Friday 28 October 2011

အချစ်တို့ဆုံစည်းမယ့်နေ့(မျှော်နေတယ် valentine day)

အပိုင်း(၁)

မြေနီ လမ်းလေးထက် လမ်းလျှောက်လာနေသည့် ကောင်မလေးနှစ်ယောက်နောက်ဝယ် ကောင်လေးတစ်ယောက် ကပ်ကာ လိုက်ပါနေ၏။ ကြည့်ရသည်မှာ ကောင်မလေးနှစ်ယောက်အနက် တယောက်ကို စိတ်ဝင်စားနေသည်ထင့်။
ထိုကောင်မလေးနှစ်ယောက်ကို ကြည့်ရသည်မှာ ညီအစ်မဖြစ်ဟန်တူသည်။ အရပ်အနည်းငယ်ပုသော ကောင်မလေး၏ မျက်နှာလေးမှာ ကလေးရုပ်လေးပင်မပျောက်သေး။ ခုနှစ်တန်းကျောင်းသူမှန်းသိသာနေသည်က ကျောင်းစိမ်းဝတ်စုံက တံဆိပ်လေး။ ကျန်ကောင်မလေးမှာမူ သူ့ကျောင်းစိမ်းဝတ်စုံမှ တံဆိပ်လေးအရ ကိုးတန်းကျောင်းသူဖြစ်မည်ထင့်။ ထိုကောင်လေး သူမတို့နောက်လိုက်ပါလာသည်ကို သိဟန်တူသော ကိုးတန်းကျောင်းသူလေးသည် ငြူစူဟန်ထက် ချစ်ခင်စွာစနောက်လိုသော သဘောသာရှိသည်။ ခုနှစ်တန်းကျောင်းသူလေးကတော့ မျက်နှာလေးစူပုပ်လို့ နေ၏။
…………
“မောင် မ ကို တကယ်ချစ်လား ဟင်”
“တကယ်ချစ်တာပေါ့..မရဲ့..ဘာလို့အဲ့လိုမေးတာလဟင် တကယ်ဆိုတဲ့စကားလုံး ဘာလို့သုံးတာလဲ မောင့်ကိုမယုံလို့လား”
“ယုံပါတယ်မောင်ရယ်..မေးကြည့်တာပါ”
…………
“ဒီချာတိတ်လေးက ငါပြောသမျှ အကုန်ယုံနေတာဟ”
“မနိုင်ရယ် ဘာလို့ အဲ့လိုလုပ်နေတာလဲ ကိုယ်တကယ်သဘောကျတာလည်းမဟုတ်ပဲနဲ့”
“စလို့ကောင်းလို့ပါ နိုင်းရ ဘာလဲ နင်တို့ က အတန်းတူတယ်ဆိုပြီး သနားနေတာလားဟ မသနားနဲ့ လွှတ်ထားလိုက် သူဘာလို့ စိတ်ကစားလဲ..ဒီအရွယ်လေးနဲ့”
နိုင်း ဆိုသည့် ကောင်မလေးအနည်းငယ် တွေသွားဟန်နှင့်။
……………………
“နင် တော်တော်ရူးတာပဲနော်..မိန်းမတစ်ယောက်ကိုကြိုက်ပြီး အဲ့မိန်းမရဲ့ ဘေးက ပါလာတဲ့ ငါ့ကိုတောင် သတိမထားမိအောင်ကိုရူးတာ”
“ငါ ကလည်း သူ့ကိုပဲ မြင်တာကိုးဟ”
“ခု ကော နင်ငါ့ကိုမှတ်မိလား သူ့ဘေးကပါလာတဲ့သူမှန်း”
“သူ့ကိုတောင် ရေးတေးတေးပဲ..ခုတောင် နင်ပြောမှ ငါမှတ်မိတာ”
ကောင်လေး ပြောစကားကြောင့် ကောင်မလေး ရယ်လိုက်သည်။
“အဲ့ဒါ ငါ့အစ်မဝမ်းကွဲလေ မေမိုးနိုင် တဲ့..ခုတော့ ပြောင်းသွားပါပြီ”
“သြော်..ငါလည်း အဲ့ဒီအချိန်တုန်းကတော့ ရူးခဲ့တာပဲ ခုတော့နာမည်တွေလည်းမေ့ကုန်ပါပြီဟာ”
“အသက်ငယ်ငယ်လေးပဲရှိသေး.နင် တော်တော်ကဲတာပဲနော်”
ကောင်မလေး ပြောစကားကြောင့် ကောင်လေးမျက်နှာ အနီရောင်သမ်းသွားချေသည်။
ကောင်မလေးမျက်နှာအား မဝံ့မရဲကြည့်ရင်း ကောင်လေးပြောလိုက်သည်က
“စိတ်ကစားရုံပါဟာ..အခုတော့ တကယ်ချစ်တတ်ပါပြီ”
မကြားသယောင်ပြုနေသော ကောင်မလေး တစုံတခုကို ငေးနေလေဟန်နှင့်။
“ဟော..ဟိုမှာ သော်ဇင်နဲ့ နွယ်နီတောင် လာပြီ… ဖြိုးအောင်ရေ လာဟာ အတန်းမစခင် တနေရာရာသွားပြီး လေးယောက်သား စာစုကျက်ရအောင် ဆယ်တန်းဆိုတာ နတ်ကြီးတယ်တဲ့ ကိုယ်ကိုယ်တိုင် စာတွေပိုင်နေမှရမှာ”
”အမယ်လေးဟာ..ငါက နိုင်းမ ဆိုတာ ငါ့သူငယ်ချင်းမှတ်နေတာ လက်စသတ်တော့ ဆရာမထက်မိဘထက်တောင်ဆိုးတဲ့ စာချည်းကျက်ခိုင်းနေတဲ့ ဂိုက်ကိုးဟ”
ဖြိုးအောင်စကားကြောင့် အနားရောက်လာသည့် သော်ဇင်နှင့် နွယ်နီပါ နိုင်းမ နှင့်အတူ ရယ်ဖြစ်မိသွားတော့သည်။
……………………………………………………………………………………….
အပိုင်း(၂)

သူထင်ခဲ့မိသည်က မတွေ့တာကြာတော့ သံယောဇဉ်တွေ အေးခဲနေမည် လို့။
အခုတော့ ထင်ခဲ့သမျှ အရာအားလုံးမှားယွင်းခဲ့သည်ပဲ။ ပုန်းအောင်းနေသည့် ချစ်ခြင်းသံစဉ်တွေပေါ်ထွန်းလာသည်မှာ ကိုယ့်ကိုယ်ကို ပင် ထိန်းမနိုင်တော့တဲ့အထိ။ နိုင်း အပြုံးလေးတွေ ပြန်တွေးတိုင်း ဒီချိန်ထိ ရင်ထဲနွေးထွေးဆဲ။ ဒါဆို ဘာ့ကြောင့်များ ဒီလေးနှစ်အတွင်း နိုင်း ဆီသွားဖို့ သူတွန့်ဆုတ်ခဲ့ရတာပါလဲ။
တချိန်ကလို အရှောင်ဖယ်ခံရမှာ ကြောက်နေ၍ပဲ ဇွတ်အတင်းမေ့ခဲ့မိရင်း ရင်ထဲ ပုန်းလျှိုးသွားသည်ထင်ပါရဲ့။
တချိန်က…………ဆိုသည့်ဒဏ်ရာ ခုထိ သူ့ရင်ထဲမယ် နက်ရှိုင်းဆဲ။ သို့ပေမဲ့လည်း နိုင်း အပေါ် သံယောဇဉ်တွေ ရစ်ပတ်နေဆဲ။……….
သူ ဘယ်လိုလုပ်ရမလဲ…..
……………………………………………..
ရူပဗေဒဆောင်ပေါ်ဝယ် သူနှင့် နိုင်းကို မသိမသာလေး အကဲခတ်နေသည့် သူ့ အတွင်းသိအစင်းသိဘော်ဒါတွေရှိသည်။ သူတို့ကိုယ်တိုင်တွန်းအားပေးသည်လေ။ အချစ်ဆိုတာသေချာရင် အမြန်ဖွင့်ပြောတဲ့။ ဒါမှမဟုတ်ရ် ကြားလူဆွဲတတ်သတဲ့။ သူ ဒီနေ့ နိုင်း ကို ဖွင့်ပြောဖို့ မနည်းသတ္တိမွေးခဲ့သည်ပဲ။
အဆောင် ၃၇ ရူပဗေဒဆောင်ရှေ့ရှိ မြက်ခင်းလေးဝယ် ထိုင်နေသည့် နိုင်း ကတော့ သူ့အတွေးအား မသိသေးသည့်ဟန်နှင့် သူ့ကို လှမ်းကြည့်ရင်း ပြုံးပြလို့။
“နိုင်းရေ..သူငယ်ချင်းစည်းကိုဖောတ်တာမဟုတ်ပါဘူးဟာ..ငါတကယ်ချစ်မိသွားလို့ပါ” အသံတိတ်ပြောမိရင်း နိုင်းမျက်နှာ ကြည်ကြည်စင်စင်လေးကိုကြည့်လိုက်မိပြန်သည်။
သူ ငြင်းခံရရင်ကော။ သူငယ်ချင်းဆိုတဲ့ အဖြစ်လေးတောင် သူမရတော့ရင်ကော။ အတွေးကြောင့် ဖွင့်ပြောဖို့ရာအနည်းငယ်တော့ တွေဝေမိသွားပြန်သည်။
 သော်ဇင်ကော နွယ်နီကော အားပေးသည်ပဲ။ နိုင်း လည်းသူ့ကိုစိတ်ဝင်စားသည်..တဲ့။ ကဲ…သေမြေကြီးရှင်ရွှေထီးပေါ့ကွာ..ဖွင့်ပြောလိုက်တော့မည်။ ဟုတ်သည်လေ။ အချစ်ဆိုတာသေချာနေမှတော့ သူ ဖွင့်ပြောဝံ့ပါသည်။
ကိုယ့်အတွေးးကိုယ်ကျေနပ်ရင်း နိုင်းမျက်နှာလေးအားကြည့်လိုက်သည်။
“နိုင်း ငါ နင့်ကိုပြောစရာရှိတယ်”
တောက်..ဒီလောက် လေ့ကျင့်ထားတာတောင် စိတ်တွေ ဘာ့ကြောင့်လှုပ်ရှားနေရတာလဲ။ သူ့ကိုယ်သူ မကျေမနပ်ဖြစ်မိရင်း နိုင်းအားထပ်မံကြည့်မိတော့ မျက်နှာလေးက နီစွေးလို့နေသည်။ သူပြောမည့်စကားကို နိုင်း မိန်းမသားတို့ရဲ့ ပင်ကိုယ်ဗီဇအရ သိနေနိုင်ပါသည်လေ။
“နိုင်း..ငါ..နင့်ကို”
“ခဏလေး..”
ရုက်တရက် သူ့စကားကိုတားမြစ်လိုက်သည့် နိုင်းကြောင့်  မေးလိုက်မိသည်။
“ဘာပြောမလို့လဲ နိုင်းရ”
“ငါ.. အိမ်ပြန်တော့မယ်… အမေ့ကိုပြောခဲ့တယ်..ဒီနေ့ လက်ချာ ချိန်မတက်ပဲအိမ်စောစောပြန်ခဲ့မယ်လို့..”
ပြောရင်း သူ့စကားကိုပင်မစောင့်ပဲ ပြေးထွက်သွားသော နိုင်း အား နားမလည်နိုင်စွာ။ သူ့ချစ်ခြင်းကို လက်မခံချင်လို့ ထွက်ပြေးသွားလေသလား။
 အနားသို့ရောက်လာသော နွယ်နီနှင့် သော်ဇင်က ဘာဖြစ်သွားတာလဲ ဆိုသည့်အဓိပ္ပါယ်နှင့် မေးဆတ်ကာ အသံတိတ်မေးပြန်သည်။ သူ ဘာများဖြေနိုင်ဦးမည်လဲ။ သူမှ မသိချေပဲ။

“နွယ်နီ..ငါဒီနေ့ နိုင်းကိုဖွင့်ပြောမယ်ဆိုတာ..နင် နိုင်းကို အသိပေးခဲ့သေးလား”
“ရိုးတိုးရိပ်တိတ်လောက်ပဲ စခဲ့တာပါဟာ..ဒီနေ့ နင် ကျောင်းသွားပြီးရင် ရည်းစားတစ်ယောက်တော့ ကောက်ရတော့မယ်လို့ ဒါကလွဲလို့ ငါဘာမှမပြောခဲ့ပါဘူး”
နွယ်နီ့စကားသံအဆုံး သေချာသွားချေပြီ။ နိုင်း သူ့ကို လက်မခံနိုင်တာ။ ဘာ့ကြောင့်လဲ မတွေးချင်တော့ပါ။ သူ ဘာမှားခဲ့လဲ သူမသိ။
သူ့ကိုလည်းချစ်ပါလျက်နှင့် သူ့အချစ်ကို ရှောင်ပြေးသော နိုင်းအားလည်း အပြစ်မဆိုချင်။
…………………

သည်လိုနှင့်ပင်..သူ အဝေးသင် ပြောင်းခဲ့သည်။ သူ့ကို တွေ့လျှင် နိုင်းအနေခက်မည်စိုးသောကြောင့်။
သူငယ်ချင်းလေးယောက်အတူမဆုံတာပင် ကြာချေပြီ။ သော်ဇင်ကတော့သူ့အလုပ်ရှိရာဆီ လာလည်တတ်၍ ဆုံဖြစ်သော်လည်း နွယ်နီနှင့်လည်း မဆုံဖြစ်။ နိုင်းနှင့်လည်း မဆုံဖြစ်သည်မှာကြာချေပြီ။
အခုတော့လည်း သံယောဇဉ်ကြိုးက ခိုင်မြဲတုန်းတဲ့လား။
အရင်လိုပင် နိုင်းမျက်နှာ နုနုလေးကို ငေးကြည့်ချင်လှသည်။ အရင်လိုပင် နိုင်းအနားမှာ ရှိနေချင်လှသည်။
သို့ပေမဲ့ သူ့အတွက်သေချာနေသည်က သူငယ်ချင်းတစ်ယောက်အဖြစ် မနေနိုင်ခြင်းပင်။ ဟုတ်သည်။ သူငယ်ချင်းအဖြစ်မနေနိုင်သလို ဖွင့်လည်း ဖွင့်မပြောရဲ။
သူ ဘာတွေများ မှားခဲ့လည်။ ပြန်ဆန်းစစ်ဖို့တော့ လိုလေပြီထင့်။
အချစ်ဆိုတာသေချာနေမှတော့ ဖွင့်ပြောဖို့ရာ သတ္တိမွေးရပေတော့မည်။ မဆုံးရှုံးရဲတာသေချာမှတော့ လက်ဝယ်ပိုင်ဖို့ ကြိုးစားရမည်လေ။
……………………………………………………………………………………………………………..
အပိုင်း(၃)

မြန်မာစာအထူးပြုကို ဒေးတက်ရင်း ဘွဲ့ရပြီးသည်မှာ နှစ်နှစ်ပင်ကြာမြင့်ခဲ့ချေပြီ။ နိုင်းမ ခုထိအလုပ်မဝင်သေး။ အိမ်ရှိ စာအုပ်အငှားဆိုင်လေးကိုသာ ပိုမိုစုံလင်ကောင်းမွန်လာအောင် တစိုက်မတ်မတ် လုပ်ဆောင်ဖြစ်ခဲ့သည်။ ဝန်ထမ်းလုပ်ဖို့ကို မရွေးချယ်ခဲ့သူ နိုင်းမအားလည်း စာအုပ်ဆိုင်လေးက အရင်ကထက် ဝင်ငွေတိုးလာခြင်ူဖြင့် ဂုဏ်ပြုရှာသည်လေ။

စာအုပ်အငှားဆိုင်လေးနှင့် နိုင်းမ ထပ်တွဲလိုက်သည်က စာအုပ်လေးများအား အမြတ်တနိုး ဝယ်ယူသိမ်းလိုသူတို့အတွက် စာအုပ်အသစ်တွေပါ ရောင်းရန် တင်လိုက်သည်။ နောက်တစ်ခုကတော့ နည်းနည်းတော့ အလုပ်ရှုပ်သော်ငြား သူသည်လည်း ဖောက်သည်တွေ စုံလင်စွာဖြင့်ရှိသည်ပဲ။ နိုင်းမတို့ မြို့နယ်လေးသည် အနည်းငယ်ချောင်ကျ၍ထင့်။ ကွန်ပြူတာ ဆော့ဖ်ဝဲခွေလေးများလိုချင်ပြီဆိုလျှင် မြို့ထဲသို့သာ ပြေးရသည်။
အနီးအနားမြို့နယ်ရှိ City mart တို့လိုနေရာမျိုးတွေမှာလည်း ခွေက မေးလိုက်တိုင်းမရှိသည်သာများ၏။
ခုတော့ နိုင်းမဆိုင်ဝယ် ဆော့ဝဲခွေလေးတွေအား စင်တစ်ခုနှင့် တင်ပေးထားလိုက်သည်လေ။ ဈေးကတော့ ခွေပေါ်မူတည်၍ ငါးရာ၊ တစ်ထောင်ကွာသော်ငြားလည်း သွားရမည့်ခရီးနှင့် အချိန်တွက်ကာ လာဝယ်ကြသည်သာ။
နိုင်းမထံတွင်လည်း အပျော်ဂိမ်းကစားရန်ဝယ်ထားသည့် ကွန်ပြူတာလေးရှိသောကြောင့် ဆော့ဝဲလေးများ စစ်ရန် တကူးတကရှာစရာမလိုတော့။ စာအုပ်ဆိုင် ဝယ်ထိုင်ရင်း ဆော့ဝဲလေးများစစ်ရင်းပေါ့။ တခါတရံ ဂိမ်းခွေလေးတွေစစ်ရင်း ဂိမ်းထဲမျောသွားတတ်သည်မှာ ဆိုင်ရှေ့ဝယ် လူလာသည်ကိုပင်မသိတော့သည်ထိ။
ခုတော့လည်း ဝန်ထမ်းအဖြစ်အလုပ်လုပ်ဖို့ နိုင်းမ စိတ်မကူးမိတော့ပြီ။ ပင်စင်ရထားပြီဖြစ်သည့် မေမေကလည်း နိုင်းမအား ဝန်ထမ်းမဖြစ်စေချင်။ ကုမ္ပဏီတစ်ခု၏ လက်ထောက်မန်နေဂျာတစ်ဦးဖြစ်သူ ဖေဖေကလည်း အားပေးသည်မှာ “ နိုင်းမရယ် သမီးစိတ်ဓါတ်နဲ့ သူများအလုပ် လုပ်မရပါဘူး အိမ်အလုပ်သာ ကောင်းအောင်လုပ်စမ်းပါအေ …သူများအလုပ် လုပ်တယ်ဆိုတာ သည်းခံနိုင်မှ တော်ကာကျတာ သမီးရေ” တဲ့။ နိုင်းမစိတ် သည်းမခံတတ်ပုံကို အဲလောက်ထိကို ချီးကျူးသည်။ သည်လိုနှင့်ပင် အခါတိုင်း မနက်ခင်းနှင့် ညနေခင်းလောက်သာဖွင့်ခဲ့သော စာအုပ်ဆိုင်လေးသည် နိုင်းမ၏ လက်ထဲဝယ် “အနုစိတ်အတွေးသစ်” ဆိုသည့် စာအုပ်ဆိုင်လှလှလေးအဖြစ်ကော၊ ကွန်ပြူတာဆော့ဝဲခွေတွေပါရရှိသည့် စုံလင်သည့် ဆိုင်ငယ်လေးအဖြစ်ပါ ထုဆစ်ခံလိုက်ရချေပြီ။ ဒီတောင်ဒဂုံဆိုသည့် မြို့နယ်လေး၏ လှော်ကားလမ်းမကြီးတနေရာ၊ ကုန်တိုက်မှတ်တိုင် နားဝယ် နိုင်းမတို့၏ အိမ်လေးတည်ရှိနေသည်ကိုက ဒီဆိုင်လေးပို၍ အောင်မြင်ဖို့ ဖြစ်လေသည်ထင့်။

“ဒီ…..ဒီ……ဒီ”
ရုက်တရက် အတွေးစတို့ ပြတ်သွားမိရင်း ဖုန်းနံပါတ်အား ကြည့်လိုက်တော့ ဖြိုးအောင်။

တုန်ခါနေသောဖုန်းလေးအား နိုင်းမ စိတ်ပျက်စွာ သို့သော် ရင်ခုန်ကြည်နူးစွာ ကြည့်ရင်းပြုံးလိုက်မိသည်။ ဒီဖုန်းနံပါတ်လေး သူမ အား တစ်ပတ်တစ်ခါ အချိန်မှန်ခေါ်တတ်လာသည်မှာ လွန်ခဲ့သည့်နှစ်လမှ စခဲ့သည်ပဲ။ ဖုန်းနံပါတ်ပိုင်ရှင်လေးကတော့ နိုင်းမ ၏ အခင်ရဆုံးသော သူငယ်ချင်း လေး ဖြိုးအောင်။
မကိုင်လျှင်လည်း မဖြစ်တော့သည်နှင့် ဖုန်းကိုကောက်ကိုင်လိုက်ရတော့သည်လေ။ သေချာပါသည်။ ဒီဖုန်းကို နိုင်းမ ကိုင်ပြီးလျှင် သံဗုဒ္ဓေကို ပုတီးတစ်ပတ်တော့ စိပ်ရတော့မည်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့…။
“ဟယ်လို..”
“ဟာ..နိုင်းရာ အကြာကြီးပဲ စောင့်နေလိုက်ရတာ ဖုန်းသံမကြားဘူးလားဟဘာတွေလုပ်နေလဲ”
သြသည်ဟုမဆိုသာသော်ငြား ယောင်္ကျားပီသသည့် အသံမာပြတ်ပြတ်က ဖုန်းမှတဆင့် နားစည်သို့တိုးဝင်လာ၏။
“Vibration လုပ်ထားမိလို့ပါဟာ ဘာပြောမလို့လဲ ပြောလေ ဟိုတနေ့ကတောင် နွယ်နီနဲ့တွေ့သေးတယ် သူတောင် နင်နဲ့ စကားပြောချင်လို့တဲ့ ငါ့ဆီ ဖုန်းနံပါတ်တောင်းသွားသေး”
အသံတို့ကို တည်ငြိမ်အောင်မနည်းပြောနေရမှန်း ကိုယ့်ကိုယ်သာသိသည်။ တကယ်တမ်းတော့ ဖြိုးအောင်ဆိုသည့် သူငယ်ချင်းလေးသည် လူချင်းတွေ့စရာမလိုအောင်ပင် အသံလေးနှင့် နိုင်းမအား ပြုစားနိုင်စွမ်းရှိသည်လေ။
“သြော်..ဟုတ်လား နောက်နှစ်လနေရင် ငါနင်တို့ဘက်ရောက်ဖြစ်မယ်ဟ ငါ့အစ်ကိုဆီလာဖို့လေ…ငါ့တူလေးနှစ်နှစ်ပြည့်မွေးနေ့မို့..နင့်ဆီလည်းဖိတ်စာပို့ခိုင်းထားတယ်.. နင်လာဖြစ်အောင်လာရမှာနော်..မလာရင် ငါကိုယ်တိုင်လာခေါ်မှာနော် နွယ်နီနဲ့ သော်ဇင့်ကိုလည်းပြောထားဦး  ရက်ကတော့ ဖေဖော်ဝါရီ ၁၄ ရက်”
“အယ်.. နင့်တူလေးမွေးနေ့က ချစ်သူများနေ့လား”
“ဘယ်ကသာ တစ်ရက်ခြားတယ်..ငါ့မရီးက ၁၄ရက်မှာမှ လုပ်ချင်သတဲ့..ကိုကြီးနဲ့ တွေ့တဲ့နေ့မို့တဲ့လေ”
“သြော်..”
“အဲဒါ လှမ်းပြောတာဟာ..သတိလည်းရလို့ဖုန်းဆက်လိုက်တာ..ဒါပဲဒါပဲ..ချလိုက်တော့ ရပြီ.. မွေးနေ့လက်ဆောင်ကို ဈေးကြီးတာတွေ လျှောက်မဝယ်နဲ့နော်”
“အွန်..နင်ကလဲ အေးပါ..ဒါဆိုလည်းဖုန်းချလိုက်ပြီ”
နှုတ်ဆက်စကားထပ်မကြားရတော့ပါပဲ တိတ်ဆိတ်စွာ လိုင်းကျသွားသော ဖုန်းလေးကိုကြည့်ရင်း နိုင်းမ ပြုံးမိပြန်သည်။ သတိရတယ်..တဲ့လား။ ဒီနှစ်လအတွင်းလာသော ဖြိုးအောင်၏ဖုန်းတို့သည် အကြောင်းပြချက်မရှိပါပဲ သတိရလို့တို့၊ ဘာရယ်မဟုတ်ဘူး တို့ ဆိုတာတွေသာများသည်လေ။
စိတ်တို့က ဖြိုးအောင်နှင့် ပြန်လည်တွေ့ဆုံဖြစ်ခဲ့ခြင်းဆီ ပြန်လည် သတိရမိသွားပြန်သည်။
ထိုစဉ်တုန်းက

…………………………………………
ဆိုင်ခေါင်မိုးပေါ်ကျလာသည့် မိုးသံတဖြောက်ဖြောက်ကိုနားဆင်ရင်း မေမေ သုပ်ပေးသည့် လက်ဖက်သုပ်လေးနှင့် လူနေ ဝတ္ထုတစ်အုပ်ဖတ်ရင်းဇိမ်ကျနေသည်မှာ ကိုယ့်အရှေ့ဝယ် လူရိပ်မိုးလာသည်ကိုပင် မသိတော့သည်ထိ။
“စာအုပ် ငှားချင်လို့ပါ”
“ဟုတ်ကဲ့..”
ဆိုရင်း ခေါင်းမော်ကြည့်စဉ်အချိန်မှာတော့ ရင်ဝယ် လှုပ်ခတ်သွားသည်မှာ ပြောမိတဲ့ကိုယ့်အသံအရှိန်ကို ထိန်းဖို့မေ့သည်ထိ။ အရှိန်ပြင်းပြင်းနှင့် နှုတ်ခမ်းထက်က လွင့်ကျသွားသည့်စကားသံကတော့
“ဟာ..ဖြိုးအောင် ” ဟု။
အသံ အကျယ်လွန်သွားသည်ထင့်။ ဖြိုးအောင် လည်း ရုတ်တရက် လန့်သွားဟန်ပေါ်သလို အိမ်တွင်းမှ မေမေကပင် လှမ်းကြည့်သည်ထိ။
“ဖြိုးအောင် နင် ဘယ်လေတိုက်လို့ ရောက်လာတာလဲ”
“ငါ့အစ်ကိုဆီ အလည်လာတာ..နင်နဲ့လည်း မတွေ့တာကြာတာနဲ့ဝင်လာတာ..သော်ဇင့်အိမ်သွားတော့လည်း သော်ဇင်နဲ့ မတွေ့ခဲ့ရဘူး”
“အော် နင်က သော်ဇင်ပြီးမှ ငါ့ဆီလာလည်တာပေါ့”
ပြုံးကာရယ်ကာဖြင့် စကားပြန်ပြောနေသော်လည်း တွေးမိသည်က ဘာစိတ်ကူးပေါက်ပြီးတော့များ နိုင်းမဆီ လာလည်ပါလိမ့်လို့။ နိုင်းမဆီ သူ မလာတော့တာ ကြာချေပြီပဲ။ တက္ကသိုလ် ပထမနှစ်ပြီးဆုံးတည်းက နိုင်းမ ဆီလာမလည်တော့သူ သူ။ နိုင်းမမှာသာ ပွဲတော်ရက်တွေ၊ တနိုင်ငံလုံးအလုပ်အားရက်တွေကျရင် သူ လာလည်မလားနှင့် မျှော်ခဲ့သည်မှာ ဒီနေ့ဒီချိန်ထိပါပဲ။ သင်္ကြန်ဆို အဆိုးဆုံး။ ရေမကစားဖြစ်ကြပေမဲ့ သူငယ်ချင်းလေးယောက် အတူတူ အအေးလှုခဲ့ကြခြင်းကို အမှတ်ရလှသည်။ သို့သော် သော်ဇင်နှင့်နွယ်နီကပဲ နှစ်လတစ်ခါလောက်ပုံမှန်လာလို့လားမသိ၊ ..သူ့တယောက်တည်းကိုမှ ပိုတမ်းတမိသည်ကတော့ အမှန်ပင်။
ထိုစဉ် ဖြိုးအောင် က
“ဟ ဧည့်သည်လာတာကို အအေးလေးဘာလေး လိုက်မတိုက်တော့ဘူးလား”
ဟုတ်မှ ဟုတ်ရဲ့လား။ ကြားရသည့်စကားတို့က မယုံနိုင်စွာ။ အရင်လို ခင်ခင်မင်မင် ပြန်နေဖို့ သူဆုံးဖြတ်ချက်ချပြီး လာလည်သည်ထင်ပါရဲ့။ ဒါဆိုလျှင်တော့ နိုင်းမ လက်ခံပါသည်လေ။
ကိုယ်ကစ ဖိတ်ခေါ်သင့်သည့် တာဝန်ပျက်ကွက်မှုအပေါ် အားနာပြုံးလေးပြုံးပြမိရင်း…

“မေ့နေတာဟ..သွားမယ်လေ ငါ မေမေ့ဆီ ခွင့်သွားတောင်းလိုက်ဦးမယ်”
“ဟဲ့ ဒါ ဖြိုးအောင်မလား”
ထိုစဉ်မှာပင် အိမ်ထဲမှထွက်လာသည့် မေမေက ဖြိုးအောင်အားကြည့်ရင်းမေးလိုက်သည်။
“ဟုတ်ကဲ့ အန်တီ နေကောင်းလား”
“အေး..ကောင်းပါတယ် မလာတာလည်း ကြာပြီ ခုဘယ်မှာတုန်း”
“ကျွန်တော် ခု ဆင်မလိုက်က အလုပ်ရုံမှာ စားရိတ်ငြိမ်း လုပ်နေတာ အန်တီ…ဒါ့ကြောင့် ဒီဘက်မရောက်ဖြစ်တာ”
“သြော်..အေးအေး မိဘတွေကကော ရွာမှာပဲလား”
“ဟုတ်ကဲ့..ဒီမှာက ကျွန်တော့်အစ်ကိုမိသားစုရှိတယ်လေ”
“အော် သူကကော ဘာအလုပ်လုပ်တုန်း”
“ကျွန်တော့်လိုပဲလေ..သံချီသံကွေးပဲအန်တီ”
“မေမေ့ သမီး ဖြိုးအောင်ကို အအေးလိုက်တိုက်လိုက်ဦးမယ်”
“အေးအေး..အကြာကြီးလည်း မနေနဲ့ဦးနော်. ဆော့ဝဲ ခွေ လာဝယ်ရင် မေမေ မရောင်းတတ်ဘူး”
“ဟုတ်”
နိုင်းမ သိပါသည်။ မေမေ စိတ်ချမည် ဆိုတာကို။ ဖြိုးအောင်၊ နွယ်နီ၊ သော်ဇင်နှင့် နိုင်းမ ဆိုသည်မှာ အထက်တန်းကျောင်းတည်းကပေါင်းလာသည့် သူငယ်ချင်းတွေပဲ။ လေးယောက်ပေါင်းကျော် ဆိုပြီး သိကြသည်မှာ ကျောင်းက ဆရာဆရာမတွေအသိ။ ပထမနှစ်..ပထမနှစ်မှသာ….။ သက်ပြင်းချလိုက်မိပါသည်လေ။ အတိတ်ဆိုတာကို ခဏခဏ ပြန်မတမ်းတချင်ပါဘူး။ ပျော်စရာတချို့တလေသာ ပြန်လွမ်းချင်ပါရဲ့။

အအေးဆိုင်မှာ ထိုင်ရင်း ပြောစရာစကားမရှိသူလိုဖြစ်နေသော နိုင်းမတို့ နှစ်ယောက် အအေးတောင် ကုန်လုပြီ။ ဘာစကားမှ ဟုတ်တိပတ်တိမပြောဖြစ်သေး။
နိုင်းမ ပုန်းရှောင်ခဲ့သော အရာသည် နိုင်းမထံ တကျော့ပြန်လာလေမလား။
 အတွေးတို့ဖြင့် ရင်ခုန်နှုန်းသည် တဒိတ်ဒိတ်နှင့် အနည်းငယ်မြန်နေချေသည်။ စကားတို့ မဆိုမိသော်ငြား သူ့ဘေးမှာထိုင်နေရသည်ကိုက နိုင်းမအတွက် အခက်အခဲဖြစ်နေပေသည်။ စာအုပ်ဆိုင်မှာရှိတုန်းက မပူမနွေးရှိသော ခန္ဓာကိုယ်သည် ယခုတော့ ဖျားလုနီးသူပမာ ကိုယ်တွေပူလာသည်။ ကိုယ့်ရင်ခုန်နှုန်းကလည်း တဒိတ်ဒိတ်ဖြင့် မြန်လွန်းကျယ်လွန်းနေသည်မှာ ဖြိုးအောင်ကြားလေမလားကြောက်မိသည်အထိပင်။
 နိုင်းမ သူ့ကို ချစ်နေဆဲလား။ မဖြစ်နိုင်ပါ။ ပထမနှစ်ကနေ ခုထိ လေးနှစ်ပင် ကြာမြင့်ချေပြီ။ ဒီချိန်ထိ ချစ်နေဆဲလား မဖြစ်နိုင်၊ မဖြစ်နိုင်ပါလေ။ အတွေးနှင့် ယောင်ယမ်းခေါင်းခါမိပြန်ပြီ။
“ဘာလို့ ခေါင်းခါနေတာလဲ..အအေးက ပူလို့လား“
ဖြိုးအောင် မေးတော့ မျက်စောင်းထိုးမိရင်း စိတ်ထဲက ဖြေမိသည်ကတော့ အတွေးက ပူလို့ဟေ့၊ အတွေးက ပူလို့…လို့။
…………………………….
အဲ..နိုင်းမ နှုတ်ခမ်းတွေ ဘာ့ကြောင့် ပြုံးနေတာလဲ။ ဘယ်တုန်းက ပြုံးမိသွားတာလဲ။ နိုင်းမ ခေါင်းကို ခါယမ်းလိုက်မိသည်။ ကော်ဖီမစ်မသောက်ရပါပဲနှင့် နှလုံးခုန်မြန်နေမှုတို့အတွက် ပုတီးတစ်ပတ်၊ နှစ်ပတ်လောက်စိပ်မှ ပြေပါလိမ့်မည်လေ။
ထိုစဉ်တည်းက နိုင်းမ ပေးလိုက်သောဖုန်းနံပါတ်လေး သူဘယ်အချိန်ခေါ်မလဲ ဟု မျှော်ခဲ့ရသည်။ အခုခေါ်မဲ့ခေါ်တော့လည်း လွန်ခဲ့သည့်နှစ်လမှစတင်ကာ တစ်ပတ်တစ်ခါခေါ်သည်ပဲ။
စိပ်ပုတီးစိပ်ဖို့ပြင်ရင်း ဝဲဖက်ရင်အုံက နှလုံးသား၏ တမ်းတမှုကို မျက်ကွယ်ပြုဖို့ ကြိုးစားလိုက်သည်လေ။
…………………………………………………………………………………………………………………………….

အပိုင်း(၄) ဇာတ်သိမ်း

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၁၂ ။
ထိုနေ့သည် တစုံတရာကို သယ်ဆောင်လာသောနေ့ဖြစ်မည်ကတော့ သေချာနေသည်။
လူနှစ်ဦးအတွက် ချစ်ခြင်းတို့ ဆောင်ကြဉ်းပေးမည့်နေ့ဖြစ်သည်။ နားလည်မှုတို့ အပြန်အလှန် ဖလှယ်ပေးမည့်နေ့ဖြစ်သည်။
ထိုနေ့လေးကို စောင့်ဆိုင်းနေသူ ကောင်လေးတစ်ဦးရင်ထဲတွင်မူ ချစ်ရသူ သူငယ်ချင်းမလေးထံသို့ အယူခံဝင်ဖို့ရာ စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။
ထိုနေ့လေးကို မျက်နှာချင်းဆိုင်ဖို့ရာကြောက်နေသူ သို့သော် မျှော်လည်းမျှော်လင့်နေသူ မိန်းကလေးတစ်ဦးရင်ထဲတွင်မတော့ တစ်ချိန်က ချစ်ခြင်းတစ်ခုကိုလက်ခံဖို့ရာကြောက်ခဲ့သည့်စိတ်ကို ပြန်တွန်းလှန်ရမည့်နေ့ဖြစ်သည်။ ထိုချစ်ခြင်းကိုလက်ခံဖို့ရာအတွက် သူမသည်လည်း မျှော်လင့်နေသလို မေမိုးနိုင် ဆိုသည့်အစ်မရှေ့ဝယ် ဘယ်လိုမျက်နှာထားရမည်လဲ ကြိုတင်ကာစဉ်းစားနေပြန်သေးသည်။
……
ထိုနှစ်ဦး၏ သံယောဇဉ်ကြိုးကို ဘယ်ချိန်နီးမလဲ စောင့်ကြည့်နေသူ ငယ်သူငယ်ချင်းနှစ်ဦးကလည်း ထိုနေ့လေးကို ကြည်နူးစွာ စောင့်ဆိုင်းနေပြန်သေးသည်။ ထိုနေ့သည် သူတို့နှစ်ဦး၏ မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်ပြန်သေးသည်လေ။
ထိုနေ့ဝယ် သူတို့နှစ်ဦး၏ အအေးဆိုင်ငယ်လေးအား တစ်ရက်ပိတ်ပြီးငယ်သူငယ်ချင်းနှစ်ဦး၏ သံယောဇဉ်ကို ပိုမိုနီးစပ်စေဖို့၊ နားလည်မှုကို ကူညီဖလှယ်ပေးဖို့ရာ သူတို့သည်လည်း စိတ်အားထက်သန်နေပြန်ပါသေးသည်။
စောင့်ဆိုင်းနေသူ အများအပြားနှင့် ချစ်သူများနေ့..လေးကတော့ သိပ်မကြာခင်အချိန်ဝယ် ရောက်ရှိလာတော့မည်။
ထိုနေ့လေးဝယ် ချစ်တတ်လွန်းသည့် စုံတွဲလေးတစ်တွဲ တိုးလာမည်ကတော့ သေချာနေပါသည်လေ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ရည်ဝေ
၂၈ အောက်တိုဘာ ၂၀၁၁

2 comments:

Anonymous said...

တခေါက် ထပ်ဖတ်သွားတယ် သယ်ရင်းရေ...
နာလည်း ချစ်သူနဲ့ ဆုံချင်ပါတယ်ကွာ... :P

ဖြူလေး

ချောကလက်ကျူးပစ်လေး said...

လာဖတ်သွားတယ်ဗျာ့

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်