အုံမှာ ဖြစ်ပေါ်လို့။ ဖိထားတဲ့ လက်ရဲ့အသိမှာ နှလုံးခုန်သံက တစ်ဒိန်းဒိန်းနှင့်။ ဒီအမာရွတ်လေးကိုကြည့်ရင်း ဘယ်ကဘယ်လိုစဖြစ်သွားတာလဲ သူမသိ။ ဒီခံစားချက်၊ ဝဲဖက်ရင်အုံက အောင့်သလိုမအောင့်သလိုခံစားချက်ကို သူမခံစားချင်ပါ။ ပျောက်ကွယ်သွားမှာလည်းစိုးနေသည်။ အချစ်လို့တော့ဖြင့် မထင်ချင်။ ခုမြင်ခုတွေ့အချစ်ကို သူမနှစ်သက်။ နံပါတ်ရှိပြီးသားမှန်းမသိပဲ ခံစားနေမိမှဖြင့် နှလုံးသားလေး သနားစရာ။

၁၈ကွေ့ ဆင်းမဲ့သူတွေ ထွက်ထားကြပါ…..စပယ်ယာ၏ တစ်စာစာအော်သံက ငှက်ဆိုးထိုးသံဆိုတဲ့ အသံဖြစ်မည်ထင့်။ အဘယ့်ကြောင့်ဆိုသော် အမာရွတ်လေး နေရာပြောင်းချေပြီ။ ကားတံခါးရှိရာဆီသို့။ သူ့ခြေလှမ်းတို့လည်း ထပ်ချပ်မကွာ လိုက်သွားမိသည်လေ။

အချစ်ဆိုတာ ထူးဆန်းသလား သူမသိဘူး။ လက်ရှိလောလောဆယ်တော့ ဘာမှန်းမသိတဲ့ ညှို့ငင်မှုတစ်ခုအောက်မှာ သူဟာ လိုလိုလားလားကျရှုံးလို့…….အိမ်ပြန်ဖို့တောင် မှတ်တိုင်မပျောက်ပေမဲ့ မှတ်တိုင်ဆီ ခြေဦးမလှည့်မိသေးတဲ့အဖြစ်။

အမာရွတ်ကလေးကတော့ဖြင့် သူ့အိမ်ထဲဝင်သွားတာ အတော်ကြာပြီ။ သူလည်း အမာရွတ်လေးတို့ အိမ်နားကလဖက်ရည်ဆိုင်မှာ ထိုင်နေမိတာ အတော်ကြာပြီ။ အိမ်ထဲမဝင်ခင် သူ့ကိုမျက်စောင်းထိုးသွားလေရဲ့။ အဲဒီမျက်စောင်းလေးကြောင့်ပဲ မှတ်တိုင်ဆီသွားဖို့ရာ ခြေလှမ်းတို့ အင်အားမဲ့သွားတယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ပြန်ရမည်မို့ စားပွဲထိုးလေးခေါ်ကာ ငွေရှင်းလိုက်သည်။ အမေက သူပြန်မလာမချင်း စောင့်နေမည်လေ။ သူမလာမချင်း ထမင်းစားမှာမဟုက်။

…………………………………………………………………………………………………………..............................................


မလျှောက်ချင်ပါပဲ လျှောက်နေရတဲ့ လမ်းတစ်ခုပေါ် ချိုသည်၊ ခါးသည် မဝေဖန်ဖြစ်တော့တာလည်း ကြာပါပြီ။ အသွားမတော်လို့ ခြေချော်ခဲ့ရတဲ့ လမ်းပေါ်မှာ ရုန်းထွက်ဖို့ကြိုးစားတိုင်း မောင်ငယ်နှစ်ယောက်ရဲ့ ကျောင်းစားရိတ်ကို စဉ်းစားရင်းနဲ့ပဲ လက်တွေ့ မဖြစ်မြောတ်တာလည်း များနေပြီ။

သူမ ကို ဒီလမ်းပေါ် ဆွဲသွင်းခဲ့သူ ကိုအောင်ဇော်။ သူမ သီချင်းဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်။ ထိုလူကတော့ အဆီတစ်ထပ်အသားတစ်ထပ်နဲ့ ဇိမ်တွေယစ်လို့ သူမ မလိုချင်တဲ့ မယားငယ် ဆိုတဲ့ ဘွဲ့ကိုပေးပြီး သူမရဲ့ အသွေးအသားတွေ ခဏခဏ ဝါးမြိုလို့။

ကနဦးငရဲညတုန်းကတော့ ဒီလူကြီးကို သတ်ပြီး သူမကိုယ်သူမ သတ်သေမယ်ပေါ့။ ဒီချိန် …….မချို ဖုန်းလာတယ်………….ဆိုလို့ကောက်ကိုင်လိုက်မိတာ မောင်ငယ်လေး…ချစ်လှစွာသော မောင်အငယ်ဆုံးလေးက ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့ အောင်သတဲ့လေ။ ရင်ထဲမှာ အပျော်တွေ ဖြစ်ထွန်းပြီးမှ ကုတင်ပေါ်က လူယုတ်မာကိုကြည့်မိတော့ အသည်းခိုက်မတက်မုန်းမိပါရဲ့။ ဒါပေမဲ့လည်း သူပေးတဲ့ ဘွဲ့ကို သူ ယူလိုက်ရင် သူမရဲ့ မောင်ငယ်လေးကို အင်ဂျင်နီယာဖြစ်အောင် သူမထားနိုင်ပြီ။ ဒီအတွေးက အရာရာကို အနိုင်ယူသွားတာ ဘယ်သူသိနိုင်မလဲ။ သီချင်းအတူဆိုနေကျ သူငယ်ချင်းခေါ်နိုင်မလား…အသိခေါ်နိုင်မလား မသိတဲ့သူတွေရဲ့ အတင်းအဖျင်းစကားတွေကိ သူမ ခေါင်းငုံ့ခံခဲ့တယ်။

ဘဝဆိုတာ အပြင်ပန်းကကြည့်ရုံနဲ့ လှပြီ ထင်နေတဲ့သူတွေကို သူမ ဘာများ ပြောပြနိုင်မှာလဲ။ နေ့တိုင်းကြုံနေရတဲ့ ငရဲနေ့တွေ….ဗုဒ္ဒဘာသာဝင်ပီပီ ဒုသနသော ထိုက်တယ်ဆိုတဲ့ စိုးရွံ့မှုတွေ။ ဘယ်သူသိနိုင်မှာလဲ။

ဒီနေ့တော့ မိသားစုစုံညီတွေ့ဆုံပွဲလေးရှိတယ်….ဆိုတဲ့ အသိက ရင်မှာနွေးထွေးလို့။ မရရအောင်ခွင့်တောင်းပြီး အိမ်ပြန်ခဲ့တယ်။ အင်ဂျင်နီယာလောင်း မောင်ငယ်လေးရယ်…ဆယ်တန်းနှစ်ကျ မောင်လေးရယ် …အမေ ရယ် သူမပြန်အလာကို ကြိုနေမယ်ထင်ပါရဲ့။

အငှားကားစောင့်တာ ကြာလွန်းလို့ ဘက်(စ်)ကားပေါ်တတ်မိပါတယ်။ ကျပ်လိုက်တာ ငါးပိသိပ် ငါးချဉ်သိပ်။ ဒီကြားထဲ ဘေးကလူကလည်း ဘာတွေများမြင်နေလည်းမသိ။ သူမမျက်နှာကိုချည်း ငေးကြည့်နေတာ အနေရခက်လှပါသည်လေ။

ကားပေါ်ကဆင်းကတည်းက ဟိုလူပါလာမှန်း သူမ သိသည်။ အိမ်ရှေ့ရောက်တော့ စိတ်ကတော်တော်လေး ကသိကအောက် ဖြစ်နေသဖြင့် မျက်စောင်းကို ထိုးမိလိုက်သည်။ အဲ…..သတ်သတ်ကြောင်တတ်တဲ့သူတော့ မဟုက်လောက်ဘူး ထင်သည်။ ရုပ်ရည်က ရိုးသားရည်မွန်သူ ရုပ်မျိုး။ ဒါဆိုဘာ့ကြောင့်များ…

မတွေးနဲ့….ငါ့အနေအထားက တွေးစရာ မဟုက်ဘူး။

အိမ်ထဲသို ဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ အရာအားလုံးထားခဲ့စမ်း..။ ငါ့ကိုကြိုဆိုနေတဲ့ မိသားစုဝင်တွေရှေ့…ငါ့အချစ်ဆုံး မိသားစုဝင်တွေရှေ့ ငါ ပြုံးပျော်နေတယ်။ ပျော်ရွှင်ချမ်းမြေ့သူ အဖြစ်နဲ့။

………………………………………………………………………………………………………………………………

သူ အမာရွတ်လေးကို စောင့်နေတာ  နှစ်လကျော်သွားပြီ။ မတွေ့တော့။ ထိုနားမှာနေတဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ အဆောင်မှာ နေတာ..တဲ့။ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာဆိုပဲ။ သူ့မောင်နှစ်ယောက်ကိုလည်း သူပဲကျောင်းထားပေးတာ….တဲ့။ ရတဲ့လခကို စုပြီး သူမ၏မိသားစုကို စတိုးဆိုင်ငယ်လေးထောင်ထားပေးသေးသတဲ့ပ။ တော်လိုက်တာ..လို့။ တစ်ကယ်တော်ပါတယ်။ သူက အမေတစ်ခုသားတစ်ခုဘဝမှာ သူ့အမေကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်တာဆိုလို့ အမေနှင့် အတူတူ ထမင်းလက်ဆုံစားပေးသည်။ အမေ ကျေနပ်အောင် သားတစ်ယောက်ပီသစွာ ချွဲနွဲ့ပြရုံကလွဲလို့ တစ်ခါတစ်ရံ လစဉ်အသုံးနည်းသွားလျှင် အမေ့ဆီက လက်ဖြန့်ရသေးသည်သာ။ ပင်စင်ငွေ တစ်လ လေးသောင်းခွဲကို ဘယ်လိုများသုံးသည်မသိ။ သူလက်ဖြန့်တိုင်း အမေ့မှာ ပေးဖို့ရှိသည်။ အမာရွတ်ကလေးနှင့် ယှဉ်ကြည့်မိပြန်တော့ ကိုယ့်ကိုယ်ကို အားငယ်ရပြန်ရော

………….

ကောင်ချောလေး လဖက်ရည်ဆိုင်ကနေ ထွက်မသွားသေး။ ပြတင်းပေါက်ကနေကြည့်ပြီး သူမ သက်ပြင်းတစ်ချက်ချမိသည်။ သူမ သူငယ်ချင်း ခိုင်ခိုင်ပြောတာကတော့ …ငါ့ရည်းစား သူငယ်ချင်းက နင့်ကိုတွေ့ချင်လို့ လဖက်ရည်ဆိုင်မှာ အမြဲစောင့်နေတယ်နော့….တဲ့။ သူမ ခိုင်ခိုင်နှင့် ဖုန်းပြောဖြစ်တုန်းက မယုံခဲ့။ သူမ ကို တမင်စသည်..ရယ်လို့သာ တွေးခဲ့မိတာ။ ဒီနေ့ အမေ နေမကောင်းဘူး ဆိုလို့ပြန်လာတုန်း ကောင်ချောလေး လဖက်ရည်ဆိုင်ကို လာတာ တွေ့ရခြင်းပင်။ ခိုင်ခိုင်ပြောတာ သူဟု မထင်မိသေးခင်ပင် သူရွေးလိုက်သည့်နေရာက သူမတို့အိမ်ကို မြင်ရန်လမ်းကြောင်းရှင်းသည့် စားပွဲ။

သူ ဟုသေချာသွားသည်က အမေ့ကို သတင်းမေးလာသော ခိုင်က ညွှန်ပြသွား၍ပင်။

အမေတစ်ခုသားတစ်ခုဘဝမို့ နင်သူနဲ့ လက်ထပ်ရင် စိတ်ချမ်းမြေ့မယ်…….တဲ့လား

လစာကလည်းနင်တို့နှစ်ယောက်ပေါင်း နှစ်သိန်းကျော်ဆိုတော့ ပိုလျှံမယ်….တဲ့လား

ခိုင် ရယ်။…သူငယ်ချင်းရယ်…နင်မှ မသိတာဟယ်……ရွေးချယ်ခွင့်မရှိတဲ့ ငါ့ဘဝ ကို ရိုးသားသူလက်ထဲ ပန်းအကြွေကို မအပ်နှင်းရက်ပါဘူး……

သူပြန်တာနဲ့ ငါလည်းပြန်ဖို့ စဉ်းစားပြီးသား။ နောက်တစ်ခါ ငါ့မိသားစုဝင်နဲ့တွေ့ဖို့ဆို သူမရှိတဲ့အချိန် လာမယ်လို့ ဆုံးဖြတ်ချက်က ခိုင်မာနေပြီးသား……….

…………………………………………………………………………………………………………………………………

ချိုချိုက ပြောတယ် မင်း သူ့ကို မချစ်ပါနဲ့တဲ့…သူက ချစ်ဖို့ မသင့်တဲ့သူမို့ပါ..တဲ့

ထိုစကားကို နားထောင်နေသူကောင်လေးက ပြန်မေးလိုက်သည်။

ငါ သူ့ကို တစ်ကယ် ချစ်တာပါ…လို့ မပြောလိုက်ဘူးလားကွာ..မင်းရည်းစား ခိုင်ခိုင်က........

ငါပြောမယ်ကွာ…..မင်း အခုအချိန်မှာ အချစ်ဝင်လို့ ပိုင်ဆိုင်ချင်နေပေမဲ့ တစ်ကယ်တမ်း လူ့သဘာဝအရ ကဲ့ရဲ့တာတွေ ကြုံလာရင် မင်းခံနိုင်ရည် ရှိမှာမဟုက်ဘူး….မင်းအမေလည်း မင်းဒီမိန်းခလေးကို လက်ထပ်ဖို့ ခွင့်တောင်းခဲ့တာသိရင် ရင်ကျိုးသွားနိုင်တယ်……



ကောင်လေးမျက်ဝန်းထဲ အတိတ်တစ်ချို့ ဖြက်ပြေးသွားသည်။

…….

ထိုစဉ်တုန်းက ကောင်လေးလည်း မသိပါ။ သူစွဲလန်းခဲ့ရတဲ့ မိန်းခလေးရဲ့ အလုပ်အကိုင်ကို။ မမျှော်လင့်ပဲ တိုက်ဆိုင်စွာသိခဲ့ရသည်က သူငယ်ချင်းတစ်ယောက် သင်္ဘောတတ်မဲ့အထိမ်းအမှတ်ဖြင့် ဝိုင်းဖွဲ့သည့်ည။ စားသောက်ဆိုင်တွင်း ဆူညံမှု ရမ္မက်ထန်မှုတို့ပြည့်နှက်နေချိန်ဝယ် အားလုံးကို ညှို့ယူသွားသည်က သာယာအေးမြသောအသံလေးဖြင့် စင်မြင့်ထက်ကလမင်းလေး။ စိတ်ဝင်တစားဖြင့် အသေအချာကြည့်မိကာမှ အလန့်တကြားထခုန်မိမတက်။ ပျောက်နေတာကြာပြီဖြစ်သော ကောင်လေးရဲ့ အမာရွက်လေး။ ဒီလိုနှင့် ခင်မင်ခြင်းတွေ ပျိုးခဲ့သည်။ ရင်နာနာနှင့် ဘဝကကြိုးအချို့ သိခွင့်ရခဲ့သည်။

နေမြင့်လေအရူးရင့်လေ အခေါ်ခံရလည်း ကောင်လေးကျေနပ်ပါသည်။ တရားဝင်မဟုက်တဲ့ လက်ထပ်ခြင်းတစ်ခုကနေ ကောင်မလေးသာရုန်းထွက်ခဲ့ပါ။ ကောင်လေးကြိုနေမည်ဟု ရဲရဲဝံ့ဝံ့ကြီး ပြောခဲ့ပါသည်။……..သို့သော်………..

……………

ကောင်မလေးရင်ထဲ မီးတို့တောက်လောင်နေသည်လား……ကောင်မလေး မသိ။ သေချာသည်ကတော့ ကြေကွဲနေပါသည်။ ဝမ်းနည်းနေပါသည်။ ကိုယ်တစ်ကယ်ချစ်ရတဲ့ချစ်သူအပေါ် ကိုယ့်ရဲ့ မလက်ဆက်တော့တဲ့ ခန္ဓာကိုယ်ကို မပေးချင်သလို မိသားစုရဲ့ လိုအပ်ချက်အရ သူမ ဒီနေရာမှာ ဆက်ရှိနေရပါဦးမည်။။။

မနေ့ကပင် မောင်လေး ဖုန်းဆက်သေးသည်။ ကျောင်းဝင်ကြေးနှင့် ယူနီဖောင်း ဝယ်ရန်။

ဆယ်တန်းပြန်ဖြေမည့်သူအတွက်လည်း တစ်လတစ်လ ကျူရှင်ကြေးတွေမနည်းလှ။ အမေ့လေးဖက်နာကလည်း ဆေးစားဆေးထိုးနှင့် သက်သာလာသော်လည်း ငွေကြေးကုန်ကျမှုတို့ကတော့ ဆက်ရန် ဆိုသည့်သဘောပြသနေသေးသည်လေ။

ကောင်ချောလေးရဲ့ ဘဝချိုချိုဟာ ကောင်မလေးနှင့်တွေ့မှ ခါးသွားမည်လား။ ကောင်မလေးကတော့ ကောင်ချောလေးးနှင့် တွေ့ဖြစ်ခဲ့ခြင်းအပေါ် ဝမ်းမနည်းခဲ့ပါ။ သို့သော် ကောင်ချောလေးကိုယ်စား ဝမ်းနည်းမိသည်လေ။

ကောင်မလေး၏ မောင်ငယ်သာ ကောင်ချောလေးလိုမျိုး ကောင်မလေးလို မိန်းခလေးမျိုးအပေါ် နှစ်နှစ်ကာကာဖြစ်မည်ဆိုလျှင်ဖြင့်…..ကောင်မလေး အသက်ချင်းလဲမိမည်ထင်ပါရဲ့။

ကောင်ချောလေးရဲ့ စိတ်ဓါတ်ကို လေးစားပါသည်။ သူမကို …ကောင်မလေးကို လက်ထပ်ချင်ပါတယ် ဆိုတဲ့ ခွင့်တောင်းမှုကို။ တစ်ကယ်တမ်း မပေါင်းစပ်နိုင်မှန်းသိနေသူ ကောင်မလေးအဖို့တော့ ရင်မှာကြည်နူးရသည်လေ။

မဖြစ်နိုင်ဘူး.ဟု ရင်မှာအထပ်ထပ်တွေးတောရင်း ပိတ်လိုက်မိတဲ့ မျက်ဝန်းကြား မျက်ရည်စတစ်ချို့ အန်ထွက်လာသည်။

…………………………………………………………………………………………………………………………...........................

သမီးရယ် အန်တီတောင်းပန်ပါတယ်နော် သမီးဆီကို ခုလိုလာမိတဲ့အတွက်….သားကိုလည်းပြန်မပြောပါနဲ့နော်

မျက်စိရှေ့က ငိုနေတဲ့ အန်တီကြီးကိုကြည့်မိရင်း သူမလည်း ငိုချင်လာပါသည်။ စိတ်ဆိုးလားဆိုလျှင်တော့ မဆိုးပါ။ သူမကိုယ်တိုင်ပင် ကောင်ချောလေးကို နောက်ဆုတ်စေချင်နေတာလေ။ သူမအန်တီကြီးကို ဂတိရဲရဲကြီး ပေးလိုက်ပါသည်လေ။ မိခင်တစ်ယောက်၏ သောက ကို သူမ ကိုယ်ချင်းစာတတ်ပါသည်။ သူမ၏မောင်ငယ်တွေဟာ သူမအတွက်တော့ သားသမီးသဖွယ် ချစ်ခင်မြတ်နိုးရသည်ပဲ။ အန်တီကြီးရဲ့ စိတ်ထဲ ဘယ်လောက်ယူကြုံးမရ ဖြစ်နေမလဲ။ သူမတောင် ကောင်ချောလေးကိုရှောင်နေတာပဲလေ။။ ဒီနေ့တွေ့လျှင်တော့ အပြတ်ပြောရတော့မည်ပေါ့။

…..

သူ မယုံကြည်နိုင်စွာ သူမ..အမာရွတ်လေးရဲ့ မျက်နှာကိုကြည့်မိတော့ သူမ၏မဲ့ပြုံးက အသက်ဝင်နေလေသည်။

နင် ငါ့ကိုချစ်တယ်ဆိုတော့ ငါကလည်းမေးချင်ပါတယ် နင်ဘာများတာဝန်ယူနိုင်တာရှိလဲလို့…ခုချိန်ထိ မိဘဆီကလက်ဖြန့်နေရပြီးတော့များ…သူငယ်ချင်းမို့ မပြောချင်လို့နေတာ…နောက်ဆို ဒီဆိုင်မလာနဲ့တော့ဟာ..နင်ချစ်နေပါတယ်ဆိုတဲ့..ငါလည်း သိပ်မကြာခင် မိခင်တစ်ယောက်အဖြစ်ရောက်တော့မယ်…

ကောင်မလေး..အမာရွတ်လေး၏ အမှည့်ချွေ ချွေနေသော စကားတစ်ချို့က သူ့ရင်ကို ထိရှစွာ……….လှုပ်ခက်စွာ။

ထိုညက သူအိမ်မပြန်ဖြစ်ခဲ့။ သူငယ်ချင်းတစ်ယောက်၏ ကောင်းမှုနှင့် စိတ်ရှိလက်ရှိဝိုင်းဖွဲ့ အရက်ဆိုတဲ့အရာကို သူ မက်မက်မောမော သောက်သုံးဖြစ်ခဲ့သည်လေ။

မနက်မိုးလင်း အိမ်ပြန်အဝတ်အစားလဲတော့ သူ အမေ့မျက်နှာကို မကြည့်ရဲခဲ့ပါ……………..။

…………………………………………………………………………………………………………………………

ဒေါ်မြိုင် ငယ်ငယ်လှလှ ကောင်မလေးကို အမှန်တစ်ကယ်ပင် ကျေးဇူးတင်ပါသည်လေ။ ဘဝပေးမလှခဲ့ပေမဲ့ စေတနာလေးကောင်းတာကြောင့် နောက်နောင်ကျရင် သူဌေးဖြစ်မဲ့ဇာတာပါလို့…သူဌေးအဖြစ် မွေးဖွားလာပါစေလို့..ဆုတောင်းပေးမိသည်။

ဟိုတစ်နေ့က သားငယ်အမူးမပြယ်သေးသည့်ပုံဖြင့် အိမ်ပြန်လာသည်ရယ်။ မနက်ခင်းစောစောစီးစီးကြီး သူမဘာပြောရမည်လဲ။ ဖအေမရှိပဲထိန်းကျောင်းခဲ့ရတဲ့ သားငယ်ရဲ့အထာဟာ သူမအတွက် အလွတ်ကျက်နေစရာမလိုခဲ့။ သားငယ် သူမနှင့် မျက်နှာချင်း မဆိုင်ရဲမှန်းလည်း သိခဲ့သည်သာ။

လူငယ်တွေအတွက် အချစ်ဆိုတာ တစ်ခဏတာတော့ တန်ခိုးရှင်ဖြစ်နေပေဦးမည်..။ အနည်ထိုင်ချိန် မှန်မှန်ကန်ကန် တွေးလာနိုင်မည် ဆိုလျှင်ဖြင့် သားငယ် ကောင်မလေးရဲ့ စေတနာကို နားလည်ပါလိမ့်မည်လေ..။

…..

ကောင်မလေးရဲ့ စေတနာကို ကောင်ချောလေးနားလည်လေမည်လား…

တစ်ခါတစ်ခါကျ သူမတွေးမိပါသည်။ ဒီချိန်ဆို ကောင်ချောလေးလည်း နှလုံးသားလေး ပြန်သစ်လွင်လောက်ပြီ ထင်ပါရဲ့..လို့။

ကံဆိုးကံကောင်း သူမ ကတော့ မပြောနိုင်သေး။ သူမဘဝကို သိမ်းပိုတ်ထားသူက ညည သီချင်းမဆိုပဲ အိမ်မှာသာနေတော့ ဟုဆိုကာအိမ်တစ်လုံးဝယ်ပေးသည်လေ။ ကံကောင်းသည် ဟုလည်းမသတ်မှက်သလို ကံဆိုးသည်ဟုလည်း မပြောချင်တော့ပါ။ မောင်ငယ်တောင် အင်ဂျင်နီယာကြီးဖြစ်ကာနီးချေပြီ။ သူမအကြောင်း ၇ိုးတိုးရိပ်တိတ် ရိပ်မိသွားတဲ့ အမေကတော့ သူမရောက်ချိန်တိုင်း သူမကို ဖတ်၍ဖတ်၍ ငိုသည်လေ။

သူမအတွက်ကတော့ မထူးတဲ့ ပြဇာတ်တစ်ပုဒ်ကို နေ့တိုင်းကနေသူပမာ။

သူမ ညတိုင်း ဘုရားရှိခိုးတိုင်း ဆုတောင်းမိတဲ့ ဆုတောင်းစကားလေးကတော့

ဖြစ်လေရာဘဝတိုင်း ကံငါးပါးစွန်းထင်းသူအဖြစ်မှကင်းဝေးလို့ မိသားစုအပေါ်တာဝန်ကျေသူ ဖြစ်ရပါလို၏…လို့။
...........................
ဘာကိုမှမသိချင်သူ
၁၉ ဇူလိုင် ၂၀၁၁

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်