Saturday 15 October 2011

မိန်းမရိုင်းအတွက် ကျိန်စာ

အပိုင်း(၁)
“တောင်းပန်ပါတယ် မသိပါစေနဲ့ဘုရားဘုရား……မသိပါစေနဲ့….သားငယ်ကို မမှတ်မိပါစေနဲ့”
စိတ်တွင်းမှ တိုင်တည်ရင်း သားနှင့် ထိုသူရှိရာကို ခိုးကြည့်မိပြန်သည်။ ထိုသူ ဒီနေရာကို ဘယ်လိုရောက်လာလဲ သူမ မသိပါ။ ဒီချိန်ဆို ထိုသူ ထောင်ထဲမှာပဲ ရှိနေရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်လာပါလိမ့်။ ကိုယ်က အမှားလုပ်ထားသူဆိုတော့လည်း ထွက်မတွေ့ရဲ။
သွေးက စကားပြောသည်ထင့်။ မတွေ့တာ သုံးနှစ်ကျော်လေးနှစ်နီးပါးကြာမြင့်ပြီဖြစ်သည့် ထိုသူအား သားငယ်က မမှတ်မိသော်လည်း စကားပြောရင်း ရယ်မောနေသည်မှာ မကြောက်မရွံ့သည့်ဟန်။ ခုမှတွေ့သည့် သူစိမ်းတစ်ယောက်ဟု မထင်မှတ်လေဟန်။
“သားနာမည် ဘယ်လိုခေါ်လဲကွ”
ဘုရားရေ။ ထိုသူ့မေးခွန်းသံ ကြားလိုက်စဉ်တွင် ရင်ဝယ် တဒိန်းဒိန်းနှင့်သွေးခုန်နှုန်းတို့ မြန်လာချေပြီ။ သားရယ် မပြောပါနဲ့လား။ အိမ်ထဲကို အမြန်ဝင်ခဲ့ပါ။ အမြန်လာခဲ့ပါသားရယ်။
“သားနာမည် ပြည့်စုံအောင်ပါ”
ဘုရား။ ထိုသူ သိသွားမလား သားအကြောင်းကို။ အို …နာမည်လေးလောက်နဲ့တော့ မသိနိုင်ပါဘူး။ သူမတွေးရင်း စိတ်ဖြေလိုက်သည်။
“သားက ကျောင်းကော တက်နေပြီလားကွ”
“ဟုတ် သား သူငယ်တန်းတက်နေတာပါ”
သားငယ် ဘာ့ကြောင့် ထိုသူ့အနားဆက်နေနေတာလဲ။ သူမ သားငယ်ကို အော်ခေါ်ချင်လှသည်။ အိမ်ထဲဝင်ဖို့။ သို့သော် မခေါ်ရဲ။ သူမအသံကို ထိုသူ မှတ်မိသွားမှာစိုးသောကြောင့် မခေါ်ရဲ။
အို..သားငယ်ကို ချီလိုက်ပြန်ပြီ။ သားငယ် မရုန်း။ မရုန်းပါ့လား။ တော်ရုံတန်ရုံ ခင်မင်သူမျိုးဆိုလျှင် အချီမခံသော သားငယ် ထိုသူ့ လက်ပေါ်မှာ ပြုံးလို့မော်လို့ပါ့လား။ ကိုဝေ ပြန်မလာခင် အမြန်ထွက်သွားပါစေ။ ဒီချိန်မှတော့ ဘုရားကို တိုင်တည်ရန်သာရှိတော့သည်။ ကိုဝေ ပြန်မလာခင်အမြန်ထွက်သွားပါစေဟုသာ။
“သားက သူငယ်တန်းတက်နေပြီဆိုတော့ အသက်က ငါးနှစ်ပြည့်ပြီးပြီပေါ့ကွ”
“ဟုတ် သားအသက်က ငါးနှစ်ပြည့်ပြီးပြီလို့ မေမေက ပြောတာပဲ”
“ဟုတ်လား..အင်း ဦးဦးသားလည်း သားနဲ့ ရွယ်တူပဲကွ”
“ဦးဦးနဲ့ ပါမလာဘူးလားဟင်”
ထိုသူ အဝေးသို့ ငေးရင်းပြောလိုက်သည့်စကားက သူမ နားသို့ ဗုံးတစ်လုံးပေါက်သည့်နှယ်။

“အင်း…ဦးဦးက သူ့ကို လာရှာတာလေ”
သားကိုလာရှာတာတဲ့လား။ သား..သားကို လာရှာတာတဲ့။ ဘု၇ားဘုရား သူမ ဘယ်လိုဖြေရှင်းရမလဲ။ အို..ကိုဝေ ပြန်လာပြီ။ သားငယ် ထိုသူ့လက်ပေါ်မှ ပြေးဆင်းကာ ကိုဝေ့ဆီ ပြေးထွက်သွားချေပြီ။
သားငယ်အားပွေ့ချီရင်း ကိုဝေက ထိုသူ့အားစူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်သည်။ မမေးပါနဲ့တော့လား။သူ သွားပါစေတော့။ နှင်လွှတ်လိုက်ပါ့လားကိုဝေရယ်။
“ဒီရပ်ကွက်မှာ ကျွန်တော် ခင်ဗျားကိုမတွေ့ဖူးဘူးနော်..ဧည့်သည်လား”
ကိုဝေရယ် အထဲဝင်လာပါတော့။ မေးမနေတော့ပဲနဲ့ အထဲလာပါတော့။
“ဧည့်သည် ဆိုပါတော့ဗျာ ကျွန်တော်ရှာနေတဲ့သူ ဒီရပ်ကွက်မှာရှိတယ်ဆိုလို့ လာရှာတာပါ”
”သြော် ..ဘယ်သူ့လာရှာတာလဲဗျ..ရပ်ကွက်ကသေးတော့ နာမည်ပြောကြည့်ပါ့လား ကျွန်တော်သိချင်သိမှာပေါ့”
မပြောနဲ့။ မပြောနဲ့နော်။ ကျွန်မနာမည်ကိုမပြောပါနဲ့။ သူမ ဆုတောင်းမပြည့်လိုက်။ ထိုသူ က ပြောဟန်ပြင်လိုက်စဉ်
“သူ့နာမည်က…”
သူမ ဖြတ်ခနဲ ထထွက်မိသွားပြီ်။ ထိုနေရာဆီသို့။
“ကိုဝေ ဘယ်တုန်းက ပြန်ရောက်တာလဲ…အိမ်ထဲကို ဝင်လာတော့လေ..”
သူမကို လှမ်းကြည့်လိုက်သည့်ထိုသူ့အကြည့်အား မသိကျိုးကျွံပြုကာ ကိုဝေ့အားပြောလိုက်ရင်း သားကိုချီလိုက်သည်။
“နာမည် ဘယ်လိုခေါ်လဲ ပြောလေ..”
ကိုဝေ့အမေးအား ထိုသူက
“အင်း..ကရုပ်ပင်..တဲ”့
အို…ဒါ သူမကို ထိုသူ တချိန်တုန်းက ချစ်စနိုးခေါ်ခဲ့သောနာမည်။ သူမ စိတ်ဆိုးနေပြီဆိုလျှင် ကရင်လူမျိုးဖြစ်သောသူမကို ကရင်ပုပ် ဟု စကားလိမ် ခေါ်သောနာမည်။ ဘာလို့လာရှာနေတာလဲ။ ကိုယ့်ဘဝနဲ့ကိုယ် နေပါတော့လား။ သူမ စိတ်တွင်းမှ အကြိမ်ပေါင်းများစွာအော်ဟစ်ပြောဆိုနေသော်လည်း အပြင်သို့ စကားတစ်ခွန်းမျှ ထွက်မလာပါချေ။
“သြော် တစ်မျိုးပဲဗျ ကျွန်တော်တော့ မသိဘူး..လာဗျာ အအေးလေးဘာလေးသောက်ပါဦး..အမောဖြေပြီးမှဆက်ရှာပေါ့”
ကိုဝေ့ကို သူမ စိတ်ညစ်ညူးစွာကြည့်မိချေပြီ။ မလိုအပ်ပါပဲ သူ ပြုမှုလိုက်သောအပြုအမှုသည် သူမအတွက် ဒုက္ခများစွာကိုသယ်ဆောင်လာသူဖြစ်မှန်း ကိုဝေ သိမှသိပါလေစ။ ကိုဝေ၊ သူမနှင့် သားလေး သုံးဦးပေါင်းမိသားစုကို ဖြိုခွဲမည့်သူမှန်း ကိုဝေ သိမှသိပါလေစ။
“ခင်ဗျား ဘာသောက်မလဲဗျ လိမ္မော်သောက်မလား သံပုရာဖျော်ရည်သောက်မလား”
“ရပါတယ် ရေအေးအေးလေးတစ်ခွက်ရရင် တော်ပါပြီဗျာ”
“မိန်းမရေ ရေအေးလေးတစ်ခွက်လောက်ယူခဲ့ပါဟေ့”
“ဟုတ်ကဲ့”
ကိုဝေ့အား ဖြေလိုက်ရင်း စိတ်တို့ မလုံလဲစွာ။
ထိုသူနှင့်တုန်းက သူမ တစ်ခါမျှ ဟုတ်ကဲ့ ဟုမပြောခဲ့ဖူး။ ထိုသူ့ဘက်က ဘယ်လောက်ပင် ကောင်းအောင်လုပ်ပေးပေး သူမ ထိုသူ့အားအကောင်းမမြင်ခဲ့ဖူးပေ။
ဘုရား..ငါဘာတွေ တွေးနေတာလဲ။ စဉ်းစားစမ်း။ ဒီလူ အမြန်ပြန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ။
သူမ ပေးသော ရေခွက်ကို လှမ်းယူလိုက်ရင်း ထိုလူသည် ကိုဝေ့အား ပြောလိုက်ပြန်သည်။
“နောက်နှစ်ရက်လောက်နေရင် ကျွန်တော် ဒီဘက်ရောက်ဦးမယ်ဗျ..ဝင်ခဲ့ပါရစေဗျာ”
“သြော် ..ဟုတ်..ဝင်ခဲ့ပါဗျာ ဝင်ခဲ့ပါ.ကျွန်တော်ရှိနေမှာပါ..အဲ့ဒီနေ့က စနေနေ့ဆိုတော့ ရုံးပိတ်တယ်လေ”
“ဟုတ်ကဲ့..ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးခင်ဗျာ”
“ဟုတ်ကဲ့ပါဗျာ..ဟုတ်ကဲ့”
“ထိုလူ သွားတော့မှ သူမ ကိုဝေ့အားမေးမိလေသည်။
“ကိုဝေ သူနဲ့ ဘာတွေ ပြောဖြစ်တုန်း”
“ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး..သူ့မှာ သားတစ်ယောက်ရှိတဲ့အကြောင်းရယ်..ကိုယ့်သားနဲ့အရွယ်တူပဲဆိုတာရယ်လောက်ပါပဲ”
“ကိုဝေနော်..ကိုဝေ..သူစိမ်းတစ်ယောက်ကို အကြောင်းမသိပဲ အိမ်ထဲ ဖိတ်တဲ့အကျင့်ကိုပြင်ဦး..ကြားလား..လူကောင်းမှန်းမသိ လူဆိုးမှန်းမသိ”
“လူကောင်းပါ မိန်းမရယ်..လူကောင်းပါ”
“အို သူဇာတော့ မထင်ပါဘူး..လူကောင်းလို့”
“ကဲ.ကိုယ်ဗိုက်ဆာလှပြီ…ထမင်းကျွေးတော့ ရုံးနားက ဆိုင်မှာတောင် ဝယ်မစားခဲ့ဘူး..မိန်းမလက်ရာကို ခြေဖျားလောက်တောင်မမှီကြလို့”
“တော်ပါ..အပိုတွေ”
ကိုဝေ့ကို မျက်စောင်းထိုးကြည့်ကာ ချွဲချွဲနွဲ့နွဲ့ ပြောမိရင်း သတိရမိသည်က သူမ ထမင်းမချက်ကျွေးလည်း ထိုသူသည် ဘယ်သောအခါမျှ မငြူစူ။ မိန်းမ ဘယ်ဆိုင်မှာ သွားစားကြမလဲ..ဟုသာ။ အို…ခု သူမ ထိုသူ့ဆီ ပြန်မလိုက်လိုပါ။ သားလေးအားလည်း မပေးလိုပါ။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၂)
ဘုရား ကိုဝေ့ကို ထိုသူ သတ်ဖို့ ကြံရွယ်နေပါ့လား အိုး..ဓါးနဲ့ထိုးတော့မယ် မသတ်နဲ့..မသတ်နဲ့။
ရုက်တရက် သူမ ကိုဝေနှင့် ထိုသူ့အကြား ဖြတ်ဝင်လိုက်စဉ် ဓါးက သူမ ခန္ဓာကိုယ်အားဖောက်ထွင်းသွားပြီ။ သားငယ်ကလည်း သူမအားကြည့်ရင်း စူးရှစွာ အော်ငိုနေသည်။ ရင်ဝမှ ဓါးဒဏ်ရာအား မယုံကြည်နိုင်စွာ ငုံ့ကြည့်ရင်း ..။
ချွေးစေးတို့ပြန်ကာ ရုက်တရက် လန့်နိုးတော့မှ ဒါဟာ အိပ်မက်ဆိုတာ သတိရသည်။ နေ့ခင်းဘက် တရေးမအိပ်ပါပဲ ခေတ္တမှေးတာတောင် သည်လိုကြောက်လန့်စရာ အိပ်မက် မက်လေသည်လား။ ရင်ဝယ် ထိတ်လန့်မှုတို့ကဖြင့် မပြေသေး။ မဖြစ်ပါစေနဲ့။ ဒီလိုအဖြစ်မျိုး မဖြစ်ပါစေနဲ့။ ဘုရား..ဘုရား။
……………………..
လက်ဖက်ရည်ဆိုင်တွင် ပန်းကန်ဆေးနေရသည့်အလုပ်မှ ထွက်ပြေးချင်သော သူမ ဆိုက္ကားဆရာ ကိုအောင်နိုင်၏ ကမ်းလင့်မှုကို မငြင်းဆန်နိုင်ခဲ့။ သူမ အလုပ်လုပ်ခဲ့သော လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်များကလည်း ပြောကြသည်။ သူမ ကံကောင်းသည်..တဲ့။ ကိုအောင်နိုင်က မိန်းမ ကိုအလွန်ချစ်သောကြောင့်တဲ့။ အော် ရယ်ပေးလိုက်ချင်သည်။
အလုပ်ကြမ်းမလုပ်ချင်သောကြောင့်သာ သူမရွေးချယ်ခဲ့သည်။ တကယ်တမ်း ကိုအောင်နိုင်သည် သူမထက် အသက် ဆယ်နှစ်ကျော်ကြီးသည်ပဲ။ ဆိုက္ကားဆရာပီပီ အသားကညိုသည်။ ကွမ်းမကင်း ဆေးလိပ်မကင်း အစဉ်နံစော်နေသော ခန္ဓာကိုယ်နှင့်။ ရုပ်ကလည်း ရွက်ကြမ်းရေကျိုအဆင့်တောင်မရှိ။ ဘာပဲဖြစ်ဖြစ် ကိုအောင်နိုင့်အရိပ်အောက်မှာ သူမ အေးအေးလူလူ နေရသည်သာ။
ညားခါစက ကိုအောင်နိုင့်မိဘနှစ်ပါးနှင့် အတူနေသော်လည်း ယောင်းမ၏ မျက်နှာကျောတင်းမှုကြောင့် ကိုအောင်နိုင်က သူမအား အိမ်ငှားပေးသည်လေ။
ယောင်းမက ဘွဲ့ရပညာတတ်ဆိုတော့လည်း သူမ အားအထင်သေးသည်။ အထင်သေးရအောင် ကိုအောင်နိုင်တောင်ဘွဲ့ရတာမှမဟုတ်ပဲ။ ရှစ်တန်းနှင့် ကျောင်းထွက်ထားသည်တဲ့။ နောက် ကိုအောင်နိုင့် မိဘနှစ်ပါးလုံးက ယောင်းမဖြစ်သူအား ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်ထားသည်။ ထားမှာပေါ့။ သူတို့သမီးက ဦးပိုင်ဆိုလားဘာဆိုလား။ အဲဒီက ဝန်ထမ်း ဆိုတော့ လစာက တစ်လ သုံးသိန်းနီးပါးထွက်သည်လေ။ ကိုအောင်နိုင့်ကိုကျ အမြဲငြူစူကြသည်။ ဒါကိုမြင်ရသည့် သူမ မကျေနပ်နိုင်ပါချေ။
ထိုမိသားစုနှင့်လည်း အတူမနေနိုင်တော့။ ကိုယ်က ချွေးမ ဆိုတော့လည်း အိမ်အလုပ်တွေ ကိုယ်သာ လုပ်ရသည်လေ။ ယောင်းမကျတော့ မနက်ခုနစ်နာရီမှ ထသည်။ သူမကျတော့ ငါးခွဲတည်းက ထပါမှ အိမ်အလုပ်တို့ပြီးပြတ်သည်။ သို့မို့ကြောင့်လည်း ကိုအောင်နိုင်က သူမအား အိမ်ငှားပေးခြင်းပင်။
ထိုအခါတွင်မတော့ သူမ ထမင်းမချက်လည်းရသည်။ ကိုအောင်နိုင်က ဆိုင်ခေါ်ကျွေးသည်သာ။
….
တဖြည်းဖြည်းနှင့် အိမ်လခတွေဈေးမြင့်လာချိန်မှာတော့ “ရွာခဏပြန်ဦးမယ်” ဆိုသည့်စကားကို ကိုအောင်နိုင် မငြင်းဆန်နိုင်မှန်း သူမသိသည်။
သူနှင့် သူမတို့ အိမ်ထောင်သက်က နှစ်နှစ်ကြာမြင့်ပြီ ဖြစ်သလို သူမကလည်း ရန်ကုန်တွင် မနေချင်ပဲ ရွာသို့ပြန်နေချင်သည်မှာ ကြာလှပြီ။ ခုတော့ ကောင်းပါသည်။ သူ နှစ်နှစ်လောက် ဒီမှာ အလုပ်လုပ်ပြီးမှ အိမ်ဝယ်နိုင်အောင် ကြိုးစားမည်တဲ့။ ဒီအတောအတွင်းတစ်လတစ်ခါ အိမ်စရိတ်လာပေးမည်တဲ့။ သူမကတော့ မိဘအိမ်ပြန်နေရခြင်းအား နှစ်ခြိုက်စွာ။ သူကတော့ ရန်ကုန်ရှိ သူ့မိဘအိမ်တွင် နေပြီး ငွေစုမည်တဲ့။
“သားရေ..ပြည့်စုံရေ..အဖေတို့ ခဏတော့ ခွဲနေရဦးမယ်ကွာ..အဖေပိုက်ဆံတွေ အများကြီး ရှာပြီးမှ သားတို့ကို လာခေါ်မယ်နော်”
သားလေးအားနှုတ်ဆက်ရင်းထွက်သွားသော ကိုအောင်နိုင့်အားကြည့်ကာ အမေက
“နင့်ယောင်္ကျားကလဲဟယ်…အသက်ကြီးချက်”
ဟုတ်ပါသည်။ တစ်ရွာလုံးက သူမအားနှမြောသလို သူမလည်း သူမကိုယ်သူမ နှမြောလှသည်။ သူမ၏ ၇ုပ်ရည်သည် အချောအလှ ကွမ်းတောင်ကိုင်စာရင်းတွင်ပါသည်လေ။ ခုတော့ ညားသွားတော့ ဒီဘာမဟုတ်သည့်သူနှင့်။
“အမေရယ်..ဖူးစာပဲပေါ့”
အမေ့အားဖြေသိမ့်လိုက်သော သူမ ကိုယ်ကိုယ်တိုင်တော့ မဖြေသိမ့်နိုင်ခဲ့တာ သေချာလှသည်။ သားလေးသာ မရှိလျှင် သူမ ကိုအောင်နိုင့်အား ကွာဖြစ်မည်ထင်သည်။ တစ်နှစ်မပြည့်သေးသည့် သားလေးက သူမအား လှမ်းကြည့်ကာ ပြုံးပြနေသည်မှာ မအေဖြစ်သူ၏ အတွေးအား သိ၍ထင့်။
တစ်လမှတစ်ခါသာ ပေါ်လာတတ်သော ကိုအောင်နိုင့်အား သူမ ယောင်္ကျားအဖြစ် ရွာထဲဝယ် အသိနည်းလှသည်။ မိသားစုနှင့်ရင်းနှီးသူလောက်သာ။ ထို့ကြောင့် များသောအားဖြင့်သိကြတာက သူမသည် ကလေးတစ်ယောက်နှင့် တစ်ခုလပ်။ ယောင်္ကျားဖြစ်သူအားစိတ်ကုန်နေသော သူမကလည်း မေးလာလျှင် ရွဲ့ကာဖြေသည်က
“ဟုတ်ကဲ့ ကျွန်မကွာရှင်းထားတယ်” ဟုသာ။ ထွေထွေထူးထူးရှင်းမပြဖြစ်သလို မိသားစုနှင့်ရင်းနှီးသူတွေကလည်း ရှင်းမပြကြသောအခါ သူမသည် တစ်ခုလပ်အဖြစ်သာ ရွာလာလည်သူတို့ သိကြတော့၏။
သူမကတော့ မိဘအိမ် လာနေရသည်ကိုက ကျေနပ်စရာ။ အဖေ ဖျာယက်သည်ကိုလည်း ကူစရာမလို။ အမေ့ ဝက်ခြံသာ ဝက်တွေအား အစာ ကျွေးပေးသည့်အခါပဲရှိသည်။ သားလေးသည်လည်း အိမ်နီးနားချင်းလက်ထဲမှာ။ သူမအတွက် အိမ်လည်ရန်သာ အလုပ်ရှိတော့၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၃)
“အောင်နိုင် မိန်းမနဲ့ယောင်္ကျားဆိုတာမျိုးက ဒီလိုဝေးနေရတာမျိုးမဟုတ်ဘူးနော် မီးဝေးချိတ်လိုဖြစ်သွားတတ်ကြတယ် သူ့ဖက်က ဖောက်ပြန်နိုင်သလို ကိုယ့်ဖက်ကလည်း ဖောက်ပြန်နိုင်တယ်”
“အဖေရယ် သူဇာက အေးဆေးပါတယ် အဲ့လိုနေမဲ့သူမျိုးလည်းမဟုတ်ပါဘူး နောက် သူ့မိဘတွေကလည်း တားမှာပါ တစ်ခုခုဆိုရင်တောင်”
အဖေ့အတွက် ထမင်းခူးလိုက်ရင်း သူ အဖေ့အားပြန်ပြောမိသည်။ သူ လည်းစိုးရိမ်မိပါသည်။ သို့သော် ဘာတက်နိုင်မည်လဲ။ သူလည်း အိမ်ဝယ်ရန် ကြိုးစားနေသည်သာ။ သို့သော် တစ်လတစ်ခါ သူဇာ့ဆီ ငွေခြောက်သောင်းသွားပို့ဖို့တောင် မနည်း ကြိုးစားနေရသည်လေ။
သွားစရိတ်လာစရိတ်ကပင် အနည်းဆုံး ခုနှစ်ထောင်ကုန်သည်။ သူဇာတို့နေသည်က သရက်ပင်ချောင်ရွာ။ မအူပင်မြို့တစ်ဖက်ကမ်းမှာ။ သူဇာကတော့ မိဘအိမ်နေရသည်ကိုပင် ပျော်နေဟန်ထင့်။ ဘာလိုလိုနှင့် သားလေးတောင် နှစ်နှစ်ပြည့်ပြီ။ ဒါဆို သူတို့ခွဲနေရတာ တစ်နှစ်ကျော်ပြီပေါ့။ လွမ်းလိုက်တာ သားရယ်။ သွားတော့လည်း ညမှရောက်သဖြင့် သားကို ဝအောင်မချီရ။ အကြာကြီးနေလျှင်လည်း ကိုယ့်ခေါ်နေကျဖောက်သည်တွေ လူပြောင်းမှာစိုးသဖြင့်မနေရဲ။ အမြန် ပြန်လာရပြန်သည်လေ။ ညရောက်နေ့ခင်းပြန်နှင့် သားလေးနှင့်တွေ့ရသည်မှာ တစ်မနက်ခင်းသာရှိသည်ပဲ။
“မင်း အိမ်ငှားဖို့ ငါ ငွေထုတ်ပေးမယ် မင်းမိန်းမကိုသာ ခေါ်လာခဲ့ကွာ..တော်ကြာ ကလေးက ရွာမှာဆိုရင် အနေရိုင်းကုန်မယ် မြို့မှာ ထားဖို့ပဲစဉ်းစား ကြားလား”
“ဟုတ် အဖေ တကယ် ငှားပေးမှာလား”
သူဝမ်းသာအားရမေးမိတော့ အဖေခေါင်းငြိတ်ပြသည်။ အမေကလည်း သူ့အားပြုံးကြည့်လို့
 “ဟုတ်..ဒါဆို နက်ဖြန် ကျွန်တော်သွားခေါ်လိုက်မယ်နော်”
“အမလေးကွာ အိမ်အရင်ရှာပြီးမှသွားခေါ်ပါ ဖြစ်ပျက်နေလိုက်တာ မိန်းမကို ဘယ်လောက်တောင်လွမ်းနေလဲမသိဘူး”
“ကျွန်တော့်သားလေးကိုလွမ်းတာပါ အဖေရာ“
အဖေ့အားဖြေရှင်းရင်း ရင်ထဲမတော့ ကုလားမီးနင်းသလို ဗုံသံ တညံညံနှင့် ပွဲတော်လှည့်နေပြီထင့်။
…………………..
သွားပြီ။ သူ ကလည်း မသိသားဆိုးရွားစွာ ပြောလိုက်မိသည်။ သားက သူ့အား အနည်းငယ်စိမ်းသောကြောင့်
“မင်း ငါ့သားမှ ဟုတ်ရဲလားကွာ” ဟု။ ထိုစကားကို စိတ်ဆိုးကာ သူဇာအကြီးအကျယ် ပေါက်ကွဲတော့သည်။ ပေါက်ကွဲရင်းနှင့်ပင် စကားတို့က လွန်လာသည်။
“နင် စစ်ပြေး နင်နဲ့ငါမပေါင်းဘူး နင့်ကို ငါတိုင်ပစ်လိုက်မယ် ဘာမှတ်နေလဲ..”
သူဇာ့နှုတ်ခမ်းမှ ထွက်ရှိလာသော စကားတို့က ရင့်သီးလွန်းစွာ။ သူစစ်ပြေးဆိုတာ ဒီရပ်ကွက်ထဲရှိ အကုန်နီးပါးသိကြသည်ပင်။ မည်သူမျှ ထုတ်ပြောကာ မတိုင်ကြ။ ခုတော့ မိန်းမဖြစ်သူ၏ ပါးစပ် ဆတ်ဆော့မှုကြောင့် တိုင်သူပေါ်လေမည်လား။ သူပါတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့ ပါတ်ဝန်းကျင်က မသိကျိုးကျွံပြုနေသည်။ ကလေးတစ်ချို့သာ ရပ်ကြည့်လျက်။
“ငါပြန်မယ်..”
စကားကို မငြင်းဆန်နိုင်စွာ
“အေးအေး လိုက်ပို့ပေးမယ်” ကိုယ်က ချစ်ရသူဆိုတော့လည်း ကိုယ်ပဲရှုံးသည်သာ။
…………
“မင်းကွာ ကိုယ့်မိန်းမတောင် မနိုင်ဘူးလား…မင်းကိုစစ်ပြေးလို့အော်သွားတယ်ဆို တိုင်မယ်လို့လည်း ပြောသွားတယ်ဆို”
“တကယ်မတိုင်ပါဘူးအဖေရယ် စိတ်ဆိုးတုန်းခဏပြောဖြစ်သွားတာပါ”
သူ ပြန်လည်ချေပရင်း တွေးမိသည်က တကယ်လည်း ထိုသို့ဖြစ်မည်ဟု။
သူ ဒီမှာ နေလာသည်မှာ ဆယ်စုနှစ်တစ်ခုပင်ကျော်ချေပြီ။ မည်သူမျှ တကူးတက ထူး၍လည်းမတိုင်။ သူ့အား အားလုံးက ချစ်ခင်ကြသည်သာ။ သူဇာ့ကို ယုံကြည်ဆဲစိတ်တို့က  စိတ်ပြေသွားလျှင်ပြန်ခေါ်မည် ဟုသာ တေးထားသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၄)
 “သူဇာ့ကို ကိုယ်လက်ထပ်ချင်တယ်”
အို ရင်ထဲဝယ် ဒိန်းခနဲ။ ခေါင်းခါဖို့မေ့လို့ အံ့အားတသင့်ဖြစ်နေပုံများ။ ကိုအောင်နိုင်သာ သိလျှင် သူမကို သတ်လိမ့်မည်ထင်သည်။
“ကျွန်မ ကျွန်မ စဉ်းစားပါရစေဦးရှင်”
အို မရည်ရွယ်ပါပဲ ထွက်သွားသောစကားသံ။ ကိုယ့်ပါးစပ်ကိုယ် ဖြတ်ရိုက်ပစ်လိုက်ချင်သည်။ တကယ်ဆို ကျွန်မ မှာ ယောင်္ကျားရှိတယ်လို့ ပြောလိုက်ရမှာ မဟုတ်ဘူးလား။
“စဉ်းစားပါ သူဇာ..ကိုယ်က တစ်ကောင်ကြွက်ဆိုတော့ ဘယ်သူနဲ့မှ တိုင်ပင်စရာမလိုပါဘူး သူဇာသာလက်ခံရင် ကိုယ် သူဇာ့ကို တစ်ခါတည်းလက်ထပ်သွားမှာပါ ကိုယ် ခုရန်ကုန်ကို ပြန်ရဦးမယ်….နှစ်လလောက်”
အို ရန်ကုန်ကိုပြန်တော့မယ်ဆိုပါ့လား။ သူမအားတွေ့တွေ့ခြင်းစိတ်ဝင်စားပါသည် ဆိုခဲ့သူ ကိုဝေ။ မုဆိုးဖိုဆိုသော်ငြားသန့်ပြန့်သော ရုပ်ရည်နှင့် အသားလတ်လတ်ရှိသည့် ကိုဝေ။ အလုပ်အကိုင်ကလည်း ရုံးတစ်ခု၏ ဦးစီးမှုးတဲ့။ ရွာက မိန်းမပျိုလေးများကတော့ သူမလို တစ်ခုလပ်ကိုမှ စိတ်ဝင်စားသည့်အတွက် ကိုဝေ့အား တီးတိုးပြောဆိုကြသော်ငြား ကိုဝေသည် သူမ တစ်ယောက်သာ ရည်ရွယ်သည် တဲ့။ သားလေး ပြည့်စုံကိုလည်းချစ်သည်တဲ့။
“.ဟုတ်”
“ကိုယ့်အကြောင်းကို သေချာသိချင်ရင် သူဇာတို့ရွာထိပ်ကုန်စုံဆိုင်က လရောင်ကိုသေချာမေးကြည့်ပါ..သူ ဒီရွာသူနဲ့ မညားခင်က ကိုယ့်သူငယ်ချင်းအရင်းကြီးလေ..ခုကိုယ်လည်း သှူု့လမ်းစဉ်လိုက်ရင်ကောင်းမလား စဉ်းစားနေတယ်”
ပြုံးရယ်ပြောနေသော ကိုဝေ့မျက်နှာအားကြည့်ကာ သူမ ဝမ်းနည်းလာမိသည်။ သူမ.. သူမက တစ်ခုလပ်မှ မဟုတ်ပဲ။ တစ်လတခါပုံမှန်လာတတ်သော ကိုအောင်နိုင် မလာတာ နှစ်လကျော်ချေပြီ။ ကိုအောင်နိုင်မလာသည့်တောအတွင်းဝယ် ကိုလရောင်ဆီလာလည်သော ကိုဝေက သူမအား မျက်စိကျသွားခြင်းသာ။ သူမ အတန်းပညာမပြည့်စုံလည်း သူလက်ထပ်ချင်သည်တဲ့။ ရင်တွင်းဝမ်းနည်းစိတ်တို့ လျှံတက်လာသည်။
အို သူမ အတွေးတိမ်တိမ်နှင့် လက်ထပ်ခဲ့မိတာ မှားပြီထင်ပါရဲ့။ ခုတော့ ….ခုတော့ သူမ ကိုယ်တိုင်လည်း ချစ်နေမိပါသော ကိုဝေ့ကို ဘယ်လိုငြင်းရမလဲ။
………………..
“မိန်းမရေ မိန်းမ”
ဟော..ကိုအောင်နိုင့်အသံ။ တော်ပါသေးသည်။ ညခင်းချိန်ခါဆိုပြီး တိုးတိုးအုပ်အုပ်သာခေါ်၍။
“မိန်းမ ရန်ကုန်မှာ ကိုယ် အိမ်ငှားထားတယ် လိုက်ခဲ့တော့..ကိုယ်တို့ မိသားစု အတူနေရပြီပေါ့ကွာ”
ပြုံးရင်းပြောနေသော ကိုအောင်နိုင့်မျက်နှာ။ သားလေးအားပွေ့ချီရင်း ပြောနေသည့် ကိုအောင်နိုင့်မျက်နှာအားကြည့်ရင်း ကိုဝေနှင့်ယှဉ်မိပြန်တော့ အို ဆီနှင့်ရေလို ကွာခြားလွန်းလှသည်ပဲ။ အတွေးတို့ကို ဖယ်ထုတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ သည် ကိုအောင်နိုင်၏ မိန်းမ အဖြစ်ရှိနေသည်မလား။ ဒီချိန် သူမ ထွက်သွားလျှင် ကိုဝေ့အတွက် စိတ်သက်သာရာ ရမည်ထင်ပါရဲ့။
သူမ မငြင်းမဆန်ပဲလိုက်ခဲ့သည်။ အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်တော့မည်ဟု သူမ ကိုယ် သူမ သိသောကြောင့်။ ကိုဝေ့အားမခံစားစေချင်သောကြောင့်။
သို့သော်………
………………………………………………………………………..
စိတ်တို့က ဇဝေဇဝါဖြစ်ဆဲ။ သူမ တကယ်တိုင်ဖြစ်ခဲ့တာလား။ ဟုတ်သည်ပဲ။ သူမ ရပ်ကွက်ရုံးမှာ အချိန်စောင့်ပြီးကိုတိုင်ပစ်မိသည်။ သူ့မိဘအိမ်တွင်မိလျှင် မိဘပါ အမှုပတ်သည်ဟုကြား၍ ထိုအချိန်စောင့်ဖမ်းပေးပါ ဟု။
သို့သော် သူတို့ ကံကောင်းသွားသည်က လမ်းပေါ်တွင်မိသည်တဲ့။ သူပြေးခဲ့တာ ဆယ်နှစ်နီးပါးရှိပြီဆိုတော့ အနည်းဆုံး ရှစ်နှစ်တော့ ကျမှာပဲ ဟု သူမ တွေးထားသည်လေ။ ကြောက်စိတ်တဝက် ပျော်မြူးစိတ်တဝက်နှင့် သူမ ပြုံးမိပြန်သည်။ အမေနှင့်အဖေကလည်း အားပေးသည်ပဲ။
“ရန်ကုန်က ဖုန်းလာတယ်..ဟေ့ သူဇာရေ နင်နဲ့တွေ့ချင်လို့ တဲ့”
ဒီချိန်ဆက်သည်ဆိုကတည်းက သေချာသည်မှာ တစ်ခုတည်း ကိုအောင်နိုင် အဖမ်းခံရကြောင်းပြောဖို့သာ။
“ပြောင်းသွားပြီလို့ ပြောလိုက် မအေး”
ဒီရွာထိ လာကြည့်မည် မဟုတ်မှန်းသိသည်လေ။ ဒီတော့လည်း အေးဆေးစွာ နေနိုင်ပါသည်။
ဆန်မရှိ အစားကြီးသည့်ထဲ ကိုအောင်နိုင့်ညီမ ပါဝင်ပေသည်။ဒီလိုရွာသိမ်ရွာမွှားကို မသွားချင်ဘူးဟု ငြင်းမည်သာ။ ယောက္ခမနှင့် ယောက္ခထီးကလည်း သူတို့သမီးငယ်ကို တစ်ယောက်တည်းထား၍ ခရီးထွက်မည်မထင်။ ရွာရှိလူကုန်ကတော့ မည်သူဖုန်းဆက်ဆက် နှုတ်ပိတ်ထားမည်သာ။ သူမက ပြောင်းပြန်ပြောခဲ့သည်ကိုး။
“ကိုအောင်နိုင် သူမအားရိုက်၍ ကွာရှင်းပြီး အိမ်ပေါ်က ဆင်းလာသည် ”ဟု။
…………………………………..

သူမ ခေါင်းကို ခါယမ်းလိုက်မိသည်။ ကိုအောင်နိုင် သူမကိုခွင့်လွှတ်နိုင်မည်မထင်။ အရေးကြီးသည်က ရှစ်နှစ်ဟု သူမ ထင်မှတ်ခဲ့သောကြောင့် ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးခဲ့ရ။ လေးနှစ်ဆိုလျှင် အကျုံးဝင်သေးသည်လား။ သူမလည်းမသိ။  အို သူမ ဘယ်လိုလုပ်ရမလဲ။ တော်ကြာ ကိုဝေ့ကိုပါ မယားခိုး ဟု စွပ်စွဲပြီး တိုင်တန်းလျှင်ဘယ်လိုလုပ်ရမလဲ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၅)
“မဖြစ်နိုင်ပါဘူး အမေရယ် ဘယ်လိုဖြစ်နိုင်မှာလဲ..သူဇာ..သူဇာ အဲလိုမလုပ်ပါဘူးဗျာ…
သူဇာ မတိုင်ပါဘူးဗျာ”
ပြောရင်း သူဒူးထောက်ထိုင်ချလိုက်မိပါပြီ။ မယုံနိုင်။ ကြားရသည့်စကားအား မယုံနိုင်ပါ။
ညီမလေးကတော့ သူမ ပြောသည့်စကားမှန်သည်ဆိုသည့်သဘောနှင့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြန်၏။
စစ်ပြေး ဆိုပြီးရပ်ကွက်ရုံးမှာတိုင်ခဲ့တာ သူဇာတဲ့လား။မဖြစ်နိုင်ပါ။ သူဇာ သူ့ကို ချစ်ခင်တွယ်တာမှုနည်းကောင်းနည်းလိမ့်မည်။ သို့သော် ဒီလိုအပြုအမှုမျိုးလုပ်မည်ဟုတော့ မယုံကြည်နိုင်ပါ။
“သား၇ယ်”
တီးတိုးရေရွတ်ရင်း ငိုနေသော အမေ့အားသူကြည့်ကာ စိတ်ထိန်းလိုက်မိပြီ။ နေပါစေတော့။ ဒီဟကားကိုပြောသူသည် သူ့အားတစ်ခါမျှ မလိမ်ညာဖူးသော ညီမလေး ဖြစ်နေသည်က ဆိုးလှသည်။ အမေတို့ပြောသည်ဆိုလျှင် သူဇာ့အပေါ်မကောင်းမြင်၍ဟုတွေးရင်း သူ မယုံပဲနေနိုင်လိမ့်ဦးမည်။ ခုတော့..ခုတော့….။
အသက်တစ်ဆယ့်ငါးနှစ်အရွယ်က မိဘကိုနှုတ်လှန်ထိုးရင်း စိတ်ထင်ရာလုပ်ခဲ့မိသောအရာသည် ခုတော့ မိသားစုနှင့်ခွဲခွာဖို့ ဖြစ်ခဲ့ပြီ။ ဖြစ်ခဲ့ချေပြီ။
မိဘအိမ်ဝယ် အကြမ်းပတမ်းအလုပ်မလုပ်ခဲ့ဖူးသူ သူ့အတွက် စစ်တပ်၏ လေ့ကျင့်မှု ပြင်းထန်ခြင်းအား ခံနိုင်ရည်မရှိခဲ့ပါ။ ထို့ကြောင့် စစ်တပ်မှ ထွက်ပြေးခဲ့ခြင်းသည်သာ လွတ်မြောက်ရာတစ်ခုဖြစ်ခဲ့လေသည်။ သူ စစ်သားအဖြစ်ကို ခြောက်လပင်မခံပဲ ထွက်ပြေးခဲ့သည်ပဲ။ ရှမ်းပြည်နယ်ရှိ မိုင်းရယ်မှ မိခင်တပ်ရင်းနှင့် ရန်ကုန်တို့ ဝေးကွာလွန်း၍ သူလွတ်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင်လည်း သူ့အားချစ်ခင်သူသာပေါများ၍ တိုင်ကြားသူမရှိခဲ့။
ခုတော့..ခုတော့..အရင်းနှီးဆုံးရန်သူ၊ အချစ်ရဆုံး မိန်းမက တိုင်သတဲ့။ တိုင်သတဲ့လား။ သူတွေးရင်းဝမ်းနည်းလာပြန်ပါသည်လေ။
သားလေးရေ..ဖေဖေ လွမ်းလိုက်တာကွာ။ သားမေမေ မိန်းမရိုင်းကြီးက ဖေဖေ့ကို တိုင်သတဲ့..ဖေဖေ့ကို တိုင်သတဲ့..သားရယ်။
“သား  သားရဲ့မိခင်တပ်ရင်း မိုင်းရယ်က အကြောင်းကြားစာရောက်လာပြီ တဲ့”
အမေ့ပြောစကားသံကြောင့် သူမော့ကြည့်မိတော့ အမေက
“ဒါဆို စီရင်ချက်ချဖို့ သိပ်မလိုတော့ဘူး ဒီအတောအတွင်း သံဗုဒ္ဓေ မှန်မှန်ရွတ်နော် ဘုရားတရားသံဃာ ရတနာသုံးပါးမမေ့နဲ့
ညတိုင်း ဘုရားရှိခိုး ငါးပါးသီလ ညတိုင်းယူ ကြားလား”
လေးပင်စွာ ခေါင်းငြိတ်ပြမိရင်း…။ သူထွက်ပြေးလာသည်မှာ ဆယ်စုနှစ်ကျော်။ ဒါဆို အနည်းဆုံးတော့ ရှစ်နှစ်လား။ ဘုရား။ သား နှင့် အဲလောက်အကြာကြီး မခွဲချင်ပါ။ သူဇာရယ် ရက်စက်လိုက်တာကွာ..ရင်ထဲမှာ နင့်နင့်သည်းသည်းရေရွတ်မိရင်း……ကျဆင်းခဲ့သည့်မျက်ရည်တို့ကိုသုတ်တော့ လက်ထိပ်ခတ်ထားသည့်လက်တို့ကိုကြည့်ကာ အမေငိုပြန်သည်။ အမေငိုပြန်ပါသည်လေ။
ဒီကြွေးကို မဆပ်ရင် သူ လူမဟုတ်တော့ပါ။ နေနှင့်ဦးပေါ့ သူဇာရယ်။ ငါလွတ်လာတဲ့တနေ့ ငါ့သားကိုပြန်ခေါ်မယ်။
ငါ့သားကိုပြန်ခေါ်မယ်ကွ။ မင်းဘယ်နေရာမှာပုန်းပုန်း မရရအောင်ရှာပြီး ငါ့သားကို ငါ့လက်နဲ့ ပျိုးထောင်မယ်။
မင်းလို မိန်းမရီုင်းလက်ထဲ ငါ့သား အဆိပ်သင့်နစ်မွန်းပြီး မကြီးပြင်းစေရဘူးကွ။
ရင်ထဲဝယ် ကြိမ်းဝါးရင်း သူထရပ်လိုက်ပြီ။ ဧည့်တွေ့ချိန်ကုန်ပြီဆိုတော့ အချုပ်သားတို့ ထားရာအဆောင်သို့ သူပြန်ရတော့မည်။ ငိုနေသော အမေ့ကိုလည်း ကျောခိုင်းမိချေပြီ။ စိတ်ဓါတ်မာသော ညီမလေးနှင့် အဖေတို့ကတော့ မျက်ရည်မကျချေ။ နီရဲသော မျက်ဝန်းအစုံဖြင့်သာ သူ့ကိုနှုတ်ဆက်လျက်….။
သူလှမ်းရာလမ်းတစ်လျှောက် သံခြေကျင်းတို့ တချွမ်ချွမ်မြည်လျက်..။ သူ့ရင်တဲမှ သူဇာ့အား နာကြည်းခြင်းတို့သည်လည်း မြည်သံနှင့်အတူ ဆပွားတိုးလေပြီထင့်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၆)
ဘဝကို ရေစုန်မျောခဲ့မိသည်။ မျောခဲ့မိသည်ပဲ။
နန်းနှင့်သားလေး သူ့ဘဝထဲမှထွက်သွားတည်းက သူသည်အရာအားလုံးအား ဥပက္ခာ ပြုခဲ့သည်။ အရားအားလုံးအား မေ့ပစ်ခဲ့သည်လေ။
တွေးကြည့်ပါလေ။ ရင်နာစရာကောင်းလိုက်ပုံက။ မွေးကင်းစသားငယ်ကို တစ်နာရီတောင် ပြည့်အောင်မချီနိုင်ပဲ သူ့ကို ကျေကျေနပ်နပ်ကြီး ထားခဲ့သည့် ဇနီးသည် နန်း။ အသက်တမျှချစ်ရပါသော နန်း။
တစ်ကောင်ကြွက်တစ်မျက်နှာချင်းအတူတူ ဘဝကိုအတူဖြတ်ဖို့နန်းနှင့်သူ စိတ်တူကိုယ်တူ လက်တွဲခဲ့ကြသည်။ ခုတော့ နန်းကအရင်ထွက်ခွါပြီး တစ်ပတ်လောက်အကြာချစ်မဝသေးသည့် သားငယ်အား ခေါ်သွားပြန်သည်လေ။
ဘဝကို ရေစုန်မျောခဲ့သည့် သူ ကိုယ့်ဘဝကိုယ် စိတ်အားဖြည့်ဖို့ လရောင်ထံအလာ သူ့ဘဝအတွက် အရေးအကြီးရဆုံး၊တန်ဖိုးအထားရဆုံး ရတနာလေးနှင့် ဆုံခဲ့သည်ပဲ။
လရောင် အတန်တန်တားသည့်ကြားမှ သူဇာ့ကို လက်ထပ်ခဲ့ခြင်းသည် သားလေးအား ပိုင်ဆိုင်ချင်စိတ်ကြောင့် ဖြစ်သည်။ မင်းကွာ..ဟု မချိတင်ကဲရေရွတ်ရင်း သူ့အားအပြစ်တင်ခဲ့သည့် လရောင်သည် တကယ်တမ်းတော့ သူ့အပေါ် ကောင်းစေချင်သည့်စိတ်နှင့်ပင်။
“မုဆိုးဖိုဖြစ်တောင်ကွာ တခုလပ်တော့ ယူစရာမလိုပါဘူး…ကလေးတစ်ယောက်လည်းပါသေးတယ် ရုံးအရာရှိတစ်ယောက်အနေနဲ့ တခုလပ်ကို ယူကိုမယူသင့်ဘူးကွာ”
ဒါကလရောင် ပြောစကား။
ထိုကလေးကြောင့် သူဇာ့အပေါ် သူ ချစ်သည် ဆိုသည့် စကားနှင့် ချည်နှောင်ခဲ့မှန်း လရောင်မှ မသိပါပဲ။ တကယ်တမ်း နန်း၏ နေရာ သူ့ချစ်ဦးသူနေရာကို သူဇာ့အား မပေးနိုင်ပါချေ။ သူ့ဘဝ သေတပန်သက်တဆုံး ချစ်သွားမည်မှာ နန်းတစ်ယောက်သာ။
လရောင်တို့ ရွာလေးရောက်စက ထိုင်းမှိုင်းနေသမျှစိတ်တို့သည် ပြည့်စုံဆိုသည့် သားငယ်လေး၏ ဖော်ရွေသည့်အပြုံးအောက် ကျဆုံးခဲ့သည်ပဲ။ ငါ့သားလေးသာရှိသေးရင် ဒီအရွယ်လောက်ပဲ..ဆိုသည့်အတွေးသာကြီးစိုးရင်း ပြည့်စုံလေးနားက သူမခွါနိုင်ခဲ့။ မခွါနိုင်ခဲ့ပေ။
သူဇာ့ကိုချစ်တယ် ဆိုသည့်စကားပြောပြီး ထွက်လာခဲ့သည့်နှစ်လ နန်းအုတ်ဂူသို့ တစ်နေ့တစ်ခေါက်မှန်မှန်သွားရင်း တောင်းပန်ခဲ့ရသည်။ ရင်တွင်းဠ်မူ မချိတင်ကဲ။
ယနေ့ချိန်ထိ သူဇာ့အားချစ်မရခဲ့သည့်တိုင် သံယောဇဉ်တစ်ခုနှင့် သူ့အိမ်ထောင်အား မယိုင်မလဲအောင် ပျိုးထောင်နိုင်ခဲ့သည်။ သားငယ်လေးကြောင့် အရာရာ ပြည့်စုံခဲ့သည်ပဲ။ တကယ်ကို နာမည်လေးနှင့် လိုက်အောင် ပြည့်စုံစေသည့် ပြည့်စုံအောင်လေး။
………
သူဇာ့အား အရင်လူ အကြောင်းမေးလိုက်တိုင်း စကားလွှဲသွားသည်ချည်းသာ။ ရပါသည်။ သူကလည်း သားလေးအား မစွန့်လွှတ်ချင်။ ထို့ကြောင့်ပင် တဖြည်းဖြည်းနှင့် သူနှင့်သူဇာ့ကြား သားလေး၏ အဖေရင်းကဏ္ဍ ပျောက်ဆုံးခဲ့သည်လေ။
အသက်နှစ်နှစ်အရွယ်ကတွေ့ခဲ့သည့် သားလေးသည်လည်း သူ့အား အဖေရင်း တစ်ယောက်ပင် ထင်မှတ်ရှာသည်။ သူဇာနှင့်လက်ထပ်ပြီးတည်းက ရွာကလူတွေ လိုက်မလာနိုင်စေရန် သူအိမ်ပြောင်းခဲ့သည်။ သားလေးအား သူအဖေရင်းမဟုတ်ဟု ပြောကြမည်စိုးသဖြင့်။ သူဇာ့မိဘတွေထံလည်း ရုံးလိပ်စာနှင့်သာ သူဆက်သွယ်ခဲ့သည်။
သားလေးအတွက် သူ အဆုံးစွန်ထိ လုပ်ခဲ့သည်။ သူဇာမသိအောင် သားကြောဖြတ်သည်ထိ။ နောက်ထပ်ကလေးမရချင်ပါလေ။ ပြည့်စုံလေးနှင့်တင် သူ့ဘဝသည်အရာအားလုံးပြည့်စုံနေချေပြီ။
……..
“ဖေဖေ သား မြင်းစီးဦးမယ်”
“အေးအေး..လာလာ သား ကျော်ပေါ်တက်”
သားငယ်အားပြောရင်း သူလေးဖက်ထောက်တော့ သူဇာက
“ဟဲ့..သား ဖေဖေက တစ်ပတ်မှာမှ ဒီနှစ်ရက်လေးပဲနားရတာ…နားပါစေလားကွယ် မစီးပါနဲ့ ”
သားငယ်လေး မျက်နှာညှိုးချေပြီ။ သူက ကျောပေါ်တက်ရန် အမူအယာပြတော့လည်း ပြုံးရွှင်စွာ တက်ချေပြီတည်း။ ပါးစပ်ကလည်းအော်ဟစ်ရင်း..
“ဟဲ့ မြင်း..ဟဲ့ မြင်းး” တဲ့။
သူ့ကို ဒီလို လေးဖက်ထောက်ပုံစံမြင်လျှင်ဖြင့် ငါတို့ ဌာနမှုးကြီး ကောင်းစားနေပါရော..ဟုတွေးရင်း ရုံးကရုံးးသူရုံးသားတွေ ပြုံးမည်ထင်သည်လေ။
ဟော…ပြောရင်းဆိုရင်း ဧည့်သည်လာပြန်ပြီ။
ဘယ်သူပါလိမ့်..ခေါင်းမော့ကြည့်လိုက်တော့…..
“ကိုဝေ အအေးသောက်ဖို့ သံပုရာရည်ဖျော်..”
“ခွမ်း”
“သူဇာ ..နေကောင်းရဲ့လား”
သူဇာခေါင်းငြိတ်ပြသော်လည်း မျက်နှာကတော့ အနည်းငယ် ဖြူဖပ်ဖြူရော်နိုင်လွန်းလှသည်။
“ကျွန်တော်ရောက်လာလို့ အနှောင့်အယှက်မဖြစ်ပါဘူးနော်”
ရောက်လာသူ ဧည့်သည်စကားကြောင့်..သူ သားအားကျောပေါ်မှချကာ ကပျာကသီ ရပ်လိုက်ရင်း
“အာ..မဖြစ်ပါဘူးဗျာ..မဖြစ်ပါဘူး.. ခင်ဗျားရှာတဲ့သူတွေ့ပြီလားဗျ”
ထိုဧည့်သည်ခေါင်းခါပြရင်း လက်ထဲက အိတ်ကို သူ့ အားပေးတော့
“ဘာတွေလဲဗျ”
“ကလေးအတွက် လက်ဆောင်တွေပါဗျာ.အရင်တခေါက်ကဲ ရေတစ်ခွက်တိုက်တဲ့ကျေးဇူးကို မမေ့ပါဘူးဗျ..အဲ့ဒါ ဒီဘက်လည်းလမ်းကြုံလို့ ဝင်လာရင်းနဲ့..”
“အို ကိုဝေကလည်း လက်မခံပါနဲ့ ရှုပ်ရှုပ်ယှက်ယှက်”
သူဇာ့ပြောစကားကြောင့် သူစိတ်ဆိုးသွားမိရင်းတစ်ချက်ငဲ့ကြည့်တော့ သူဇာ ခေါင်းငုံ့သွား၏။ ဧည့်သည်တွေရှေ့ဆို သူဇာ တစ်ခါမျှ စကားဝင်ပြောခဲ့ဖူးခြင်း မရှိသည်ပဲ။
ထိုစဉ် သားငယ်ကိုထိုဧည့်သည် ချီလိုက်ပုံက ပိုင်နိုင်လွန်းလှသည်။
သားငယ်ကလည်း မရုန်း။ ဘာ့ကြောင့်မရုန်းတာလဲ သူ မတွေးအား။ ရင်ထဲဝယ် သားငယ် ထိုဧည့်သည်အပေါ်ခင်တွယ်သွားမည်ကို မလိုလားစိတ်က ထက်သန်စွာ…ဖြစ်တည်လာသည်။
“သားငယ်..ရေ..လာပါဦး…ဦးဦးပေးတဲ့ကစားစရာတွေကို သား ကစားတဲ့အခန်းထဲသွားထားရအောင်နော်
ခဏလောက်ထိုင်စောင့်ပေးပါဦးနော် မိန်းမရေ ဧည့်သည်အတွက် အအေးဖျော်ပေးလိုက်ပါဦးကွာ”
သားငယ်ကို ထိုဧည့်သည်ချီသည်ထက် အဆပေါင်းများစွာပိုင်နိုင်ဟန်ဖြင့် ပွေ့ချီကာသူ လှမ်းထွက်လာခဲ့တော့သည်။ သားငယ်လေး၏ကစားစရာ များထည့်သည့် အခန်းဆီသို့….။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၇)
“ရှင် ဘာလို့လာနေသေးတာလဲ..မလာနဲ့..ရှင်ခုချက်ချင်းပြန်ပါ”
သူဇာ့ ပြောစကားကြောင့် သူနှုတ်ခမ်းတွန့်ပြုံးမိရင်း
“ကြောက်နေတာလား သူဇာ မင်းမေ့နေတာတစ်ခုရှိသေးတယ် မင်းနဲ့ငါ ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးရသေးဘူး”
“ရှင်…ဘာလုပ်မလို့လဲ..ရှင်..”
“ဘာလဲ မင်းယောင်္ကျားကို ငါတရားစွဲမှာ ကြောက်နေလား တရားမစွဲစေချင်ရင် ငါ့သား ငါ့ကိုပြန်ပေးလေ”
“တောင်းပန်ပါတယ်ရှင် ကျွန်မ ရှိခိုးပါတယ်…သားလေးကို ကိုဝေက သိပ်ချစ်တာ.. ရှင် ရှင်မကျေနပ်ရင် ကျွန်မကိုသာ သတ်သွားပါ..ကိုဝေ့ကို ဘာမှ မလုပ်ပါနဲ့ ဘာမှမလုပ်ပါနဲ့”
အသံတို့ လှုပ်ခတ်စွာ မညီမညာပြောရင်း သူ့ရှေ့ ဦးညွတ်ရန်ပြင်သည့် မိန်းမရိုင်းကြီး သူဇာ။ သူ တုံ့ပြန်မည့် လက်စားချေလိုစိတ်တို့သည် အရာရာ ကုန်ဆုံးလေပြီ။ သူဇာ့ကြောင့်တော့ မဟုတ်။ သားလေးကြောင့်။ သားလေးပြည့်စုံအောင်ကြောင့်။
အိမ်တစ်အိမ်လုံးမြင်သာသည့်နေရာတိုင်းဝယ် ချိတ်ဆွဲထားသည်က သားလေးနှင့် ကိုဝေ ဆိုသူ၏ ပုံရိပ်များ။ သူဇာနှင့် တွဲရိုက်သည့် ပုံဆို၍ ငါးပုံနီးပါးမျှသာ။
ထိုသူ၏ သားငယ်အပေါ်ချစ်ခြင်းကိုဖြင့် သူ သြချမိသည်ထိ။
သူ ဒီအိမ်လေးအားစောင့်ကြည့်မိသည့်အချိန်တိုင်းဝယ် ကိုဝေဆိုသူ၏ ချစ်ခြင်းသည် သားငယ်ထံသာ ပိုလျက် သူဇာဆိုသည့် မိန်းမရိုင်းကြီးအား သံယောဇဉ်သီးသန့်သာ ဖြစ်တည်ဟန် အထင်းသားပေါ်လွင်လျက်ရှိသည်။ မှိုင်းမိလေသလား၊ ကျိန်စာပဲသင့်လေသလား။ မိန်းမရိုင်းကြီးကတော့ ကိုဝေဆိုသူအား အချစ်ပိုနေသည်မှာ အထင်းသား။ အရာရာ သားထက်ဦးစားပေးကြောင်း ပေါ်လွင်နေပြန်သည်လေ။
သူမ အတွက် ထိုသူ့နှလုံးသားဝယ် နေရာမရှိကြောင်း မိန်းမရိုင်းကြီး သိမှသိပါလေစ။ ထိုသူ တစ်လတစ်ခါသွားတတ်သော အုတ်ဂူပိုင်ရှင်လေးသည် အတော်ပင် စိတ်ထား ဖြူသူဖြစ်မည်ထင့်။
…………
သူ လက်ဝယ် ကိုင်ထားသော စာအိတ်အား မိန်းမရိုင်းကြီးခေါင်းမော့မလာမှီ ချထားခဲ့ရင်း ထိုအိမ်မှ ထွက်ခဲ့ချေပြီ။ နေရစ်တော့ သားရေ။ ခြေလှမ်းတို့က ခဲဆွဲမထားပါပဲနှင့် လေးလံလွန်းလှသည်ပဲ။
တကယ်တမ်းစဉ်းစားတော့ ဘာ့ကြောင့်ပဲ ထောင်ကျကျ သူသည် ထောင်ထွက်တစ်ယောက်ဖြစ်သည်မှာအမှန်။ ခိုးဆိုးလုယက်လို့ ကျသည်မဟုတ်ပေမဲ့လည်း သူသည် ထောင်ထွက်တစ်ယောက်ဖြစ်သည်လေ။
သားလေးအား ဌာနမှုးတစ်ဦး၏ သားအဖြစ်ကြီးပြင်းစေမည်လား။ ဒါမှမဟုတ် ထောင်ထွက်တစ်ယောက်၏ သားအဖြစ်ကြီးပြင်းစေမည်လား။
ကံကောင်းထောက်မ၍ လျှော့ရက်များသောကြောင့်၎င်း၊ လွတ်လပ်ရေးနေ့ဝယ် အကျဉ်းသားလွှတ်ပေးသည့် စာရင်းဝယ် ပါခဲ့သောကြောင့်၎င်း သူ သုံးနှစ်သာ ထောင်ကျခဲ့သည်။ ထောင်မှလွတ်ကတည်းက အရိုးကြေကြေ အရေခမ်းခမ်း ရည်ရွယ်၍ သူဇာတို့ သားအမိအားလိုက်ရှာခဲ့သူ သူ ဘာအလုပ်မျှ မရှိပါချေ။ မရှိပါလေ။
ညီမလေး၏ အားပေးမှုနှင့်အတူ သူဇာတို့အား လိုက်ရှာရင်းအချိန်ကုန်ခဲ့သည်။ သားလေးကို သူခေါ်မည်ဆိုလျှင် သားလေး ကလေးတန်မဲ့ တရားခွင် လိုက်ရချေတော့မည်။ အလုပ်မရှိသူ သူ ကြိုးစားမည်ဆိုလျှင်တောင် ကိုဝေဆိုသူလို သားအားဖူးဖူးမှုတ်ထားနိုင်မည်လား။
တော်ပါပြီ။ တော်ပါပြီလေ။ ကိုဝေ ဆိုသည့်သူ၏ ချစ်ခြင်းအောက် ဌာနမှုး၏သား ဆိုသည့် ဂုဏ်ဒြပ်နှင့်အတူ သားလေး ချမ်းချမ်းသာသာ နေပါစေတော့။ သူ ပိုက်ဆံကြိုးစားရှာရင်း သားလေးအား အဝေးမှ ငေးကြည့်နေခွင့်ရှိသည်ပဲ။ သားလေးအတွက်ဖြည့်ဆည်းရန် သူ ငွေကြိုးစားရှာတော့မည်လေ။
ကိုဝေဆိုသူ၏ ချစ်ခြင်းအောက် သားလေးအား သူစိတ်ချပါသည်လေ။ 
“သားရေ တချိန်ချိန်မှာများ ဖေဖေ့အကြောင်းသိခဲ့ရင် ဖေဖေ့ကို ဖေဖေ့ကို ခွင့်လွှတ်ပေးပါကွာ..သားလေးမျက်နှာငယ်မှာစိုးလို့ပါ..သားလေးမျက်နှာငယ်မှာစိုးလို့ပါ သားရေ”
စိတ်တို့မထိန်းနိုင်စွာ လမ်းဘေးဝယ် ထိုင်ချရင်း ရှိုက်ကြီးတငင် ငိုချမိပါပြီ။
သားရေ..သားရေ…ဖေဖေ့ကိုခွင့်လွှတ်ပါ သားရေ……ခွင့်လွှတ်ပေးပါ…..
ရင်တွင်းမြည်တမ်းသံတို့က အပြင်သို့ ပေါက်ကွဲခွင့်မရ၍ထင့်။ ရင်တွင်းဝယ် ပို၍ ပူလောင်လာသလိုလို။
Xxxxxxxxxxxxxxx
 ကောင်းကင်ကို မော့ကြည့်တော့ သူမြင်နေရသည့် မြင်ကွင်းသည် သားငယ်လေးဖြစ်နေသည်ပဲ။ တိမ်တိုက်လေးများပေါ်မှ သူ့အား လာပါလာပါ ပြုံးရယ် ခေါ်နေသည်မှာ သူ့အားဆွဲထားသော တစုံတရာကို သူလွှတ်ချမိသည်အထိ။ သူ သွားလိုက်ပြီ။ သားငယ်လေးဆီ သွားလိုက်မိပြီ။ ချစ်စရာ သားငယ်လေး။ ထူးဆန်းသည်က သူမြင်နေရသည့်သားငယ်လေးသည် အသက်နှစ်နှစ်အရွယ် ဖြစ်နေချေသည်။ သားငယ်ေးလကို သူလိုက်ဖမ်းတော့ ပြုံးရယ်ကာ အဖမ်းမခံပါပဲ ပြေးလွှားနေပြန်သည်။
“ဖေဖေ သားကိုမိအောင်လိုက်ဖမ်းနော်”
သားငယ်လေး၏ မပီကလာခေါ်သံလေး။ ရင်တွင်း ကြည်နူးမှုတို့က လှိုက်ခနဲ။
သူနှင့် သားငယ်လေးနှစ်ဦးတည်း ကမ္ဘာ။
…………………………
“လူနာရှင်တွေကို အကြောင်းကြားလိုက်တော့ မရတော့ဘူးလို့”
“လူနာရှင် မရှိဘူး လမ်းဘေးမှာလဲကျနေလို့ ပါတ်ဝန်းကျင်က လိုက်ပို့ပေးတာ…တဲ့”
“ဟာ..သွားပြီကွာ..သတင်းစာမှာ လူပျောက်ကြေငြာ ရှာတော့ဟေ့.. ကိုယ်က ထည့်သင့်ရင်လည်း ထည့်ရမှာပဲ”
အစိုးရဆေးရုံကြီးတစ်ခုမှ ညည်းညူသံတချို့။
“ကျွန်တော်တို့ ရပ်ကွက် က ကျခံပေးပါ့မယ်…အသုဘစရိတ် ကုန်ကျစရိတ် အားလုံးကို”
ရပ်ကွက်လူကြီးတစ်ဦး၏ ပြောစကားအကြား ပြုံးပျော်သွားသော မျက်နှာတချို့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၈) ဇာတ်သိမ်း
ည ည အိပ်မပျော်နိုင်ဖြစ်သည်မှာ ကြာချေပြီ။
တချိန်ချိန်များ သားလေးသိခဲ့လျှင်……သူမ ..ကိုမုန်းလေမည်လား။
……
ကိုအောင်နိုင့် ညီမ ပြောသွားသည့်စကားသံအား ကြားယောင်မိပြန်သည်။
“..ငါ့အစ်ကို ဆုံးသွားပြီ……အေး ဒါပေမဲ့ နင်လွတ်သွားပြီမထင်နဲ့ ကလေးဟာ သူ့အမေဟာ သူ့အဖေကို ထောင်ချခဲ့သူပါ့လား..လို့ သိအောင် တချိန်မှာ ငါလာပြောမယ် ဆက်ဆက်လာပြောမယ်နင်ကြိုက်တဲ့နေရာ ရှောင်စမ်း..မရ ရအောင် လိုက်ရှာပြောပေးမယ် သားသမီးရဲ့ အမုန်းကို နင်ခံကိုခံရမယ် အဲ့ဒါ နင်ခံရမဲ့ ပြစ်ဒဏ်ပဲ”
သားအမိသားအဖသုံးဦး၏ အမုန်းမျက်လုံးက ကြောက်မက်ဖွယ်ရာပင်။ သူမ ခန္ဒာကိုယ်ထဲသို့ စူးနစ်ဝင်သွားသည့်အလား။
တော်သေးသည်က သားလေးလည်းမရှိ။ ကိုဝေလည်းမရှိ။
အကယ်၍များ ကိုဝေသိသွားလျှင်…
အကယ်၍များ သားလေးသိသွားလျှင်….
သူမ ကို မုန်းမည်လား။ မမုန်းနိုင်ပါ။ ကိုဝေသည် သူမအား အလွန်ချစ်သည်ပဲ။ သားလေးလည်း သူမအား တွယ်တာလွန်းသည်ပဲ။ မဖြစ်နိုင်။ မဖြစ်နိုင်ပါချေ။
ကိုအောင်နိုင့် ညီမ ပြောသွားသည့်အချိန်မှစ၍ ညစဉ်ညတိုင်း သူမ အိပ်မက်ဆိုးတို့နှင့် နိုးထခဲ့သည်မှာ ကြာချေပြီ။ အိပ်မက်ထဲတွင် ကိုဝေကောသားလေးပါမရှိပါပဲ သူမတစ်ယောက်တည်း လင်နှင့် သားကို လိုက်ရှာနေရသည်တဲ့။ တခါတခါကျပြန်တော့ သားလေးအား မျက်ဝန်းစိမ်းကြီးများဖြင့် သူမ ကိုကြည့်နေသည်ကို မြင်ရချေသည်။
သူမလည်း တစ်တီတူးငှက်လိုပင်။ မိုးပြိုမှာ ကြောက်သူဖြစ်နေပြီထင့်။ မရောက်လာသည့် အချိန်တစ်ခုအား ကြောက်ရွံ့နေသည်မှာ ကြာချေပြီပဲ။သက်ပြင်းချမိရင်း ကိုအောင်နိုင်မဆုံးခင် သူမ အား ပေးသွားသည့် စာအိတ်ထဲမှ ကွာရှင်းစာချုပနှစ်စောင်အားထုတ်လိုက်သည်။ ဒီချိန်မှာတော့ မလိုတော့ပါ။ သို့သော်..သူမ အတွက် လိုအပ်နေသည်က ထိုစာချုပ်တို့ကို မီးရှို့ဖို့။
ထိုစာချုပ်တို့ကိုမြင်တိုင်း ကိုအောင်နိုင့်မျက်နှာကိုမြင်ယောင်ရင်း ကိုဝေနှင့် သားလေးသိမည်ကို ကြောက်မိသည်မှာ အတိုင်းအဆမဲ့လောက်အောင်ပင်။ အကယ်၍ မီးရှို့လိုက်လျှင်ကော သူမ ၏ ကြောက်စိတ်တို့ ပျက်ပြယ်နိုင်မည်လေလား။ သူမ မသိပါ။ သို့သော် သူမ ၏ လက်တို့ကတော့ဖြင့် စာချုပ်အား မီးစတင် ရှို့လိုက်ချေပြီ။
စာချုပ်တို့ကဖြင့် တမြေ့မြေ့လောင်ကျွမ်းလျက်…………။
…........
အချိန်တစ်ခုကိုစောင့်ဆိုင်းနေသူ မိသားစုတစ်စုနှင့် ထိုအချိန်တစ်ခုကိုပင် ကြောက်ရွံ့နေသူ မိန်းမသားတစ်ဦး ။
ထိုအရာတို့ကို မသိပါပဲ မဝံ့မရဲ ပျော်ရွှင်နေပါသော လူသားတစ်ဦးး။ ကိုဝေ။
သူ့သားလေးအား မည်သည့်အခါမျှမဆုံးရှုံးနိုင် ဆိုသည့် ယုံကြည်စိတ်ကို မွေးမြူထားရပါသော ကိုဝေ။
ထို..ထို အရာများကြားတွင်မတော့ ကလေးငယ်တစ်ဦး ပျော်ရွှင်စွာကြီးပြင်းလာနေပေသည်။ ပြည့်စုံအောင် ဆိုသည့်ကလေးငယ်လေး။
နာမည်နှင့်လိုက်အောင်ပင် သူ့ဘဝ ဝယ် ပြည့်စုံသော မိသားစုရှိသည်။ မိဘနှစ်ပါးလုံးက သူ့အားချစ်ကာ အလိုလိုက်သည်။ စိတ်ညစ်ဖွယ်ရာကို မကြုံတွေ့ဖူးသော ကလေးငယ်လေး..သူ့အား အချိန်တစ်ခုတွင် တစုံတရာက စောင့်မျှော်နေသည်ကိုတော့…….ထိုကလေးငယ် မသိသေး။
ထိုအချိန်သည် မိန်းမရိုင်းကြီး ဒေါ်သူဇာ၏ နေဝင်ချိန် ဖြစ်လေမည်လား…………..။
သို့မဟုတ် မိန်းမရိုင်းကြီး ဒေါ်သူဇာ့ကို သူမ ၏ သားငယ်က ခွင့်လွှတ်ပေးနိုင်လေမည်လား။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ
အောက်တိုဘာ ၁၅၊ ၂၀၁၁

2 comments:

Unknown said...

ထပ်ဖတ်သွားတယ်... တော်တော် တော်တဲ့လက်.. နာဆို မရေးနိုင်ဘူး - :D

မောင်ရေချမ်း said...

တကယ့်အဖြစ်အပျက်လားပဲနော်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်